မုန်တိုင်းကို ဖြတ်ကျော်ရန် ပြင်ဆင်ခြင်း ... ။
Vol. 36 Ch. 422
ကျန်းဖုန်းကျစ် ဝိညာဉ်သည် တုန့်ဆိုင်းခြင်းမရှိ လျင်မြန်စွာ ထွက်ပြေး လေသည်။
“ တတိယဓား ... ။ ”
စုရီအသံက ငရဲမှ သေမင်းခေါ်သံကဲ့သို့ ထွက်ပေါ်လာသည်။ ကျိုးဖုန်းကျစ် ဝိညာဉ်ခမျာ တုန်ရင်လျက် ကြယ်မြစ်ကြီးထိမှန်လျက် လုံးဝ ပျောက်ကွယ်သွားတော့၏။
ဤတစ်ကြိမ်၌ အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။ ညသည် ညဉ့်နက်သထက် နက်လာပြီး မိုးတိတ်သွား၏။
အရိုးထိအောင် အေးလွန်းသော အငွေ့အသက်သည် လူတိုင်း၏နှလုံးသားအပေါ် လွှမ်းခြုံလာတော့သည်။
ကောင်းကင်နှင့် မြေကြီးကြား သွေးညှီရနံ့များ စိမ်ဝင်ပျံနှံ့လာ၏။ ကျန့်လီက မျက်နှာဖြူဖျော့သွားကာ ကိုယ်ခန္ဓာသည် အနည်းငယ် တုန်ရင်သွားသည်။
တစ်ဖက်လူ၏ ဓားသုံးချက်သည် သူမမာနများကိုချိုးကာ အသိအမြင်များအပေါ် မှောက်လှန်ပစ်လိုက်၏။
“ မဖြစ်နိုင်ဘူး ... ဒါက လုံးဝမဖြစ်နိုင်ဘူး မင်းဟာ မူလတာအိုနယ်ပယ်မှာပဲ ရှိသေးတယ် ဘယ်လိုလုပ် ဦးလေးကျိုးကို သတ်နိုင်ရတာလဲ။
ကျိုးကျစ်ချင်က အရူးတစ်ယောက်လို အော်ဟစ်လိုက်ပြီး သူ့ခံစားချက်များ ထိန်းမနိုင် သိမ်းမရ ဖြစ်လာကာ မြေပြင်ပေါ် ပြိုလဲသွားခဲ့သည်။
မဟာရှသို့ သူ ရောက်ရှိလာခြင်းသည် ကလဲ့စားချေရန်၊ အမုန်းတရားဖြေဖျောက်ရန် ဖြစ်၏။
ယခုမူ သူအားကိုးခဲ့သော ဦးလေးကျိုးဟူသည် ရန်သူ့လက်၌ အသတ်ခံ လိုက်ရပြီဖြစ်သည်။
“ ရွှပ် ... ။ ”
အတွေးများဖြင့် အမြင်အာရုံများ ဝေဝါးလာစဉ် ဓားအလင်းတစ်ချက် ပျံသန်းလာ နေသည်ကို နောက်ဆုံးမြင်လိုက်ရတော့၏။
စုရီအတွက်မူ ဤသို့သော ဇာတ်ကောင်များသည် ယင်ကောင်တစ်ကောင် မျှသာဖြစ်သည်။ အချိန်မဖြုန်း လိုသည်မှာ သဘာဝပေပင်။
ထို့နောက် ဆီစိမ်စက္ကူထီးကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး ကျန်လက်တစ်ဖက် နောက်ပို့လိုက်ကာ၊
“ အခု ... မင်းငါ့ကို တိုက်ဖို့ သတ္တိရှိသေးလား။ ”
-ဟု ယွီဝမ်ရှထံ လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
ယွီဝမ်ရှတစ်ယောက် ချက်ချင်း ပြန်မဖြေနိုင်ချေ။ ဤစုရီသည် အဘယ့်ကြောင့် အကြီးအကဲယွီဝမ်ရှဖြင့် ဦးစွာတိုက်ရသည်ကို နားလည်လာ၏။
မာနကြီးခြင်း မဟုတ်ချေ။ တစ်ဖက်လူ အမြင်တွင် သူသည် အရည်အချင်း မပြည့်မီ သောကြောင့် ဖြစ်သည်။
“ မင်းက ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ကြီးမဟုတ်လား ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ရမှာ မင်းတာဝန်ပဲ ဒါဆို ဘာလို့ ရပ်နေသေးတာလဲ လာတိုက်ပါ။ ”
“ လုံလောက်ပြီ ... ။ ”
ယွီဝမ်ရှက ဒေါသတကြီး အော်ဟစ် လိုက်သည်။ ဤသည်မှာ ပါးရိုက်ခြင်းမည်၏။
“ စုရီ၊ မင်းကိုလျှော့တွက်မိခဲ့တာ ငါဝန်ခံပါတယ် ဒါပေမယ့် အကြီးအကဲကျိုးကို သတ်နိုင်ရုံနဲ့ မင်းဆန္ဒရှိတဲ့အတိုင်း ငါ့အပေါ် အရှက်ခွဲနိုင်မယ် မထင်နဲ့။ ”
စကားဆုံးသည်နှင့် ရွှေဓားကို ဆွဲထုတ်လိုက်ပြီး ရောင်ဝါများ ဖွင့်ထုတ်လိုက် တော့သည်။
“ ငါယွီဝမ်ရှ ... တိုက်ပွဲကိုကြောက်လို့ နောက်ဆုတ်သွားတတ်တဲ့ ... ဓားသမားမျိုး မဟုတ်ဘူး။ ”
သူ့မျက်လုံးများ စူးရှထက်မြက်လာပြီး ကြောက်စရာကောင်းသော အလင်းရောင်ဖြင့် တိုက်ပွဲဝင်ဆန္ဒများ တောက်လောင်လာ၏။
ကျန့်လီနှင့် အခြားသူများအားလုံး ထိတ်လန့်သွားပြီး မတူညီသော ခံစားချက်များ ဖြစ်ပေါ်လာကြသည်။
ယွီဝမ်ရှသည် တပည့်ကြီး ပီသချေ၏။ ဓားနှလုံးသားသည် ချီးမွမ်းဖွယ်ဖြစ်သော်လည်း နှမျောစရာပေပင်။ မီးလျှံအတွင်း တိုးဝင်သော ပိုးဖလံတစ်ကောင်ဖြစ်နေ၏။
စုရီက ခေါင်းယမ်းပြီး၊
“ ငါဆန္ဒရှိရင် ... မင်းကို အခုပဲ နင်းချေပစ်လိုက်လို့ရတယ် ဒီလိုအရှက်ခွဲနေစရာ မလိုဘူး ... သစ်ခွခြံဝင်းတာအို ဆွေးနွေးပွဲမှာ မိန်းကလေးယွီကို အနိုင်ယူနိုင်ရင် ငါမင်းကို တောင်းပန်မယ် ... သွားရအောင်။ ”
စကားဆုံးသည်နှင့် စုရီက လှည့်ထွက်သွားတော့သည်။ ယွီရှစ်ချန်သာလျှင် အနည်းငယ် မှင်သပ်လျက် ကျန်ရစ်ခဲ့ပြီး များမကြာခင် အပြေးလိုက်ပါသွား၏။
ဤမတိုင်ခင် ယနေ့ပွဲအတွက် သူမကို ခေါ်ယူခဲ့ခြင်းအပေါ် နားမလည်ခဲ့ချေ။ ယခုမူ သူမအတွက် ဓားသွေးကျောက် ဖန်တီးပေးခြင်း ဖြစ်ကြောင်း နားလည်လိုက်၏။
အမှောင်အတွင်း စက္ကူထီးဆောင်းကာ တရွေ့ရွေ့ပျောက်ကွယ်သွားသော စုရီတို့ထံသို့ ငေးကြည့်လျက် လူတိုင်းတိတ်ဆိတ်နေ၏။
အဆုံးတွင် ယွီဝမ်ရှသည် ရွှေဓားကို ပြန်သိမ်းကာ ရေကန်စပ်သို့ ပြန်ရောက်လာ၏။ ယနေ့အဖြစ်အပျက်သည် သူ့စိတ်အခြေအနေကို ပြင်းစွာထိုးနှက်သွားခဲ့ရချေပြီ။
“ အစ်ကိုယွီ ... မင်း အဆင်ပြေရဲ့လား။ ”
ကျန့်လီက ထိုအခြေအနေအပေါ် အနည်းငယ်စိုးရိမ်သွား၏။ ယွီဝမ်ရှမှ ခေါင်းယမ်း ပြလိုက်ပြီး၊
“ ဓားသမားတစ်ယောက်အနေနဲ့ ရှုံးနိမ့်မှုတိုင်းကို ခွန်အားဖြစ်စေရတယ် ခဏတာ ရှုံးနိမ့်မှုတစ်ခုက ငါ့ကိုသက်ရောက်မှု မရှိစေပါဘူး။ ”
ထို့နောက် ထွက်ခွာသွားသည့် စုရီပုံရိပ်ထံမျှော်ကြည့်ကာ၊
“ ညီမကျန့် ... မနေ့ညက တိမ်လွှာ ကောင်းကင်နန်းတော်ရဲ့ အတွင်းအကြီးအကဲ ဟွာထျန်ကို သတ်ခဲ့တာ စုရီပါပဲ။ ”
-ဟု ပြောကြားလိုက်တော့၏။
“ ဒါ ... ။ ”
ကျန့်လီ၊ချူဟမ်ခုန်၊ ထောင်ယွင်ချီနှင့် အခြားသူများအားလုံး လုံးဝတုန်လှုပ်သွားကြ တော့သည်။ အဓိပ္ပါယ် မရှိလှချေ။
“ ဒီနေ့ ငါက လူပြက်တစ်ယောက်ထက် မပိုခဲ့ပါဘူး သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ။ ”
ယွီဝမ်ရှအသံက ဆက်၍ ထွက်ပေါ်နေခဲ့သည်။
“ ဒါပေမယ့် ... ဒီအဖြစ်အပျက်က မူလတာအိုနယ်ပယ် အတားအဆီးအပေါ် ဖြတ်ကျော်ပြီး ဝိညာဉ်တာအိုနယ်ပယ်ကို တိုက်နိုင်တယ်ဆိုတာပြနေတယ် ...
... ဒါကို ကျန်းဖူ လုပ်ပြနိုင်သလို ... စုရီလည်းလုပ်နိုင်တယ် ဒါကြောင့် မကြာခင်မှာ ဒါမှမဟုတ် နောက်ပိုင်းမှာ ... ငါလည်း လုပ်နိုင်လိမ့်မယ်။ ”
အဆုံးမှာတော့ သူ့မျက်ဝန်းများအတွင်း ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်လာတော့သည်။ ထောင်ယွင်ချီက မကျေမနပ်ဖြင့်၊
“ စီနီယာအစ်ကို ငါတို့ စုရီကို ဒီအတိုင်း လွှတ်ထားတော့မှာလား။ ”
-ဟု မေးမြန်းလိုက်၏။
ယွီဝမ်ရှက လေးနက်သော အသွင်ဖြင့် သူ့ကိုလှည့်ကြည့်သည်။
“ ဒီကိစ္စကို ငါ့အစွမ်းအစနဲ့ ဖြေရှင်းလို့မရတော့ဘူး ငါဂိုဏ်းကို သတင်းပို့ပြီး ဂိုဏ်းက ဆုံးဖြတ်ချက်ချပါစေ။ ”
ဤတစ်ကြိမ်၌ ကျန့်လီသည် ယွီဝမ်ရှ ဆုံးဖြတ်ချက်သည် ပညာအရှိဆုံးဟု ယူဆကာ တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်၏။
ထိုစဉ် အမှောင်ရိပ်အတွင်းမှ ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် လှမ်းထွက်လာခဲ့သည်။ အသက်အရွယ်အရ လေးဆယ်ကျော်ခန့်ရှိကာ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်၏။
“ ဖေဖေ ... မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ”
အမျိုးသားကို မြင်ချိန်၌ ကျန့်လီမှ အံ့ဩသွားလေသည်။ ဤသည်မှာ ကျန့်မျိုးနွယ် ခေါင်းဆောင် ကျန့်ရှောင်ရှန်းဖြစ်၏။
ယွီဝမ်ရှနှင့် အခြားသူများသည် ချက်ချင်း လေးစားမှုအပြည့်ဖြင့် အရိုအသေပေးလိုက်၏။ ကျန့်မိသားစုခေါင်းဆောင်သည် ဂိုဏ်းချုပ်နှင့် တူညီသော ဂုဏ်သိက္ခာရှိသည်။
ထို့ကြောင့် ကျိုးဖုန်းကျစ် အသက်ရှင်နေလျှင်ပင် ရိုသေစွာဦးညွှတ်ရမည် ဖြစ်၏။
“ မင်းတို့ကံကောင်းတယ် ... သခင်လေးစုသာ ဒေါသထွက်ပြီးသတ်ပစ်ခဲ့ရင် ငါတားဖို့ အရည်အချင်း မရှိမှာကို ကြောက်မိတယ်။ ”
ကျန့်ရှောင်ရှန်း အဖြေကြောင့် လူတိုင်း ကျောရိုးတစ်လျှောက် အေးစက်လာတော့သည်။ ဤစုရီတွင် မည်သို့သော နောက်ခံမျိုး ရှိနေသနည်း။
“ ဒါက ဘာကို ဆိုလိုတာလဲဖေဖေ။ ”
“ ဒီနေ့ အဖြစ်အပျက်ကို မင်းတို့ လျှို့ဝှက်ထားသင့်တယ်။ ”
ကျန့်မိသားစု ခေါင်းဆောင်ကဲ့သို့သော တစ်စုံတစ်ဦးသည် ဤမျှ သတိကြီးနေသည်မှာ ယုံနိုင်စရာမရှိချေ။
“ ဒါပေမယ့် ဖေဖေ၊ အကြီးအကဲကျိုးရဲ့ သေဆုံးမှုကို ဖုံးကွယ်နိုင်တဲ့ နည်းလမ်း မရှိမှာကို ကြောက်မိတယ် … ။ ”
ကျန့်လီက တိုးတိုးလေး ပြောလိုက်သည်။
“ ဒါ ... မင်းတို့နဲ့ မဆိုင်ပါဘူး ... မင်းတို့အားလုံးလုပ်ရမှာက ပါးစပ်ပိတ်ထားဖို့ပဲ တစ်စုံတစ်ယောက်က ဒီအဖြစ်အပျက်ကို သဘာဝကျကျ ဖြေရှင်းပေးပါလိမ့်မယ်။ ”
***
“ အချိန်သုံးရက်အတွင်းမှာပဲ ... ဝိညာဉ်ထင်ရှားခြင်း ကျွမ်းကျင်သူ သုံးဦးတိတိ သေဆုံးခဲ့ရတယ် ဒါဟာမဟာရှသမိုင်း နှစ်ပေါင်း သုံးရာအတွင်း အကြီးမားဆုံး ဆုံးရှုံးမှုပါ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက တိမ်ပင်လယ်ကို ငေးကာ တုန့်ပြန်ခြင်းမပြုချေ။ သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ပွင့်ဖြင့် တိတ်ဆိတ်နေခဲ့သည်။
“ ပိုစိတ်ပျက်စရာ ကောင်းတာက ဒီတစ်ခါလည်း ငါတို့ပဲ သူ့အညစ်အကြေးကို သန့်ရှင်းရေးလုပ်ရဦးမယ်။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး မျက်ခုံးမွှေးကို ပွတ်သပ်နေလိုက်သည်။
“ ကောင်းကင်နတ်မိစ္ဆာဂိုဏ်း ... ၊ တိမ်လွှာကောင်းကင်နန်းတော် ... ကောင်းကင် ဓားဂိုဏ်းနဲ့ ချင်းရီတာအိုဂိုဏ်းတွေလည်း သူ့ကို ပစ်မှတ်ထားနေတယ်။ ”
ဤတစ်ကြိမ်၌ လူလတ်ပိုင်းအရွယ် အမျိုးသားက လက်ပြကာ ဟန့်တားလိုက်သည်။
“ ဒါတွေက ဝင်္ကပါကို ပြုပြင်ပေးနိုင်ရင် ဘာမှ ပြောပလောက်စရာ မရှိပါဘူး ကူညီပေး လိုက်ပါ။ ”
ထိုစကားကြောင့် ဝမ်လျူမှ မကျေနပ်သော်လည်း ခေါင်းညိတ်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက၊
“ ဒါနဲ့ ကျန့်ရှောင်ရှန်းက သဘောတူရဲ့လား။ ”
“ သူက လိမ္မာပါးနပ်တဲ့ အမျိုးအစားပါ စုရီကိုကာကွယ်ဖို့ သခင်ရဲ့ရည်ရွယ်ချက်တွေကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ် ... ပြီးတော့ ဒီဖြစ်စဉ်မှာ သူ ဆုံးရှုံးမှုမရှိခဲ့ဘူး။ ”
“ ကောင်းတယ် ကောင်းကင်ဓားဂိုဏ်းဆီ စာတစ်စောင်ရေး သူတို့ဒီမှာရပ်ချင်တယ်ဆိုရင် လျော်ကြေးအနေနဲ့ ငါပေးနိုင်တယ်လို့ ... ။ ”
သူ့လေသံက ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ဝမ်လျူကို တုန်လှုပ်သွားစေသည်။
“ သခင် ... ၊ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူနဲ့ ညီမျှတဲ့ လျော်ကြေးတစ်ခုဟာ ဘယ်လောက်အထိ တန်ဖိုးရှိလဲ ... စုရီအတွက် ပေးဖို့ထိုက်တန်ရဲ့လား။ ”
“ ဟား ဟား ဟား ... ဒါဟာ အရင်းအမြစ်လေးတစ်ခုပါပဲ အစီရင်ဝင်္ကပါကို ပြုပြင်နိုင်ရင် ... ငါတို့ရရှိမဲ့ အကျိုးဆက်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ ...
... မင်းဘဝတစ်လျှောက်လုံးမှာ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပါရမီရှင်မျိုး မြင်ခဲ့ဖူးသလား။ ”
“ မမြင်ဖူးပါဘူး။ ”
“ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို မူလနန်းတော်အဆင့် လူငယ်တစ်ဦးက သတ်ပစ်တယ် ... ဝင်္ကပါ ပညာမှာလည်း ပြိုင်ဘက်ကင်းတယ် ...
... ယွီရှယာလို အဖိုးကြီးရဲ့ မာနကိုချိုးပြီး ဝိညာဉ်ရေးဓားတစ်လက်ကို သွန်းလုပ်ပြတယ် ဒီလိုလူမျိုးတွေက အမှောင်တားမြစ်စွမ်းအား မတိုင်ခင်ဆိုရင်တောင် ... ဖီးနစ်အမွေးနဲ့ ချီလင်ဦးချိုတွေလို ရှားပါးတယ် ...
... ရွှေခေတ်ရောက်လာတဲ့အခါ သူတို့ဘယ်လောက်အထိ မြင့်မြင့်သွားနိုင်မလဲ အဲဒီအချိန် ဒီကမ္ဘာကြီးဟာ သူလိုလူတွေအတွက် စင်မြင့်တစ်ခုပဲ။ ”
ဝမ်လျူတစ်ယောက် နှလုံးသား တုန်ခါသွားကာ စုရီအပေါ် သူ့သခင်သည် အဘယ့်ကြောင့် တန်ဖိုးထားနေရသည်ကို နားလည်လာခဲ့သည်။
သခင်သည် မဟာရှမင်းဆက်ကို မုန်တိုင်းဖြတ်ကျော်ရန် ကြိုးစားနေခြင်းပေပင်။ စုရီဟူသော လှိုင်းနှင့်အတူ မဟာရှသင်္ဘောကြီး လိုက်ပါရန် ကြံရွယ်နေခြင်းဖြစ်၏။
***