အခန်းအောင်းကျင့်ကြံခြင်း
Vol. 168 Ch. 2405
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများအားလုံးသည် စီဝေ့ကောင်းကင်ဆီသို့ ရွှေ့ပြောင်းလာပြီဖြစ်သည်။ ရီဖူရှင်းသည် စီဝေ့ကောင်းကင်၏ မြို့တော်ဖြစ်သော စီဝေ့အင်ပါယာမြို့တော်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်အသစ်ဆောက်ရန် သူတို့ကို အမိန့်ပေးလိုက်သည်။ ထိုမှ သူ့နောက်သို့ လိုက်လာသော ကျောင်းတော်မှကျင့်ကြံသူများတွင် တရားထိုင်စရာနေရာရှိမည်ဖြစ်သည်။ ထိုကျောင်းတော်အသစ်သည် သူတို့၏ဆုံးရှုံးမှုကို ကာမိစေရန် မျှော်လင့်ရပေသည်။
တစ်ချိန်တည်းမှာပင် ကျောင်းတော်၏ အဓိကအဖွဲ့ဝင်များသည် စီဝေ့အင်ပါယာနန်းတော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်၏။ ထို့ပြင် သူတို့သည် ကျင့်ကြံခြင်းအတွက် နန်းတော်နှင့် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ကိုပင် အသုံးပြုခွင့်ရှိလေသည်။
အရာအားလုံးသည် စည်းစနစ်တကျ ရှေ့ဆက်နေသည်။ ရီဖူရှင်းသည် အခန်းအောင်းကျင့်ကြံရန် ဆုံးဖြတ်လိုက်ပြီးသောအခါ စီဝေ့ကောင်းကင်ကို မူလဘုံနှင့် အဆက်ဖြတ်ရန် စီစဉ်ခဲ့သည်။ သူတို့သည် နောက်ထပ်နှစ်အနည်းငယ်အတွင်း ဤနေရာတွင် တိတ်တဆိတ်ကျင့်ကြံကာ ပြင်ပမှကိစ္စများကို အရေးမစိုက်ဘဲနေနိုင်လေသည်။
သို့သော် ရက်ပေါင်းများစွာကြာပြီးနောက် ယူချင်သည် သူတို့ထံသို့ သတင်းအချို့ယူဆောင်လာပေးလေသည်။ ထိုသတင်းများသည် ယခင်က ကောလဟာလများဖြန့်ခဲ့သည် အင်အားစုများနှင့် သက်ဆိုင်သောသတင်းများဖြစ်သည်။ ကောင်းကင်ဒေသမှ ရှေးနတ်ဘုရားကလန်သည် ကောလဟာလဖြန့်ခဲ့သည့် အင်အားစုများထဲတွင် မပါဝင်ပေ။ ထိုထဲတွင် ပါဝင်ခဲ့သည့်အင်အားစုများမှာ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများဖြစ်လေသည်။ ထို့ပြင် ရှန်ကလန်၊ နန်ဟိုင်မိသားစု၊ ရှန်ချင်းကုန်းမြေသခင်အိမ်တော်နှင့် တုန်းဟွာကုန်းမြေသခင်အိမ်တော်တို့လည်း ပါဝင်ခဲ့သည်။
ထိုအင်အားစုများသည် ရီဖူရှင်း၏သတင်းများကို သိသွားသောအခါ မင်းသမီးဒွန်ဟောင်၏ နားတော်သို့ ရောက်စေရန် ချက်ချင်းပင် ကောလဟာလများဖြန့်ခဲ့ပေသည်။ အမှန်တွင် မင်းသမီးဒွန်ဟောင်သည် ထိုအကြောင်းကို သိရှိပြီးဖြစ်သည်။ သို့သော် ထိုသတင်းများပြန့်နှံ့နေပေရာ သူမသည် စီဝေ့အင်ပါယာနန်းတော်သို့ တိုက်ရိုက်လာလာ၍ ထိုကိစ္စကြားထဲတွင် ဝင်ပါရန် ဖိအားပေးခံရလေသည်။
ရီဖူရှင်းသည် အမှန်တရားကို သိရှိပြီးသွားသောအခါ မည်သို့မှ မတုံ့ပြန်လိုက်ဘဲ ပါဝင်သူများ၏ စာရင်းကိုသာ သူ့ခေါင်းထဲတွင် မှတ်ထားခဲ့သည်။ သူနှင့် ရှန်ကလန်အကြားရှိ ရန်ငြိုးသည် သူနှင့် မူလဘုံမှ ရှန်ကလန်တို့အကြားတွင်ဖြစ်ခဲ့သော အတိတ်မှကိစ္စများကြောင့်ဖြစ်လေသည်။ သူနှင့် တုန်းဟွာကုန်းမြေသခင်အိမ်တော်တို့အကြားမှ ရန်ငြိုးကိုမူ ပြောနေရန်ပင်မလိုပေ။ သို့သော် ဤကိစ္စတွင် ရှန်ချင်းကုန်းမြေသခင်အိမ်တော်ပါ ပါဝင်နေခြင်းကို သူအံ့အားသင့်နေလေသည်။ သူတို့အကြားတွင် ပဋိပက္ခအနည်းငယ်ရှိသော်လည်း ထိုအိမ်တော်သည် သူ့ကိုသေစေလိုနေလိမ့်မည်ဟု ရီဖူရှင်းမမျှော်လင့်ထားခဲ့ပေ။
ထိုကိစ္စအရ ကောင်းကင်ဒေသတွင် သူ့ကိုသေစေလိုနေသူ အများအပြားရှိကြောင်း ထင်ရှားပေသည်။ သူသိသော အင်အားစုများမှာ သူတို့၏ရည်ရွယ်ချက်ကို ထုတ်ပြခဲ့သူများသာဖြစ်သည်။ ရည်ရွယ်ချက်ကိုထုတ်မပြသော သူ့ကိုသတ်ချင်နေသည့် အခြားရန်သူများလည်း အများအပြားရှိနေနိုင်သေးပေသည်။
ရီဖူရှင်းသည် ထိုအကြောင်းကို များများစားစားတွေးမနေတော့ချေ။ စစ်ဆေးမှုသည် ပြီးဆုံးသွားပြီဖြစ်၍ သူသည် ထိုအကြောင်းကို သိပ်စိတ်ပူနေရန် မလိုတော့ပေ။ ဟွာဂျီယူသည် သူ့ဘေးသို့ ပြန်ရောက်လာပြီဖြစ်ပြီး သူသည် ယူချင်းနှင့်လည်းတွေ့ဆုံခဲ့ပေပြီ။ ရီဖူရှင်းသည် ကျင့်ကြံခြင်းကို အေးအေးဆေးဆေး အာရုံစိုက်နိုင်ပြီဖြစ်သည်။
စီဝေ့အင်ပါယာနန်းတော်၏ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် ကျင့်ကြံသူအများအပြား ရပ်နေကြသည်။ ရီဖူရှင်းသည် နန်းတော်အတွင်းသို့ ဝင်လာသောအခါ ခေါင်းမော့၍ ကောင်းကင်ထက်ရှိ အဆုံးမဲ့များပြားသော ကြယ်တာရာများကို ကြည့်လိုက်လေသည်။ ဟွာဂျီယူသည် သူ့ဘေးတွင် တိတ်တဆိတ်ရပ်လိုက်သည်။ သူမသည် သူနှင့်အတူထိုနေရာသို့ လိုက်လာခဲ့ခြင်းဖြစ်ပြီး သူတို့သည် အချိန်တစ်ခုခန့် အတူတကွကျင့်ကြံရန် ပြင်ဆင်ထားခြင်းပင်။
“ဂျီယူ... ညီမရထားတဲ့ မဟာအင်ပါယာရဲ့ သင်ပြမှုတွေက နည်းနည်းကိုးရိုးကားရားဖြစ်နေတယ်။ ဒီတစ်ကြိမ် အစ်ကိုတို့ အခန်းအောင်းကျင့်ကြံတုန်း အစ်ကိုတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်အောင်လုပ်တာအပြင် တခြားကိစ္စအချို့ကိုလည်း အစ်ကိုလုပ်ချင်တယ်။ အစ်ကိုတို့ တစ်ယောက်ရဲ့ကျင့်ကြံခြင်းကို တစ်ယောက်ကမှီခိုပြီးတော့ ကျင့်ကြံခြင်းအတတ်ကို ပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်လာအောင်လုပ်ရမယ်”
ရီဖူရှင်း သိမ်မွေ့စွာပြောလိုက်၏။ သူနှင့် ဟွာဂျီယူတို့အကြားတွင် မည်သည့်လျှို့ဝှက်ချက်မှာ မရှိပေ။ သူတို့နှစ်ဦးသည် အတူတကွ တိုးတက်လာစေရန် သူတို့သီးခြားစီကျင့်ကြံထားသော အရာများကို မျှဝေမည်ဖြစ်သည်။
“အင်း…”
ဟွာဂျီယူသည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ညီမလည်း ဒီလိုတွေးတယ်”
“ဒါပေမဲ့ ဒီတစ်ကြိမ် အစ်ကိုတို့ အကြာကြီး ကျင့်ကြံဖို့လိုလိမ့်မယ်ထင်တယ်။ အဲ့ဒါက နည်းနည်းပျင်းစရာကောင်းမှာ အစ်ကိုစိုးရိမ်မိတယ်”
ရီဖူရှင်းသည် သူမကို အမြတ်တနိုးကြည့်၍ပြောလိုက်သည်။
“ညီမတို့ကွဲကွာနေခဲ့တာ ဆယ်စုနှစ်တွေကြာခဲ့ပြီပဲ။ ညီမတို့ရဲ့ ဝေးကွာခြင်းထက် နာကျင်ရတဲ့အရာမရှိပါဘူး။ အစ်ကိုက ညီမရဲ့ဘေးမှာရှိနေတာကို ညီမကဘယ်လိုလုပ် ပျင်းမှာလဲ”
ဟွာဂျီယူသည် နူးညံ့စွာပြန်ဖြေလိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်၍ ပြုံးလိုက်ကြသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များ လင်းလက်သွားပြီး သူတို့သည် ကြယ်တာရာများဆီသို့ ပျံတက်သွားလေတော့သည်။
လူအများအပြားသည် သူတို့၏ပုံရိပ်များကို ငေးကြည့်နေလေသည်။ အချို့သည် သူတို့၏ချစ်သံယောဇဉ်ကို အားကျနေကြပြီး အချို့သည် သူတို့၏ပျော်ရွှင်မှုအတွက် ဆုတောင်းပေးနေကြသည်။ ထိုနှစ်ဦးသည် မရေမတွက်နိုင်သောစိန်ခေါ်မှုများကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် တစ်ဦးနှင့်တစ်ဦးပြန်တွေ့ခဲ့ရပေပြီ။
“ကျွန်မတို့က ကြီးမားတဲ့ပြဿနာကြီးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အဲ့ဒါက ကံကောင်းခြင်းလည်းဖြစ်နေနိုင်တယ်။ ကံကောင်းမှုနဲ့ ကံဆိုးမှုဆိုတာ ဒင်္ဂါးတစ်ပြားရဲ့ မျက်နှာနှစ်ဖက်လို ဒွန်တွဲနေတာပဲ။ မောင်လေးက သူ့ရဲ့စိုးရိမ်မှုတွေထဲက တစ်ခုကိုဖယ်ရှားနိုင်ခဲ့လို့ အခု ကျင့်ကြံခြင်းအပေါ်မှာ အာရုံစိုက်နိုင်ခဲ့ပြီ။ သူ့ဘေးမှာ ဂျီယူလည်းရှိနေတယ်။ သူ့ရဲ့ လက်ရှိအခြေအနေက ပြီးပြည့်စုံတယ်လို့တောင် ပြောလို့ရတယ်”
ကျူးကော့မင်းယွီနှင့် ဂူတုံးလျှိုတို့သည် ဘေးချင်းယှဉ်ရပ်၍ ကောင်းကင်ပေါ်သို့တက်သွားသော ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကို မော့ကြည့်နေလေသည်။ ကျူးကော့မင်းယွီသည် ထိုစကားကိုပြောနေစဉ်တွင် သူမ၏မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု လက်သွားပေသည်။
“အင်း...”
ဂူတုံးလျှိုခေါင်းညိတ်၍ ပြောလိုက်သည်။
“ညီလေးက ဒီနှစ်တွေထဲမှာ ဂျီယူအတွက် စိုးရိမ်နေခဲ့ရတာပဲ။ အခု သူ နှစ်အနည်းငယ်လောက် စိုးရိမ်ကင်းကင်းနဲ့ တိတ်တဆိတ်ကျင့်ကြံနိုင်ပြီ”
“ကံဆိုးတာက တခြားတစ်ယောက်က ခံစားရတော့မှာပဲ”
ကျူးကော့မင်းယွီသည် သက်ပြင်းချ၍ လှောင်ပြုံးပြုံးလိုက်သည်။ ဂူတုံးလျှိုသည် သူမ၏စကားကိုကြားသောအခါ အောက်ရှိတစ်နေရာကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် တိတ်တဆိတ် တရားထိုင်နေသည့် မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။ သို့သော် သူမသည် အတန်ငယ် အထီးကျန်နေပုံ ပေါ်လေသည်။
အထက်ရှိ ကြယ်တာရာကောင်းကင်ထဲတွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် အမြင့်ဆုံးနေရာအထိ တက်သွားလေသည်။ သူတို့သည် မြင့်မားသောကောင်းကင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျန်ကျင့်ကြံသူများသည် အောက်ဘက်တွင် ကျင့်ကြံနေကြသည်။
တဒင်္ဂမျှကြာသောအခါ ကြယ်တာရာများအားလုံး လင်းလက်လာလေသည်။ အဆုံးမဲ့သော ကြယ်အလင်းများသည် ရီဖူရှင်းနှင့် ဟွာဂျီယူတို့အပေါ် ကျဆင်းလာပြီး သူတို့ကို တောက်ပေနေစေလသည်။
တစ်ချိန်တည်းမှာပင် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်တစ်ခုလုံးသည် ပိုမိုတောက်ပလာသည်။ အဆုံးမဲ့သော ကြယ်အလင်းများ ကျဆင်းလာပြီး အောက်ရှိကျင့်ကြံသူများကို ထိုနေရာတွင် ပုန်းကွယ်နေသည့် အရှိန်အဝါများကို ခံစားမိစေလိုက်သည်။ သူတို့ကို ကြယ်အလင်းများလွှမ်းခြုံသွားသောအခါ သူတို့သည် အင်ပါယာကြယ်တာရာများအတွင်းတွင် ပုန်းကွယ်နေသော စွမ်းအားကြီးသည့် အရှိန်အဝါများကို အာရုံခံမိလိုက်ကြသည်။
အရှင်ထိုက်ရွှမ်၊ ထျန်းဟယ်အကြီးအကဲ၊ အင်ပါယာနန်၊ အဘိုးမာနှင့် အခြားကျင့်ကြံသူများသည် ကြယ်တာရာကောင်းကင်ထက်ရှိ ပုံရိပ်နှစ်ခုကို လှမ်းကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် သူတို့အားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ထိုနေရာရှိ ကျင့်ကြံသူများ၏ အနာဂတ်သည် သူ့အပေါ်တွင်မူတည်နေပေသည်။
အရှင်ထိုက်ရွှမ်နှင့် အကြီးအကဲများသည် သူတို့ကိုယ်တိုင် ထိုအခြေအနေကို မပြောင်းလဲနိုင်ရန် မျှော်လင့်ချက်အနည်းငယ်သာရှိကြောင်း သိလေသည်။ ရီဖူရှင်းအပြင် သူ၏အဖော်များသည်လည်း မဟာအင်ပါယာများ၏ သင်ပြမှုများကို ဆက်ခံရရှိခဲ့ပေသည်။ ရီဖူရှင်း၊ ယူချင်း၊ ဟွာဂျီယူနှင့် ဂူတုံးလျှိုတို့သည် ဤကြယ်တာရာလောက၏ အနာဂတ်ဖြစ်လေသည်။
****
ရီဖူရှင်းနှင့် အခြားသူများသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် အခန်းအောင်းကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။ ထိုအခိုက်တွင် မူလဘုံအတွင်းတွင် ပဋိပက္ခများ ဖြစ်ပေါ်နေလေသည်။ လောကအသီးသီးမှ ကျင့်ကြံသူများ သည် ထွက်ပေါ်လာသောအမွေအနှစ်များအတွက် တိုက်ခိုက်နေကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ အမွေအနှစ်များဖြစ်စေ၊ မူလဘုံတွင်ပေါ်လာသော အမွေအနှစ်များကိုဖြစ်စေ ကျင့်ကြံသူများသည် ၎င်းတို့ကိုရယူရန် တိုက်ခိုက်နေကြလေသည်။
ကောင်းကင်ဒေသ၊ မှော်နက်လောက၊ နတ္တိအင်ပါယာဘုံ၊ လူသားဘုံနှင့် နတ်ဆိုးဘုံမှ ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေသည်။ သူတို့အကြားတွင် ပဋိပက္ခအသေးလေးများ ထွက်ပေါ်လာလေသည်။ သို့သော် သူတို့သည် တစ်ဖွဲ့ကိုတစ်ဖွဲ့ သတိထားနေကြသေးသည်။ ထို့ကြောင့် ကြီးမားသည့်တိုက်ပွဲများ ဖြစ်ပေါ်မလာခြင်းပင်။
သို့သော် နတ်ဆိုးဘုံနှင့် နတ္တိအင်ပါယာဘုံတို့သည် လှုပ်ရှားရန် အမြဲအသင့်ဖြစ်နေကြသည်။ သူတို့သည် ကောင်းကင်ဒေသကို တိုက်ခိုက်ရန် အကြိမ်များစွာကြံခဲ့သော်လည်း လူသားဘုံသည် ကောင်းကင်ဒေသဘက်သို့ ပါနေသည့်ပုံပေါ်လေသည်။
ထို့ကြောင့် ထိုအဓိကဘုံကြီးနှစ်ဘုံသည် စစ်ပွဲကိုစရန် အခွင့်အရေးမရေသေးပေ။
မူလဘုံသည် အလျင်အမြန် ပြောင်းလဲနေဆဲဖြစ်သည်။ ထိုပြောင်းလဲနေမှုသည် စစ်ပွဲမစတင်သေးသည့် အကြောင်းများထဲမှ အကြောင်းတစ်ခုဖြစ်သည်။ အင်အားစုအသီးသီးသည် သူတို့၏စွမ်းအားကို တိုးမြှင့်ရန် အမွေအနှစ်များကို လုယူလိုနေကြသည်။ သို့သော် လက်ရှိတွင် မည်သည့်အဖွဲ့မှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိပ်တိုက်ရင်မဆိုင်လိုကြပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့အကြားတွင် ပဋိပက္ခများ ပို၍များပြားလာပြီး ကျင့်ကြံသူအများအပြားသည် သေဆုံးခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် အထူးအရည်အချင်းရှိသည့် ကြမ်းကြုတ်သော ရန်ဟောင်များသည် ယခင်ကထက် ပိုမိုလျှင်မြန်စွာ တိုးတက်လာလေသည်။
သို့သော် ထိုအဖြစ်အပျက်များသည် ရီဖူရှင်းတို့အုပ်စုနှင့် သက်ဆိုင်ပုံမပေါ်ပေ။
နှစ်ပေါင်းများစွာကြာပြီးနောက် စီဝေ့အင်ပါယာနန်းတော်မှ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်ထဲတွင် ကျင့်ကြံသူအများအပြား ကျင့်ကြံနေဆဲဖြစ်သည်။ သူတို့သည် အပြင်လောကမှ ကိစ္စများတွင် ဝင်မပါကြချေ။ သူတို့သည် ပဋိပက္ခအတွင်း၌ ဝင်မပါသည့် မူလဘုံအတွင်းမှ ထိပ်သီးအင်အားစုဖြစ်လေသည်။
ထိုအခိုက်တွင် လူအများအပြားသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ကြယ်တာရာကောင်းကင်ထက်တွင် ပုံရိပ်အများအပြား ပေါ်ပေါက်လာသည်။ ထိုပုံရိပ်အားလုံးသည် ရီဖူရှင်း၏ပုံရိပ်များဖြစ်သည်။ ထိုပုံရိပ်များသည် နေရာအနှံ့တွင်ရှိနေပြီး ပုံရိပ်တစ်ခုစီတိုင်းသည် အစစ်ကဲ့သို့ဖြစ်လေသည်။
ဝှစ်...
ဓားအလင်းတန်းများသည် ကြယ်တာရာကောင်းကင်တစ်ခွင်လုံးတွင် ပျံသန်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ပုံရိပ်များသည် သောင်းချီသော ဓားကွက်တွဲများကို ထုတ်လိုက်ကြသည်။
ရီဖူရှင်းသည် ဓားပညာကို ကျင့်ကြံနေခြင်းပင်။ အောက်ရှိလူများသည် သူကျင့်ကြံနေသည်ကို မော့ကြည့်နေကြသည်။ လူအားလုံးသည် သူတို့မြင်သည့်အရာကို တစ်ယောက်တစ်မျိုးစီနားလည်ကြလေသည်။
ထိုနှစ်ပိုင်းအတွင်းတွင် ရီဖူရှင်းသည် မဟာလမ်းစဉ်ကိုနားလည်အောင်လုပ်ခြင်းနှင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်အောင်လုပ်ချင်းအပြင် တိုက်ခိုက်ခြင်းပညာရပ်များကိုလည်း လေ့ကျင့်ခဲ့ပေသည်။ သူသည် ပညာရပ်မျိုးစုံကို ကျင့်ကြံခဲ့၏။ ထိုပညာရပ်အများစုသည် မဟာအင်ပါယာများထံမှ ရရှိခဲ့သော စွမ်းအားကြီးသည့် ကောင်းကင်ပညာရပ်များဖြစ်သည်။ သို့သော် ထိုပညာရပ်များသည် သူ၏ကိုယ်ပိုင်စွမ်းအားမဟုတ်သဖြင့် သူသည် ထိုပညာရပ်များကို အဆုံးအစွန်အထိ အသုံးမပြုနိုင်ပေ။
ထို့ကြောင့် သူသည် ထိုပညာရပ်များကို အပြည့်အဝအသုံးချနိုင်ရေးအတွက် သူ၏ကိုယ်ပိုင်အစွမ်းကိုသုံး၍ ပညာရပ်များကိုနားလည်အောင်လုပ်ရန် လိုအပ်ပေသည်။ ထို့နောက် သူသည် သူ၏မဟာလမ်းစဉ်စွမ်းအားများကို အသုံးပြု၍ ၎င်းတို့ကိုပေါင်းစည်းကာ ပို၍အစွမ်းထက်လာအောင် လုပ်ရပေမည်။
ထိုနှစ်ပိုင်းအတွင်းတွင် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် ရီဖူရှင်း၏ တိုးတက်လာမှုကို မြင်ခဲ့ရသည်။ တိုးတက်လာသူမှာ ရီဖူရှင်းသာမဟုတ်ပေ။ အခြားသူများလည်း တိုးတက်လာပေသည်။
နှစ်များကုန်ဆုံးလာသောအခါ အပြင်လောကသည် ရပ်နားခြင်းမရှိဘဲ အလျင်အမြန် ပြောင်းလဲနေသည်။ အချိန်သည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်အတွင်း၌သာ ရပ်တန့်နေပုံရလေသည်။ အချိန်ဆယ်နှစ်သည် တစ်ရက်မျှသာကြာသည်ဟု ထင်ရပေသည်။
ထိုသို့ဖြင့် အချိန်ဆယ်နှစ်ကျော်ကုန်ဆုံးသွားလေသည်။ ထိုအချိန်ဆယ်နှစ်ကျော်သည် လက်ဖြောက်တစ်ချက်စာမျှသာ ကြာသည်ဟုထင်ရပေသည်။