← Chapters

မပြီးနိုင်မဆုံးနိုင်

Vol. 81-85 Ch. 1253

မပြီးနိုင်မဆုံးနိုင်

Vol. 81-85 Ch. 1253

“တော်ဝင်မိသားစု မပျောက်ကွယ်သွားမချင်းပေါ့”

ထိုစကားများက ရင့်သီးလွန်းသည်။ ထိုစကားကိုကြားပြီး လုံခွေတို့ သုံးယောက်လုံး အံ့ဩဟန် ပြလာ၏။ ပေါင်လုံ အဖွဲ့အစည်း၏ ဝါဒမှာ သစ္စာရှိရန် ဖြစ်ပြီး ၎င်း၏ တာဝန်မှာ တော်ဝင်မျိုးနွယ်ကို ကာကွယ်ရန် ဖြစ်သည်။ သို့သော် ထိုဝါဒနှင့် တာဝန်က ယဲ့ဖန်အတွက် အကျုံးမဝင်သလိုပင်။

ချက်ချင်းဆိုသလိုပင် ပိုင်ရွှယ်က ခါးကိုမတ်၍ တိမ်ပျံရထားလုံးပေါ်မှ ဆင်းကာ နန်းတော်ထံသို့ လျှောက်သွား လိုက်သည်။

ညီလာခံခန်းမထဲသို့ ဝင်လိုက်သည်နှင့် ပိုင်ရွှယ်က မျက်ရည်လည်ရွဲနှင့် ပုလ္လင်ပေါ်၌ ထိုင်နေသော ဩဇာအကြီးဆုံး လူထံ အပြေးသွားကာ ရင်ခွင်ထဲ ဝင်အောင်းလေသည်။

“ခမည်းတော်”

အသံက အလွန်အမင်း မတရားခံထားရသကဲ့သို့ ဆို့နင့်၍ ဝမ်းနည်းစရာ ကောင်းလှသည်။ ထိုအခိုက်တွင် သူမသည် ဆယ့်သုံးနှစ်သာသာ ကလေးမလေးသာ ဖြစ်နေလေသည်။

ဤသည်ကိုကြည့်ပြီး ယဲ့ဖန် ပြုံး၍ စဉ်းစားလိုက်မိသည်။ ပိုင်ရွှင်၏ ဟန်ဆောင်မှုကိုကြည့်ပြီး ဤနန်းလုပွဲ စတင်ပြီ ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူသည် ရန်သူမှန်သမျှကို လမ်းတစ်ဝက်၌ သတ်ပစ်မည့် စစ်သူကြီး ချန်ယောင်ကျင်း ဖြစ်လေသည်။

ညီလာခံမှ အမတ်များသည် ဤအပြုအမူကို ယခင်ကတည်းက နေသားတကျ ဖြစ်နေပုံရပြီး အပြစ်တင်ခြင်းမ ရှိသလို တားဆီးခြင်းလည်း မရှိဘဲ ပိုင်ရွှယ်အား ဧကရာဇ်၏ ရင်ခွင်ထဲ၌ ငိုနေစေသည်။ လက်ရှိ ဧကရာဇ် ပိုင်ကျန့်ချင်းက ကြင်နာသော အပြုံးမျိုးပြုံး၍ သူမအား ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။

“လိမ္မာတဲ့ ဘုရင်မလေး မငိုနဲ့တော့လေ၊ မင်း ထပ်ငိုရင် ဒီခမည်းတော် ရင်ကွဲရလိမ့်မယ်”

သူသည် တကယ်ပင် ကြင်နာ၍ ချစ်ခင်တတ်သော ဖခင်တစ်ယောက်လိုပင်။ အဖေနှင့်သမီး ဟန်ဆောင် ပြုမူနေကြသည်ကို ကြည့်ပြီး လုံခွေ ကြက်သီးထမိသွားသည်။ ဤမြင်ကွင်းက သူမ ရန်သူ တစ်သောင်း အဝိုင်းခံထားရသည့် အဖြစ်ထက်ပင် ပို၍ ကြက်သီးထစရာ ကောင်းလှသည်။

*ဧကရာဇ် မိသားစုက သစ္စာမဲ့ပြီး ဉာဏ်များသလို ကြောက်ဖို့လည်း ကောင်းတယ်*

“ဧကရာဇ်ကို ဂါဝရပြုပါတယ်”

လုံခွေနှင့် အခြားသူများသည် နှိမ့်ချသော အမူအရာဖြင့် ဒူးထောက်ကာ အရိုအသေ ပေးလေသည်။

“မင်းတို့တွေက မျှော်မှန်းထားတာထက် ပိုလုပ်ဆောင်နိုင်တာပဲ၊ ဒီဧကရာဇ်ရဲ့ သမီးတော်ကို အန္တရာယ်ကင်းကင်းနဲ့ ထိခိုက်မှု မရှိအောင် ကယ်လာနိုင်တယ်၊ မင်းတို့အားလုံးက အင်ပါယာရဲ့ သူရဲကောင်းတွေပဲ၊ ငါ မင်းတို့ကို အကြွေးတင် သွားပြီ”

ပိုင်ကျန့်ချင်းက ချိုသာစွာ ပြုံးနေသည်။ သူ၏ မပလွှားတတ်သော ပုံစံက ကြည်ညိုဖွယ် ကောင်းလှသည်။

“ကျွန်တော်မျိုးမတို့ လုပ်သင့်တာကို လုပ်ခဲ့တာပါ၊ မခံယူရဲပါဘူး”

လုံခွေ တည်ကြည်စွာ ပြောလိုက်သည်။ သို့သော် သူမ တစ်စုံတစ်ရာကို သတိထားမိသွားပြီး ချက်ချင်း သွေးပျက်ဟန် ပေါ်လာသည်။

“ယဲ့ဖန် နင် ဘာလုပ်နေတာလဲ၊ ဒူးမထောက်သေးဘူးလား”

သူတို့အားလုံး ဒူးထောက်နေသော်လည်း ယဲ့ဖန်က ရပ်မြဲရပ်၍ ဘေးဘီကို ဝေ့ကြည့်နေသောကြောင့် အလွန် ရိုင်းပျ လွန်းလှသည်။

ဤအဖြစ်ကြောင့် ပိုင်ရွှယ် မှင်တက်သွားပြီး ဆက်သရုပ်ဆောင်ရန်ပင် မေ့လျော့သွားလေသည်။ ပိုင်ကျန့်ချင်း၏ မျက်လုံးများ မသိမသာ ကျဉ်းမြောင်းသွားပြီး ယဲ့ဖန်ကို စိုက်ကြည့်လာသည်။

တစ်ခဏအတွင်း ယဲ့ဖန်က လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာ၏။ သို့သော် လုံခွေ သွေးတတ်မတတ် ဖြစ်သွားလောက်သည့် အဖြစ်တစ်ခု ဖြစ်လာလေသည်။ ယဲ့ဖန်က နှုတ်ခမ်းကို အသာတွန့်၍ အထင်သေးဟန် ပြုံးလိုက်သည်။

“ငါ့ကို ဒူးထောက်ခိုင်းတယ် ဟုတ်လား၊ သူက … ထိုက်တန်လို့လား”

ညီလာခံခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်းက ယဲ့ဖန်ကို မျက်လုံး အပြူးသားနှင့် မယုံနိုင်သလို ကြည့်နေ၏။

သူ့အရှေ့၌ ထိုင်နေသူသည် အင်ပါယာတစ်ခုလုံး၏ အင်အား အကြီးဆုံးသောသူ ဖြစ်ပြီး ယဲ့ဖန်က ဧကရာဇ်ကိုပင် ရန်စရဲနေလေသည်။ ဤသည်မှာ သေတွင်းတူးနေချင်သာ ဖြစ်သည်။

ပိုင်ကျန့်ချင်းတောင်မှ ယဲ့ဖန် အလွန် မဆင်မခြင် ပြုမူလိမ့်မည်ဟု ထင်မထားမိသလို အင်ပါယာ၏ အမတ်များနှင့် စစ်မှုရေးရာ အမတ်များရှေ့၌ သူ့ကို စော်ကားရဲလိမ့်မည်ဟု ထင်မထားမိပါ။

*ဘုရင်ကို စော်ကားတာလား*

*ဒါ သေဒဏ်ပဲ*

*မျိုးဆက်ကိုးဆက်အထိ သေဒဏ်ပေးခံရမှာ*

*ဒီကောင် ရူးနေတာလား*

လုံခွေတို့ သုံးယောက်လုံး၏ မျက်လုံးတွင် ထိတ်လန့်ဟန်များ ထင်ဟပ်လာသည်။ သူတို့ ယဲ့ဖန်အကြောင်း သိထား သင့် သလောက် သိထားပြီးပြီဟု ထင်ထားသော်လည်း သူတို့ ယဲ့ဖန်၏ မာနကို အထင်သေးနေမိဆဲပင်။

*သူ ရူးနေပြီပဲ*

*ညီလာခံခန်းမမှာ ဧကရာဇ်ကို ရန်စတာကို အင်ပါယာတစ်ခုလုံးသာ သိသွားရင် သေချာပေါက် လန့်ဖြန့်သွားမှာ*

*ဒီကောင် အင်ပါယာတစ်ခုလုံးကို သူတစ်ယောက်တည်းနဲ့ ကိုင်လှုပ်ဖို့ ကြိုးစားနေတာလား*

*အရူး*

*သွက်သွက်ခါနေတဲ့ အရူး*

ပိုင်ရွှယ်တောင်မှ ပါးစပ် အဟောင်းသား ဖြစ်ကာ မျက်နှာ ဖြူရော်၍ ထိတ်လန့်နေလေသည်။ လက်ရှိတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိသည့် စစ်နတ်ဘုရားအိုကြီးတောင်မှ သွေးမပျက်ဘဲ မနေနိုင်အောင် ဖြစ်သွား ရသည်။ ယဲ့ဖန်ကဲ့သို့ ညီလာခံခန်းမရတွင် လက်ရှိဧကရာဇ်အား ပုတ်ခတ်၍ ဧကရာဇ်က သူ ဒူးထောက်ဖို့ ထိုက်တန်ရဲ့လားဟူသော မေးခွန်းမျိုး သူ မမေးရဲပါ။

*သူ့မှာ အပြစ်မရှိဘူးလို့ ထင်နေတဲ့ပုံပဲ*

ပိုင်ကျန့်ချင်း၏ အနောက်မှ ကွန်ဖြူးရှပ်ဝါဒဝတ်စုံ ဝတ်ဆင်ထားသည့် မင်းဆရာက လှောင်ပြုံး ပြုံးနေ၏။

“မင်း ဘာစကား ပြောတာလဲ၊ ယဲ့ဖန် မင်းက ဧကရာဇ်ကို စော်ကားရဲတယ်ပေါ့လေ”

“လာကြစမ်း သူ့ကို ဆွဲခေါ်သွားကြ”

“သူ့ကို ခေါင်းဖြတ်သတ်ပြီး မျိုးဆက် ကိုးဆက်အထိ သတ်ပစ်”

“သူ့ကိုသတ်ရမယ်၊ ဒီလိုကောင်မျိုးကို အရှင်မထားနဲ့”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ညီလာခံ၌ အော်သံတစ်သံ ဖုံးလွှမ်းသွားသည်။ ရုတ်ချည်းဆိုသလိုပင် ကြမ်းကြုတ်၍ ဖိနှိပ်သော အရှိန်အဝါများက ယဲ့ဖန်ကို ဝန်းရံလာ၏။ ယဲ့ဖန်၏ ဝေဖန်ချက်စကား အဆုံး၌ အပူချိန်က သုညမှတ်သို့ ထိုးကျသွားသည်။

“ယဲ့ဖန် မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ၊ ဒူးထောက်ပြီး မတောင်းပန်ဘူးလား”

စစ်နတ်ဘုရားအိုကြီးက ဆူပူ ငေါက်ငမ်းလေသည်။ သူတောင်မှ ခေါင်းမွေးထောင်သလို ခံစားနေရသည်။

*ဒီကောင်လေးက ကောင်းကင်ဘုံကို ထိုးဖောက်ချင်နေတာလား*

“ဘာမဟုတ်တဲ့ စကားလား ဒါမှမဟုတ် ဟိုအရင်ကတည်းက ကြံစည်ထားတဲ့ စကားလား”

ထိုစဉ် မင်းဆရာက အပြုံးမမည်သော အပြုံးမျိုးနှင့် ပြောလာသည်။ စစ်နတ်ဘုရားအိုကြီး၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။

“မင်း ဘာပြောချင်တာလဲ”

ဤလူလေးယောက်အား အချိန်အတော်ကြာစဉ်ကတည်းက ဤသို့ လုပ်ခိုင်းခဲ့သည်ဟုဆိုလျင် သူ၏ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သည် သူ့လူ ဖြစ်နေသောကြောင့်ပင်။ ယဲ့ဖန်က ယခင်ကတည်းက စီစဉ်ထားခဲ့လေသလော သို့မဟုတ် စစ်နတ်ဘုရားကပင် ယခင်ကတည်းက ကြံစည်ထားခြင်းလေလော စသဖြင့် သို့လော သို့လော ဖြစ်လာပေလိမ့်မည်။

စကားလုံးက အန္တရာယ်များလှသည်။

“ငါကလည်း မင်းကို ဘာပြောချင်တာလဲလို့ ပြန်မေးချင်တယ်၊ မင်းလက်အောက်ငယ်သားက ညီလာခံမှာ ဧကရာဇ်ကို စော်ကားခဲ့ပြီးတော့ သူ ဒူးထောက်ဖို့ ထိုက်တန်တဲ့လူ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့တယ်၊ ဘယ်သူက ဒူးထောက်ဖို့ ထိုက်တန်တာလဲ၊ မင်းလား”

စကားလုံးများက ဓားသွားထက်ပင် အဆိပ်ပြင်းလှသည်။

ဧကရာဇ်က ယဲ့ဖန် ဒူးထောက် အရိုအသေ ပေးရန် မထိုက်တန်လျင် မည်သူက ထိုက်တန်သနည်း။ စစ်နတ်ဘုရား အိုကြီးလေလော။ ထိုသို့ဆိုလျင် စစ်နတ်ဘုရားအိုကြီးက ဧကရာဇ် ဖြစ်ချင်နေသလား။

ထိုအခိုက်တွင် သံသယစကားများက ကူးစက်ရောဂါသဖွယ် ပျံ့နှံ့လာ၏။

“မင်း”

စစ်နတ်ဘုရားအိုကြီး ချက်ချင်း ဒေါသူပုန် ထသွားသည်။ သူ့ဘဝ၌ ပထမဆုံးကြိမ်အဖြစ် ညီလာခံတွင် မင်းဆရာ ထံ၌ ရှုံးနိမ့်သွားလေပြီ။

ဤမြေခွေးအိုကြီးက အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် အခွင့်အရေးကို‌ စောင့်နေခဲ့ခြင်း ဖြစ်လေသည်။ သူ လှုပ်ရှားသည်နှင့် တစ်ယောက်ယောက်ကို သတ်မပြီးမချင်း လက်လျှော့မည် မဟုတ်ပါ။

လုံခွေက ချက်ချင်း ယဲ့ဖန်ကို မကျေမနပ် ကြည့်လာသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူမဆရာသည် ယနေ့ကဲ့သို့ ဒုက္ခရောက်မည် မဟုတ်သလို မင်းဆရာထံ၌လည်း အလှောင်ခံရမည် မဟုတ်ပေ။

“အခြားသူတွေကို ဆွဲထည့်ဖို့ မလိုဘူး၊ ငါ ပေါင်လုံ အဖွဲ့အစည်းကို ဝင်တာ တစ်ပတ်ပဲ ရှိသေးတယ်၊ ငါ ဒီအဘိုးကြီးနဲ့ မရင်းနှီးဘူး”

ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။

*အဘိုးကြီး*

လူတိုင်း အံ့ဩသွားကြသည်။

*ဒီကောင်က ဧကရာဇ်ကို မလေးမစား လုပ်ရဲရုံတင် မကဘဲ စစ်နတ်ဘုရားအိုကြီးအတွက်ပါ ကာပြောပေး နေတာလား*

စစ်နတ်ဘုရားအိုကြီး၏ မျက်နှာ မည်းမှောင်သွားသည်။ ယဲ့ဖန် တမင် လုပ်လိုက်မှန်း သူ သိနေသည်။ သူ့အတွက် အထင်သေးသလို လုပ်ပြလေ၊ သူ ပိုအန္တရာယ် ကင်းလေသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က မင်းဆရာကိုလည်း လှမ်းကြည့်လာ၏။

“ခင်ဗျားလို အမှိုက်စုတ်ကြီးကိုလည်း ကျုပ် လျစ်လျူရှုရဲတယ်”

*အမှိုက်စုတ်ကြီးတဲ့လား*

လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူတိုင်း အသက်ပင် ဖြောင့်ဖြောင့်မရှူနိုင်တော့ဘဲ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။

ယဲ့ဖန်၏ သတ္တိကို သူတို့ မလေးစားဘဲ မနေနိုင်တော့ပါ။ အင်ပါယာတွင်း၌ လက်ရှိ အင်အားအကြီးဆုံး လူသုံး ယောက်လုံးကို ယဲ့ဖန် ရန်စခဲ့လေပြီ။

*ဒီကောင်က သောက်ကျိုးနည်း ဘာကောင်လဲ*

“ငါကိုယ်တော်က ပြည်သူလူထုအပေါ် ကြင်နာပြီး အမတ်တွေကို စာနာထောက်ထားတယ်၊ ငါ့နန်းသက် အတောအတွင်း အင်ပါယာက ငြိမ်းချမ်းစိုပြည်တယ်၊ ကိုယ်တော်က ဘာလို့ မင်း ဒူးထောက် အရိုအသေပေးတာ ခံရဖို့ မထိုက်တာလဲဆိုတာကို သိချင်တယ်”

ပိုင်ကျန့်ချင်းက ပြုံး၍ ပြောလိုက်သော်လည်း သူ့မျက်လုံး၌ မကျေနပ်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။

“ဟုတ်တယ် ဧကရာဇ်က အင်ပါယာရဲ့ အထက်မြက်ဆုံး ဧကရာဇ်တွေထဲက တစ်ပါးပဲ၊ ဧကရာဇ်က အုပ်ချုပ်ပုံနဲ့ နိုင်ငံရေးအတွက် အများကြီး ကြိုးစားခဲ့တဲ့သူ၊ မင်းကများ မြင့်မြတ်တဲ့ ဧကရာဇ်ကို စော်ကားရဲတယ်လား”

“ဧကရာဇ်သာ မရှိရင် ဒီနေ့ခေတ် ကျုံးကျိုး အင်ပါယာက အေးချမ်းနေမှာ မဟုတ်ဘူး၊ မင်းမိဘတွေ စစ်ပွဲတွေနဲ့ ငတ်မွတ်ခြင်း ဘေးတွေနဲ့ ကြုံရပြီး ငတ်သေနေလောက်ပြီ၊ မင်းတောင် မွေးလာမှာ မဟုတ်ဘူး၊ မဟုတ်တမ်း တရားတွေ မပြောနဲ့”

ရုတ်တရက် အရာရှိတစ်စုက ယဲ့ဖန်ကို ရန်စကား ပြောလာ၏။

“ယောက်ျားတစ်ယောက်က ဖခင်ဖြစ်လာပြီဆိုရင် သားသမီးအပေါ် ချစ်ခင် ကြင်နာရမယ်၊ သားသမီး ဝဝလင်လင် နေနိုင်စားနိုင်အောင် ဖြည့်ဆည်းပေးရမယ်၊ သူက မိသားစုအတွက် ထက်မြက်တဲ့ ယောက်ျားတစ်ယောက်၊ အိမ်ထောင်ဦးစီး ကောင်းတစ်ယောက် ဖြစ်ရမှာလေ၊ ဒါ ဖခင်တစ်ယောက်ရဲ့ အရည်အသွေးပဲ”

“ယောက်ျားတစ်ယောက် ဖြစ်နေပြီး သူ့မိန်းမ ဘယ်သူလဲ၊ ဘာဖြစ်နေလဲ မသိတဲ့လူ၊ သူ့နှလုံးသားကို သိနားမလည်တဲ့လူက အရိုင်းအစိုင်းပဲ၊ ကိုယ့်မိန်းမ ဝေဒနာတွေနဲ့ သေသွားရတာကို မသိတဲ့လူ၊ ကိုယ့်သားသမီး စိတ်ထိခိုက် ဝမ်းနည်းနာကျင်နေရတာကို မသိရင် ရိုင်းစိုင်းတဲ့လူ”

“ခင်ဗျားက ဒါတွေအားလုံးကို မလုပ်နိုင်ဘဲနဲ့ ဘာလို့ ကျုပ်ကို ခင်ဗျားက တိုင်းသူပြည်သားတွေကို ချစ်ခင်ပါတယ်လို့ ပြောရတာလဲ”

ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။ စကားလုံးများက အဓိပ္ပာယ် ပြည့်ဝလွန်းလှသည်။ အရာရှိတိုင်း ကြက်သေ သေသွားလေ၏။

ပိုင်ကျန့်ချင်းတောင်မှ နေရာမှာတင် မှင်တက်နေမိသည်။ ယဲ့ဖန်၏ ဓားသွားကဲ့သို့ ထက်ရှသော စကားလုံးများ အောက်၌ သူ ပြန်မချေပနိုင်တော့ချေ။

နောက်ထပ် ရိုင်းပျသော မေးခွန်းပင်။ သူ ပြောသော စကားများက ပိုင်ရွှယ်နှင့် သူမမိခင်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ထိုအဖြစ်က တော်ဝင်မျိုးနွယ်တွင်း၌ ဟိုးလေးတကျော် ဖြစ်သွားသော မကောင်းသတင်း ဖြစ်ကြောင်း ဤနေရာ၌ ရှိနေသည့် အရာရှိများအားလုံး သိထားကြသည်။

အတိတ်အခါက ယခု ဧကရာဇ်သည် သူ၏ သွေးသားဆန္ဒကို မထိန်းချုပ်နိုင်ဘဲ အမှားကြီးတစ်ခု ကျူးလွန်ခဲ့သည်။ ကျေးလက်မှ ချောမောသော တောသူမလေး တစ်ယောက်ကို သဘောကျပြီး ခြေတော်တင်ခဲ့သဖြင့် တော်ဝင် မျိုးနွယ်၏ အရှက်တကွဲ အဖြစ်အပျက် ဖြစ်လာရသည်။

သို့သော် ထိုကိစ္စကို ထုတ်ပြော၍ ဝေဖန်ရဲသည့်သူက ယဲ့ဖန်တစ်ဦးတည်းသာ ရှိလေသည်။ ပိုင်ရွှယ် မျက်ရည်လည်ရွဲ ဖြစ်လာ၏။ ဤလူက သူ့အသက်ကို ရင်း၍ သူမဒေါသကို ဖြေဖျောက်ပေးနေခြင်း ဖြစ်သည်။ ဤအဖြစ်ကြောင့် သူမ ဘယ်လိုလုပ် စိတ်မကြည်နူးဘဲ နေနိုင်မည်နည်း။

“ဟာသပဲ လောကကြီးကို ငြိမ်းချမ်းအောင် လုပ်ပေးချင်တဲ့ ယောက်ျားတစ်ယောက်က သားသမီးရဲ့ ချစ်ခြင်း မေတ္တာနဲ့ စိတ်ရှုပ်ထွေးနေလို့ ရမလား”

မင်းဆရာက ချက်ချင်း ပျက်ရယ်ပြုလေသည်။

“ကျားတောင်မှ ကိုယ့်သားသမီးကို ပြန်မစားဘူးတဲ့၊ ကိုယ့်မိန်းမနဲ့ ကလေးကိုတောင်မှ မချစ်နိုင်တဲ့ ယောက်ျား တစ်ယောက်ဆီကနေ လောကကြီးကို ချစ်မြတ်နိုးဖို့ မျှော်လင့်နေတာလား၊ ဖြစ်နိုင်လို့လား၊ ခင်ဗျား ပြောသလိုဆို တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်နိုင်ဖို့အတွက် ကိုယ့်မိသားစုကို ခွေးလိုဝက်လို သဘောထားတာ ပိုကောင်းတယ်ပေါ့ အဲ့လိုလား”

ယဲ့ဖန်က ခနဲ့၍ ပြန်ချေပလိုက်သည်။

“မင်း …”

မင်းဆရာ ဒေါသထွက်သွားသည်။ သူ့အား ဤသို့ ပြန်ခံပြောရဲသည့်သူနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ သို့သော် သူ ပြောစရာ စကားမဲ့နေ၏။

စစ်နတ်ဘုရားအိုကြီးနှင့် ရာချီသော မှူးမတ်များလည်း အံ့အားသင့်သွားကြသည်။ ဤနန်းတော်တွင်း၌ မင်းဆရာအား ကြက်သေ သေ၍ ပြန်မပြောနိုင်အောင် လုပ်နိုင်သည့်သူကို သူတို့ ယခုမှ တွေ့ဖူးကြလေသည်။

စစ်နတ်ဘုရားအိုကြီးတောင်မှ သူနှင့် ရန်စကား ဖက်ပြောရသေးသည်။ သို့သော် ယဲ့ဖန်က ပါးစပ်ဟလိုက်သည်နှင့် သူ့အား ငြိမ်ကျသွားအောင် လုပ်နိုင်နေ၏။ သို့သော် ယဲ့ဖန် ဆက်ပြောလိုက်သည့်စကားကြောင့် အားလုံး ပိုရင်တုန် သွားရသည်။

“ပါးစပ်ပိတ်ထား လူအိုကြီး၊ ကျုပ် ခင်ဗျားကို ပြောနေလို့လား၊ ခင်ဗျားက သူ့အတွက် ဝင်ဆုံးဖြတ်ပေးချင်တာလား၊ ခင်ဗျားက အင်ပါယာရဲ့ အရှင်သခင်လား ဒါမှမဟုတ် သူက အင်ပါယာရဲ့ အရှင်သခင်လား”

လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ အစောပိုင်းလေးတင် မင်းဆရာက စစ်နတ်ဘုရားအိုကြီးကို အထက်စီးဖြင့် ပြောခဲ့သည်။ ယခုအခါတွင်မူ ယဲ့ဖန်က သူ့ကို အထက်စီးဖြင့် ပြန်ပြောနေလေ၏။

စစ်နတ်ဘုရားအိုကြီးသည် ယဲ့ဖန်အား ခိုး၍ အမှတ်ပေးလိုက်မိသည်။ မင်းဆရာ ဘာမှမပြောသော်လည်း သူ၏ မျက်လုံးများက ခက်ထန်လာပြီး ယဲ့ဖန်အား အရှင်လတ်လတ် ဝါးစားချင်နေသည့်ပုံပင်။

လက်ရှိတွင် ယဲ့ဖန်က ပြုံး၍ အင်ပါယာ၏ အရှင်သခင်ဟူသော လူကို ကြည့်နေပြီး သူ၏အဖြေကို စောင့်နေသည်။ ယခုအချိန်၌ ပိုင်ကျန့်ချင်းသာ သူ့ကို သတ်မိန့် ပေးလိုက်ပါက လူအထင်သေးခံရပြီး ဧကရာဇ်ဟူသော ရာထူးပင် ဆုံးရှုံးရလောက်သည်။

လူအများက ပိုင်ကျန့်ချင်းက သဘောထား ကျဉ်းမြောင်းပြီး အခြားသူများ၏ ဩဝါဒကို နားမထောင်နိုင်သူဟု ဆိုကြ ပေလိမ့်မည်။ ထို့အပြင် သူ ယဲ့ဖန်ကို မသတ်လိုက်ပါက ပို၍ အရှက်ကွဲရပေလိမ့်မည်။

သူ သတ်၍လည်း မဖြစ်နိုင်သဖြင့် အံကြိတ်၍ ဒေါသကို မျိုချနေရသည်။ ယနေ့ အရှက်ကွဲခြင်းကို သူ သည်းခံနေရုံသာ တတ်နိုင်တော့သည်။

*ခင်ဗျားက သူတော်ကောင်းယောင်ဆောင်ရတာကို သဘောကျတယ်မလား*

*ခင်ဗျားက ချစ်တတ်တဲ့အဖေအဖြစ် ဟန်ဆောင်ရတာကို ကြိုက်တယ် မဟုတ်လား*

*ခင်ဗျား လူကြီးလူကောင်းအဖြစ် ဟန်လုပ်နေရတာကို သဘောကျတယ်မလား*

*ဒါဆိုရင် ကျုပ် ခင်ဗျား ဟန်ဆောင်နေတာတွေကို ခွာချပစ်မယ်၊ ဧကရာဇ်ဆိုတဲ့ ခင်ဗျားရဲ့ သိက္ခာကို နင်းချေ ပြမယ်*

*ငါ့အမျိုးသမီးကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို ပြန်ပေးဆပ်ရမယ်*

ယဲ့ဖန်၏ လက်ထဲ၌ သေဆုံးသွားရသည့် ဧကရာဇ်များက မရေတွက်နိုင်အောင် များပြားလှသည်။ အချိန် အတော် ကြာပြီးနောက် ပိုင်ကျန့်ချင်းက သက်ပြင်းချ၍ အမိန့်ပေးလိုက်သည်။

“ငါကိုယ်တော် မင်းကို ဆုချမယ်”

အရာရှိများအားလုံး ထိတ်လန့်သွားပြီးနောက် စိတ်ထဲ၌ လေးစားသွားကြသည်။

*ဧကရာဇ်က တော်တော် ဉာဏ်ထက်တာပဲ၊ တစ်ဖက်လူက ဆိုးရွားနေတာတောင် သည်းခံနိုင်တယ်*

သို့သော် ယဲ့ဖန်ကလည်း မချိုမချဉ် ပြုံးလိုက်သည်။ ယခုအချိန်မှစ၍ သူနှင့် ဧကရာဇ်တို့၏ ရန်ငြှိုးက မပြေနိုင် တော့မှန်း သူ သိလိုက်လေသည်။

All Chapters