← Chapters

စွန့်ခွာခြင်း

Vol. 168 Ch. 2404

စွန့်ခွာခြင်း

Vol. 168 Ch. 2404

အင်အားစုများ ထွက်ခွာသွားသောအခါ ရီဖူရှင်းသည် ကြယ်တာရာကောင်းကင်ထက်မှ ဆင်းသက်ာလာ၏။ ကောင်းကင်အစစ် ပြန်ပေါ်လာပြီး ကြယ်တာရာကောင်းကင်သည် ပျောက်ကွယ်သွားပေပြီ။ အဆုံးမရှိသော ကြယ်တာရာများသည် အရှင်စီဝေ့၏ဝိညာဉ်ပုံရိပ်နှင့်အတူ လူများ၏မြင်ကွင်းမှပျောက်ကွယ်သွားပြီဖြစ်သည်။

ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်ထဲတွင် ဆင်းသက်လိုက်သသည်။ ယူချင်းသည် သူ့‌နောက်မှနေ၍ ရောက်လာသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် သူ့‌ဘေးတွင် စုဝေးလိုက်ကြသည်။

အားလုံးသည် ပြဿနာများပြီးဆုံးသွားပြီဖြစ်သဖြင့် စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်ကြသည်။ သို့သော် အန္တရာယ်ရှိနေဆဲဖြစ်၍ အပြည့်အဝ စိတ်မအေးနိုင်သေးပေ။

ယခုတွင် သူတို့သည် ဘေးကြပ်နံကြပ်ဖြစ်နေပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်ကိုပင် အပြစ်ပြုမူခဲ့ပေသည်။ ကောင်းကင်ဒေသမှ အင်အားစုများသည် ရီဖူရှင်းနှင့် သူ၏မဟာမိတ်များကို တိုက်ခိုက်ရန် လက်တွန့်နေမည်မဟုတ်တော့ချေ။ ထိုအင်အားစုများသည် စုပေါင်း၍ပင် သူတို့ကို တိုက်ခိုက်နိုင်လေသည်။ သို့သော် သူတို့အလိုရှိသောသူမှာ ရီဖူရှင်းသာဖြစ်ပြီး သူတို့သည် စီဝေ့ကောင်းကင်မှ ထွက်ခွာသွားပြီဖြစ်သည်။ အကယ်၍ သူတို့သည် ရီဖူရှင်းကို စီဝေ့ကောင်းကင်ထဲတွင် တိုက်ခိုက်ရန်ရွေးချယ်ခဲ့ပါက သေမည့်အရေးအတွက် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။

လေပြေလေညင်းလေးတစ်ချက် တစ်ခတ်သွားရာ လူအားလုံးသည် အနည်းငယ် အေးစိမ့်စိမ့်ဖြစ်သွားကြသည်။ ကျင့်ကြံသူများသည် ရီဖူရှင်းကို တိတ်တဆိတ် ငေးကြည့်နေကြသည်။ ယခုမှစ၍ သူတို့၏ခရီးလမ်းသည် ခက်ခဲကြမ်းတမ်းတော့မည်ဖြစ်သည်။

လောကအသီးသီးသည် ပရမ်းပတာဖြစ်နေပြီး သူတို့သည် ထိုပရမ်းပတာအခြေအနေအတွင်းပိတ်မိနေကာ ထိုအခြေအနေအတွင်းမှ အချိန်တိုအတွင်းလွတ်ထွက်နိုင်ရန် အခွင့်အရေးအနည်းငယ်သာရှိလေသည်။

“ကျွန်တော်တို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ယာယီစွန့်ခွာကြတာပေါ့”

ရီဖူရှင်း ကြေညာလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသည် ရုတ်ခြည်းဝမ်းနည်းသွားကြသည်။

သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို သံယောဇဉ်နက်နက်ရှိုင်းရှိုင်းတွယ်နေပြီဖြစ်သည်။ သို့သော် ကံဆိုးစွာပင် ယခုတွင် သူတို့သည် ကျောင်းတော်ကိုစွန့်ခွာရန် ဖိအားပေးခြင်းခံနေရပေပြီ။

ရီဖူရှင်း ညွှန်ကြားလိုက်သည်။

“အရှင်ထိုက်ရွှမ်... အရှင်က ကောင်းကင်အာဏာစက်ကျောင်းတော်ကိုသွားပြီး အဆင့်နိမ့်ကမ္ဘာတွေမှာပဲရှိနေသေးတဲ့ ကျင့်ကြံသူတွေ စီဝေ့ကောင်းကင်ဆီလာနိုင်ဖို့ သွားစီစဉ်ပေးပါ။ ပြီးရင် တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကို ဖျက်စီးခဲ့လိုက်ပါ”

အရှင်ထိုက်ရွှမ်ခေါင်းညိတ်ပြလိုက်၏။ သူတို့၏အရင်ခံနေရာဖြစ်သော ကောင်းကင်အာဏာစက်ကျောင်းတော်ကို စွန့်ခွာလိုက်လျှင် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်း‌တော်၊ စီဝေ့ကောင်းကင်တို့နှင့် ပတ်သတ်မှုများကို အလုံးစုံဖြတ်တောက်လိုက်သကဲ့သို့ဖြစ်သွားမည်ဖြစ်ကြောင်းကို သူသိလေသည်။

ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံနှင့် မူလဘုံတို့ကို နှစ်ပေါင်းများစွာ အကြိုးပြုခဲ့သည်။ သူ့ကို မူလဘုံ၏ အုပ်ချုပ်သူဟုပင် ကင်ပွန်းတပ်ခဲ့ကြသည်။ သို့သော် မူလဘုံသို့ အင်အားစုအမျိုးမျိုးရောက်ရှိလာခြင်းကြောင့် အခြေအနေများ ကပြောင်းကပြန်ဖြစ်ခဲ့ရလေသည်။ အစောပိုင်းက ဖြစ်ပွားခဲ့သော ကိစ္စကြောင့် ကိစ္စများသည်ပို၍ရှုပ်ထွေးလာတော့သည်။ အရာအာလုံး ပြောင်းလဲသွားပေပြီ။

ရီဖူရှင်းသည် အပယ်ခံတစ်ဦးဖြစ်လာပြီး အပြင်လူတစ်ဦးဖြစ်လာပေပြီ။ သူသည် သူ၏အရင်ခံနေရာဖြစ်သော ကောင်းကင်အာဏာစက်ကျောင်းတော်ကိုစွန့်ခွာ၍ မူလဘုံမှ ယာယီထွက်သွားရပေတော့မည်။

ထိုနေရာရှိ မည်သူမှ ရီဖူရှင်း ထိုသို့လုပ်ရသည့် ရည်ရွယ်ချက်ကို မေးခွန်းမထုတ်ပေ။ သူသည် ဖိအားပေးခံရ၍ ထိုသို့ဆုံးဖြတ်ချက်ချရခြင်းဖြစ်ကြောင်း သူတို့အားလုံးသိလေသည်။ လက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်သည် နေထိုင်ရန် အန္တရာယ်ရှိသောနေရာတစ်ခု ဖြစ်လာပြီဖြစ်သည်။ အကယ်၍ သူတို့သာ အဆင့်နိမ်ကမ္ဘာများတွင် ဆက်၍နေရန် ‌ရွေးချယ်ခဲ့ပါက အချိန်မရွေးတိုက်ခိုက်ခံရနိုင်လေသည်။ ထို့ပြင် သူတို့သည် တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကို သူတို့၏ရန်သူများ အသုံးပြုနိုင်ရန် ချန်ခဲ့မည်မဟုတ်ပေ။ သူတို့၏ ကျောင်းတော်တွင်ကျန့်ခဲ့သောသူများ ရောက်ရှိလာပါက သူတို့သည် ထိုကွန်ရက်ကို ဖျက်ဆီးပစ်ရမည်ဖြစ်သည်။

အရှင်ထိုက်ရွှမ်သည် ထိုအစီအစဉ်ကို လုပ်ဆောင်ရန် အခြားသူများကို ဦးဆောင်၍ အလျင်အမြန် ထွက်ခွာသွား‌လေသည်။

ရီဖူရှင်းပြောလိုက်သည်။

“အခု မူလဘုံမှာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်ခဲ့ပြီ။ လောကအသီးသီးက ကျင့်ကြံသူတွေက မူလဘုံကို ရောက်လာခဲ့ပြီ။ ဒါပေမဲ့ အဲ့ဒါတွေက အခုလောလောဆယ် ကျွန်တော့်တို့အတွက် ပြဿနာမဟုတ်သေးဘူး။ လာမယ့်နှစ်တွေမှာတော့ ကျွန်တော်တို့က စီဝေ့ကောင်းကင်မှာပဲနေပြီး ကျင့်ကြံနေရတော့မှာပဲ။ တော်သေးတာက ဒီမှာ အရှင်စီဝေ့ချန်ထားခဲ့တဲ့ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ရှိနေတာပဲ။ ကျွန်တော် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲမှာ အချိန်တစ်ခုလောက်အထိ တရားထိုင်မယ်။ တစ်ချိန်တည်းမှာပဲ ဒီမှာရှိတဲ့လူတိုင်းရဲ့ ကျင့်ကြံခြင်းကိုလည်း ကျွန်တော် ကူညီပေးပါမယ်”

ဤကိစ္စမတိုင်ခင်တွင် ရီဖူရှင်းထံတွင် ကောင်းကင်‌‌ဒေသမှ မဟာမိတ်အနည်းငယ်ရှိလေသည်။ သို့သော် ယနေ့ကိစ္စပြီးသွားသောအခါ သူတို့သည် သူ့ကိုစွန့်ခွာသွားကြသည်။ ကောင်းကင်ဒေသမှ အင်အားစုများအားလုံးသည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည် မဟုတ်ပေ‌လော။ မည်သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဆန့်ကျင်၍ ရီဖူရှင်းကိုထောက်ခံဝံ့မည်နည်း။ ရီဖူရှင်းသည်လည်း သူ၏မိတ်ဆွေများကို ထိုသို့မလုပ်စေလိုပေ။ အကယ်၍ သူတို့သာထိုသို့လုပ်ခဲ့ပါက သူတို့သည် ဤအရှုပ်အထွေးအတွင်းသို့ ဆွဲခေါ်ခံရမည်ဖြစ်သည်။

“မင်းအတွက် မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို တက်အောင်လုပ်တာက အခုလောလောဆယ်မှာ အရေးအကြီးဆုံးကိစ္စပဲ” အင်ပါယာနန်က ပြောလိုက်၏။

ရီဖူရှင်းသည် လက်ရှိတွင် ရန်ဟောင်အဆင့်ခုနစ်ဖြစ်သည်။ အကယ်၍ သူသည် အဆင့်ကိုးအထိရောက်အောင်ကျင့်ကြံကာ တိုက်ပွဲအတွင်းတွင် ကြယ်တာရာကောင်းကင်၏အစွမ်းကို မှီခိုခဲ့ပါက ဖုန်းရူကဲ့သို့ ကျင့်ကြံသူများပင် သူ၏တိုက်ခိုက်မှုများကို တောင့်ခံနိုင်မည်မဟုတ်ပေ။

သူသည် ကြယ်တာရာကောင်းကင်၏အစွမ်ကိုး မမှီခိုလျှင်လည်း သူသာ ရန်ဟောင်အထွတ်အထိပ်အဆင့်အထိရောက်အောင် ကျင့်ကြံကာ မဟာအင်ပါယာရှန်းကျား၏ အထွတ်အမြတ်အကြွင်းအကျန်များနှင့် အရှင်ရှန်းယင်၏ အင်ပါယာဗျပ်စောင်းတို့ကို အသုံးပြုခဲ့ပါက ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ အချိန်ကျလာလျှင် သူသည် ကြိုက်သည့်နေရာကို ကြောက်စရာမလိုဘဲ သွားလာနိုင်ပြီဖြစ်သည်။ အနည်းဆုံးအနေဖြင့် လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် သူသည် သူ့ကိုယ်သူကာကွယ်ရန် ပို၍အစွမ်းရှိလာမည်ဖြစ်သည်။

သို့သော် လတ်တလောတွင် အပြင်လောကရှိ ကိစ္စများသည် သူတို့နှင့် မဆိုင်သေးပေ။

“မင်း နတ်ဆိုးဘုံမှာ ကျင့်ကြံချင်လား”

ယူချင်းသည် ရီဖူရှင်းကို မေးလိုက်သည်။ အကယ်၍ ရီဖူရှင်းသာ နတ်ဆိုးဘုံသို့ သွားခဲ့ပါက အခြားသူများ၏ အမဲလိုက်ခြင်းကို ခံရတော့မည်မဟုတ်ပေ။

ရီဖူရှင်း ခေါင်းခါလိုက်သည်။ သူသည် ယူချင်းကို အတွေးပို့လွှတ်၍ ပြောလိုက်သည်။

“အရင်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ပဲသိတာ။ အခု ငါတို့ရဲ့ ဇစ်မြစ်က မရှင်းလင်းတော့ဘူး။ မင်းရဲ့ဇစ်မြစ်က ထူးခြားလို့ နတ်ဆိုးဘုံက မင်းကိုလက်ခံလောက်ပေမယ့် ငါကတော့မတူဘူးလေ။ ငါဘာပဲလုပ်လုပ် ပိုပြီးသတိရှိရမယ်”

ယူချင်းသည် မည်သို့မှ ဆက်မပြောလိုက်တော့ပေ။ ရီဖူရှင်းပြောသည်မှာ မှန်ကြောင်း သူသိလေသည်။ အတိတ်တွင် မည်သည့်အရာများဖြစ်ခဲ့သည်ကို သူတို့နှစ်ဦးသာသိပေသည်။ ရီဖူရှင်းသည် မည်သည့်အခါကမှ အင်ပါယာရီချင်၏ ဆက်ခံသူဟု အထင်မခံခဲ့ရပေ။ ယူချင်၏ ဖခင်သည် ရီဖူရှင်းကို ပြုစုပျိုးထောင်ခဲ့သူဖြစ်သည်။ သို့သော် သူသည် ရီဖူရှင်းကို မည်သည့်ကျင့်ကြံခြင်းပညာရပ်ကိုမှ မသင်ကြားပေးခဲ့ပေ။ ရီဖူရှင်းသည် အင်ပါယာအဖြစ်မွေးဖွားလာသည်ဟုသာ သူပြောခဲ့သည်။ ယူချင်းမှာမူ ရီဖူရှင်း၏ အထောက်အပံ့ဖြစ်လာရမည့်သူဖြစ်သည်။

ထို့ကြောင့် ရီဖူရှင်း၏ဇစ်မြစ်သည် အပြင်လောကက ထင်ထားသည့်အတိုင်း သေချာပေါက်မဟုတ်ချေ။ သူသည် အင်ပါယာရီချင်၏ ဆက်ခံသူဖြစ်သည်ဆိုရုံလောက် မရိုးရှင်းပေ။

ထို့ပြင် နတ်ဆိုးအင်ပါယာက ယူချင်းကို ဆက်ဆံပုံများနှင့် နတ်ဆိုးအင်ပါယာက ယူချင်းကို သူ၏ဇစ်မြစ်ကို မပြောလိုခြင်းတို့ကြောင့် သူသည် သူ၏ဇစ်မြစ်ကို သူကိုယ်တိုင်သံသယဝင်လာခဲ့သည်။

ရီဖူရှင်းသည် ယူချင်းကို ဆက်၍အကြံပေးလိုက်သည်။

“ယူချင်း ငါက အခု ဒီမှာခြေချုပ်မိနေတယ်ဆိုပေမယ့် မင်းက နတ်ဆိုးဘုံကဆိုတော့ ဘယ်သူမှမင်းကို ထိရဲမှာမဟုတ်ပါဘူး။ မင်းက အပြင်လောကမှာ ဆက်ကျင့်ကြံနိုင်ပါသေးတယ်။ မူလဘုံက ကြီးမားတဲ့အပြောင်းအလဲတွေနဲ့ ကြုံခဲ့ရလို့ အပြင်လောကမှာ အမွေအနှစ်တွေအများကြီး ပေါ်လာတယ်တဲ့။ မင်းလည်း နတ်ဆိုးဘုံက ကျင့်ကြံသူတွေနဲ့ အပြင်လောကမှာ စွန့်စားသွားလာပြီး အမွေအနှစ်တွေများရမလားဆိုတာ သွားကြည့်ပေါ့”

ယူချင်းသည် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အကြည့်တစ်ချက် ဖြတ်သန်းသွားပြီး ပြောလိုက်သည်။

“ဘယ်သူက ကောလဟာလတွေဖြန့်နေတာလဲဆိုတာ ငါစုံစမ်းမှာပါ”

ယူချင်းသည် ထိုသူများကို လက်စားချေလိုနေကြောင်း ထင်ရှားပေသည်။

ထိုသူများသည် ရီဖူးရှင်းမှာ အင်ပါယာရီချင်နှင့် ဆက်နွယ်မှုရှိသည်ဟူသော ကောလဟာလများကို တမင်တကာဖြန့်နေခြင်းမှာ အကြံကြီးကြီးမားမား ရှိနေ၍ဖြစ်နိုင်လေသည်။ သူတို့သည် ရီဖူရှင်းကို သေစေလိုနေခြင်း ဖြစ်နိုင်ပေသည်။

“အခုလောလောဆယ်တော့ ကောင်းကင်ဒေသက အင်အားစုတွေနဲ့ ပြဿနာကြီးကြီးမားမား မတက်မိစေနဲ့။ ငါတို့နှစ်ယောက်စလုံး သိုသိုသိပ်သိပ်နေရမယ်။ အနာဂတ်မှာ ငါတို့တွေ လုံလုံလောက်လောက် စွမ်းအားကြီးလာပြီဆိုရင် ငါတို့ လက်စားချေမယ့်ကိစ္စကို စိုးရိမ်နေစရာလိုတော့မှာ မဟုတ်ပါဘူး” ရီဖူရှင်းပြောလိုက်သည်။

ယူချင်းသည် သိပ်၍မကျေနပ်သော်လည်း ခေါင်းညိတ်ပြလိုက်လေသည်။ သို့သော် သူသည် အကယ်၍သူသာ အပြင်လောကတွင် လှည့်လည်သွားလာနေစဉ်တွင် ကောင်းကင်ဒေသမှလူများနှင့် တွေ့ခဲ့ပါက ထိုသူများကို ညှာတာမည်မဟုတ်ကြောင်း တွေးလိုက်သည်။

ရီဖူရှင်းသည် အခြားကျင့်ကြံသူများကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီကိစ္စမှာ ခင်ဗျားတို့ပါ ဒုက္ခရောက်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး”

“နန်းတော်အရှင်... ကျွန်‌တော်တို့က စီဝေ့ကောင်းကင်မှာ ကျင့်ကြံနေတာ ကြာပါပြီ။ အခု နန်းတော်အရှင်က ကျွန်တော်တို့အတွက် အရှင့်စီဝေ့ရဲ့ ကျင့်ကြံခြင်းနန်းတော်ကို ဖွင့်ပေးခဲ့ပါတယ်။ အဲ့ဒါက ဘယ်လိုလုပ် ဒုက္ခလို့ပြောလို့ရမှာလဲ”

ရန်ဟောင်ချန်းက ပြောလိုက်သည်။

ရှောင်ကလန်မှ ရှောင်တင်ထျန်းကလည်း ဝင်ပြောလေသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော် ထင်ပေါ်ကျော်ဇောလာတာ မင်းကြောင့်ပါ။ မင်းကြောင့်သာမဟုတ်ရင် ဒီလိုပရမ်းပတာလောကကြီးထဲမှာ ငါတို့ဒီနေ့ထိ အသက်ရှင်နိုင်၊ မရှင်နိုင်ဆိုတာ မသေချာဘူး။ အဲ့ဒါကို ဒုက္ခလို့ ဘယ်လိုလုပ်တွေးလို့ရမှာလဲ။ စီဝေ့ကောင်းကင်က ဘုံကိုးဘုံထက် ပိုကြီးပါတယ်။ ဒီမှာ ကျင့်ကြံရတာ ‌တော်တော်လေးကောင်းပါတယ်”

အခြားကျင့်ကြံသူများလည်း ဝင်ပြောကြသည်။ သူတို့၏ လက်ရှိအခြေအနေသည် ဆိုးဝါးနေသော်လည်း ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်တွေးလျှင် ရီဖူရှင်းသည် သူတို့ကိုတိုးတက်အောင် ဦးဆောင်နိုင်ခဲ့သဖြင့် ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သူတို့သိလေသည်။

“အချိန်တစ်ခုလောက် ဘယ်မှမသွားဘဲ တစ်နေရာတည်းမှာပဲ ကျင့်ကြံတာကလည်း ကောင်းတဲ့အရာပါပဲ”

အင်ပါယာနန်က ထပ်ဖြည့်ပြောလိုက်သည်။ သူတို့သည် အချိန်တစ်ခုခန့် ကျင့်ကြံရန်လိုအပ်ပေသည်။

ထို့ပြင် ကြိုမြင်နိုင်သည့်အနာဂတ်ကြောင့် သူတို့သည် ဤနေရာမှထွက်ခွာမည်မဟုတ်ပေ။

“အရှင်ဒွန်ဟောင်က မင်းရဲ့ကိစ္စတွေမှာ ဝင်မရှုပ်ဖို့ ကတိပေးထားတယ်။ မင်းသာ ကောင်းကင်အပြစ်ဒဏ်ကို ကျော်လွှားပြီးသွားရင် မင်းကြိုက်တဲ့နေရာကို သွားလို့ရပြီ... မင်းကိုတားနိုင်မယ့်သူရှိတော့မှာ မဟုတ်ဘူး”

ဖန်းကိုင့်ကပြေလာလိုက်သည်။ သူသည် ရီဖူရှင်းကို နှစ်သိမ့်နေပုံရလေသည်။

“ငါနားလည်ပါတယ်”

ရီဖူရှင်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

သူသည် သူ့ဘေးရှိ ရင်းနှီးသောမျက်နှာများကိုကြည့်လိုက်သည်။ သူ့ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ့ဘေးတွင် ရပ်ကာ သူ့ကိုထောက်ခံပေးနေသော မိတ်ဆွေများစွာရှိနေပေသေးသည်။ ထို့ကြောင့် သူ့တွင် စိတ်ဓာတ်ကျကာ ရေသာခိုနေခွင့်မရှိပေ။

*****

မူလဘုံရှိ ကောင်းကင်အာဏာစက်ဘုံတွင်...

စီဝေ့ကောင်းကင်တွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသတင်းများ ပျံ့နှံ့သွားသည်။ အရှင်ထိုက်ရွှမ်သည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများအားလုံးကို အဝေးသို့ခေါ်ဆောင်သွားပြီးနောက် တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်ကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ကောင်းကင်အာဏာစက်ဘုံသို့ ရောက်လာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပျက်အစီးနေရာများကို မောင်ပိုင်စီးလိုက်လေတော့သည်။ သူတို့သည် ကောင်းကင်အာဏာစက်မြို့တော်ကိုလည်း စတင်သိမ်းပိုက်လေတော့သည်။

ကောင်းကင်အာဏာစက်ဘုံမှ ကျင့်ကြံသူများအားလုံးသည် ထိုမြင်ကွင်းများကြောင့် ဝမ်းနည်းလာကြသည်။

သူတို့ယုံကြည်သောသူသည် ကောင်းကင်အာဏာစက်ဘုံကို ထိုကဲ့သို့စွန့်ခွာသွားလေပြီ‌လော။ သူသည် အမှန်ပင် အင်ပါယာနန်းတော်နှင့် ရင်ဆိုင်ခဲ့ပေသည်။ ခေတ်တစ်ခေတ် ပြီးဆုံးခဲ့ပေပြီ။ ရီဖူရှင်း၏ခေတ်သည် အင်ပါယာနန်းတော်ကြောင့် ပြီးဆုံးသွားပြီဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ကံကြမ္မာသည် မည်သို့ဖြစ်မည်ကို မည်သူမှမသိကြပေ။ လက်ရှိတွင် ထိုနေရာရှိ ကျင့်ကြံသူများသည် အခြားအင်အားစုများ၏ ငဲ့ညှာမှုကြောင့် အသက်ဆက်ရှင်သန်နေရခြင်းပင်။ ရီဖူရှင်းကဲ့သို့ ကောင်းကင်အာဏာစက်ဘုံကို ကာကွယ်ရန် အဓိကရည်ရွယ်သူ မည်သူမှမရှိနိုင်ပေ။

ထိုအခိုက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပျက်အစီးများအနီးတွင် ကျင့်ကြံသူအများအပြား စုဝေးနေကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံအနှံ့မှ လူများဖြစ်သည်။ အဘိုးအိုတစ်ဦးသည် လူငယ်လေးတစ်ဦးကို ခေါ်လာခဲ့သည်။ အဘိုးအိုသည် သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်သည်။

“ဘိုးဘိုး... ရန်ဟောင်ရီ တစ်ခုခုဖြစ်လို့လားဟင်။ အဲ့လိုဆို အနာဂတ်မှာ ကောင်းကင်အာဏာစက်ဘုံကို ဘယ်သူက ကာကွယ်မှာလဲ”

လူငယ်လေးသည် အပျက်အစီးများကိုကြည့်၍ မေးလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး... ရန်ဟောင်ရီက ခဏပဲထွက်သွားတာပါ။ နောက်ကျရင် သူပြန်လာမှာပါ”

အဘိုးအိုက ပြန်ဖြေလိုက်သည်။ သို့သော် ကောင်းကင်အာဏာစက်ဘုံ၏ မျှော်လင့်ချက်ပြန်လာရန် နှစ်ပေါင်းမည်မျှကြာပေလိမ့်မည်နည်း။

All Chapters