နတ်ဆိုးဟွမ်မျိုးရိုး ... ။
Vol. 36 Ch. 423
နောက်တနေ့မနက်တွင် မြို့အပြင်ဘက် ကောင်းကင်ယံ၌ ပေတစ်ရာခန့် ရှည်လျားသော ရတနာသင်္ဘောကြီးတစ်စင်း ပျံသန်းလာ၏။
ခရမ်းရောင်ဆံပင်၊ ရွှေရောင်သရဖူ၊ ကျောက်စိမ်းရောင်၀တ်စုံနှင့် လူငယ်တစ်ဦးက သင်္ဘောဦးတွင်ရပ်ကာ မြို့ကိုငေးကြည့်သည်။
“ ကောင်းကင်တောင်ကြီးကို ... တည့်တည့်သွားပါ လက်ရှိမဟာရှဧကရာဇ် ငါတို့ကို ဘယ်လိုကြိုဆိုမလဲ သိချင်တယ်။ ”
ရတနာသင်္ဘောသည် မြို့တော်အနား နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ကိုဖြတ်၍ တောက်ပစွာရွေ့လျားနေသော ဧရာမဘီလူးကြီး တစ်ကောင်နှင့်တူလာသည်။
ထိုမြင်ကွင်းကြောင့် မြို့အတွင်းရှိ ကျွမ်းကျင်သူများက ချက်ချင်း သတိထားမိကာ စူးစမ်းလိုက်ကြသည်။
“ မဟာရှရဲ့ တော်ဝင်မြို့တော်ဟာ ... လွန်ခဲ့တဲ့အနှစ်သုံးသောင်းတုန်းက ရှမိသားစု ဘိုးဘေးတွေ ချမှတ်ထားတဲ့ တားမြစ် ဝင်္ကပါတစ်ခုရှိပါတယ် ...
... ဒါက မိုးပြာတိုက်ကြီးရဲ့ ပထမတန်းစားသတ်ဖြတ်ခြင်း ဝင်္ကပါအဆင့်မှာ တတိယအဆင့် ဝင်ပါတယ်။ ”
ရတနာသင်္ဘောပေါ်တွင် ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ် နှင့်အတူ အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။ သူမက မြို့တော်ကို ငေးကြည့်လျက်၊
“ ဒါ့အပြင် မြို့တော်ကောင်းကင်မှာ ပျံသန်းခြင်းကို တားမြစ်ထားပါတယ် ... ငါ့အမြင် အရတော့ ငါတို့ကဧည့်သည်တွေမို့ စည်းမျဉ်းကို လိုက်နာတာ အကောင်းဆုံးပါပဲ။ ”
-ဟု သတိပေးလိုက်၏။
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ်၏ မျက်လုံးများတွင် မာနအရိပ်အမြွက် ထင်ဟပ်လာ၏။
“ စည်းကမ်းတွေက အသက်မဲ့ပြီး လူဆိုတာက သက်ရှိတွေပါ ငါသိထားတာက ဒီဝင်္ကပါအစီရင်က ဆိုးရွားစွာ ပျက်စီးနေပါပြီ ...
... လက်ရှိ ဧကရာဇ်ရှက ငါတို့အပေါ် ဒီလိုဝင်္ကပါမျိုးနဲ့ ကြိုဆိုဖို့ ဆန္ဒရှိတော့မယ်လို့ မထင်ပါဘူး ... ငါ့စကားကို နားထောင်ပါ ကောင်းကင်တောင်ဆီ ဆက်သွား။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
သက်ကြီးရွယ်အို တစ်ဦး၏ ရိုသေလေးစားသောအသံက ပဲ့ထိန်းခန်းထံမှ ထွက်ပေါ်လာသည်။ အမျိုးသမီးက သက်ပြင်းချကာ၊
“ သခင်ငယ် ... ဒီလိုလုပ်ရင် မင်းကိုလွှမ်းမိုးကြီးစိုးလွန်းတယ်လို့ လူတွေက စွပ်စွဲကြလိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
သို့သော် သူမ လေသံတွင် အပြစ်တင်လိုသည့် အရိပ်အမြွက်မျိုး မပါဝင်ချေ။ ဤသို့ ဖြစ်မည်ကို သူမ မျှော်လင့်ထားသည်။
“ ဟား ဟား ဟား ... ဒေါ်လေးဝမ်၊ ငါတို့ဟွမ်မျိုးနွယ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းလောက်ကတည်းက ဒီလိုကြီးစိုးတဲ့ အသွင်အပြင်ကြောင့် ... ကျော်ကြားခဲ့တာ မင်းမေ့ပြီလား ...
... ဟွမ်မျိုးနွယ်ရဲ့ မျိုးဆက်သစ် တစ်ယောက်အနေနဲ့ ငါ့မှာရူးသွပ်ပြီးကြီးစိုးတဲ့ သွေးတွေရှိနေတာ ဘာများမှားလို့လဲ။ ”
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ်က ရယ်မောလျက် ထိုအမျိုးသမီးခါးကို သိုင်းဖက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး နမ်းရှိုက်လိုက်တော့သည်။
မျိုးသမီး၏ လှပသော မျက်နှာသည် နီမြန်းလျက် ဒေါသထွက်လာသည်ကို မြင်ချိန်၌ ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ်က ဟက်ဟက်ပက်ပက် ရယ်မော၏။
“ မင်းက ငါ့ရဲ့အစေခံဖြစ်ပေမယ့် ငါ့မျက်လုံးထဲမှာတော့ ငါဟွမ်ရှောင်ယုရဲ့ မိန်းမပါပဲ။ ”
အမျိုးသမီးက လူငယ်၏လက်များကို တွန်းထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင် ခဲ့ချေ။ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံထားရဆဲ ဖြစ်သည်။
နောက်ဆုံးတွင် ရုန်းကန်ခြင်းကို စွန့်လွှတ်ကာ သူမနှုတ်ခမ်းများကို သုတ်လျက်၊
“ ဒီလိုလုပ်ဖို့ စိတ်ကူးမျိုးရှိနေတာ မကောင်းဘူး ... မျိုးနွယ်စုထဲက လူကြီးတွေက ဒါကိုသိရင် သေချာပေါက် ... အွတ်။ ”
သို့သော် သူမ စကားမဆုံးခင်မှာပင် နူးညံ့သော ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး ဓာတ်လိုက်ခံရသကဲ့သို့ ဆတ်ဆတ်ခါသွား၏။
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်း လူငယ်က အမျိုးသမီးရဲ့ တင်ပါးကို အရှက်မဲ့စွာ ကိုင်တွယ်လျက်ဖြင့်၊
“ နောက်တစ်ခါ ထပ်ပြောရင် မင်းရဲ့ တင်ပါးတွေကို လေးပိုင်းခွဲပစ်လိုက်မယ်လို့ ငါကတိပေးတယ်။ ”
-ဟု ကြေငြာလိုက်တော့သည်။
“ ထွီ ... ။ ”
အမျိုးသမီးခမျာ ရွံရှာဖွယ်အမူအရာဖြင့် တံတွေးထွေးထုတ်ကာ ပါးပြင်တွင် အနီရောင် ပက်ဖြန်းသွား၏။
တစ်ချိန်တည်းမှာပင် ရတနာ သင်္ဘောကြီးသည် မြို့တော်ဧရိယာအထက် ကောင်းကင်သို့ ပျံသန်းဝင်ရောက်လာနေသဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
“ ဒါဘယ်သူ့ ရတနာသင်္ဘောလဲ မြို့တော်အထက် ကောင်းကင်ကို ဘယ်လိုများ ဝင်ရဲတာလဲ။ ”
“ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃၀၀)လောက်က ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး စည်းမျဉ်းတွေကို လျစ်လျူရှုပြီး အခုလို ဝင်လာခဲ့ဖူးသေးတယ် ...
... ရလဒ်အနေနဲ့ ဝင်္ကပါက သူ့ကို အမှုန့်ချေပစ်လိုက်တယ် အဲဒါကြောင့် ဘယ်သူမှ မဟာရှကောင်းကင်မှာ ပျံသန်းဝံ့ခြင်း မရှိတော့ဘူး ကြည့်ရတာ မြို့တော် မငြိမ်းချမ်းတော့မှာ ငါကြောက်တယ်။ ”
မရေမတွက်နိုင်သော လူအများက ရတနာသင်္ဘောကြီးကို မျှော်ကြည့်၍ အံ့သြစွာ သုံးသပ်နေကြသည်။ တော်ဝင်မိသားစုကို စိန်ခေါ်ခြင်းမည်ချေ၏။
“ နတ်ဆိုးဟွမ်မျိုးနွယ်စုရဲ့ ... နတ်ဆိုးတစ်ထောင်ရတနာသင်္ဘောပဲ။ ”
စားသောက်ဆိုင်တစ်ခုတွင် ကူချန်နင်က ချက်ချင်းထရပ်ပြီး လသာဆောင်သို့ လှမ်းကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။
“ မိုးပြာတိုက်ကြီးရဲ့ ပထမတန်းစား နတ်ဆိုးဂိုဏ်းကြီးက အမှန်တကယ် ထွက်ပေါ် လာဖို့ အစပြုနေပြီလား။ ”
နတ်ဆိုးဟွမ်မျိုးနွယ်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက အထိန်းအကွပ်မဲ့သည့် အင်အားစု ဖြစ်သည်။
စစ်ခုန်၏ ကောင်းကင်နတ်မိစ္ဆာဂိုဏ်း သည်ပင် ထိုဟွမ်မျိုးနွယ်ထက် အနည်းငယ် ယဉ်ကျေးနေသေး၏။
ဟွမ်မျိုးနွယ်သည် အလွန်ရှေးကျကာ အရူးနတ်ဘုရား အကိုင်းအခက်များဖြစ်သည်ဟု သတင်းကြီးသည်။
ထို့ကြောင့် ဟွမ်မိသားစု၏ သားစဉ်မြေးဆက်သည် ရှေးဟောင်းနတ်မိစ္ဆာ သွေးကို ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ် အရည်အချင်းများရှိ၏။
သူတို့ဘိုးဘေးသည် မိုးပြာဧကရာဇ်ကိုးပါးအနက် တစ်ပါးဖြစ်သော ဒေါသနတ်မိစ္ဆာဧကရာဇ် ဖြစ်သည်။
“ ဟွမ်မျိုးနွယ်ဟာ အဲဒီအချိန်က မိုးပြာတိုက်ကြီးကနေ ငါတို့ကူမျိုးနွယ်တွေလို လုံးလုံးလျားလျား မထွက်နိုင်ခဲ့ဘဲ သူတို့ မိသားစုဝင်အချို့ ကျန်ရစ်ခဲ့ပုံရတယ်။ ”
အဘွားကြီးတစ်ယောက် ကူချန်နင် ဘေးသို့လျှောက်လှမ်းလာပြီး ပြောကြားသည်။ ကူချန်နင်က ခေါင်းညိတ်လျက်၊
“ ဟွမ်မျိုးနွယ်စု ပေါ်လာပြီဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးသောင်းက မျိုးနွယ်စုတွေ ဘယ်လောက်များများ ထွက်ပေါ်လာဦးမလဲလို့ တွေးမိပါတယ်။ ”
-ဟု သက်ပြင်းချလိုက်၏။
အရိုးနတ်ဆိုးဧကရာဇ်မှ ဆင်းသက်လာသည်ဟု သံသယရှိသော ကျန်းဖူသည်လည်း လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက အကြွင်းအကျန်ဖြစ်၏။
“ အရိုးနတ်ဆိုးဧကရာဇ်ရဲ့ စရိုက်က မောက်မာလွန်းပေမယ့် လူတိုင်းရဲ့လေးစားမှုနဲ့ ထိုက်တန်ပါတယ် ဒီနတ်ဆိုးဟွမ်မျိုးရိုးကတော့ ကွဲပြားတယ် ရက်စက်ကြမ်းကြုတ်ပြီး စည်းမျဥ်းတွေကို လျစ်လျူရှုတယ် ...
... ဒါပမေယ့် ဒါပုံမှန်ပါပဲ၊ နတ်ဆိုးဟွမ်မျိုးရိုးရဲ့ သားမြေးတွေကလွဲပြီး ဘယ်သူများ မဟာရှရဲ့ တော်ဝင်မိသားစုကို လျစ်လျူရှုဝံ့မှာလဲ။ ”
အဖိုးအိုက ရတနာသင်္ဘောကို ငေးကြည့်လျက် ပြောသည်။ ရုတ်တရက် ကူချန်နင်က ပြုံးရယ်လာပြီး၊
“ စိတ်ဝင်စားစရာပဲ ... ဒီဟွမ်နတ်ဆိုးကို မဟာရှရဲ့တော်ဝင်မိသားစု ဘာဆက်လုပ်မလဲ သိချင်တယ်။ ”
-ဟု ရေရွတ်လိုက်၏။
တစ်ဖက်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်း၌ မီးခိုးရောင်၀တ်ထားသော ကျန်းဖူက အံ့အားသင့်နေခဲ့သည်။
ဤအရူးနတ်ဆိုးမျိုးရိုးသည် အထိန်းအကွပ်မဲ့လွန်းချေ၏။ ရုက်တရက် ပျော်ရွှင်ဖွယ်ကောင်းသော လေထုကို ခံစားလိုက်ရသည်။
“ မဟာရှရဲ့ တော်ဝင်မြို့တော်အထက် ကောင်းကင်ယံမှာ ပျံသန်းခြင်းကို တားမြစ်ထားတယ် မဟုတ်လား။ ”
စုရီက ရေကန်ဘေးရှိ ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းလျက် ရတနာသင်္ဘောကြီးကို ကြည့်ကာ အနည်းငယ် စိတ်ဝင်စားသွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်လျက် ‘မှန်တယ်’-ဟု ပြန်ဖြေ လာတော့၏။
သူသည် ဝမ်လျူနှင့်အတူ ဝင်္ကပါပြုပြင်ခြင်းဆိုင်ရာ အကြောင်းအရာများ မေးမြန်းရန် စုရီထံ ရောက်ရှိနေခြင်းဖြစ်သည်။
စုရီပေးခဲ့သော အချက်အလက် ကျောက်စိမ်းတုံးသည် ရှုပ်ထွေးလွန်းလှသဖြင့် နားမလည်ခဲ့ချေ။ ရှက်စရာ ကောင်းချေပြီ။
ဝင်္ကပါသခင်များကို ဆင့်ခေါ်စေ ခဲ့သော်လည်း ထိုနည်းလည်းကောင်း ပေပင်။ အဆုံးတွင် လူကိုယ်တိုင်လာမေးရုံသာ တတ်နိုင်ခဲ့၏။
“ သခင်၊ အဲဒါနတ်ဆိုးဟွမ်မျိုးနွယ်ရဲ့ နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောပါပဲ။ ”
ဝမ်လျူက လေးနက်သောအသွင်ဖြင့် အသိပေးလာ၏။
“ နတ်ဆိုးဟွမ်မျိုးနွယ် ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး မကျေနပ်ဟန်ဖြင့်၊
“ သူတို့က ... ဒီနေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းမတိုင်မီ မိုးပြာတိုက်ကြီးလို့ တကယ်ထင်နေသေးတာလား။ ”
-ဟု ညည်းတွားလိုက်သည်။
နတ်ဆိုးဟွမ်မျိုးရိုးဟူသည် သာမာန်အင်အားစုတစ်ခု မဟုတ်သည်မှာ ထင်ရှားလေသည်။ စုရီက သူတို့ နှစ်ယောက် စကားဝိုင်းကို နားထောင်နေရာမှ၊
“ စည်းကမ်းတွေ ပျက်သွားရင် ပြန်လည်ချမှန်ဖို့ အရမ်းခက်တယ် ... အခု မင်းဘာဆက်လုပ်မှာလဲ။ ”
-ဟု မေးလိုက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက တိတ်ဆိတ်သွားသည်။ ထို့နောက် အကြံတစ်ခု ရလာပြီး စုရီထံလှည့်ကြည့်၏။
“ တာအိုမိတ်ဆွေ မင်းဆိုရင် ဘာလုပ်မလဲ။ ”
“ ညှိနှိုင်းခြင်းမရှိ ချက်ချင်းသတ်မယ်။ ”
စုရီက ပြုံးကာ ပြန်ဖြေသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်ခုံးပင့် လိုက်တော့သည်။ တစ်ဖက်တွင် ဝမ်လျူခမျာ အမူအရာ ပြောင်းသွားပြီး၊
“ ဒါက လုံးဝကောင်းတဲ့ အကြံတော့ မဟုတ်ဘူး ငါတို့တွေ ဒီလိုလုပ်ရင်ဟွမ်မျိုးရိုးကို စော်ကားရာရောက်သလို ဝင်္ကပါပျက်စီးနှုန်းက ပိုမြန်လာလိမ့်မယ်။ ”
-ဟု ကန့်ကွက်၏။
စုရီ ခေါင်းယမ်းလိုက်သည်။
“ မေ့လိုက်ပါ ... ဒါက မင်းရဲ့ အကန့်အသတ်ပဲ ... တစ်စုံတစ်ယောက်အပေါ် မင်းကြောက်ရင် ဒေါသကို ချိုးနှိမ်ထားရမယ်။ ”
စုရီက မျက်ဝန်းများ မှိတ်ချလျက် ပတ်ဝန်းကျင်အပေါ် လျစ်လျူရှုလိုက်တော့၏။ လူလတ်ပိုင်းအရွယ်အမျိုးသားက ပြုံးကာ၊
“ အဖိုးကြီးဝမ် ... သွားပြီးတော့ ဖွဲ့ဝင်္ကပါကိုအသက်သွင်းပါ တာအိုစုပြောတဲ့ အတိုင်း သူတို့ကို ချက်ချင်းသတ်လိုက်။ ”
-ဟု အမိန့်ပေးသည်။
ဝမ်လျူက အံ့အားသင့်နေစဉ် လူလတ်ပိုင်းအရွယ် အမျိုးသား၏မျက်လုံးတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပြီး၊
“ သွား ... ။ ”
-ဟု ထပ်မံပြောကြားလာသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် ဝမ်လျူက သတိဝင်လာပြီး တွန့်ဆုတ်မနေဝံ့တော့ဘဲ ကောင်းကင်ပေါ် ခုန်တက်သွားတော့၏။
စုရီက မျက်ဝန်းများ ပြန်ဖွင့်ကာ လူလတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်လျက်၊
“ မင်း ဒုက္ခရောက်ရင် ငါ့ကို အပြစ်မတင်ရဘူး။ ”
-ဟု ကြိုတင်သတိပေးသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ဆိုးခြင်း မရှိဘဲ ပြုံးရွှင်စွာနှင့်၊
“ တားမြစ်ဝင်္ကပါကို တာအိုစု ပြန်ပြင်ပေးဖို့ပဲလိုပါတယ် ကျန်တဲ့ပြဿနာကို ဂရုစိုက်နေစရာ မလိုပါဘူး။ ”
-ဟု ကတိတောင်း၏။
စုရီက လပိုးကောင်ကို ထုတ်ယူပြီး ရေကန်ထဲပစ်ချကာ ပြန်မဖြေဘဲ ငါးစာကျွေးနေ ခဲ့သည်။ ကောင်းကင်တွင် နတ်ဆိုးတစ်ထောင် ရတနာသင်္ဘောကြီးမှာ တရွေ့ရွေ့ ဝင်ရောက်နေဆဲဖြစ်၏။
ခရမ်းရောင်ဆံပင်နှင့် ရွှေသရဖူဆောင်းထားသော လူငယ်လေးသည် လက်နှစ်ဖက်နောက်ပို့ပြီး ရပ်နေကာ၊
“ ဒေါ်လေးဝမ် ကြည့်စမ်းပါဦး ငါတို့မြို့တော်ရဲ့ ပိုင်နက်ထဲ ဝင်ရောက်နေပြီ မဟာရှရဲ့ တော်ဝင်မိသားစုက ငါတို့ကို မတားရဲဘူး ...
... ကမ္ဘာကြီးမှာ စည်းမျဥ်းတွေဆိုတာ အားနည်းသူတွေအတွက်ပဲ ... ငါတို့အတွက် မဟုတ်တာ သတိရပါ ... ။ ”
လေသံသည် မောက်မာမှုနှင့် ကြီးစိုးမှု အပြည့်ရှိနေ၏။ သူ့ဘေးနားရှိ အမျိုးသမီးက နူးညံ့စွာပြုံးလျက်၊
“ သခင်ငယ် ကောင်းကင်တောင်ကို ရောက်ရင် မင်းကိုရိုက်နှက်ပေးဖို့ ဧကရာဇ်ရှဆီ ငါအကူအညီတောင်းရမယ်။ ”
-ဟု ဟာသစကား ပြောကြားလာသည်။
“ မင်းရဲ့ဧကရာဇ်ရှဟာ ဒေါသထွက်နေရင်တောင် ငါ့ကိုဘာများ လုပ်ဝံ့မှာလဲ၊ ဟားဟား ဟာ ... ဟ ... ”
သို့သော် သူ ပြောပြီးသည်နှင့် လေဟာနယ်အတွင်း အပြောင်းအလဲများကို ခံစားလိုက်ရသည်။ ဤသည်မှာ တားမြစ် စွမ်းအားများ ဖြစ်ချေပြီ။
ရယ်မောနေသံသည် ရုတ်တရက် လည်ပင်းကို ဖမ်းဆုပ်ခံလိုက်ရသောဘဲကဲ့သို့ ချက်ချင်းရပ်တန့်သွားတော့သည်။
***