အခန်း (၈၇-၈၉)
Vol. 2 Ch. 87-89
အပိုင်း (၈၇) - နည်းနည်းစိတ်ရှုပ်ရတယ်။
February 27, 2024 by Duan Fei Lin (段飞林)
ထိုအချိန်မှာပဲ လူတစ်စုက လျှောက်လာကြသည်။လုံယျန်က ရှေ့ဆုံးတွင်ရှိနေပြီး သူ့နောက်မှ အိမ်ရှေ့စံမင်းသားနှင့် ညီလာခံအရာရှိအချို့ လိုက်ပါလာလေသည်။
နန်းတွင်းအပျိုတော်လေးက အိမ်ရှေ့စံမင်းသားကို မြင်သောအခါ သူမမျက်လုံးများ ဖျတ်ခနဲလက်သွားပြီး ရုတ်တရက် ချိုက်ယွိရဲ့လက်ထဲမှ ရုန်းထွက်၍ ပြန်လှည့်သည်။
လုလျန့်ဝေသည်လည်း လုံယျန်နှင့် သူ့နောက်ရှိ လုံချီတို့ကို မြင်လိုက်သည်။သူမ ချက်ချင်းပင် နားလည်သွားသည်။ဆိုတော့ လက်စသတ်တော့ ဒီလိုဖြစ်နေတာကိုး။
နန်းတွင်းအပျိုတော်လေးသည် ဒီအချိန် ဒီနေရာတွင် ဧကရာဇ်၊ အိမ်ရှေ့စံမင်းသား၊ ညီလာခံအရာရှိအမတ်မင်းများနှင့် ကြင်ယာတော်သည်ပင်လျှင် ဒီနေရာမှ ဖြတ်သွားမည်ဖြစ်ကြောင်း ကြိုသိနေခဲ့ခြင်းဖြစ်သည်။ ထိုမိန်းကလေးက သူမအား တမင်တကာ ဒီလမ်းသို့ ခေါ်လာပြီး သူမကို မတော်တဆ ရေကန်ထဲ တွန်းချမိချင်ယောင်ဆောင်လိမ့်မည်။
ထို့နောက်တွင်မူ လုလျန့်ဝေမှာ ရွှဲရွှဲစိုနေသောအခြေအနေတွင် နန်းတွင်းအစောင့်များမှ ကယ်ဆယ်ခြင်းခံရလိမ့်မည်။ လုံယျန်နှင့် လုံချီတို့အုပ်စုက ဒီနားမှ ဖြတ်သွားသောအခါ ထိုအဖြစ်ကို မြင်တွေ့ရမည်ပင်။ နောက်တစ်နေ့တွင် မြို့စားမင်းအိမ်တော်မှ ဒုတိယသခင်မလေးလု ကာယိအိဒ္ဒြေပျက်ပြားရခြင်းမှာ အတင်းအဖျင်းအဖြစ် ပျံ့နှံ့သွားမည်ဖြစ်သည်။
သေချာပေါက်ပင် ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသားတို့က ထိုကောလဟာလများ ဖြန့်ရအောင်အထိ နိမ့်ကျလိမ့်မည်မဟုတ်။ သို့သော် သူတို့နောက်တွင် ညီလာခံအရာရှိများ၊ နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများရှိသည့်အပြင် ကြင်ယာတော်မိဖုရားနှင့် သူမရဲ့ အစေခံအပျိုတော်များလည်း ရှိသေးသည်။ အတိုချုံးပြောရလျှင် စကားဖြန့်သူများ ရှားပါးနေခြင်းမဟုတ်။
ထိုသို့သောဖြစ်ရပ်မျိုးက သူမရဲ့နဂိုတည်းက ကောင်းမနေသော ဂုဏ်သိက္ခာကို ပို၍မှေးမှိန်ညှိုးနွမ်းသွားစေလိမ့်မည်။
နန်းတွင်းအပျိုတော်လေး ပြန်လှည့်လာကာ ဧကရာဇ်ရှေ့ ဒူးထောက်လိုက်သည်ကိုမြင်သောအခါ သူမ မအံ့ဩတော့ချေ။
ကြင်ယာတော်မိဖုရားက လုံယျန်ကို မြင်သောအခါ သူမမျက်နှာ ဝင်းပလို့သွားပြီး သူမရဲ့အစေခံမိန်းမပျိုများအား ဧကရာဇ်ကို နှုတ်ဆက်ရန် လောဆော်လိုက်သည်၊ သို့သော် ဧကရာဇ်အနားသို့ အင်မတန်နီးနီးကပ်ကပ် မရောက်သွားရန် ဂရုစိုက်ရသည်။
လုလျန့်ဝေက မျက်မှောင်ကြုံ့လိုက်သည်။ သူမ ကြင်ယာတော်မိဖုရားရဲ့ အစေခံမိန်းကလေးများကြား ရောနှောနေချင်မိဖြစ်သည်။ သို့သော် သူမ လှုပ်ပင်မလှုပ်ရသေးခင်မှာ လုံယျန်ရဲ့ စူးရှသောမျက်လုံးများက သူမရှိရာသို့ ကြည့်လာသည်။
သူမ မျက်လွှာချလိုက်ကာ အရှေ့တက်၍ ဧကရာဇ်ကို နည်းစနစ်တကျ အရိုအသေပေးလိုက်သည်။
လူအများကြီး ရှိနေသဖြင့် သူမအပေါ်ယံသာ အယောင်ပြလုပ်လို့မရတော့ဘဲ ကြမ်းပြင်ပေါ် အခိုင်အမာ ဒူးထောက်ချလိုက်ရလေသည်။
လုံယျန်က မျက်ခုံးပင့်လိုက်လျက် သူမကို အံ့အားသင့်စွာ ကြည့်လာသည်။ဒီမိန်းကလေးက ဘာလို့ ဒီကိုရောက်နေရတာပါလိမ့်။
အချိန်အတန်ကြာပြီးနောက်တွင် လုလျန့်ဝေမှာ ဧကရာဇ်ထံမှ ထလို့ရကြောင်းအမိန့်ကို မကြားရသေးသဖြင့် မနေနိုင်ဘဲ အနည်းငယ် စိတ်ရှုပ်လာမိသည်။
မာကျောကြမ်းတမ်းသော ကြမ်းပြင်ကြီးပေါ် ဒူးထောက်ထားရသည်ကြောင့် သူမအရေပြားများပင် နာလာပြီ။
ထိုအခိုက်တွင် လျစ်လျူရှုခံထားရသော နန်းတွင်းအပျိုတော်လေးမှာ ရုတ်တရက် အသံစူးရှကျယ်လောင်စွာ အော်ဟစ်လာပြီး အားလုံးရဲ့အာရုံကို ဆွဲဆောင်လိုက်သည်။
သို့သော် လုံယျန်မှာ သူမအား အကြည့်တစ်ချက်ပင် မစွန့်ကျဲဘဲ သူ့အကြည့်များက လုလျန့်ဝေရဲ့ နက်မှောင်သော ဆံကေသာများတွင်သာ ကျရောက်နေသည်။
သူမက ကျိုးနွံနာခံသောပုံစံလေးဖြင့် ခေါင်းငုံ့ထားသောလည်း ထိုမိန်းကလေးရဲ့စိတ်ထဲ သိပ်တော့ကျေနပ်မနေဟု သူ ခံစားရသည်။သူမက နှိမ့်နှိမ့်ချချ အောက်ကျခံရသည့်အပြုအမူကို မုန်းတီးပုံရလေသည်။
သူ အချိန်အတန်ကြာ တိတ်ဆိတ်နေသည်မှာ ကြင်ယာတော်မိဖုရားသည်ပင် သူတစ်စုံတစ်ရာ မူမမှန်နေကြောင်း ခံစားမိရသည်။
သူမက နှိမ့်ချနေဖို့မလိုသော်လည်း ဒူးကိုညွှတ်ထားရခြင်းဖြစ်သည်။ ယခု သူမခြေထောက်များ စတင်တုန်ယင်လာပြီး စိတ်ထဲ အနည်းငယ် မသက်မသာဖြစ်လာရသည်။
အားလုံးက ချက်ချင်းပင် စိတ်သက်သာရာရစွာ ထရပ်လာကြလေသည်။
လုလျန့်ဝေမှာ မသိလိုက်မသိဘာသာဖြင့် သူမဒူးခေါင်းများကို နှိပ်နယ်လိုက်မိသည်။
သူမ လက်ရှိခန္ဓာကိုယ်ရဲ့ အသားအရည်က နူးညံ့ပြီးနာကျင်မှု နည်းနည်းကလေးကိုပင် အထိမခံနိုင်ပေ။ အချိန်အတန်ကြာ ဒူးထောက်ခဲ့ရပြီးနောက် သူမအသားအရည်က စူးစူးရွရွဖြင့်နာကျင်နေသည်ကို ခံစားရသည်။
အနာဂတ်တွင် နန်းတွင်းနှင့် ဧကရာဇ်နှင့် ဝေးဝေးနေမှရမည်ဟု သူမ ဆုံးဖြတ်ချက်ချလိုက်သည်။မဟုတ်ပါက နောက်ထပ် အကြိမ်အနည်းငယ် ထပ်ဒူးထောက်ရပြီးသည်နှင့် သူမဒူးခေါင်းလေးများကို နှုတ်ဆက်လိုက်ရပေတော့မည်။
သေချာပေါက်ပင် ဆန္ဒမပါ မလိုလားသော နာကျင်မှုကြီးအပြင် သူမ တစ်စုံတစ်ယောက်အရှေ့ ဝပ်တွားရိုကျိုးနေရသည့်ခံစားချက်ကိုလည်း မကြိုက်လှပါ။
နန်းတွင်းအပျိုတော်လေးမှာ မိမိအော်သံက ဧကရာဇ်ရဲ့အာရုံအား မဆွဲဆောင်လိုက်နိုင်သည်ကို မြင်သော် သူမ စိတ်ရှုပ်သွားရသည်။ ဒုတိယအကြိမ် ထပ်အော်လိုက်ပြန်သည်။
ထိုအခါမှသာ လုံယျန်က သူမကို အကြည့်တစ်ချက်ပေးလာပြီး ဘာမှတော့မပြောပေ။
ကျောက်ချန်က သူ့အရှင်သခင်ရဲ့ စိတ်မရှည်မှုကို ခံစားမိပြီး မျက်နှာရှစ်ခေါက်ချိုးဖြင့် သူမကို ဆူပူလိုက်သည်။
“မယ်မင်း ဘယ်နန်းဆောင်ကလဲ၊ ဘယ်နှယ့် အရှင်မင်းကြီးရှေ့ ဆူဆူညံညံ လုပ်ရဲရသလဲ၊ လာကြစမ်း ဒီယဉ်ကျေးမှုမရှိတဲ့ အပျိုတော်ကို ဆွဲခေါ်သွားလိုက်ကြ။”
ဆက်ရန်...
အပိုင်း (၈၈) - လုံယျန်တစ်ယောက်တည်းကသာ ချွင်းချက်။
February 27, 2024 by Duan Fei Lin (段飞林)
နန်းတွင်းအပျိုတော်လေးရဲ့မျက်နှာမှာ အရောင်အဆင်းများ ဖျော့တော့ကာ ဖြူဆုတ်သွားသည်။
ကိစ္စများ ဒီလိုဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားမိလောက်ချေ။ မိန်းမစိုးတစ်စုက သူမအား ဆွဲခေါ်ရန် လာနေသည်ကို မြင်သောအခါ သူမ ကမန်းကတမ်းပင် ဒူးထောက်ရင်း တရွတ်တိုက်ကာ ရှေ့တိုးလာလျက် လုံယျန်အား ဦးတိုက်ပြီး အင်မတန်ကြေကွဲဝမ်းနည်းနေသည့်အမူအရာဖြင့် ပြောလေသည်။
“အရှင်မင်းကြီး၊ ကျွန်မ မတရားခံရတာပါရှင်၊ ကျွန်မအတွက် တရားမျှတမှု ရှာဖွေပေးတော်မူပါ။”
နန်းတွင်းအပျိုတော်လေးမှာ အသက်ငယ်သေးသည်။ သူမမှာ အရိုးများထိတိုင် ရေများစိုရွှဲလျက် အတုန်တုန်အယင်ယင်ဖြင့် ဒူးထောက်နေသည့်ပုံစံမှာ သူမအား အားနည်းကာ သနားစရာကောင်းသွားစေသည်။
လုံယျန်က စကားမပြောလာသေးပေ။ သို့သော် သူ့နောက်ရှိ ညီလာခံအရာရှိများမှာတော့ သူမရဲ့သနားစရာ စုတ်ပြတ်သက်နေသည့်ပုံစံကို မကြည့်ရက်နိုင်ကြတော့ပေ။
“အရှင်မင်းကြီး၊ ဒီအပျိုတော်က ရိုင်းစိုင်းတာမှန်ပေမယ့် အမှန်တကယ်ပဲ မတရားခံရတာ ဖြစ်နိုင်လောက်ပါတယ်။”
လုံယျန်က တစ်ချိန်လုံး တိတ်ဆိတ်နေသော လုံချီထံသို့ အကြည့်များ ရွှေ့လိုက်သည်။
“ဒါဖြင့်ရင် အိမ်ရှေ့စံကျန်ခဲ့ပြီး သူပြောပြတာ နားထောင်လိုက်၊ သူ အမှန်တကယ် မတရားခံရတာမှန်ရင် သင့်တော်သလို စီရင်နိုင်တယ်။”
လုံချီမှာ တစ်ခဏမျှ တန့်သွားပြီးနောက် ညီလာခံအရာရှိများကြားမှ ထွက်ရပ်လာပြီး တလေးတစားပြန်ဖြေသည်။
“မှန်ပါ့ အရှင်မင်းကြီး။”
အားလုံးဟာ အံ့အားသင့်နေသောအကြည့်များအောက်တွင် လုံယျန်က လုလျန့်ဝေဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။
“ဒုတိယသခင်မလေးလု၊ မင်းကို မေးစရာတချို့ရှိတယ်၊ ကိုယ်တော်နဲ့လိုက်ခဲ့ချေ။”
ထိုသို့ဖြင့် သူကလုလျန့်ဝေရဲ့ဆန္ဒကို ဂရုမစိုက်စွာဘဲ နဂါးနန်းဆောင်ရှိရာသို့ ထွက်သွားလေသည်။
လုလျန့်ဝေ မျက်မှောင်ကြုံ့လိုက်သည်။ သူမ လိုက်သွားရန်ပြင်စဉ်မှာပဲ နန်းတွင်းအပျိုတော်လေးက မျက်နှာဆတ်ခနဲပြောင်းသွားကာ အော်ဟစ်လိုက်သည်။
“ဒုတိယသခင်မလေးလု မသွားပါနဲ့ ကျွန်မအသက်ကို ယူလုနီးပါး လုပ်ခဲ့ပြီးမှ ဒီလိုပဲထွက်သွားတော့မလို့လားရှင်။”
ထိုအခိုက် အားလုံးရဲ့မျက်လုံးများက လုလျန့်ဝေအပေါ် ကျရောက်သွားကြသည်။ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနေပြီဖြစ်သော လုံယျန်ပင်လျှင် ရပ်သွားပြီး ပြန်လှည့်လာကာ လုလျန့်ဝေအား အံ့ဩတကြီး ကြည့်လာလေသည်။
လုလျန့်ဝေက သေးသေးကလေးပင် တုန်လှုပ်မသွားဘဲ နန်းတွင်းအပျိုတော်လေးကို ကြည့်လိုက်ကာ တည်ငြိမ်စွာမေးသည်။
နန်းတွင်းအပျိုတော်လေးက သူမရဲ့မတုန်လှုပ်နေသောအကြည့်များကို မြင်လိုက်ရသော် ရင်ထဲ ဒိတ်ခနဲခုန်သွားသည်။ သူမ လက်သီးများပင်ဆုပ်မိသော်လည်း အပေါ်ယံတွင် တည်ငြိမ်နေဟန်ဆောင်ကာ ပြောလိုက်သည်။
“ကျွန်မက ရှင့်ကို စေတနာပါပါ လမ်းပြပေးခဲ့ပါတယ်၊ ဒါပေမယ့် ရှင်က ကျွန်မကို ရေထဲတွန်းချပြီး တိတ်တဆိတ် လက်စဖျောက်ဖို့ ကြိုးစားခဲ့တယ်၊ အကယ်လို့သာ ဖြတ်သွားဖြတ်လာ နန်းတွင်းအစောင့်တွေက မကယ်ပေးခဲ့ရင် ကျွန်မ ရေနစ်သွားမှာပါပဲ၊ ဒုတိယသခင်မလေးလု ကျွန်မတို့ကြားမှာ ဘာအငြှိုးအတေးမှလည်း မရှိပါဘူးရှင်၊ ဘာလို့ ကျွန်မကို သတ်ဖို့ကြိုးစားရတာပါလဲ။”
သူမစကားကိုကြားသောအခါ အားလုံးရဲ့အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
အစေခံမလေးတစ်ယောက်ကိုတောင် အလွတ်မပေးသည့် ဒုတိယသခင်မလေးလုက အင်မတန် ရက်စက်လှပါပေသည်။
လုံချီရဲ့မျက်လုံးများက အေးတိအေးစက် လှောင်ပြောင်ရိပ်များဖြင့် ဖျတ်ခနဲလက်သွားကာ အနည်းငယ်မျှ အံ့ဩဟန်မပြ။
လုလျန့်ဝေက အရည်အချင်းမရှိသောငတုံးငအ ဖြစ်နေရုံသာမက ဗီဇကလည်း ရက်စက်ကြမ်းကြုတ်သေးသည်။
ရွှမ်းအာ မြို့စားမင်းအိမ်တော်တွင် ရှိစဉ်ကလည်း ထိုမိန်းကလေးထံမှ မကြာခဏ အနိုင်ကျင့်ခံခဲ့ရသည်။
လုလျန့်ဝေမှာ သူမရဲ့မကောင်းလှသော ဂုဏ်သတင်းကြောင့် နာမည်ပျက်နှင့်ပြီးသားဖြစ်သည်။ ထို့ကြောင့် နန်းတွင်းအပျိုတော်လေးက ရုတ်တရက် သူမကို စွပ်စွဲလိုက်သည့်အခါ နေရာတွင်ရှိနေသူအားလုံးနီးပါး ယုံကြည်သွားကြသည်။
သို့သော် လုံယျန်တစ်ယောက်တည်းကသာ ချွင်းချက်ဖြစ်ခဲ့သည်။
အားလုံးရဲ့ စွပ်စွဲလိုဟန်အကြည့်များအောက်တွင်ပင် လုလျန့်ဝေက ဒေါသထွက်မသွားပေ။ သူမမှာ ဒီအခြေအနေကို အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် ခံစားမိပြီး နှုတ်ခမ်းစွန်းများ အနည်းငယ်ကော့တက်လို့သွားသည်။
“ဟုတ်တာပဲ၊ ငါတို့ကြား ဘာအငြှိုးအတေးမှ မရှိတဲ့ဟာ၊ ငါက ဘာလို့ မင်းကိုသတ်ဖို့ကြိုးစားရမလဲ။”
နန်းတွင်းအပျိုတော်လေးမှာ ကြက်သေသေသွားရသည်။ ဒီလုလျန့်ဝေက ကောလဟာလတွေထဲက လုလျန့်ဝေနဲ့ ဘာလို့တူမနေရတာပါလိမ့်။
လူအုပ်ကြီးရှေ့မှာ ဒီလိုစွပ်စွဲခံလိုက်ရပြီးနောက် ဘာလို့ဒေါသပေါက်ကွဲထွက်မသွားတာလဲ။
လုလျန့်ဝေက အင်မတန် တည်ငြိမ်စွာပင် ရပ်ဆိုင်း နေပြီးနန်းတွင်းအပျိုတော်လေးမှာ တစ်ခဏမျှ မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်သွားသည်။
မည်သို့ဆိုစေကာမူ သူမက ငယ်ငယ်လေးသာ ရှိသေးပြီး လုလျန့်ဝေရဲ့ ရုတ်တရက်မေးခွန်းနှင့် ရင်ဆိုင်လိုက်ရသောအခါ သူမမျက်နှာထက် တုန်လှုပ်ရိပ်များ ဖြတ်ပြေးသွားလေသည်။
“ငါက မင်းကို ရေထဲတွန်းချတယ်လို့ မင်းပြောတယ်နော်၊ ဒါပေမယ့် မင်းက ငါ့ကို အကွက်ဆင်ချောက်ချတာပါလို့လည်းပြောတယ်။”
အပျိုတော်လေးမှာ မျက်နှာပြောင်းသွားပြီးနောက် အသံစူးစူးဖြင့် အော်ဟစ်လေတော့သည်။
“ငါ မင်းကို ရေထဲတွန်းချတယ်လို့ ပြောတယ်၊ ဒါဖြင့်ရင် မင်း သက်သေပြဖို့လိုတယ်၊ သက်သေမရှိရင်တော့ ဒါ ငါ့ကို ချောက်ချနေတာပဲ။”
နန်းတွင်းအပျိုတော်လေးမှာ ချွေးအေးများဖြင့် စိုရွှဲနေတော့သည်။ လုလျန့်ဝေက ကိုင်တွယ်ရလွယ်မည်ဟု သူမ ထင်ထာခဲ့သည်။ သူမဟာ လူအများရှေ့တွင် လုလျန့်ဝေကို စွပ်စွဲဖို့ရန်သာလိုပြီး လုလျန့်ဝေက ဒေါသမထိန်းနိုင်ဘဲ သူမဆီ အပြေးလာကာ ထိခိုက်အောင်လုပ်လိမ့်မည်ဟု သူမ ယုံကြည်ထားခဲ့သည်။
ဆက်ရန်....
အပိုင်း (၈၉) - သူမမျက်လုံးများကို သူ့ထံ ကော်နှင့်ကပ်ထားချင်သည်အထိ ဖြစ်ခဲ့သည်။
February 27, 2024
ထိုသို့သာဖြစ်ခဲ့လျှင် လုလျန့်ဝေက အပြစ်ကင်းသည်ဆိုလျှင်တောင် အလွယ်တကူပင် အပြစ်ရှိသူဖြစ်သွားနိုင်သည်။
လူများက အားနည်းသူဘက် ပိုယိမ်းလေ့ရှိကြသည်။ လုလျန့်ဝေ စိတ်လွတ်လက်လွတ် ပြုမူလိုက်သည်ကို မြင်လျှင် အားလုံးက နန်းတွင်းအပျိုတော်လေးကို ယုံကြည်ရန် စိတ်ယိုင်လာကြပေလိမ့်မည်။
အခြေအနေများက ပိုပြီးပြင်းထန်လာလျှင် လုလျန့်ဝေရဲ့ ရက်စက်ကာ နိုင့်ထက်စီးနင်းလုပ်ရပ်များအပေါ် အာရုံရောက်သွားခြင်းကြောင့် ဘယ်သူကမှ အမှန်တရားကို တူးဖော်ရန် စိတ်ဝင်စားတော့မည်မဟုတ်ပေ။ ဒီကိစ္စသည်လည်း သေချာပေါက် တော်ဝင်မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။
ထိုသို့ဆိုလျှင် နန်းတွင်းအပျိုတော်လေးရဲ့ ရည်မှန်းချက် အောင်မြင်နိုင်သေးသည်။
သို့သော် လုလျန့်ဝေရဲ့ လက်ရှိတုံ့ပြန်မှုမှာ သူမ ထင်မှတ်ထားသည်ထက် ကျော်လွန်နေခဲ့လေသည်။နန်းတွင်းအပျိုတော်လေးမှာ လက်မကိုင်မိခြေမကိုင်မိ တုန်လှုပ်မှုကြောင့် ချွေးစေးများ အဆက်မပြတ်စီးကျလာပြီး ဘာလုပ်ရမှန်းမသိတော့ချေ။
မည်သို့ဆိုစေကာမူ လုလျန့်ဝေ သူမအား ရေကန်ထဲတွန်းချခဲ့ကြောင်း အထောက်အထားပြနိုင်သည့်သက်သေမှ မရှိဘူးလေ။
“ဒုတိယသခင်မလေးလုက သက်သေချန်ထားခဲ့လောက်တဲ့အထိ တုံးအနေတာမဟုတ်တာ သေချာပါတယ်၊ မင်း သူ့ကို မေးမြန်းနေတဲ့ပုံစံကမှ မင်းမှာ အပြစ်ရှိပုံပေါ်နေတယ်!”
လုံချီက နန်းတွင်းအပျိုတော်လေးရဲ့ စကားကို ယုံကြည်ပြီး လုလျန့်ဝေက သူမအား ရေထဲတွန်းချခဲ့သည်ဟု ယုံနေသည့်အလား ပေါ်တင်ပင် လက်မလျှော့ပဲ ပြောလေသည်။
အားလုံးက ထိုနှစ်ယောက်ရဲ့ ယခင်က ဆက်ဆံရေးကို ပြန်စဉ်းစားမိသောအခါ ထုတ်ပြောစရာမလိုဘဲ နားလည်မှုများ သူတို့မျက်လုံးထဲ ဖြတ်ပြေးသွားကြသည်။
လုလျန့်ဝေက သူမအကြည့်ကို လုံချီထံ ရွှေ့လိုက်ပြီး သူမမျက်လုံးများက အေးစက်စက်အငွေ့အသက်တို့ ထုတ်လွှတ်နေသည်။
လုံချီ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သူက သူမရဲ့ အကြည့်များကို အလွန်တရာမှ သဘောမကျလှပေ။
သူမရဲ့ မျက်လုံးတောက်တောက်များက သူ့ကို ကြည့်လာသောအခါတွင်မူ ကြောက်ဖို့ကောင်းလောက်အောင် တည်ငြိမ်နေပြီ သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလား စိတ်မဝင်စားမှုတို့ ပါဝင်နေသည်။
ယခင်က သူမဟာထိုသို့မဟုတ်ခဲ့ပေ။ အတိတ်တုန်းက ထိုအမျိုးသမီးသည် သူမမျက်လုံးများကို သူ့ထံ ကော်နှင့်ကပ်ထားချင်သည်အထိဖြစ်ခဲ့သည်။
ကြည့်ရတာ ဒီအမျိုးသမီးက ပိုဉာဏ်ကောင်းလာပြီး သိမ်းပိုက်နိုင်ဖို့ ခက်ချင်ယောင်ဆောင်ခြင်းကို သင်ယူခဲ့ပုံရသည်။
လုလျန့်ဝေ နှုတ်ခမ်းများထက် စိတ်ဝင်စားသယောင် အပြုံးတစ်ပွင့် ပေါ်လာသည်။
“အိုး၊ ကြည့်ရတာ အရှင့်သားက သူ့ကို ယုံလိုက်တဲ့ပုံပါလား၊ ဒီလိုဆို အရှင့်သားက ဘာသက်သေသကာယမှ မပါဘဲ ကျွန်မကို ဘယ်လိုများ စီရင်ချက်ချဖို့ အစီအစဉ်ရှိပါသလဲ။”
ဒါကိုကြားသော် လုံချီ ရုတ်တရက် ပြန်အသိဝင်လာသည်။ သူ့မျက်လုံးရှေ့ ထိုးမဖောက်နိုင်သော အမှောင်ထုကြီးတစ်ခု ဖြတ်းပြေးသွားဟန်။
ဒီအမျိုးသမီးက ဘယ်တုန်းက ဒီလောက်စကားအလိမ္မာ ကျွမ်းကျင်လာပါလိမ့်။ဘာသက်သေသကာယမှ မပါဘဲ တဲ့လား။
ဂုဏ်သရေရှိ တိုင်းပြည်၏ဆက်ခံသူ မိမိက စိတ်လိုက်မာန်ပါ ပြုမူဖို့ပဲသိတယ်လို့ သူမက ပြောချင်တာလား။
ထိုအတွေးနှင့်အတူ သေချာပေါက်ပင် သူ့အပေါ်ကျရောက်လာသည့် စေ့စေ့စပ်စပ် အကဲဖြတ်လိုဟန်အကြည့်များကို ခံစားမိလိုက်သည်။
လုံချီ မျက်လုံးများ မှေးကျဉ်းလိုက်သည်။ သည်အသုံးမကျသောမိန်းမကို သူ တကယ် အထင်သေးခဲ့မိသည်ပင်။
“ဆိုတော့ အရှင့်သားက ဟောဒီ့အပျိုတော်ကို မယုံကြည်ဘူးနော်၊ ဒါဖြင့်ရင် သက်သေပစ္စည်း ဒါမှမဟုတ် မျက်မြင်သက်သေမရှိဘဲ အရှင့်သား ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားသလဲရှင်။”
သူမ ပြောရင်းဖြင့် အပျိုတော်လေးကို လက်ညှိုးထိုးပြလိုက်သည်။
“သူက အရှင့်သား တရားမျှတမှုရှာပေးဖို့ စောင့်နေပါတယ်နော်။”
ဤသည်မှာ နဂိုကတော့ ရိုးရှင်းသောအမှုတစ်ခုသာ ဖြစ်သည်။ သို့သော် လုံချီသည် ဧကရာဇ်အရှင်နှင့် ညီလာခံမှူးမတ်များရှေ့ သာမန်ကာလျှံကာ ကိုင်တွယ်လို့မဖြစ်ပေ။
ထို့အပြင် လုလျန့်ဝေက သက်သေလိုအပ်မှုအကြောင်း ထပ်ခါထပ်ခါ ပြောနေသည်။ဒီကိစ္စကို ဘာသက်သေမှမပါဘဲ သူ စီရင်လိုက်လျှင် သူကဂရုတစိုက်မရှိသော ပြဿနာဖြေရှင်းသူတစ်ယောက်ဟု သူ့ဦးရီးတော်က သေချာပေါက် ထင်သွားပေလိမ့်မည်။
လုံချီရဲ့စိတ်ထဲ အပြစ်များအား နန်းတွင်းအပျိုတော်လေးအပေါ် ပုံချလိုက်ရန် ပြင်ဆင်နေသော်လည်း သူမက ရုတ်တရက် အကျီလက်ကို ဆွဲတင်လိုက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလာလေသည်။
“ဒုတိယသခင်မလေးလုက သက်သေလိုချင်တယ်မဟုတ်လား၊ ကျွန်မကိုယ်ပေါ်မှာ ရှိပါတယ်ရှင်။”
လုံချီ ၎င်းကိုကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ သို့သော် နန်းတွင်းအပျိုတော်လေးက အကျီလက်ကို မ,တင်လိုက်သောအခါ သူမရဲ့ ဖြူဖျော့ဖျော့လက်မောင်းကိုသာ တွေ့လိုက်ရသည်။
လုလျန့်ဝေက သူမကို အေးအေးဆေးဆေး ကြည့်နေသည်။
နောက်တစ်ခဏတွင် နန်းတွင်းအပျိုတော်လေးရဲ့မျက်နှာရှိ စိတ်လှုပ်ရှားနေသောအမူအရာမှာ အကျီလက်ကို ပင့်မ,ထားသော သူမလက်တစ်ဖက်နှင့်အတူ တောင့်ခဲလို့သွားတော့သည်။
ထိုအချိန်က သူမလက်မောင်းထက် သိသိသာသာပင် စူးခနဲခံစားလိုက်ရတာ သေချာသည်။
လုလျန့်ဝေက သူမအား အပ်ကဲ့သို့ စူးစူးချွန်ချွန်အရာဖြင့် ထိုးလိုက်သည်ဟု သူမ ထင်ထားခဲ့သည်။
ထိုသို့သောပစ္စည်းမျိုးက သေချာပေါက် အသားပေါ်တွင် အရာထင်ကျန်ခဲ့လိမ့်မည်။
ထို့ကြောင့်ပင် သူမ ထိုကိစ္စကို ပြန်သတိရမိသောအခါ အောင်နိုင်သူတစ်ယောက်ကဲ့သို့ပင် အကျီလက်ကို ဆွဲတင်လိုက်ခြင်းဖြစ်သည်။
သို့သော်ငြား သူမရဲ့ ဖြူဖျော့ဖျော့လက်မောင်းတွင် အမှတ်အရာ တစ်ခုမှ ရှိမနေပေ။
နန်းတွင်းအပျိုတော်လေးက စကားတစ်လုံးမှ ထွက်မလာတော့ဘဲ ရပ်သွားသည်ကိုမြင်သော် လုံချီက ပြောလိုက်သည်။
“ဘာသက်သေလဲ။”