ပြဿနာများ ပြီးဆုံးသွားပြီးနောက်...
Vol. 168 Ch. 2403
အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို စီရင်ချက်မချရန် ဆုံးဖြတ်ခဲ့သဖြင့် ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်သည် ရီဖူရှင်းကို ဆက်၍ ရန်ရှာတော့မည်မဟုတ်ပေ။
လူတိုင်းသည် ရီဖူရှင်းမှာ သေလူဖြစ်ပြီဟု သေချာပေါက်တွက်ထားခဲ့ကြသည်။ သို့သော် အဖြစ်အပျက်များသည် ထိုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မင်းသမီးဒွန်ဟောင် မည်သို့ဆက်လုပ်မည်နည်း။
ရီဖူရှင်းသည် မူလဘုံတွင် အလွန်စွမ်းအားကြီးသည်ဟု ဆိုနိုင်ပေသည်။ သူသည် ကောင်းကင်ဒေသမှ အင်အားစုများကို တစ်ယောက်တည်းယှဉ်နိုင်စွမ်းမရှိသော်လည်း တစ်ဦးချင်းတိုက်မည်ဆိုလျှင် ရှေးနတ်ဘုရားကလန်အဆင့်အောက်တွင် ရီဖူရှင်းမယှဉ်နိုင်သည့်သူ တစ်ဦးမှမရှိပေ။
စွန့်ပစ်ခံကလန်၏ အင်အားကိုထည့်တွက်လျှင် ရှေးနတ်ဘုရားကလန်သည်ပင် ယှဉ်နိုင်မည်မဟုတ်ချေ။ ရီဖူရှင်း၏အစွမ်းနှင့်ဆိုလျှင် ထိုနေရာရှိ လူတိုင်းကို ယှဉ်နိုင်ပေသည်။ ရှေးနတ်ဘုရားကလန်သည်ပင် ရှုံးနိမ့်သွားမည်ဖြစ်သည်။
ရီဖူရှင်းသည် အင်ပါယာရီချင်၏ဆက်ခံသူဖြစ်ကြောင်း အတည်ပြုပြီးသွားပြီဖြစ်သဖြင့် သူသည်အလိုလိုနေရင်း ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်၏ ရန်သူဖြစ်လာခဲ့ပေပြီ။ မင်းသမီးဒွန်ဟောင်သည် သူ့ကို အထိန်းအကွပ်မရှိ ဆက်၍စွမ်းအားကြီးလာအောင် လွှတ်ထားမည်လော။
သို့သော် အရှင်ဒွန်ဟောင်သည် အနာဂတ်တွင် ရီဖူရှင်းတစ်ယောက် မည်မျှအစွမ်းထက်လာမည်ကို မြင်လိုသည်ဟု ပြောခဲ့ပေသည်။ ထို့ကြောင့် သူသည် ရီဖူရှင်း စွမ်းအားကြီးလာမည်ကို အရေးမစိုက်ကြောင်း ထင်ရှားလေသည်။
လောကထဲတွင် ပြိုင်ဘက်ကင်းသော မဟာအင်ပါယာတစ်ပါးသည် လူငယ်လေးတစ်ဦးကို မည်ကဲ့သို့ကြောက်ပေမည်နည်း။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်းတွင် လောကအတွင်း၌ အရှင်ဒွန်ဟောင်ကဲ့သို့ အခြားမဟာအင်ပါယာမည်မျှသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်ခဲ့ပေသနည်း။
အားလုံးသည် မင်းသမီးဒွန်ဟောင်အပေါ်တွင် အာရုံစိုက်ထားကြသည်။ သူမသည် ယခုတွင် မိုးကောင်းကင်အထက်ရှိ ရီဖူရှင်းကိုကြည့်၍ ပြောလိုက်လေသည်။
“ဒီနေ့ကစပြီး ရီဖူရှင်းနဲ့ ပတ်သတ်တဲ့ အင်အားစုတွေကို ကောင်းကင်ဒေသက အုပ်ချုပ်တော့မှာမဟုတ်ဘူး။ စီဝေ့ကောင်းကင်က ရွေးချယ်နိုင်ပါတယ်... ကောင်းကင်အာဏာစက်ကျောင်းတော် လက်အောက်မှာရှိနေတဲ့ တခြားအင်အားစုတွေလည်း အတူတူပဲ ရွေးချယ်ခွင့်ရှိပါတယ်။ အင်ပါယာနန်းတော် လက်အောက်ခံအဖြစ် ဝင်ထားပြီးပြီဖြစ်တဲ့ စွန့်ပစ်ခံကလန်ကတော့ ရီဖူရှင်းနဲ့ ဆက်ပြီးပတ်သတ်တော့မှာ မဟုတ်ပါဘူး”
စွန့်ပစ်ခံကလန်ကို အခြားအင်အားစုများက ဝန်းရံထားချိန်တွင် သူမသည် ရှေ့ထွက်၍ စွန့်ပစ်ခံကလန်ကို ကယ်တင်ခဲ့ပေသည်။ သူတို့ပြုလုပ်ခဲ့သော သဘောတူညီချက်မှာ စွန့်ပစ်ခံကလန်သည် ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်ကို လက်အောက်ခံ၍ အင်ပါယာနန်းတော်၏ စည်းမျဉ်းများကို နာခံရန်ဖြစ်သည်။ ထိုအခြေအနေကြောင့် သူတို့သည် ရီဖူရှင်းနှင့် မဟာမိတ်မဟုတ်တော့ပေ။ အကယ်၍ သူတို့သာ ရီဖူရှင်းနှင့်မဟာမိတ်ဆက်ဖွဲ့ခဲ့လျှင် သူတို့သည် အင်ပါယာနန်းတော်၏ ကာကွယ်ပေးမှုကို ဆုံးရှုံးသွားမည်ဖြစ်သည်။
စီဝေ့ကောင်းကင်သည် အရှင်စီဝေ့ကချန်ထားခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ဒေသ၏ အင်အားစုတစ်ခုအဖြစ်ထမ်းဆောင်ရန် မည်သည့်အခါကမှ မရည်ရွယ်ခဲ့ပေ။ ထို့ပြင် ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း ရီဖူရှင်း၏ အဆက်အသွယ်အများစုနှင့် ဖွဲ့စည်းထားခြင်းပင်။ ထို့ကြောင့် မင်းသမီးဒွန်ဟောင်သည် သူတို့ကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးလိုက်ခြင်းပင်။
သို့သော် စွန့်ပစ်ခံကလန်အပြင်မှ ထိုအင်အားစုနှစ်ခုအကြားတွင် အရှင်စီဝေ့၏ဝိညာဉ်စွမ်းအားကို ရီဖူရှင်းပိုင်ဆိုင်ထားသည်မှာ ကြာပြီဖြစ်သဖြင့် စီဝေ့ကောင်းကင်သည် သူ၏ထိန်းချုပ်မှုမှ မည်သည့်အခါမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရီဖူရှင်းနှင့်တစ်သားတည်းကျနေသည်မှာ ကြာပြီဖြစ်ရာ သူတို့သည် သူ့ကိုသစ္စာဖောက်နိုင်မည်မဟုတ်ချေ။
“သူ့ရဲ့ အမိန့်ကိုနာခံဖို အရှင်စီဝေ့က ကျွန်တော်တို့ကို မှာကြားခဲ့တာပါ။ နန်းတော်အရှင်က အရှင်စီဝေ့ရဲ့ဝိညာဉ်စွမ်းအားကို ဆက်ခံခဲ့ရလို့ စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်အရှင်ဖြစ်လာပြီး စီဝေ့ကောင်းကင်ကို အုပ်ချုပ်နေတာပါ။ ဒါက အရှင်စီဝေ့ရဲ့ ဆန္ဒပါ... အဲ့ဒါကြောင့် စီဝေ့ကောင်းကင်က ကျင့်ကြံသူတိုင်းက အဲ့ဆန္ဒကိုလိုက်နာရမှာပါ။ မင်းသမီးနားလည်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
ရန်ဟောင်ချန် ရှင်းပြလိုက်သည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်က ရီဖူရှင်းတစ်ယောက်တည်း တည်ထောင်ထားခဲ့တာပါ။ ရီဖူရှင်းသာမရှိရင် ကောင်းကင်အာဏာစက်ကျောင်းတော်ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး။ မင်းသမီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ကောင်းကင်အာဏာစက်ကျောင်တော်မှ အရှင်ထိုက်ရွှမ်က ပြောလိုက်၏။ သူတို့သည် ရီဖူရှင်း၏ဘက်တွင် ရပ်တည်နေလိုခြင်းမှာ သံသယဖြစ်ဖွယ်မရှိပေ။
“ကျွန်တော်တို့က ဘယ်တုန်းကမှ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီကိုရောက်နေတာ ရီဖူရှင်းက သူ့ကိုအညံ့ခံဖို့ ကျွန်တော်တို့ကို ခြိမ်းခြောက်ခဲ့လို့ပါ။ အခု ကျွန်တော်တို့ မင်းသမီးလက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်”
အရှင်ထိုက်ရွှမ်၏စကားကို သဘောမတူသည့်အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုစကားကိုပြောလိုက်သူသည် ယခင်က ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်ကျန့်အော့ဖြစ်လေသည်။
“ဟုတ်ပါတယ်... ကျွန်တော်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ ရီဖူရှင်းရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတာပါ။ အခု ကျွန်တော်တို့ မင်းသမီးလက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်” နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို အညံ့ခံခဲ့ရသော ဘုံကိုးဘုံမှ လက်ကျန်အင်အားစုများသည် ယခုတွင် ပုန်ကန်ရန် သူတို့၏အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ကြသည်။
လက်ရှိအခြေအနေသည် မငြိမ်မသက်ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။ မင်းသမီးဒွန်ဟောင် လက်အောက်တွင်ခိုလှုံ၍ အင်ပါယာနန်းတော်အတွက် တိုက်ရိုက်အမှုထမ်းခြင်းသည် ဤဆိုးဝါးသောအချိန်များတွင် ရှင်သန်နိုင်မည့် နည်းလမ်းဖြစ်လေသည်။ ရီဖူရှင်းသည် ပြန်လည်ပြင်ဆင်၍မရတော့သည်အထိ အင်ပါယာနန်းတော်ကို အပြစ်ပြုခဲ့သည်။ သူကိုယ်တိုင်ပင် အန္တရာယ်များနေပြီး အချိန်တိုင်း နောက်ကျောမလုံဖြစ်နေရတော့မည်ဖြစ်သည်။ သူတို့သည် အရူးမဟုတ်သဖြင့် မည်သည်ကိုရွေးချယ်ရမည်ဖြစ်ကြောင်း သိပေသည်။
“အရှက်မရှိတဲ့ တိရိစ္ဆာန်လိုကောင်တွေ”
ထျန်းဟယ်အကြီးအကဲသည် အေးစက်စက် ပြစ်တင်မောင်းမဲလိုက်သည်။ ရီဖူရှင်းသည် ယခင်က သူတို့ကို မသတ်ခဲ့ဘဲ အသက်ချမ်းသာပေးကာ အညံ့ခံနိုင်ရန် အခွင့်အရေးပေးခဲ့သည်။ ထိုသူများသည် ယခုတွင် အလျင်အမြန် ပြတ်ပြတ်သားသား စိတ်ပြောင်းသွားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
သို့သော် ကောင်းကင်ထက်တွင်ပင်ရှိနေသေးသော ရီဖူရှင်းသည် ထိုကဲ့သို့ မခံစားရချေ။ သစ္စာဖောက်ခြင်းဆိုသည်မှာ ထိုသူများအတွက် ထမင်းစား၊ရေသောက်သာဖြစ်၍ သူလုံးဝဂရုမစိုက်ပေ။
ယခင်က အင်ပါယာရီချင်သည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ခဲ့သည်။ ယခုတွင် ထိုလျှို့ဝှက်ချက်ပေါ်သွားပြီဖြစ်၍ သူဆက်၍အသက်ရှင်နေသေးသည်ပင် သူ့အတွက် ကံကောင်းခြင်းဖြစ်သည်။ ယခုကဲ့သို့နေ့မျိုးရောက်လာမည်ကို သူစိုးရိမ်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ သူသည် မည်သို့ရလာဒ်ထွက်လာမည်ကို မခန့်မှန်းနိုင်ခဲ့ပေ။ ယခုအခြေအနေသည် သူတွေးတောခဲ့သည်များထက် များစွာပို၍ကောင်းပေသည်။
သူတွေးခဲ့သည့်အတိုင်းဆိုလျှင် ယခုအခြေအနေသည် ကပ်ဘေးတစ်ခုသဖွယ် ဆိုးဝါးနေရမည်ဖြစ်သည်။
“ကောင်းပြီ”
မင်းသမီးဒွန်ဟောင်သည် ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။
“ရှင်တို့ပြန်သွားပြီးရင် နတ္တိနန်းတော်ကို သတင်းပို့လိုက်ပါ”
“မှန်လှပါ မင်းသမီးခင်ဗျား”
အားလုံးသည် ဦးညွှတ်၍ ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် အလွန်အမင်းပျော်နေကြလေသည်။ ထိုအခွင့်အရေးသည် ရီဖူရှင်းကို စွန့်ခွာ၍ အင်ပါယာနန်းတော် လက်အောက်သို့ဝင်နိုင်မည့် ကံကောင်းမှုတစ်ခုဖြစ်သည်။
“ဆရာသခင်နဲ့ ကျွန်မရဲ့ခမည်းတော်က မိတ်ဆွေဟောင်းတွေပါ။ ဆရာသခင်ရဲ့မျက်နှာကိုထောက်ထားပြီး ဒီနေ့ကစပြီး ကျွန်မ ဒီကိစ္စမှာဆက်ပြီးဝင်ပါတော့မှာ မဟုတ်ပါဘူး”
မင်းသမီးဒွန်ဟောင်သည် ကောင်းကင်ထက်ရှိ ရီဖူရှင်းကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် နောက်လှည့်၍ အဝေးသို့ကြည့်ကာ ဆက်ပြောလိုက်သည်။
“ဒီနေ့ကစပြီး ရီဖူရှင်းက ကောင်းကင်ဒေသရဲ့ အင်ပါယာနန်းတော်လက်အောက်မှာ မရှိတော့ဘူး။ ရှင်တို့ရဲ့ ရန်ငြိုး၊ ရန်စတွေကို ရှင်တို့ဘာသာ ရှင်းကြပါ။ ပြီးတော့ ဆရာသခင်ကလည်း ဒီနေ့မှာ သူ့ရဲ့ရပ်တည်ချက်ကို လူသိရှင်ကြား ပြောလိုက်ပြီ။ ကျွန်မရဲ့ခမည်းတော်က သူ့ရဲ့ကိစ္စတွေမှာ ဝင်မပါဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ဆရာသခင်ကလည်း အနာဂတ်မှာ ကျွန်မတို့ရဲ့ကိစ္စတွေမှာ ဝင်ပါမှာ မဟုတ်ပါဘူး”
မင်းသမီးဒွန်ဟောင်၏စကားများသည် ကောင်းကင်ဒေသမှ အင်အားစုအသီးသီးမှ ကျင့်ကြံသူများအတွက် ထိုထက်ပို၍ မရှင်းလင်းနိုင်တော့ပေ။ ရီဖူရှင်းနှင့် ရန်သူဖြစ်ခဲ့သော သူများသည် ရင်ထဲတွင် ကြိတ်၍ရယ်လိုက်ကြသည်။ သူတို့သည် မင်းသမီးပြောသော စကားများ၏ အတိမ်အနက်ကို နားလည်ကြလေသည်။ သူမပြောလိုက်သောစကားများသည် ရီဖူရှင်းကို သတ်လိုက သတ်နိုင်ကြောင်း ကြေညာလိုက်သကဲ့သို့ပင်။ သူမဆိုလိုသည်မှာ လေးမျက်နှာရွာမှ ဆရာသခင်သည် သူတို့ကိုတားဆီးတော့မည်မဟုတ်ကြောင်းဆိုသည်ပင်။
မင်းသမီးသည် ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများကို တော်တော်လေးမကျေမနပ်ဖြစ်နေပုံရလေသည်။ ရီဖူရှင်းသည် တော်ဝင်အမိန့်ကို ဆန့်ကျင်၍ သူမကို ပေါ်ပေါ်ထင်ထင်အာခံခဲ့သည် မဟုတ်ပေလော။ ထို့ပြင် သူမသည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသောသမီးဖြစ်ပြီး ရီဖူးရှင်းသည် အင်ပါယာရီချင်၏ဆက်ခံသူဖြစ်ပေရာ သူမတို့နှစ်ဦးသည် ရန်သူများဖြစ်ရန် ကံအကြောင်းပါလာပြီး ဘဝပေးရန်သူများဖြစ်နေတော့သည်။
ထို့ကြောင့် မင်းသမီးဒွန်ဟောင်အနေဖြင့် ရီဖူရှင်းကို ရန်ငြိုးအနည်းငယ်ထားခြင်းသည် လုံးဝအကြောင်းအကျိုးဆီလျော်ပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် မျက်နှာမကောင်းကြပေ။ ယခုမှစ၍ ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် အနာဂတ်အတွက် စိုးရိမ်ရန်လိုတော့မဟုတ်ချေ။ ယခုတွင် စွန့်ပစ်ခံကလန်ကို ဆုံးရှုံးလိုက်ရသဖြင့် ရီဖူရှင်း၏အင်အားသည် များစွာလျော့ကျသွားမည်ဖြစ်သည်။ သူ စီဝေ့ကောင်းကင်မှ ထွက်ခွာသွားသည်နှင့် ကောင်းကင်ဒေသမှ အင်အားစုများသည် သူကိုအမဲလိုက်သကဲ့သို့ လိုက်ကြတော့မည်ဖြစ်သည်။
သို့သော် ရီဖူရှင်းသည် စီဝေ့ကျင့်ကြံခြင်းနန်းတော်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး မဟာအင်ပါယာများ၏ ဆက်ခံသူလည်းဖြစ်နေသေးပေသည်။ ထို့ပြင် သူ့နောက်တွင် အင်ပါယာရီချင်၏ အရှိန်အဝါရှိနေပြီဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်း၏ ပိုင်ဆိုင်မှုကို မျက်စိကျနေသူ မည်မျှရှိနေမည်ကို မပြောနိုင်ချေ။
“သွားစို့”
မင်းသမီးဒွန်ဟောင်သည် ထိုသို့ပြောပြီးနောက် ထွက်ခွာရန် အမိန့်ပေးလိုက်လေသည်။ ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူမအမိန့်ပေးလိုက်ချင်းချင်းမှာပင် သူမနှင့်အတူထွက်ခွာသွားကြသည်။
ကောင်းကင်ဒေသမှ အခြားထိပ်သီးအင်အားစုများသည်လည်း သူမနှင့်အတူ ထွက်ခွာသွားကြလေသည်။ ဤနေရာတွင် မင်းသမီးဒွန်ဟောင်သာမရှိပါက သူတို့သည် စီဝေ့ကောင်းကင်ထဲတွင် ကြာရှည်မနေရဲကြပေ။ ထိုနေရာသည် ရီဖူရှင်းထိန်းချုပ်ထားသောနေရာမဟုတ်ပါလား။ ထိုထဲတွင် မဟာလမ်းစဉ်၏ ဒုတိယကောင်းကင်ပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်ခဲ့သောသူများပင် ရီဖူရှင်းကိုမယှဉ်နိုင်ပေ။ အကယ်၍ ရီဖူရှင်းသာ သူတို့ကိုထိခိုက်စေလိုခဲ့ပါက သူတို့အတွက် အခြေအနေဆိုးသွားမည်ဖြစ်သည်။
ဘက်အားလုံးမှ ကျင့်ကြံသူများသည် တောက်ပသောအလင်းတန်းများနှင့်အတူ ထွက်ခွာသွားလေတော့သည်။
မကြာမီတွင် ထိုနေရာတွင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ တစ်ဦးမှ မရှိတော့ပေ။
လူသားဘုံမှ ကျင့်ကြံသူများသည်လည်း သူတို့နှင့်အတူထွက်ခွာသွားပြီဖြစ်သည်။
သို့သော် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံမှ ကျင့်ကြံသူများသည် ထိုနေရာတွင်ပင် ရှိနေသေးလေသည်။
ထိုအခိုက်တွင် မှော်နက်လောကမှ ခေါင်းဆောင်သည် ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။
“ရန်ဟောင်ရီနဲ့ ငါတို့ရဲ့ကြားမှာ ရန်ငြိုး၊ ရန်စနည်းနည်းရှိပေမယ့် ရန်ဟောင်ရီသာ မှော်နက်လောကမှာ လာကျင့်ကြံချင်မယ်ဆိုရင် ငါတို့ ဘာမှလုပ်မှာမဟုတ်ပါဘူး... အဲ့အစား ရန်ဟောင်ရီကိုတောင် ကောင်းကင်ဒေသလက်ထဲကနေ ကာကွယ်ပေးပါမယ်”
“နတ္တအင်ပါယာဘုံကလည်း မင်းကို ကြိုဆိုတယ်”
အဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို သူ့ထက်ငါ စည်းရုံးနေကြပြီး သူတို့အကြားတွင် ရှိခဲ့သည့် ရန်ငြိုး၊ ရန်စများကို ဘေးဖယ်ထားမည်ဖြစ်ကြောင်း ပြောနေကြလေသည်။ ရီဖူရှင်းသည် မှော်နက်လောကမှ ကျင့်ကြံသူအများပြားကို သတ်ခဲ့သည့်အချက်ကို သူတို့ထည့်မတွက်ကြပေ။
သူသည် အင်ပါယာရီချင်၏ ဆက်ခံသူဖြစ်လေသည်။ သူသည် အလွန်ထူးချွန်ပြီး သူ့အနောက်တွင် မဟာအင်ပါယာတစ်ပါးရှိလေသည်။ ထို့ကြောင့် သူသည် လွန်စွာအဖိုးတန်သူတစ်ဦးဖြစ်ပေသည်။
ယခုတွင် ရီဖူရှင်းနှင့် ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်သည် ဆန့်ကျင့်ဘက်များဖြစ်သွားခြင်းမှာ အဓိကအချက်ဖြစ်သည်။ ထို့ပြင် အင်ပါယာရီချင်ကြောင့် သူတို့သည် ဘဝပေးရန်သူများဖြစ်လာပြီး ပြန်လည်သင့်မြတ်ရန် ဖြစ်နိုင်ချေမရှိတော့ချေ။ တစ်ချိန်ချိန်တွင် ကောင်းကင်ဒေသကို ဆန့်ကျင်ရန် ရီဖူရှင်းကို လက်နက်တစ်ခုအနေဖြင့် ပျိုးထောင်ထားနိုင်လေသည်။ ထိုကဲ့သို့သော အခွင့်အရေးကောင်းကို အဘယ်ကြောင့် လက်လွတ်ခံမည်နည်း။
အခြားအချက်များကို ထည့်မတွက်လျှင်ပင် ရီဖူရှင်းပိုင်ဆိုင်ထားသည့် အစွမ်းများဖြင့်ပင် သူသည် ဆုလာဘ်တစ်ခုဖြစ်နေပြီဖြစ်သည်။
ရီဖူရှင်းသည် အဓိကလောကကြီးနှစ်ခုမှ ကျင့်ကြံသူများကို ခေတ္တမျှကြည့်လိုက်သည်။ သူသည် ထိုသူများ၏ ရည်ရွယ်ချက်ကို သိရှိကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ နှစ်ဖွဲ့လုံးက ဒီနေ့ ကျွန်တော့်အတွက် ကူပြောပေးခဲ့ကြတယ်။ အနာဂတ်မှာ ကြိုမသိနိုင်တဲ့တစ်စုံတစ်ခုဖြစ်လာခဲ့ရင် ဒီနေ့မှာ ဖြစ်ခဲ့တာတွေကို ကျွန်တော်အမှတ်ရနေမှာပါ”
ထိုစကားသည် သူတို့ကို ငြင်ငြင်သာသာ ငြင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“အဲ့လိုဆိုတော့လည်း ငါတို့သွားပါတော့မယ်”
သူတို့သည် မည်သို့မှဆက်ပြောမနေကြတော့ပေ။ သူတို့သည် ရီဖူရှင်းတစ်ယောက် ကောင်းကင်ဒေသမှ အင်အားစုများကို မည်သို့ရင်ဆိုင်ရန် ကြံရွယ်ထားကြောင်းကို စောင့်ကြည့်နေမည်ဖြစ်လေသည်။