တစ်ယောက်ထိုင်ရင် အဲ့တစ်ယောက်သေရမယ်
Vol. 81-85 Ch. 1252
ဘုရင်အဆင့် အလောင်းများ လဲကျနေသည်ကိုမြင်ပြီး ပိုင်ရွှယ် တုန်လှုပ်သလို ခံစားလာရသည်။ အစောပိုင်းက သူမ လူဆိုးကောင်ဟု ထင်ခဲ့သောသူက မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်သော နတ်ဆိုးအဖြစ်သို့ ပြောင်းလဲ သွားသည်။
ဤသည်က တကယ်ပင် စိတ်ရှုပ်ထွေးစရာ ကောင်းလှသည်။ ပိုင်ရွှယ်တောင်မှ ယဲ့ဖန် သူမကို မသတ်သည့်အတွက် ကျေးဇူးတင်ချင်စိတ် ပေါက်သွားသည်။
သို့မဟုတ်ပါက ဟေးဖုန်းရွာတွင်း၌ သူမ သူ့အပေါ် ပြုမူခဲ့သော အပြုအမူအရ သူ စိတ်ဆိုးပြီး သူမ အသတ်ခံ လိုက်ရပြီဟု ပြောလိုက်လျင် မည်သူက စောဒက တက်နိုင်ပါမည်နည်း။
ဤသတ်ဖြတ်ခြင်း နတ်ဘုရားကို သူ ရန်စခဲ့မိပြီး ထိုအကြောင်းအရာကို ပြန်တွေးမိသည်နှင့် သူမ ကြောက်လန့် လာရသည်။
သွေးဆူးချွန် အဖွဲ့သားများ တစ်ယောက်ပြီး တစ်ယောက် ယဲ့ဖန်ထံ၌ ခေါင်းဖြတ်ခံလိုက်ရပြီး သူ၏ အနောက်မှ အမှောင်ထု၏ ဝါးမျိုခြင်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့ ကြည့်နေမိသည်။
အရာရှိများ၏ ဆဲဆိုသံများ တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံး၌ ကြိတ်ငိုသံအဖြစ်သို့ ပြောင်းလဲသွားသည်။ အရာရှိများသည် တစ်ဖက်ဖက်အား ရွေးချယ်ရပ်တည်မှသာ အသက်ရှင်နိုင်ကြောင်း သူတို သိပါသည်။ ယခုတစ်ခေါက်တွင်မူ သူတို့ ဘက်ရွေးမှားသွားလေပြီ။
“ချီးပဲ ရက်စက်လွန်းတဲ့လူပဲ”
စွန်းထောင် မနေနိုင်ဘဲ ဆဲရေးလိုက်မိသလို သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။ ဤသို့သော လူမျိုးကိုသာ ရက်စက်သောလူဟု ခေါ်နိုင်ပေသည်။
တစ်ဖက်လူက အင်ပါယာ၏ အရေးပါသော ရာထူးများ၌ ရှိသော်လည်း သူတို့အား ခွေးသတ်သလို သတ်ခြင်းက သူ တစ်ခါမှ စိတ်မကူးရဲသည့် အရာတစ်ခု ဖြစ်သည်။
လုံခွေသည်လည်း တစ်ကိုယ်လုံး အေးစက်ကာ မျက်နှာ အနည်းငယ် ဖြူရော်လာသည်။ ဤသို့သော နတ်ဆိုးမျိုးနှင့် မိတ်ဆွေ ဖြစ်နေ၍ တော်သေးသည်။ ရန်သူသာ ဖြစ်နေပါက အကျိုးဆက်က မတွေးဝံ့စရာပင်။
သွေးဆူးချွန်အဖွဲ့သားများနှင့် အခြားသူများကို သုတ်သင်ပြီးနောက် ယဲ့ဖန်သည် အရာရှိများအား ကြည့်ချင်စိတ်ပင် မရှိတော့ချေ။
သွေးဆူးချွန်အဖွဲ့သားများက ဘုရင်အဆင့် ဖြစ်သဖြင့် သူ့အတွက် အားဆေးလိုပင်။ ဤအမှိုက်များက ဘာများ လုပ်ပေးနိုင်မည်နည်း။
ယဲ့ဖန် လက်ဖျောက်တီးလိုက်သောအခါ နတ်ဆိုးနဂါးဖုရှန်နှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့က အရာရှိများထံ သတ်ဖြတ်ချင်သော အရှိန်အဝါများဖြင့် လျှောက်လမ်းသွားပြီး သတ်ဖြတ်ပွဲ အသစ်တစ်ခု စတင်လေတော့သည်။
ယဲ့ဖန်၏ မျက်နှာက အလွန် အေးစက်၍ မာကြောနေသည်။ သူ့အား အစွယ်ထုတ်ပြရဲသည့် မည်သူမဆို သေကို သေရပေမည်။
“မင်း အဆင်ပြေရဲ့လား”
ယဲ့ဖန်က စွန်းထောင်ကို တစ်ချက် ကြည့်လိုက်သည်။
“ကျွန်တော် မသေနိုင်ပါဘူး”
စွန်းထောင် အခြေအနေ ကောင်းသည်။ တစ်ယောက်ယောက်က သူ့ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်လျင်တောင်မှ သူ မသေနိုင်ပါ။ သို့သော် တစ်ဖက်လူက သူတော်စင်သခင် တစ်ပိုင်းအဆင့်သို့ ရောက်နေသူ ဖြစ်ပြီး ဘုရင်အဆင့် ခုနစ်ယောက်၊ ရှစ်ယောက် ပါနေသလို ရာထူးကြီး အရာရှိများလည်း ရှိနေသဖြင့် သူ ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။
“ကျွန်တော် သူ့ကို အရင်ကုလိုက်မယ်”
ခို့ကျန်းဟွိုက်က ခပ်လန့်လန့် အမူအရာနှင့် ပြောလိုက်သည်။ သူသည်လည်း ယဲ့ဖန်ကြောင့် ကြောက်လန့်နေ၏။ သူတို့၏ ဆရာသည် အကြိမ်ကြိမ် အံ့ဩရအောင် လုပ်ဆောင်နိုင်၏။
“သွေးတိတ်အောင်ပဲလုပ် ပျောက်သွားအောင် မကုနဲ့”
ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။
“အာ … ဘာဖြစ်လို့လဲ”
ခို့ကျန်းဟွိုက် မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။
“အဖွဲ့နှစ်ဖွဲ့ပေါင်းပြီး မင်းသမီးကို ကယ်ဖို့ လာကြတယ်၊ သူတို့ သွေးဆူးချွန် အဖွဲ့သားအားလုံး သေသွားပြီးတော့ ငါတို့ ပေါင်လုံ အဖွဲ့အစည်းက ဘာဒဏ်ရာမှ မရှိဘူး၊ ဒါကို လူတိုင်း ယုံမယ်လို့ ထင်နေလား”
ယဲ့ဖန်က ရိုးရိုးသားသား ပြုံးလိုက်သော်လည်း ကြက်သီးထဖွယ် ကောင်းနေသေးသည်။ ခို့ကျန်းဟွိုက်နှင့် အခြားသူများ မှင်တက်သွားပြီး တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
လုံခွေ အရင်ဆုံး လန့်ဖြန့်သွားရသည်။ ယခင်က သူမသည် ယဲ့ဖန်အား မဆင်မခြင်နှင့် စိတ်လိုက်မာန်ပါ လုပ်တတ်သူဟု ထင်ခဲ့သော်လည်း ယခုအခြေအနေအရ သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ဘဲ လျှို့ဝှက် ကြံစည်ရမည်ကို ပျင်းနေသူသာ ဖြစ်လေသည်။
သူ စတင်၍ ကြံစည်အကွက်ချလာလျင် ကြောက်စရာကောင်းလာ၏။ ယဲ့ဖန်က လုံခွေကို ပြုံး၍ ကြည့်လိုက်သည်။
“ပြန်ရောက်ရင် မင်း ဘာပြောရမယ်ဆိုတာကို သိရဲ့လား”
လုံခွေ သက်ပြင်းချ၍ လေးနက်သော မျက်နှာထားနှင့် ပြောလိုက်သည်။
“ပေါင်လုံအဖွဲ့အစည်းနဲ့ သွေးဆူးချွန်အဖွဲ့ ပူးပေါင်းပြီး တတိယ မင်းသမီးကို ကယ်ကြတယ်၊ ပြီးတော့ ဟေးဖုန်းရွာက ဓားပြတွေနဲ့ ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့တယ်၊ သွေးဆူးချွန် အဖွဲ့သား တစ်ယောက်မှ အသက်မရှင် ခဲ့သလို အဖြစ်အပျက်ကို မြင်တွေ့လိုက်ရတဲ့ အရာရှိတွေလည်း အသတ်ခံလိုက်ရတယ်၊ ပေါင်လုံ အဖွဲ့အစည်းက ဒဏ်ရာ အပြင်းအထန်ရပြီး တစ်ယောက်က အခြေအနေ ဆိုးရွားတယ်၊ အဲ့လို သေရေးရှင်ရေး အခြေအနေကြောင့် သွေးဆူးချွန် အဖွဲ့သားက ဓားပြတွေကို သတ်ဖို့ ဗုံးခွဲခဲ့တာကြောင့် ကျွန်မတို့ ထွက်ပြေးနိုင်ခဲ့တာ …”
ယဲ့ဖန်က သူမကို လက်မထောင်ပြလိုက်သည်။
“တော်တယ်”
လုံခွေ မချိပြုံး ပြုံးလိုက်ပြီး စိတ်ထဲ၌ ကျိတ်၍ မကျေမနပ် ပြောနေသည်။
*ငါက ဘယ်လိုလုပ် နင့်ရှေ့မှာ တော်ချင်ယောင် ဆောင်လို့ရမှာလဲ*
ဧကရာဇ်ကို လိမ်လည်သည့် ပြစ်မှုက မျိုးဆက်ကိုးဆက်အထိ သုတ်သင်ခံရမည့် ပြစ်ဒဏ်ပင်။ သို့သော် လုံခွေသည် ဤစိတ္တဇသမားဘက်မှ လိုက်ပြောပေးချင်နေ၏။
အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်မခံဘဲ လုပ်ချင်တာ လုပ်တတ်သော ဤအမျိုးသားကို သူမ သဘောကျနေမိ သောကြောင့်ပင်။
သူတို့သည် တိမ်ပျံရထားလုံးကို စီး၍ အင်ပါယာမြို့တော်သို့ ပြန်လာခဲ့ကြသည်။ ပိုင်ရွှယ်သည် ဧရာမ တိမ်ပျံ ရထားလုံးရှေ့၌ တစ်ယောက်တည်း ထိုင်နေပြီး အောက်ဘက်မှ သေးငယ်သယောင် မြင်နေရသည့် အိမ်ခြေများအား ငေးကြည့်နေသည်။ သူမ၏ အမူအရာက အထီးကျန်ဆန်လွန်းလှသည်။
“မင်း ဘာတွေစဉ်းစားနေတာလဲ”
ယဲ့ဖန်က သူမကို အပြုံးနှင့် မေးလိုက်သည်။ ပိုင်ရွှယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့သွားသည်။
“ဘာလို့ ကျွန်မအတွက် အိမ်မှာ နွေးထွေးတဲ့ အလင်းရောင် မရှိတာလဲလို့ တွေးနေတာ”
သူမစကားက အသက်နှင့်မလိုက်အောင် ရင့်ကျက်လွန်းလှသည်။ ဤသည်က ယဲ့ဖန်ကို မတွေးတတ် လောက်အောင် ရင်ထဲ နာကျင်လာစေသည်။ ယဲ့ဖန် ဘာမှမပြောခင်မှာပင် ပိုင်ရွှယ်က တောင်ရောက်မြောက်ရော ပြောလာသည်။
“ကျွန်မအမေက သာမန် လယ်သမားမိသားစုက တောသူလေးလေ၊ သူက ချောပင်မယ့် မြတ်နိုးတန်ဖိုးထားစိတ် မရှိသလို ရည်မှန်းချက် ကြီးကြီးမားမားလည်း မရှိဘူး၊ သူ့ဘဝရဲ့ အကြီးမားဆုံး အိပ်မက်က ချစ်ရတဲ့သူနဲ့ အိမ်ထောင်ပြုပြီး ကလေးတွေကို ကောင်းကောင်းမွန်မွန် ပြုစု ပျိုးထောင်မယ်၊ မိသားစုတွေ စည်းစည်းလုံးလုံး နေမယ်ပေါ့၊ ရိုးစင်းတာထက် ပိုပြီး ရိုးစင်းလွန်းတဲ မိန်းကလေး တစ်ယောက်လေ”
ထိုသို့ပြောနေချိန်တွင် ပိုင်ရွှယ်က လှောင်ပြုံး ပြုံးနေသည်။
“ဒါပေမဲ့ သူက ဒီလောက် ရိုးရှင်းတဲ့ မိန်းကလေး ဖြစ်နေပင်မယ့် အခု အင်ပါယာရဲ့ ဧကရာဇ် ဖြစ်နေတဲ့ မင်းသားဟောင်းနဲ့ ဆုံတွေ့ခဲ့တယ်လေ၊ အဲ့တုံးအတဲ့ အမျိုးသမီးက သူနဲ့အတူ အိုမင်းသွားနိုင်မယ်လို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ အဲ့လူအတွက် သူက အချိန်ကုန် သက်သာစေမယ့် အပန်းဖြေစရာ တစ်ခုပဲ ဖြစ်ခဲ့တာ၊ သူက သူမ နာမည်ကိုတောင် မမှတ်မိဘူး”
“လက်မထပ်ဘဲ ကိုယ်ဝန်ရှိခဲ့တာကြောင့် မိသားစုကို အရှက်ခွဲတယ်ဆိုပြီး အိမ်ကနေ နှင်ထုတ်ခံခဲ့ရတယ်၊ ဒါပေမဲ့ သူမက သူ့အတွက် ပြဿနာ မဖြစ်စေချင်လို့ဆိုပြီး ဘယ်သူနဲ့ ရတဲ့ ကလေးပါဆိုပြီး ထုတ်မပြောခဲ့ဖူးလေ။ အဲ့နောက် သူက တစ်ဆယ် စတုရန်းမီတာလောက်တောင် မရှိတဲ့ စိုထိုင်းနေတဲ့ မြေအောက်ခန်းမှာနေပြီး အခြားသူတွေရဲ့ အထင်သေးတာကို ခံခဲ့တယ်လေ၊ ပန်းကန်ဆေးသမား လုပ်ပြီး ကလေးကို ခက်ခက်ခဲခဲ မွေးခဲ့တာပေါ့”
“ကိုယ်ဝန်ဆောင်ချိန်အတွင်း ရလာတဲ့ ရောဂါကြောင့် သူ့ခါးရိုး အခြေအနေက ဆိုးရွားလာတယ်၊ နာလာပြီဆိုရင် တစ်ညလုံး မအိပ်နိုင်ခဲ့ဘူး၊ သူ့ကလေး ကောင်းကောင်းစားပြီး ကောင်းကောင်း ကြီးလာဖို့အတွက် သူ တစ်နေ့ကို သုံးနာရီပဲ အိပ်ပြီး ထမင်းတစ်နပ်ပဲ စားခဲ့တယ်၊ ကျန်တဲ့အချိန်အားလုံးမှာ အလုပ်လုပ်နေခဲ့တာပေါ့၊ အဲ့ဒါကြောင့် အသက် နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတာတောင် ရုပ်ရည်က လေးဆယ်ဝန်းကျင်လောက်အထိ အိုကျလာခဲ့တယ်”
“နောက်ဆုံးတော့ ကျွန်မ အသက်ရှစ်နှစ်အရွယ်မှာ သူ ဒဏ်မခံနိုင်တော့ဘဲ ပင်ပန်းပြီး အိပ်သွားလိုက်တာ ဘယ်တော့မှ ပြန်နိုးမလာတော့ဘူး”
ယဲ့ဖန်က မျက်ရည်များ ပြည့်နေသော မျက်ဝန်းများဖြင့် ယဲ့ဖန်ကို ပြန်လှည့်ကြည့်လာသည်။
“ရှင် ပြောကြည့် အဲ့အမျိုးသမီးက မရူးမိုက်ဘူးလား”
“သိပ်ကို ရူးမိုက်လွန်းတာပေါ့”
“အချစ်ဆိုတဲ့ အရာအတွက်နဲ့ သူ့မှာ ဘာမှမလုပ်နိုင်ခဲ့ဘူး၊ အဲ့လူရဲ့ တော်ဝင်ရင်သွေး အသက်ရှင်နိုင်ဖို့အတွက် သူ ဘာမှမပိုင်ဆိုင်နိုင်ခဲ့ဘူး၊ အဲ့တော့ သူ သေသွားရတယ်၊ သူ သေသင့်တယ်၊ အဲ့လို ရူးမိုက်လွန်းတဲ့ မိန်းမက ဘယ်လိုလုပ် မသေဘဲ နေမှာလဲလေနော်”
ပိုင်ရွှယ် မျက်ရည်များ စီးကျလာသည်။ ယဲ့ဖန် မချိပြုံး ပြုံးလိုက်ပြီး ဘာမှမပြောနိုင်တော့ချေ။ သူ့ရင်ထဲ၌ နာကျင်၍ နေ၏။
သူသာ ပိုင်ရွှယ်ကို စောစော ရှာတွေ့ခဲ့လျင် သူမ ခံစားခဲ့ရမည့် အရာများ လျော့နည်းသွားနိုင်မလား။ ယခု သူမ၏ ရင့်ကျက်၍ တည်တည်ငြိမ်ငြိမ် ရှိဟန်က နာကျင်မှုနှင့် နှိပ်စက်ခံရမှုများကို ဖြတ်ကျော်ပြီး သင်ယူလာခဲ့ခြင်း ဖြစ်သည်။ သူမ ရင့်ကျက်လေ ယဲ့ဖန် ပို၍ စိတ်ထိခိုက်ရလေပင်။
“နောက်တော့ ကျွန်မ အဲ့လူဆီ လိုက်သွားတယ်၊ သူက ကျွန်မကို လက်ခံပြီး ချစ်ခင်ခဲ့တယ်၊ ဒါပေမဲ့ သူက ကျွန်မ အစ်ကိုနဲ့ အစ်မရှေ့မှာပဲ ကျွန်မကို ချစ်ပြခဲ့တာ၊ ပြီးတော့ ကျွန်မကို နောင်တက်မယ့် ဘုရင်မလို့တောင် ပြောလိုက် သေးတယ်၊ သူ ဘာလုပ်ချင်နေတာလဲဆိုတာကို ကျွန်မ မသိဘူးလို့ ထင်နေတာလေ၊ သူက ကျွန်မကို ဓားသွေး ကျောက်လို အသုံးချနေတာ မဟုတ်လား”
“သူမက မင်းကို သေစေချင်နေတာလား”
ယဲ့ဖန်၏ လေသံက အေးစက်လာသည်။ ပိုင်ရွှယ်တောင်မှ တွေဝေသွားရသည်။ ဤလူက အဘယ်ကြောင့် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်နေမှန်း သူမ မသိသော်လည်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“မဟုတ်ရင် သူက တောသူကနေ မွေးလာတဲ့ ကလေးကို နန်းမွေ ဆက်ခံချင်စိတ် တကယ် ရှိပါ့မလား”
“အရိုင်းအစိုင်း မျိုးစေ့ကို နန်းမွေ ဆက်ခံခိုင်းပါ့မလား၊ တော်ဝင်မျိုးဆက်ကို ညစ်ညမ်းခံပါ့မလား၊ သူက ပေးချင်စိတ် ရှိတယ်ဆိုရင်တောင် သူ့နောက်က တော်ဝင်မိသားစုက လက်ခံမှာလား၊ ပထမ မင်းသမီးနဲ့ ဒုတိယ မင်းသားတို့ရဲ့ အနောက်က မိသားစုကြီးတွေက ငြိမ်နေမယ် ထင်လား”
“ဘယ်သူက မင်းကို အရိုင်းအစိုင်း မျိုးစေ့လို့ ပြောရဲတာလဲ”
ယဲ့ဖန် ထိုသို့ပြောလိုက်ချိန်တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံနှင့် လျှပ်စီးများ လက်လာပြီး မုန်တိုင်းဝင်တော့မယောင် ဖြစ်လာ၏။ ပိုင်ရွှယ် ကောင်းကင်ယံကိုကြည့်ပြီး ချောက်ချားသွားသည်။
*ဒါ တိုက်ဆိုင်တာများလား*
သူဟူသော ယဲ့ဖန်၏ အမျိုးသမီးသည် လောကကို သူနှင့်အတူ ယှဉ်တွဲအုပ်ချုပ်သူသာ ဖြစ်သင့်သည်။ မည်သူက သူမကို စော်ကားရဲသနည်း။
“ဒီမှာ ကံမကောင်းတာ ကျွန်မပါနော်၊ ဘာလို့ ရှင် ဒေါသထွက်နေတာလဲ”
ပိုင်ရွှယ် အရွှန်းဖောက်လိုက်သည်။ ဘာကြောင့်မှန်း မသိသော်လည်း သူမ ကြည်နူးမိသွားသည်။ သူမ နှစ်ပေါင်းများစွာ ရင်ထဲ၌ သိမ်းဆည်းထားသည့် ထိုစကားများအား ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။ သို့သော် သူနှင့် ဆုံသည်နှင့် သူမရင်ထဲ၌ မကျေနပ်ချက်များကို ထုတ်မပြောဘဲ မနေနိုင်တော့ချေ။ သူမ သူ့ကို ရင်ဖွင့်သော်လည်း သူက တစ်လွဲအသုံးချမည့်လူ မဟုတ်ဟု ခံစားမိနေ၏။
“ဒီတော့ မင်းက တော်ဝင်မိသားစုရဲ့ အာဏာကို အားနည်းအောင်လုပ်ပြီး ပြည်သူရှေ့မှာ မင်းဂုဏ်သိက္ခာ တက်လာအောင် လုပ်ပြီး အင်ပါယာရဲ့ အရှင်သခင်နဲ့ ရင်ဆိုင်မလို့လား”
ယဲ့ဖန်သည် ဉာဏ်ကောင်းသော လူဖြစ်သဖြင့် လျင်မြန်စွာ ရိပ်မိသွားသည်။ ပိုင်ရွှယ်က သရော်ပြုံး ပြုံးလိုက်သည်။
“အဲ့လူက ကျွန်မကို ဓားသွေးကျောက် ဖြစ်စေချင်နေတာလေ၊ ဒါပေမဲ့ ဘယ်သူက ဓားသွေးကျောက် ဖြစ်မလဲ ဘယ်သူက သတ်မယ့်ဓားဖြစ်မလဲဆိုတာ မသေချာသေးပါဘူး”
သူမ မသေချင်ပါ။ ထို့ကြောင့် သူမ မသေရန် အစွမ်းကုန် ကြိုးစားရပေမည်။ ယဲ့ဖန် ပြုံးလိုက်မိသည်။ အသက် ဆယ့်သုံးနှစ်လေးနှင့် ဤမျှ ရည်မှန်းချက် ကြီးမား၍ အရှိန်အဟုန် ရှိနေသောကြောင့် ပထမ မင်းသမီးနှင့် ဒုတိယ မင်းသားတို့က သူ၏ ပြိုင်ဘက် ဖြစ်လိမ့်မည်ဟု ယဲ့ဖန် မထင်တော့ပါ။
“ကျွန်မက သူတို့ထက် မသာပါဘူး၊ သူတို့နောက်မှ မင်းဆရာလို့ခေါ်တဲ့ ချီချောင်း လင်းလုံလို့ခေါ်တဲ့ လူရှိသလို ချမ်းသာတဲ့ မိသားစုကြီးတွေလည်း ရှိတယ်၊ ကျွန်မမှာ ဘာမှမရှိဘူး”
ထိုစကားလုံးများက အလွန် အထီးကျန်ဆန်ကြောင်း ပြသနေ၏။ ယဲ့ဖန် သူမဘေး၌ ရပ်လိုက်ပြီး သူမခေါင်းကို ကြင်နာစွာ ပွတ်သပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“အခုချိန်ကစပြီး မင်းအနောက်မှာ ရပ်နေမယ့် နတ်ဆိုးတစ်ကောင် ရှိတယ်၊ မင်း သတ်ဖို့တောင်းဆိုတဲ့ လူတိုင်းကို သူ သတ်ပေးလိမ့်မယ်”
“တကယ်လား”
ပိုင်ရွှယ်က ဖူးပွင့်စ ပန်းလေးသဖွယ် ပြုံးလာ၏။ ယဲ့ဖန် ဘာမှမပြောဘဲ ပြုံးကာ ကြည့်နေလိုက်သည်။
*စကြဝဠာရဲ့ နတ်ဆိုးဧကရာဇ်၊ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို ကျွန်ပြုလာတဲ့ငါက မင်းအတွက် ကံဆိုးမှုတွေ ရောက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်”
…
နောက်တစ်နေ့၌ အင်ပါယာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည့် သတင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုသတင်းမှာ နှစ်ပေါင်းများစွာ အင်ပါယာ၏ ဆူးညှောင့်ခလုတ် ဖြစ်ခဲ့သော ဟေးဖုန်းရွာ ပျက်စီးသွားပြီ ဟူသော သတင်းပင်။
၎င်းအား ဖျက်ဆီးခဲ့သည့်သူက မကြာသေးခင်ကမှ အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည့် ယဲ့ဘုရင် ဖြစ်လေသည်။ ဤလောက၌ သူ မလုပ်နိုင်တာ မရှိသလို သူ မသတ်နိုင်သည့်လူလည်း မရှိပုံ ရသည်။
တစ်ခဏအတွင်း ယဲ့ဖန်၏ ဂုဏ်သတင်းက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား ကျော်လွန်သွားသည်။ အင်ပါယာ၏ အသန်မာဆုံးသောသူ ဟူသော ဂုဏ်ပုဒ်က ယဲ့ဖန်ထံ ရောက်ရှိလာ၏။
လက်ရှိတွင် အင်ပါယာ၌ နှစ်ဖွဲ့ကွဲသွားသည်။ တစ်ဖွဲ့မှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ထောက်ခံပြီး ကျန်တစ်ဖွဲ့က ယဲ့ဘုရင်ကို လေးစားလက်ခံကြသည်။
ယဲ့ဖန်ကမူ ထိုအရာများကို ဂရုစိုက်ချိန် မရှိသလို အရေးလည်း မလုပ်ပေ။ ယခုအခါ၌ သူ့၌ အတွေးတစ်ခုသာ ရှိသည်။ ထိုအတွေးမှာ ပိုင်ရွှယ်အား ထီးနန်း လွှဲနိုင်ရန် ဖြစ်ပြီး သူမအပေါ် အကြွေးတင်နေသူများအား အကြွေး ပြန်ဆပ်နိုင်အောင် လုပ်ရန် ဖြစ်လေသည်။
သူ့အား နတ်ဘုရားက တားလျင် နတ်ဘုရားကို သတ်မည် ဖြစ်ပြီး ဗုဒ္ဓက တားလျင် ဗုဒ္ဓကိုလည်း သတ်ရန် ကြိုးစားမှာပင်။
နတ်ဆိုးဧကရာဇ်ဟူသော သူ၏ အမျိုးသမီးအား အနိုင်ကျင့်ဝံ့သူ မရှိစေရပါ။ အကယ်၍ အနိုင်ကျင့်ပါက သွေးဖြင့် ပြန်လည် ပေးဆပ်ရမည်။
ထိုအခိုက်တွင် သူတို့သည် အင်ပါယာ၏ မြို့တော်သို့ ပြန်ရောက်လာ၏။ လှောင်အိမ်နှင့်တူသော နန်းတော်ကြီးကို ကြည့်ပြီး ပိုင်ရွှယ် ကြောက်ရွံ့သော ခံစားချက် ဖြစ်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ဤနန်းတော်၌ သူမသည် ကူကယ်ရာမဲ့နေပြီး အားလုံးက သူမကို သေစေချင်နေကြောင်း သူမ သိနေ၏။ ခြားနားချက်မှာ တစ်ချို့လူများက လှုပ်ရှားပြီးသား ဖြစ်နေပြီး အချို့က အခွင့်အရေးကို စောင့်နေ ကြခြင်း ဖြစ်သည်။
“မကြောက်နဲ့ ခါးကိုမတ်ပြီး အတောက်ပဆုံး ပြုံးထား၊ ဘာလို့လဲဆိုတော့ မင်းလိုချင်တဲ့ နန်းပုလ္လင်က မင်းအတွက် ဖြစ်ကို ဖြစ်စေရမယ်”
ယဲ့ဖန်က ပြုံး၍ သူမပခုံးကို ပုတ်လိုက်သည်။
“ရှင်က အဲ့ဒါကို ဘယ်လိုသိလဲ”
ပိုင်ရွှယ်က သူ့အား ဇဝေဇဝါ ကြည့်လာသည်။ ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းကလွဲပြီး ပုလ္လင်ပေါ် ထိုင်တဲ့လူတိုင်း သေရမှာ မို့လို့လေ၊ တစ်ယောက်ထိုင်ရင် အဲ့တစ်ယောက် သေရမယ်၊ တော်ဝင်မိသားစု မပျောက်ကွယ်သွားမချင်းပေါ့”