အခန်း (၉၉-၁၀၀)
Vol. 2 Ch. 99-100
Chapter 99
March 4, 2024 by Nay Chi Lynn
အပိုင်း (၉၉) - သူ့သာမန်အမူအကျင့်နဲ့ ဆန့်ကျင်နေတယ်။
လုထင်ချန်းက အလိုလိုက်သောအမူအရာဖြင့် လုလျန့်ဝေ၏ဆံပင်လေးအား ဆွဲဖွလိုက်ရင်း သူမနားနားကပ်ကာ အသံတိုးတိုးဖြင့် မေးသည်။
“မင်း သူ့ကို တစ်ခုခုလုပ်လိုက်တာလား။”
လုယွင်ရွှမ်းမှာ အလွန်သတိကြီးသူဖြစ်သည်၊ သူမ တံခါးခုံမှ ချော်ကျသည့်ကိစ္စက အင်မတန်ထူးဆန်းနေသည်။
ယခင်တုန်းကတော့ သူ ဘယ်တော့မှ လုလျန့်ဝေကို သံသယဝင်မည်မဟုတ်ပေ။ သို့သော် သေမင်းခံတွင်းဝမှ တဖန်ပြန်ရောက်လာကတည်းက သူမအကျင့်စရိုက်မှာ လုံးလုံးလျားလျား ပြောင်းသွားရုံသာမက ပို၍လည်း ဉာဏ်ကောင်းလာလေသည်။
သူမသာ လုယွင်ရွှမ်းအား တစ်ခုခု လုပ်လိုက်သည်ဆိုပါက သူ သေချာပေါက် ယုံကြည်မည်ဖြစ်သည်။
လုလျန့်ဝေမှာ သူမလုပ်ခဲ့သည့်ကိစ္စအား လုထင်ချန်းထံမှ ဖုံး၍မရနိုင်ကြောင်း သိပါသည်။ သို့သော် သူမလည်း သူ့ကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိပေ။
သူမ လက်ချောင်းလေးကို သူ့ရှေ့တွင် ဝှေ့ယမ်းလိုက်ရင်း တူညီစွာ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“ကျွန်မ ဒီအပ်လေးမှာ အကြောတွေ ယာယီထုံသွားစေတဲ့ ဆေးတစ်မျိုးနဲ့ သုတ်ထားလိုက်တာ။”
သူမလှုပ်ရှားမှုများက အင်မတန် ရှောရှောရှုရှုရှိသော်လည်း လုထင်ချန်းသည် ငွေရောင်လက်လက်လေးကိုတော့ မြင်လိုက်သေး၏။
သူ သူမကို အံ့အားတသင့် ကြည့်လိုက်မိသည်။
လုလျန့်ဝေက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ဖြူဖြူစင်စင်ပုံစံလေးဖြင့် ပြောသည်။
“ကျွန်မ ဒါကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ သုံးတာပါနော်၊ ကျွန်မ သတိရှိလို့တော်သေးတယ်၊ မဟုတ်ရင်ဖြင့် ကျွန်မ ဒီနေ့ ပြဿနာကြီးတက်လောက်ပြီ။”
သူမ ခုနက နန်းတွင်းထဲတွင် နန်းတွင်းအပျိုတော်လေးအား ဤအပ်ဖြင့်ထိုးခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့်ပင် သူမ ထိုမိန်းကလေးကို အလွယ်တကူ ရေထဲတွန်းချ၍ရခဲ့ခြင်းဖြစ်၏။
သူမစကားများနောက်ကွယ်က အဓိပ္ပာယ်ကို ရိပ်စားမိသော် လုထင်ချန်း၏အမူအရာ ချက်ချင်းပြောင်းသွားသည်။ သူ သူမလက်မောင်းကို ဖမ်းကိုင်ကာ စိုးရိမ်စွာ မေး၏။
“နန်းတွင်းထဲက တစ်ယောက်ယောက်က မင်းကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့တာလား။”
“ဒီနေရာမှာ ပြောလို့မကောင်းဘူး၊ အရင် အထဲဝင်ကြရအောင်။”
လုထင်ချန်းက အသံဖြည်းဖြည်းဖြင့် ပြန်ဖြေသည်။ သူ့မျက်ခုံးတန်းများမှာ ခပ်တင်းတင်းစုကြုံ့ထားဆဲ။
လုလျန့်ဝေက သူ့လက်မောင်းကို အနည်းငယ် ဆွဲလှုပ်လိုက်သည်။
သို့သော် လုထင်ချန်းကတော့ အတော်လေး မပျော်ရွှင်နေပုံပေါ်ဆဲပင်။
နံဘေးတွင်ရပ်နေသော ကျူးယွိက တက်တက်ကြွကြွမေးသည်။
“သခင်မလေး၊ ဒီပစ္စည်းတွေကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲရှင့်။”
လုလျန့်ဝေသည် သူမအား ချီးမြှင့်ထားသော ပစ္စည်းအပုံလိုက်ကို ကြည့်ပြီး ရုတ်တရက် ပိစိလေးခေါင်းကိုက်သလို ခံစားလိုက်ရသည်။
သို့သော် လုံယန်၏ ရက်ရောမှုအရ သူပေးထားသည်များမှာ ရှားပါးရတနာများပင်ဖြစ်ရမည်၊ သို့နှင့် သူမပြောလိုက်၏။
“အိမ်တော်ထိန်းဝမ်ကို ဒီပစ္စည်းတွေ လာစာရင်းလုပ်ခိုင်းလိုက်ပြီး သိုလှောင်ခန်းထဲ ထည့်ထားလိုက်ပါ၊ ဂျင်ဆင်းတို့ ငှက်သိုက်တို့လို့ အရည်အသွေးကောင်း ဖြည့်စွက်စာတွေ ပါရင် အဘွားရဲ့ သက်တော်ရှည်ခန်းမဆီ ပို့ထားလိုက်။”
လုလျန့်ဝေ ခဏတန့်သွားပြီးနောက် လက်ဆောင်ပုံကြီးထဲတွင် စာကြည့်ဆောင်ရတနာလေးပါး (စာရွက်၊ မင်ချောင်း၊ မင်သွေးပြား၊ စုတ်တံ)၊ လက်ရေးလှစာနှင့် ပန်းချီကားများ အစရှိသည့် အခြားပစ္စည်းများပါသည်ကို သတိထားလိုက်သည်။ သူမ လုထင်ချန်းကို လှည့်ပြောလိုက်၏။
“အစ်ကိုကြီး၊ အစ်ကိုကြီးအတွက် အသုံးဝင်တာတစ်ခုခုရှိမလား ကြည့်ကြည့်ပါဦး၊ ရှိရင် တစ်ခါတည်း ယူသွားလိုက်နော်။”
လုထင်ချန်းမှာ အစောကတည်းက ထိုလက်ဆောင်ပုံကြီးကို အကဲခတ်ကြည့်ပြီးဖြစ်သည်၊ ထိုအထဲတွင် အရည်အသွေးကောင်း ရတနာများ အများအပြားပါသည်ကို သူ သေချာပေါက် သိပြီးဖြစ်၏။ သူ့ညီမလေး၏စကားများကြောင့် သူ့ရင်ထဲ နွေးထွေးသွားရ၏။ သို့သော် သူ ခေါင်းခါလိုက်သည်။
“အရင်ဆုံး သိုလှောင်ခန်းထဲပဲ ရွှေ့ထားလိုက်ပါ၊ ငါ နောက်မှ လိုလာရင် ယူလိုက်မယ်။”
လုလျန့်ဝေက ပခုံးတွန့်လိုက်ကာ အတင်းအကြပ် မတိုက်တွန်းတော့ပေ။
လုထင်ချန်း၏ အကြည့်များမှာ အဓိပ္ပာယ်ဖွင့်ရခက်နေသည်။ သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။
“အရှင်မင်းကြီးက ဘာလို့ အကြောင်းရင်းမရှိ မင်းကို လက်ဆောင်တွေ ချီးမြှင့်ရတာလဲ။”
ထိုမျှသာမက ဧကရာဇ်အရှင်သည် ရက်ရောစွာဖြင့် လုလျန့်ဝေအား ပမာဏအမြောက်အများ ပေးလိုက်သေး၏။
ထိုအခိုက်တွင် လုထင်ချန်းမှာ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုခုရှိနေသည်ဟု မထင်မိဘဲ မနေနိုင်တော့ပေ။
သူ ဧကရာဇ်အရှင်နံဘေး ခစားခဲ့သည်မှာ ယခုဆို အချိန်တစ်ခုမျှ ရှိပြီဖြစ်ပြီး ဧကရာဇ်အရှင်၏ ကိစ္စများ လုပ်ပုံလုပ်နည်းနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သည်။
ဧကရာဇ်သည် လက်ဖွာဖွာသုံးဖြုန်းခြင်းကို သဘောကျသူမဟုတ်ပေ၊ ဇိမ်ခံပစ္စည်းများကို တပ်မက်သူလည်းမဟုတ်။ အမှန်တော့ ထိုသူသည် ခြိုးခြံချွေတာခြင်းကို ထောက်ခံအားပေးသူ ဖြစ်လေသည်။
သူ့၏ ကြင်ယာတော်တစ်ယောက်ယောက်ကများ အထင်အရှား ပုံကြီးချဲ့ကာ သုံးဖြုန်းနေပါလျှင် သူက အမိန့်စာထုတ်ကာ သူမကို သတိပေးရှုံ့ချမည်ဖြစ်သည်။
သို့သော် ယခုမူ ဧကရာဇ်သည် သူ့သာမန်အမူအကျင့်နှင့် အတော်လေး ဆန့်ကျင်စွာ ပြုမူနေ၏။ မည်သို့ပင်ဆိုဆို လုထင်ချန်းသည် ဧကရာဇ်အရှင်က အတော်ပုံမှန်မဟုတ်စွာ ပြုမူနေသည်ဟု ခံစားနေရဆဲပင်။
“ကျွန်မ သူ့ကို လက်ဆောင်အနေနဲ့ ဆေးပေးလိုက်လို့ဖြစ်မှာပေါ့။”
လုထင်ချန်း၏ သံသယများမှာ ဤသည်ကိုကြားတော့မှသာ ပြေပျောက်သွားလေသည်။
လက်စသတ်တော့ဒီလိုကိုး!
ဆက်ရန်__
Chapter 100
March 4, 2024 by Nay Chi Lynn
အပိုင်း (၁၀၀) - လုံယန်ကို အပြစ်တင်ခြင်း။
မောင်နှမနှစ်ယောက် အိမ်တော်ထဲ ဝင်တော့မည့်အချိန်မှာပဲ လုဟယ့်ထျန်းက အပြင်မှ ပြန်လာသည်။
သူက စစ်စခန်းမှ တိုက်ရိုက်ပြန်လာခြင်းဖြစ်ပြီး သံချပ်ကာပင် ဝတ်ထားဆဲဖြစ်သည်။
အိမ်တော်တံခါးဝရှိ မောင်နှမကို မြင်သောအခါ သူ အံ့ဩသွား၏။
“မင်းတို့နှစ်ယောက်က ဒီမှာ ဘာလုပ်နေကြတာတုန်း။”
သူ့စီးတော်မြင်းပေါ်မှ ဆင်းလာပြီး မြင်းဇက်ကြိုးကို သူ့အစေခံထံ လွှဲပေးခဲ့ပြီးနောက် လှေကားထစ်များအပေါ် တလွှားလွှားလျှောက်လာသည်။ သူ့အကြည့်များက လုထင်ချန်းကို ကျော်ပြီး လုလျန့်ဝေဆီ ကျရောက်သွား၏၊ သူမကို တွေ့ရသည့်အတွက် ဝမ်းသာနေသည်မှာ သိသာပေသည်။
လုလျန့်ဝေက သူ့ကို မျက်တောင်တဖျတ်ဖျတ်ခတ်ပြလိုက်ပြီး ပြောသည်။
“ကျွန်မတို့က အဖေပြန်လာမှာ တကူးတကစောင့်နေတာ အဖေရဲ့။”
သူမ ဖြီးဖြန်းနေမှန်း သူသိသော်လည်း လုဟယ့်ထျန်းမှာ အင်မတန်ပျော်နေပါသေး၏။ သူ့လက်ဖဝါးအကြီးကြီးဖြင့် သူမခေါင်းလေးကို ပွတ်သပ်လိုက်ပြီး သူ့မာထန်သောမျက်နှာမှာလည်း ဖြည်းဖြည်းချင်း နူးညံ့လာသည်။
“ဟုတ်လားကွ။”
လုလျန့်ဝေက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လိမ်၏။
လုဟယ့်ထျန်းက အားရဝမ်းသာ ရယ်မောလိုက်သော်လည်း တစ်ဖက်တွင် တောင်လိုပုံနေသော လက်ဆောင်ပဏ္ဏာများကို မြင်သောအခါ တန့်သွားလေသည်။
လုလျန့်ဝေမှာ အဖြေကိုသိသွားချိန်တွင် ဖြစ်လာမည့် သူ့အတွေးများကို ခန့်မှန်းနိုင်ပြီးသားဖြစ်သည်။
သူ့မှာ တိုင်းပြည်ဘဏ္ဏာတိုက်ထဲ မဆန့်တော့တဲ့အထိ ပစ္စည်းတွေအများကြီးရှိနေလို့လား။
သူ သူမအား လက်ဆောင်ပဏ္ဏာ အမြောက်အများ ချီးမြှင့်နေသည်မှာ တစ်ယောက်ယောက်မေးလာတိုင်း သူမမှာ ဖိအားပေးခံထားရသကဲ့သို့ ရှင်းပြနေရလေသည်။
ပြဿနာများသည်ဟု ခံစားရသော်လည်း လုလျန့်ဝေ ရိုးရိုးသားသားပြောဖို့သာ ဆုံးဖြတ်လိုက်သည်။
သူမ ထင်ထားသည့်အတိုင်းပင်၊ လက်ဆောင်များကို ဧကရာဇ်က ချီးမြှင့်ကြောင်း ကြားလိုက်ရသောအခါ လုဟယ့်ထျန်း၏မျက်နှာမှာ အတွေးများသွားဟန် အရိပ်အယောင်များ ပေါ်လာသည်။
ကံကောင်းစွာပင် လုဟယ့်ထျန်းက မေးခွန်းများ ထပ်မမေးတော့သဖြင့် လုလျန့်ဝေမှာ စိတ်သက်သာစွာဖြင့် စိတ်ထဲမှ သက်ပြင်းချမိရလေသည်။
သူမအဖေ ထိုကိစ္စအကြောင်း ထပ်မမေးစေရန် သူမ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
လုလျန့်ဝေမှာ ဤသည်ကို အနည်းငယ်ရယ်ရသည်ဟု တိတ်တိတ်လေး ထင်လိုက်မိ၏။ လုယွင်ရွှမ်းသာ ဒီမှာရှိနေပြီး အဖေ ထိုသို့ပြောသည်ကို ကြားသွားပါလျှင် အင်မတန် စိတ်ဓာတ်ကျသွားပေလိမ့်မည်။
“ကျွန်မလည်း မသိပါဘူး၊ ဒါပေမယ့် သူတို့က အိမ်ထဲမဝင်ရသေးခင်မှာပဲ ပြန်သွားကြတယ်လေ။”
သူမ ထိုသို့ပြောလိုက်သော်လည်း လုယွင်ရွှမ်းက အိမ်ရှေ့စံနှင့်အတူ ရုတ်တရက်ပြန်လာသည်မှာ ကိုယ်လုပ်တော်ကျိန့်နှင့် သေချာပေါက် ပတ်သက်နေမည်ကို လုလျန့်ဝေ သိပါသည်။ သူမအစ်မဖြစ်သူက ကိုယ်လုပ်တော်ကျိန့်အတွက် လာရောက်အသနားခံခြင်းဖြစ်နေမည်ကိုပင် စိုးရသည်။
နောက်ဆုံးမှာ ခက်ခက်ခဲခဲဖြင့် ကိုယ်လုပ်တော်ကျိန့်ကို အဝေးပို့လိုက်ပြီးမှ အိမ်တော်လည်း ငြိမ်းချမ်းသွားခြင်းဖြစ်သည်။ လုလျန့်ဝေက ကိုယ်လုပ်တော်ကျိန့်ကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ ပြန်လာခွင့်ပြုနိုင်ပါ့မလဲ။
ထို့ကြောင့်ပင်၊ လုယွင်ရွှမ်း အိမ်တော်သို့ပြန်လာရခြင်း ရည်ရွယ်ချက်ကို သူမ သိပြီးနောက် သူမနှင့် လုယွင်ရွှမ်းတို့ အိမ်တော်ထဲ အတူဝင်နေသည့်အချိန်တွင် သူမ တစ်ဖက်လူအား ဆေးသုတ်လိမ်းထားသောငွေအပ်ဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး လူပုံအလယ် အရှက်တကွဲဖြစ်သွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။
လုယွင်ရွှမ်း၏ မာနကြီးသောအကျင့်စရိုက်အရဆိုလျှင် ကြည့်ရသည်မှာ အင်မတန်ထိတ်လန့်စဖွယ်ကောင်းသော မျက်နှာကြီးဖြင့် မြို့စားမင်းမယ်တော်နှင့် လုဟယ့်ထျန်းတို့နှင့် တွေ့ဆုံရန် လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။
မည်သို့ဆိုစေကာမူ ဤသည်က ယာယီအတွက်သာဖြစ်ချေသည်။
လုယွင်ရွှမ်းက ယခု အိမ်ရှေ့စံကြင်ယာတော် ဖြစ်နေလေပြီ။ ကိုယ်လုပ်တော်ကျိန့်ကြောင့်နှင့် သူမကိုယ်ကို အဘယ်ကြောင့် အားလုံးအမြင်တွင် ဟာသတစ်ခု အဖြစ်ခံပါမည်နည်း။ သူမ သေချာပေါက် သည်းခံနိုင်မည်မဟုတ်ပေ။
သို့သော်လည်း လုယွင်ရွှမ်းမှာ အတော်လေးဆိုးဆိုးရွားရွား ချော်ကျသွားခဲ့ခြင်းဖြစ်သည်၊ သူမမျက်နှာမှာ အချိန်တစ်ခုအထိ ပြန်ကောင်းလိမ့်မည်မဟုတ်။
အိမ်တော်မှာ အနည်းဆုံး တစ်ခဏတာတော့ ငြိမ်းငြိမ်းချမ်းချမ်းရှိနေဦးမည်ဖြစ်၏။
လုဟယ့်ထျန်း မျက်မှောင်ကြုံ့သွားပြီး မကျေမနပ်ဖြစ်သွားဟန်ရှိသည်။
သူ လုယွင်ရွှမ်းအား သိသိသာသာကြီး အထင်လွဲသွားမှန်း လုလျန့်ဝေ မြင်လိုက်၍ သူမ ရှင်းပြလိုက်သည်။
“အမှန်တော့ အဲ့လိုမဟုတ်ပါဘူး၊ အိမ်ရှေ့စံကြင်ယာတော်က အဖေနဲ့ အဘွားတို့ကို တွေ့ရမှာ သိပ်စိတ်လှုပ်ရှားလွန်းလို့ တံခါးခုံကို ဖြတ်တုန်းက အပျာပျာအယာအယာနဲ့ ခြေချော်ပြီး မျက်နှာကို ထိခိုက်မိသွားတာပါ။”
လုဟယ့်ထျန်း၏ ခြေလှမ်းများ တန့်သွားသည်။ သူ မျက်မှောင်ကြုံ့လျက်သားဖြင့် မေးသည်။
လုလျန့်ဝေက လုဟယ့်ထျန်းကို အသေအချာ အကဲခတ်နေသည်။ သူ့မျက်နှာအမူအရာ မသိမသာပြောင်းသွားသည်ကို မြင်သော် အဖေက လုယွင်ရွှမ်းအား အတော်လေး ဂရုစိုက်နေသေးသည်မှာ သေချာပေသည်။
“သူ့ကို စိတ်ပူရင် အဖေ အိမ်ရှေ့နန်းဆောင်ကို သွားတွေ့လိုက်ပါလား။”
လုလျန့်ဝေက အကဲစမ်းသည့်အနေဖြင့် မေးလိုက်သည်။
“ကိစ္စမရှိပါဘူး၊ သူက အခု အိမ်ရှေ့စံကြင်ယာတော် ဖြစ်နေပြီပဲ၊ သူ့အဆင့်အတန်းက အရင်ကနဲ့ မတူတော့ဘူး၊ အဖေ မသွားပါဘူး။”
ထိုအခိုက်တွင် သူ ခဏရပ်လိုက်ပြီး လုထင်ချန်းကို ကြည့်လိုက်ကာ တစ်စုံတစ်ရာ ပြောတော့မည့်အချိန်တွင် လုထင်ချန်းက သူ့ကို ဖြတ်ပြောလိုက်သည်။
“အဖေ၊ ကျွန်တော့်မှာ ကိစ္စလေးတစ်ချို့ ရှိသေးလို့၊ အရင်သွားနှင့်ပါပြီဗျ။”
ထိုသို့ဖြင့် သူ လုလျန့်ဝေအား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ကာ လုဟယ့်ထျန်း ဘာမှမပြောနိုင်ခင်မှာပဲ အလျင်အမြန် ထွက်သွားလေတော့သည်။