← Chapters

အခန်း (၉၀-၉၂)

Vol. 2 Ch. 90-92

အခန်း (၉၀-၉၂)

Vol. 2 Ch. 90-92

အပိုင်း (၉၀) - သူအာရုံစိုက်တာ ခံချင်လို့လား။

February 27, 2024

လုလျန့်ဝေက သူ့ရဲ့ စိုးရိမ်နေသော မျက်နှာအမူအရာကို အကဲခတ်နေသည်။

သူမစိတ်ထဲမှ စက်ဆုပ်စွာဖြင့် နှာရှုံ့လိုက်မိသည်။သူ့ကို သူမဆီက အမြတ်ထုတ်ခွင့် လုံးဝပေးမည်မဟုတ်။

သူမက အဲဒီလောက် နမော်နမဲ့နိုင်တဲ့သူမို့လို့လား။

သူမ လုပ်ခဲ့ပြီးမှတော့ မည်သည့်ခြေရာလက်ရာမျှ ချန်ခဲ့မည်မဟုတ်ပေ။

“ငါ့ကိုချောက်ချဖို့ မင်းကို ဘယ်သူခိုင်းသလဲတော့ မသိဘူး၊ ဒါပေမယ့် ဒီကိစ္စမဖြစ်ခဲ့သလို ဟန်ဆောင်ပေးလိုက်မယ်၊ အခုကနေစပြီး မင်း အမြော်အမြင်ရှိရှိ ပြုမူဖို့ မျှော်လင့်ပါတယ်။”

လုလျန့်ဝေက နန်းတွင်းအပျိုတော်လေးကို ကြည့်ပြီး သဘောထားကြီးစွာ ပြောလေသည်။

လုံချီရဲ့မျက်နှာအမူအရာ မှုန်မှိုင်းလို့သွားသည်။

“ဒုတိယသခင်မလေးလု၊ ဒီလိုပြောဖို့ သိပ်မစောလွန်းသေးဘူးလား။”

လုလျန့်ဝေက ခပ်ဖွဖွပြုံးလျက်ပြောလိုက်သည်။

“ဒါဖြင့် အရှင့်သားမှာ ဘာအထင်အမြင်များ ရှိသေးလို့လဲ၊ ကျွန်မ သူ့ကို ရေထဲတွန်းချခဲ့တယ်ဆိုတဲ့ သက်‌သေအထောက်အထားများ ရှိလို့လား။”

လုံချီရဲ့လည်ပင်းမှာ တင်းကြပ်သွားရသည်။ သူမမျက်နှာရှိအပြုံးမှာ သူ့အတွက် အလွန်ကြည့်ရဆိုးနေတော့သည်။

ဒီအမျိုးသမီးက ဘယ်တုန်းက သည်လောက်ရင်ဆိုင်ရခက်ခဲသွားခဲ့ပါလိမ့်။အချိန်အတန်ကြာပြီးနောက်မှ နောက်ဆုံးတော့ လုံချီက ပြောလာသည်။

“ကျွန်တော့်မှာ အခုထိတော့ သက်သေမရှိသေးဘူး၊ ဒါပေမယ့် သက်သေမရှာနိုင်ဘူးလို့တော့ မဆိုလိုဘူး။”

“အဲဒီလိုဆိုရင်တော့ အရှင့်သား သက်သေရှာပြီးမှပဲ ကျွန်မကို စီရင်ချက်ချနိုင်ပါတယ်ရှင့်။”

လုလျန့်ဝေက သူ့အား အနည်းငယ်ဦးညွှတ်လိုက်သည်။

“အရှင်မင်းကြီးမှာ ကျွန်မကို မေးစရာရှိသေးတယ်ဆိုလို့ အရင်သွားနှင့်ပါပြီ။”

လုံချီ လက်သီးဆုပ်မိသွားသည်။ ယခု လူအများကြီးသာရှိမနေပါလျှင် သူ တုံ့ဆိုင်းမနေဘဲ သူမလက်ကိုဆွဲကာ သူမရဲ့ ခုလိုအပြုအမူက ဘာသဘောလဲ၊ သူအာရုံစိုက်တာ ခံချင်နေတာလားဟု အတင်းအကြပ် မေးမိမည်ဖြစ်သည်။

လုံယျန်က လက်နောက်ပစ်ထားလျက်ဖြင့် ဘေးတစ်ဖက်တွင် ရပ်နေသည်။ သူ အစကတည်းက ထိုဖြစ်ရပ်တွင် ဝင်မစွက်ဖက်ခဲ့ပေ။

ယခု လုလျန့်ဝေက သူ့ဆီလျှောက်လာနေသည်ကိုမြင်သော် သူ့မျက်လုံးများထဲ အပြုံးရိပ်စစ ထင်ဟပ်လို့သွားသည်။ယခုအဖြစ်မတိုင်ခင်က သူမရဲ့ စကားပြောထက်မြက်ခြင်းကို သူ မြင်ဖူးခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် လုံချီ သူမနှင့် ရင်ဆိုင်ရပြီးနောက် ပြန်ပြောစရာစကား မရှိတော့ခြင်းကို သူ သိပ်အံ့ဩမနေ။

သူ အတွေးနက်လျက် လုံချီကို ကြည့်လိုက်သည်။ထိုဆက်ခံသူအား သူ စိတ်တိုင်းမကျလှသော်လည်း ထိုသူရဲ့အကျင့်စရိုက်ကို သူသိသည်။

လုံချီသည် များသောအားဖြင့် စိတ်လိုက်မာန်ပါ မဆင်မခြင်လုပ်တတ်သူမျိုးမဟုတ်၊ သို့သော် ဒီနေ့ သူ ကိစ္စများ ကိုင်တွယ်ရာတွင်တော့ အနည်းငယ် အလျင်စလိုနိုင်သည်၊ အထူးသဖြင့် လုလျန့်ဝေရှေ့တွင် ဖြစ်သည်။ အမှန်မှာ သူ့ထံတွင် ဆက်ခံသူတစ်ယောက်တွင် ရှိသင့်သည့် ထိန်းချုပ်သည်းခံနိုင်စွမ်းပင် ရှိမနေချေ။

ထိုနှစ်ယောက်ကြားက အတိတ်ဖြစ်ရပ်များကို စဉ်းစားမိပြီးနောက် သူမျက်မှောင်ကြုံ့လိုက်သည်။လုလျန့်ဝေက သူ့ဆီ‌လာနေသည်ကိုမြင်သောအခါ သူ ဘာမှမပြောတော့ဘဲ နဂါးနန်းဆောင်ရှိရာသို့သာ ဦးတည်လိုက်လေသည်။

လုလျန့်ဝေက သူ့ရဲ့ ပြန်ဆုတ်သွားသောပုံရိပ်ကို တစ်ခဏမျှကြည့်နေပြီးနောက် သူ့နောက်လိုက်သွားလေသည်။

သူတို့နှစ်ယောက် ရှေ့နောက်လျှောက်သွားသည်ကို ကြည့်နေသော ကြင်ယာတော်မိဖုရားရဲ့မျက်ဝန်းများမှာ တဖျတ်ဖျတ်တောက်လို့နေသည်။ တစ်ချိန်တည်းမှာပင် သူမရင်ထဲ အနည်းငယ်ခါးသက်သက် ခံစားလိုက်ရသည်။

ဧကရာဇ်အရှင်သည် သူမအား အကြည့်တစ်ချက်စွန့်ကျဲရန်ပင် ငြင်းဆန်နေဆဲ။သူမနှလုံးသားထဲ အထီးကျန်မှုနှင့် ကူကယ်ရာမဲ့မှုများ ပြည့်‌လို့နေတော့သည်။

နန်းတွင်းအပျိုတော်လေးမှာ လုလျန့်ဝေက အပြစ်ပေးမခံရဘဲ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားသည်ကိုမြင်သော် မခံမရပ်နိုင်ဖြစ်နေသည်။

သူမ ပြန်လှည့်လိုက်သော် ရပ်နေဆဲဖြစ်သည့် အိမ်ရှေ့စံမင်းသားကို မြင်သောအခါ သူမ ချက်ချင်း အော်ဟစ်မြည်တမ်းမိသည်။

“ကျွန်မအတွက် တရားမျှတမှု ပြန်ရှာပေးပါရှင် အရှင့်သား..”

လုံချီက သူမကို အထင်သေးရွံရှာစွာကြည့်ကာ အကြင်နာမရှိ ပြောလိုက်သည်။

“ဒုတိယသခင်မလေးလုက မယ်မင်းကို တွန်းချလိုက်တယ်ဆိုတဲ့ အထောက်အထား ရှိရင်ပေါ့။”

နန်းတွင်းအပျိုတော်လေးမှာ တောင့်ခဲလို့သွားသည်။သက်သေတဲ့လား သူမမှာ ဘယ်လိုလုပ် သက်သေရှိပါ့မလဲ။

လုလျန့်ဝေရဲ့ မကောင်းသောအကျင့်စရိုက်ကြောင့် ပွဲဆူသွားလိမ့်မည်ဟု သူမ တွေးခဲ့ချင်းကြောင့် ဧကရာဇ်အရှင်နှင့် အိမ်ရှေ့စံမင်းသားတို့ရှေ့၌ လုလျန့်ဝေကို စွပ်စွဲရဲခဲ့ခြင်းဖြစ်သည်။ သို့သော် လုလျန့်ဝေက ကောလဟာလများထဲကနှင့်မတူစွာ ပြုမူလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ထို့ကြောင့် သူမအားထုတ်မှုများမှာ အချည်းနှီးဖြစ်ခဲ့ရလေသည်။လုံချီက သူမရဲ့တွန့်ဆုတ်နေမှုကို သတိထားမိသွားပြီး မည်သို့ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်းသိလိုက်သည်။

ကြည့်ရတာ လုလျန့်ဝေက လုံးလုံးလျားလျား လိမ်ညာနေသည်တော့ မဟုတ်လောက်ပေ။ ဒီနန်းတွင်းအပျိုတော်က အမှန်ပင် မသင်္ကာစရာကောင်းသည်။

“အရှင့်သား၊ ကျွန်မမှာ သက်သေမရှိပေမယ့်လည်း ဒုတိယသခင်မလေးလုက ကျွန်မကို တကယ် ရေထဲတွန်းချခဲ့တာပါ၊ နန်းတွင်းအစောင့်များကြောင့်သာ မဟုတ်ရင် ကျွန်မဖြင့် အခုလောက်ဆို....”

သူမ အပြိုပြိုအလဲလဲဖြင့် မျက်ရည်များကျလာလေသည်။

ထိုသို့ဖြင့် သူမကို လျစ်လျူရှုထားခဲ့ကာ သူ့နောက်လိုက်နောက်ပါများနှင့်အတူ ထွက်သွားတော့သည်။

ထိုအချိန်တွင် လုလျန့်ဝေက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချိန်အတန်ကြာ လုံယျန်နောက်သို့ လိုက်လာခဲ့သည်။ သူတို့ နဂါးနန်းဆောင်နှင့် အနည်းငယ်လှမ်းသောနေရာသို့ ရောက်လာစဉ် သူမရှေ့ရှိ အမျိုးသားထံမှ အသံခပ်နိမ့်နိမ့် ထွက်လာသည်ကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး၊ ကျွန်မက အိမ်ရှေ့စံကြင်ယာ‌ေတာ်ရဲ့ ဖိတ်ကြားချက်အရ အရှေ့နန်းဆောင်ရဲ့ ပန်းရှုစားပွဲကို လာတက်ရောက်တာပါ....”

သူမ ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ပြောပြလိုက်သည်။

ဆက်ရန်..

‌အပိုင်း (၉၁) - သေချာပေါက် ဆက်ခံသူတစ်ယောက် မွေးထုတ်ပေးနိုင်မှာပါ။

February 28, 2024

လုံယျန် ခြေလှမ်းများကို နှေးလိုက်ကာ သူမကို လှည့်ကြည့်လိုက်သည်။

“ထင်ချန်က နန်းတွင်းထဲက ထွက်သွားနှင့်ပြီ။”

လုလျန့်ဝေ အနည်းငယ် အံ့ဩသွားသော်လည်း အလျင်အမြန်ပင် နားလည်လိုက်သည်။

“အိုး။”

“အခြေအနေတွေက မျက်လုံးနဲ့မြင်ရတဲ့အတိုင်း မရိုးရှင်းမှန်း မင်းသိနေမှတော့ ဘာကြောင့် ထောင်ချောက်ထဲ လိုလိုလားလားနဲ့ လျှောက်သွားသေးလဲ။”

“ကျွန်မမှာ အခြားလုပ်စရာလည်း မရှိတာမို့ နောက်ကွယ်ကလူ ဘာတွေကြံစည်နေလဲ သိရအောင်ပါ။”

လုလျန့်ဝေက သိပ်အလေးအနက်မထားဘဲ ဖြေလိုက်သည်။လုံယျန်ရဲ့ နင့်နဲနက်ရှိုင်းသော မျက်ဝန်းများမှာ စေ့စေ့စပ်စပ်ကြည့်နေသည်။

“မင်းက ပျင်းနေတာနဲ့ တစ်ခုခုမူမမှန်နေမှန်း သိတာတောင် ကိုယ့်ကိုကိုယ် ဒီလိုအခြေအနေထဲ ရောက်သွားအောင်လုပ်လိုက်သေးတယ်၊ တစ်ခုခု အန္တရာယ်ရှိနေမှာ မကြောက်ဘူးလား။”

လုလျန့်ဝေက ခေါင်းယမ်းလိုက်သည်။

“ကျွန်မ မကြောက်ပါဘူး။”

လုံယျန်က စကားရပ်သွားပြီးနောက် သူမရဲ့တည်ကြည်ခိုင်မာသော မျက်နှာထားကို အကဲခတ်ပြီးနောက် ပြုံးလိုက်သည်။

“ဘယ်လောက်တောင် အတင့်ရဲလိုက်တဲ့မိန်းကလေးလဲ၊ ဆိုတော့ အဲဒီအပျိုတော်ကို ရေထဲတွန်းချလိုက်တာ မင်းပေါ့လေ”

လုလျန့်ဝေက အပြစ်ရှိစိတ်တစ်စက်ပင်မရှိဘဲ ခေါင်းညိမ့်လိုက်သည်။

“မပူပါနဲ့ ကိုယ်တော် ဒီအကြောင်း ဘယ်သူ့ကိုမှမပြောပါဘူး။”

လုလျန့်ဝေရဲ့ အမူအရာမှာ သက်သောင့်သက်သာဖြစ်သွားပြီး သူမမျက်နှာထက် ကြည်ကြည်နူးနူးအပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။လုံယျန်ရဲ့နှုတ်ခမ်းစွန်းများလည်း ကွေးတက်လို့သွားသည်။

သူတို့ နဂါးနန်းဆောင်သို့ ရောက်သောအခါ လုလျန့်ဝေက သူ့နောက်သို့လိုက်ကာ စာကြည့်ဆောင်ထဲသို့ တိုက်ရိုက် ဝင်သွားသည်။ ထို့နောက် ကျောက်ချန်က အစေခံများအားလုံးကို ရှင်းလင်းလိုက်ပြီးသည်အထိ သူမ စောင့်နေပြီးနောက် သူမရဲ့အိတ်လေးထဲမှ ကြွေပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။

“အရှင်မင်းကြီး၊ ဒါလွန်ခဲ့တဲ့ရက်က ကျွန်မ ဖော်စပ်ထားတဲ့ဆေးပါ၊ အရှင်မင်းကြီးရဲ့အခြေအနေကို ကူညီပေးနိုင်ပါတယ်။”

ကျောက်ချန်လည်း ထွက်သွားသည်ဖြစ်ပြီး လုလျန့်ဝေမှာ အရှေ့သို့အနည်းငယ်တိုးကာ ကြွေပုလင်းလေးကို စားပွဲနောက်တွင် ထိုင်နေသည့် ဧကရာဇ်မင်းထံ ကိုယ်တိုင်ကိုယ်ကျ သွားပေးလေသည်။

“ကိုယ်တော် မိနေတဲ့ အဆိပ်အမျိုးအစားကို မင်းရှာတွေ့သွားပြီလို့ ကိုယ်တော် နားလည်လိုက်ရမှာလား။”

လုံယျန်က ၎င်းကိုကြားသော် သူ့မျက်နှာအမူအရာက မတုန်မလှုပ်။ သူ ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး သူ့လက်ထဲရှိ ကြွေပုလင်းကို ‌စိုက်ကြည့်လို့နေသည်။

ဒါကိုမြင်သော် သူ မိထားသည့်အဆိပ်ကို သိပြီးနှင့်ပြီဟု လုလျန့်ဝေ သိလိုက်သည်။

တရားခံက လုံယျန်ကို သတ်ချင်ရုံသာမက သူ့အား မျိုးဆက် မွေးထုတ်ခြင်းမှပင် တားဆီးချင်ခြင်းဖြစ်သည်။ လုံယျန်အား အဆိပ်ခတ်သောသူမှာ အမှန်ပင် ရက်စက် စက်ဆုပ်ဖွယ်ကောင်းလှပေသည်။

“နှင်းကိုက်နာအဆိပ်ကို ဖြေဖို့က ခက်ကောင်းခက်ပါလိမ့်မယ်၊ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးရှင်။”

ဒါကိုကြားသောအခါ လုံယျန်သည် သူမကို မျက်လုံးပင့်ကြည့်လာပြီး သူ့နှုတ်ခမ်းစွန်းများထက် အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

သူမထံမှ ထိုစကားများထွက်လာသည်နှင့် လုံယျန်ရဲ့မျက်နှာအမူအရာ ပြောင်းလဲလို့သွားသည်။ သူ့ရဲ့ မူလက အတော်အတန် သိမ်မွေ့သောအကြည့်များမှာ ကြောက်မက်ဖွယ်ကောင်းစွာ ရှိန်စရာကောင်းလာလေသည်။

လုလျန့်ဝေမှာ လေထုအနေအထားက သိပ်မူမမှန်‌လှသည်ကို သတိထားမိလိုက်သည်။ သူမ ထိုအမျိုးသားရဲ့ဖြုံချင်စရာအကြည့်များကိုမြင်သော် သူမနှလုံးသားမှာ ‌ဖတ်ခနဲပြုတ်ကျသွားရပြီး မျက်လွှာချလိုက်မိသည်။

သူ့လေသံမှာ ခုနကလို ညင်သာမှုများ လုံးဝပျောက်ကွယ်သွားပြီး လန့်စရာကောင်းစွာ အေးစက်လာလေသည်။

“လုလျန့်ဝေ၊ လူတစ်ယောက်အတွက် အများကြီးသိထားတာ ကောင်းကျိုးမရှိမှန်း မင်းသိရဲ့လား၊ ကိုယ့်ကိုကိုယ် မာန်တက်နေတဲ့သူဆိုရင်ဖြင့် မပြောနဲ့တော့။”

ဆက်ရန်....

အပိုင်း (၉၂) - ငါကိုယ်တော့်ကို ခြိမ်းခြောက်နေတာလား။

February 28, 2024

လုလျန့်ဝေ ထိတ်လန့်သွားသည်။ သူက သူမကို လူသတ်နှုတ်ပိတ်ဖို့လား။ကောလဟာလများထဲမှာ ဒီလူက ဘယ်လိုရက်စက်တယ်ဆိုတာကို လုလျန့်ဝေ အမှတ်ရသွားပြီး သူမကျောပြင်ထက် ချွေးအေးစိုစွတ်လာသည်။

သို့သော် သူမသည် မိမိက အသာစီးမှဖြစ်ကြောင်း ယုံကြည်မှုရှိသဖြင့် အတိုင်းအတာတစ်ခုအထိသာ ကြောက်ရွံ့သည်။

“ခွင့်လွှတ်တော်မူပါ အရှင်မင်းကြီး၊ ကျွန်မ ပါးစပ်လုံပါတယ်၊ မပြောသင့်တာကို လုံးဝထုတ်ပြောမှာမဟုတ်ကြောင်းပါ၊ ဒါ့အပြင် တစ်လောကလုံးမှာ အရှင်မင်းကြီးကို ကုသပေးနိုင်တာ ကျွန်မတစ်ယောက်တည်းရှိကြောင်း အာမခံပါတယ်။”

လုံယျန်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ချက်ရယ်လိုက်မိသည်။

“မင်းက ငါကိုယ်တော့်ကို ခြိမ်းခြောက်နေတာလား။”

လုလျန့်ဝေက ခေါင်းငုံ့လိုက်ပြီး စိတ်ထဲမှ ‘ဒါပေါ့၊ သိသာနေတာပဲလေ’ ဟု တွေးလိုက်သည်၊ သို့သော် သူမ ပြောလိုက်သည်။

“ကျွန်မ မလုပ်ရဲပါဘူး။”

လုံယျန်က သူမကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် တအောင့်အကြာ သူ့နှုတ်ခမ်းများထက် သွေးအေးရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

“အဲ့သလိုဆိုရင်တော့ အကောင်းဆုံးပေါ့။”

လုလျန့်ဝေ ကျောရိုးတစ်လျှောက် စိမ့်ခနဲအေးသွားရသည်။ကြည့်ရတာ သူမ ခုနကပြောလိုက်သည်က စည်းကျော်သွားပုံပင်။

ဟုတ်ပါသည်လေ၊ ဧကရာဇ်ကို မဆိုထားနှင့်၊ သာမန်အမျိုးသားတစ်ယောက်သည်ပင် မိမိရဲ့ ယောင်္ကျားသိက္ခာကို အင်မတန် အလေးထားသည်မှာ ပုံမှန်ပါပေ။

လုံယန်က တဏှာကြီးသူတစ်ယောက် မဟုတ်သော်လည်း ဒါက သူ့ရဲ့ထိုအစိတ်အပိုင်းကို ဂရုမစိုက်ဟု ဆိုလိုသည်တော့ မဟုတ်ပါ။

လုံယျန်က စကားမပြောလာပေ၊ သူ့ရဲ့သွယ်လျသောလက်ချောင်းများက လက်ထဲရှိ ကြွေပုလင်းကို ပွတ်သပ်နေသည်။ အတန်ကြာမှ သူပြောလာခဲ့သည်။

“ဒီဆေးက နှင်းကိုက်နာအဆိပ်ကို ယာယီဖိနှိပ်ထားနိုင်ပြီး ဝေဒနာခံစားရတဲ့ နာကျင်မှုကို သက်သာစေပါတယ်၊ အရေး‌ပေါ်အခြေအနေအတွက် ဆောင်ထားသင့်ပါတယ် အရှင်မင်းကြီး။”

လုလျန့်ဝေမှာ မိမိကိုယ်ကို မျက်ဖြူမလှန်မိရန် ထိန်းထားရသည်။

“နှင်းကိုက်နာအဆိပ်ကို ဖြေပေးဖို့ ခက်ပါတယ်ရှင်၊ အဲဒီမတိုင်ခင် အရင်ဆုံး အရှင်မင်းကြီးရဲ့ ကျန်းမာရေးအခြေအနေကို တည်ငြိမ်အောင် ထိန်းထားဖို့ပဲ တတ်နိုင်ပါတယ်။”

လုံယျန်က အတွေးနက်နေလျက် သူမကို စိုက်ကြည့်နေသည်။

“နှင်းကိုက်နာအဆိပ်ကို ဖြေဖို့အတွက် ဆေးဖော်ရာမှာ အဓိကလိုအပ်တဲ့ ဆေးပင်တစ်မျိုး ရှိကြောင်းပါ၊ ရက်အနည်းငယ်အတွက် ကျွန်မ သွားရှာဖို့ အစီအစဉ်ရှိပါတယ်။”

“တွေ့ရခဲတာမဟုတ်ဘဲ အလွန့်အလွန်ကို ရှားပါးလှတာပါ။”

လုလျန့်ဝေရဲ့ မျက်နှာအမူအရာမှာ အတော်လေး တည်ကြည်လေးနက်လို့နေသည်။

လုံယျန်ကို ဘယ်လိုအဆိပ်ဖြေပေးရမလဲ သူမသိပါသည်။ သို့သော် သူမမှာအရေးကြီးဆေးပင်ကို မရှာနိုင်ခဲ့လျှင် သူမရဲ့ဆေးပညာအရည်အချင်း မည်မျှပင် ကောင်းနေပါစေ ဘာမှဖြစ်မြောက်လာမည်မဟုတ်။

လုံယန်က ခေါင်းညိမ့်လိုက်သည်။သူ့အမူအရာကို ဖတ်လို့မရနိုင်ပေ။

“အဲသည့်ဆေးပင်ရဲ့ပုံစံကို မင်း အကြမ်းဆွဲပြပေး၊ ကိုယ်တော် လူလွှတ်ပြီး ရှာခိုင်းချေမယ်၊ မင်းစွန့်စားဖို့မလိုဘူး။”

“ဖြစ်နိုင်ရင်တော့ ကျွန်မလည်း ကိုယ်တိုင်သွားရှာမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီဆေးက ရှားပါးရုံသာမက ခွဲခြားသိနိုင်ဖို့လည်း ခက်ပါတယ်၊ တစ်ယောက်ယောက်ကသာ မှားခူးလာမိခဲ့ရင် ဒုက္ခများလိမ့်မယ်။”

သူမ ထုတ်မပြောခဲ့သည်မှာ ထိုဆေးပင်သည် သေစေနိုင်လောက်အောင် အဆိပ်ပြင်းသည့် အခြားဆေးပင်တစ်မျိုးနှင့် အလွန်ဆင်တူနေခြင်းပင်။ အကယ်၍ တစ်ယောက်ယောက်သာ မသိဘဲ ၎င်းကို ထိလိုက်မိပါလျှင် တကိုယ်လုံး အနာများပေါက်ကာ သေလိမ့်မည်ဖြစ်သည်။

လုံယျန်က သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမ ထုတ်မပြောသော်လည်း ထိုဆေးပင်က တမူထူးခြားလှသည်ကို သူ နားလည်လိုက်သည်။

“မင်း စိတ်ဆုံးဖြတ်ထားပြီးမှတော့ ကိုယ်တော် ကြားဝင်မနှောင့်ယှက်တော့ဘူး၊ ဒါပေမယ့် မင်းသွားမှာ ဘယ်နေရာလဲ။”

သူ ထိုသို့ မရောက်ဖူးသော်လည်း ထိုနေရာရဲ့ အန္တရာယ်များပုံကိုတော့ ကြားဖူးနားဝရှိထားသည်။

အဆိုအရ ရှန့်ထော်တောင်ထိပ်သည် မတ်စောက်‌ရုံသာမက ကြမ်းတမ်းရိုင်း‌စိုင်းသောသားရဲများ ကျက်စားရာလည်းဖြစ်၏။ လူများ ထိုတောင်ထိပ်အကြောင်း ပြောကြလျှင် မျက်နှာများမှာ သွေးမရှိသည့်နှယ် ဖြူဆုတ်နေကြလေ့ရှိသည်။ ထိုရှန့်ထော်တောင်ထိပ်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းသောနေရာမှန်း ထင်ရှားဟည်။

ရှန့်‌ထော်တောင်ထိပ်မှာ အံ့ဩဆန်းကြယ်ဖွယ်ပြီးဖြစ် ရှားပါးသားရဲများနှင့် ဆန်းပြားသောဆေးပင်များ ရှိသည်ဟု ကောလဟာရှိသော်လည်း လက်ရှိအချိန်အထိ ထိုနေရာမှ ဆေးပင်တစ်ပင် ယူလာနိုင်ခဲ့သူ တစ်ယောက်မှမရှိချေ။

ထိုနေရာသို့ ခရီးထွက်သွားသောလူများ တစ်ယောက်မှ အသက်မရှင်ခဲ့။

သူ အထူးသဖြင့် လုလျန့်ဝေရဲ့ သေးငယ်ဖျော့တော့သော ပုံစံကို စဉ်းစားကြည့်မိသော် ပိုပြီး မျက်မှောင်ကြုံ့လိုက်မိသည်။

“ဒီကိစ္စကို ထပ်ဆွေးနွေးဖို့လိုတယ်၊ လုလျန့်ဝေ၊ ငါ‌ကိုယ်တော့်ခွင့်ပြုချက်မရှိဘဲ မင်းဆန္ဒနဲ့မင်း အဲဒီနေရာကို သွားခွင့်မရှိဘူး။”

သူ့အသံက မသိမသာ နက်နေပြီး ညှိနှိုင်းဆွေးနွေးဖို့ကဏ္ဍပင် မရှိချေ။

လုလျန့်ဝေ အနည်းငယ်အံ့ဩသွားသည်။

လုံယျန်ရဲ့လေသံက အနည်းငယ်စိတ်မရှည်ဟန်။

“ဒါပေမယ့် ဆိုတာ မရှိဘူး။”

လုံယျန်က အေးတိအေးစက် စကားဖြတ်ပြောလိုက်သည်။

All Chapters