← Chapters

ဒီနေ့က အစပဲ ရှိသေးတယ်

Vol. 81-85 Ch. 1254

ဒီနေ့က အစပဲ ရှိသေးတယ်

Vol. 81-85 Ch. 1254

ညနေခင်း၌ ပိုင်ကျန့်ချင်းသည် တမင်သက်သက် ယဲ့ဖန်အတွက် အောင်ပွဲခံသည့် ညစာစားပွဲ ကျင်းပပေး လေသည်။

“မင်း ရူးနေလား”

ထောင့်တစ်နေရာ၌ စစ်နတ်ဘုရားအိုကြီးက အသံတိုးတိုးဖြင့် ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုး ငေါက်ငမ်းနေသည်။

ပိုင်ကျန့်ချင်း၏ အကျင့်စရိုက်ကို သူ့ထက်ပို၍ မည်သူမှ မသိနိုင်ပါ။ သူ၏ ခွင့်လွှတ်မှုသည် အပြင်ပန်းသာ ဖြစ်ပြီး သူသည် အတွင်းစိတ်၌ သဘောထား ကျဉ်းမြောင်းသူ ဖြစ်လေသည်။

ပိုင်ကျန့်ချင်းသည် ပေါ်တင် မျက်နှာဖုံး ခွာချမခံသလို စိတ်ဆိုးခြင်းလည်း မရှိပေ။ ဤသည်က သူ ယဲ့ဖန်ကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ရည်ညွှန်းနေ၏။

ယဲ့ဖန်သည် သူ့အား ချောင်ပိတ်မိအောင် လုပ်နိုင်သည့် ပထမဆုံးသူပင်။ ထို့ကြောင့် သူသည် ယဲ့ဖန်အား ရှစ်ပိုင်းပိုင်းရန် မစောင့်နိုင်တော့ချေ။

ဤသည်ကြောင့် စစ်နတ်ဘုရားအိုကြီး စိုးရိမ်နေရသည်။ သူ့စကားကို ကြားသော် ယဲ့ဖန်က ဂရုမစိုက်သကဲ့သို့ အသာပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ် လူတစ်ယောက်အတွက်နဲ့ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်သလို လူတစ်ယောက်အတွက် နိုင်ငံကိုလည်း ဖျက်ဆီးနိုင်တယ်”

ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် စစ်နတ်ဘုရားအိုကြီးကို သူ ပြန်ကြည့်လေသည်။ စစ်နတ်ဘုရား အိုကြီးသည် ရုတ်တရက် ချောက်နက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားသည်။ မမြင်ရသော ဖိအားတစ်ခုက သူ့ကို ဖိနှိပ်လာသလိုပင်။ ထိုအဖြစ်က သူ့အား အလွန် ထိတ်လန့်သွားစေ၏။

*ဒီကောင် … သူ ဘယ်သူလဲ*

စစ်နတ်ဘုရားအိုကြီးသည် သူ၏ စကားကို ကြားပြီးနောက် ဘာကိုမှ ဂရုမစိုက်တတ်သည့် အမူအရာကို ကြည့်ပြီး တစ်ခဏမျှ ကြက်သီးထသွားသလို ခံစားလိုက်ရသည်။ သူ အခန်းထဲသို့ ဝံပုလွေ ခေါ်သွင်းလိုက်မိသည် ဟူသည့် ခံစားချက်မျိုး ရနေ၏။ ဘုရားသခင်ကပင် သူ့ကို မောင်းထုတ်ရန် ခက်လိမ့်မည်ဟု ခံစားမိနေလေသည်။

“ဘယ်သူ့အတွက်လဲ”

စစ်နတ်ဘုရားအိုကြီးက သံသယဖြင့် မေးလိုက်သည်။ ယဲ့ဖန်က ခပ်လှမ်းလှမ်းမှ ဆာလောင်နေသော တစ္ဆေသဖွယ် ပါးစပ်ထဲ အစားအစာ သွပ်သွင်းနေသည့် ပိုင်ရွှယ်ကို လှမ်းကြည့်လိုက်ပြီးနောက် အကြည့်များက နူးညံ့လာသည်။

“သူလား”

စစ်နတ်ဘုရားအိုကြီးက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူတို့နှစ်ယောက် အချင်းချင်း သိတာ ကြာနေပြီလား*

“သူ ပျော်မယ်ဆိုရင် ကျုံးကျိုး အင်ပါယာ သာယာလိမ့်မယ်၊ သူ မပျော်ဘူးဆိုရင်တော့ ကျုံးကျိုး အင်ပါယာက ကြေးချွတ် သန့်စင်ဘုံ ဖြစ်လာလိမ့်မယ်”

ယဲ့ဖန်က ထိုစကားများကို အေးစက်စွာ ပြောလိုက်ပြီးနောက် စကားပြောရန် စိတ်မပါတော့သဖြင့် စစ်နတ်ဘုရား အိုကြီးနားမှ ထွက်လာလိုက်သည်။

စစ်နတ်ဘုရားအိုကြီးသည် မချိပြုံးသာ ပြုံးလိုက်ရပြီး စိတ်ထဲ၌ ယဲ့ဖန် အကြီးအကျယ် ပြဿနာ မရှာပါစေနဲ့ ဟုသာ ဆုတောင်းနေမိသည်။

“မင်းက အဲ့အရိုင်းအစိုင်း မျိုးစေ့လား”

ပိုင်ရွှယ် စားသောက်နေစဉ်တွင် ပိုင်ရွှယ်နှင့် သက်တူရွယ်တူ ကလေးတစ်သိုက်က အနားသို့ စုဝေး ရောက်ရှိ လာပြီး သူမအား အထင်သေးစွာ ကြည့်လာကြသည်။

ပိုင်ရွှယ်၏ ချစ်စဖွယ် မျက်နှာလေးက အေးခဲသွားပြီး သူမမျက်ဝန်း၌ အေးစက်စက် အရိပ်တစ်ခု ဖြတ်ပြေး သွားသည်။ သူမ ဤနေရာမှ ထွက်သွားချင်သဖြင့် ထရပ်လိုက်သည်။

သို့သော် ဤကလေးများက သူမကို အလွတ်မပေးရန် စိတ်ဆုံးဖြတ်ထားပုံရပြီး ရှေ့တိုး၍ သူမလမ်းကို ပိတ်ဆို့ လာသည်။ ဖက်တီးတစ်ယောက်က ညစ်ကျယ်ကျယ် ပြုံးလာ၏။

“မင်းအမေက တောသူမှန်း ငါ သိတယ်၊ သူ့ရဲ့ အဆင့်အတန်းမရှိတဲ့သွေးတေါက မင်းဆီမှာ စီးဆင်းနေတာပဲ၊ မင်းရုပ်က တော်တော်ဆိုးတယ်၊ ဒါ မင်း သူ့ဆီက အမွေရထားတာ ဟုတ်တယ်မလား”

“မင်းလို ရုပ်ဆိုးမက ချောင်တစ်ချောင်မှာ ပုန်းမနေဘဲ လူလုံးထွက်ပြရဲတာလား၊ မင်းအမေက မိန်းမပျက်ဆိုတာကို တခြားသူတွေ မသိမှာစိုးရတယ်၊ မင်းက နဂါးတစ်ကောင်၊ ဖီးနစ်တစ်ကောင် ဖြစ်ချင်လို့ အမြင့်ကို မှန်းနေ တာလား”

“သူ့မှာ မြေခွေးလို မျက်နှာမျိုး ရှိတယ်၊ သူ့အမေ မြေခွေးမဆီက အမွေရတာပဲ ဖြစ်မယ်၊ နင့်အမေက စက်ရုံ မြေအောက်ခန်းမှာ သေသွားတယ်လို့ ငါ ကြားဖူးတယ်၊ ဒါ တော်တော် အရှက်စရာကောင်းတဲ့ သေခြင်းတရားပဲ”

တော်ဝင်မျိုးနွယ်မှ ဤကလေးများသည် ကလေးဘဝကတည်းက အာဏာကို မက်မော တောင့်တပြီး သူတို့၏ စိတ်ထဲ၌ သူတို့က အခြားသူများထက် သာလွန်သည်ဟု မှတ်ယူထားကြသည်။ သူတို့သည် ကလေးအရွယ်များ ဖြစ်သော်လည်း ရင့်ကျက်နေကာ လူအများကို စော်ကားအနိုင်ကျင့်ပြီး လူကြီးတစ်ယောက်၏ ရက်စက် ကောက်ကျစ်မှုမျိုးကို ပြသကြသည်။

သူမအမေအား စော်ကားသည့် စကားများကို ကြားပြီးနောက် ပိုင်ရွှယ် မျက်မှောင်ကြုတ်သွားပြီး ဂရုမစိုက်သလို ပြောလိုက်သည်။

“နင်တို့ ပြောလို့ပြီးပြီလား”

ကျုံးကျိုး အင်ပါယာလက်အောက်ရှိ နိုင်ငံများမှဖြစ်သော မင်းသားများနှင့် မင်းသမီးများသည် သူတို့၏ ခနဲ့စကား များက မထိရောက်ကြောင်း ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားပြီး မပျော်မရွှင် ဖြစ်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် ပိုင်ရွှယ်သည် အသက်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် အရွယ်လေးနှင့် အင်ပါယာကို အုပ်ချုပ်မည့်သူအဖြစ် သတ်မှတ်ခံရပြီး သူတို့မိဘများက သူမကို ဥပမာပေး၍ သူတို့ကို ပိုမို ကြိုးစားရန် စေ့ဆော် ကြသဖြင့် သူတို့သည် တစ်ခါမှမမြင်ဖူးသော ဤမင်းသမီးလေးအား မုန်းတီးနေ၏။ ထို့ကြောင့် သူမကို တွေ့သည်နှင့် သူတို့ ရန်စကား ပြောသည်က သဘာဝပင်။

သို့သော် ပိုင်ရွှယ်က မကြားသယောင်ပြုကာ သူတို့ကို လုံးဝ လျစ်လျူရှုထားပြီး သူတို့အား အရူးကို ကြည့်သကဲ့ သို့သာ ကြည့်နေသည်။

သူတို့၏စိတ်က အသက်ထက် ပိုရင့်ကျက်သော်လည်း ဘယ်လိုလုပ် ပိုင်ရွှယ်ကို ယှဉ်နိုင်မည်နည်း။ သူမသည် ဒေါသထွက်ကြောင်း မပြသော်လည်း သူတို့ကို သေချာကြည့်၍ တစ်ယောက်ချင်းစီ၏ မျက်နှာကို စိတ်ထဲ၌ စွဲနေအောင် မှတ်ထားလေသည်။

ရည်မှန်းချက် ကြီးမားသော ယောက်ျားတစ်ယောက်အတွက် လက်စားချေရန် ဆယ်နှစ်မျှ စောင့်လည်း နောက်မကျဟု ဆိုသလိုပင်။ ထိုစကားက အမျိုးသမီးများအတွက်လည်း အတူတူပင် ဖြစ်သည်။

တစ်နေ့တွင် သူမ ဤမောက်မာသော တော်ဝင်မျိုးနွယ်များအား သေသည်ထက်ဆိုးသော ဘဝမျိုးအား ခံစားရအောင် လုပ်ပေးပေမည်။

“ပြောလို့ပြီးရင်လည်း သွားကြတော့”

ပိုင်ရွှယ်က ရှေ့တိုး၍ ထွက်သွားရန် ပြင်သော်လည်း သူတို့၏ ထပ်မံ တားဆီးခြင်း ခံလိုက်ရပြန်သည်။ ထိုဖက်တီး ကောင်က ပေါ်ပေါ်တင်တင် လှောင်ရယ်လိုက်ပြီး သုန်မှုန်၍ ခက်ထန်နေသော သူ့မျက်လုံးက အသက်နှင့်ပင် မလိုက်ချေ။ သူသည် ပိုင်ရွှယ်အား အေးစက်စွာ ကြည့်၍ စကားနှစ်ခွန်း ပြောလိုက်သည်။

“ဒူးထောက်”

ပုလ္လင်ပေါ်မှ ပိုင်ကျန့်ချင်းနှင့် နိုင်ငံများစွာမှ သံတမန်များသည် အချင်းချင်း စကားစမြည် ပြောဆိုနေကြရင်းနှင့် အားလုံး၏ မျက်လုံးများက ပိုင်ရွှယ်ဘက်သို့ ရောက်လာသည်။ သို့သော် သူတို့သည် တစ်ချက်မျှကြည့်ပြီး မမြင်သယောင် ပြုသွားကြသည်။

“ငါက အင်ပါယာရဲ့ တတိယ မင်းသမီးပဲ၊ နင်ကများ ငါ့ကို ဒူးထောက်ခိုင်းရဲသလား”

ပိုင်ရွှယ်၏ လေသံက မသိမသာ အေးစက်လာ၏။ ယနေ့ သူမ ဒူးမထောက်လျင် ဤလူများက သူမကို အေးအေး ဆေးဆေး ထွက်သွားခွင့် ပေးမည်မဟုတ်ကြောင်း သူမ သိနေသည်။

သို့သော် သူမ ဘယ်လိုလုပ် လိုက်လုပ်နိုင်မည်နည်း။ တစ်လောကလုံး၏ အငြိုးနှင့် ရင်ဆိုင်ရသော်လည်း ခေါင်းမငုံ့ ခဲ့သော ပိုင်ရွှယ်က ဘယ်လိုလုပ် အမွေးပင် မပေါက်သေးသည့် ကလေးတစ်သိုက်ကို ဦးညွှတ် ရမည်နည်း။

“သောက်ချီးကို တတိယမင်းသမီး၊ မင်းက အရိုင်းအစိုင်း မျိုးစေ့ပဲ၊ မင်းလို အောက်တန်းစားက နန်းပုလ္လင်ပေါ် ထိုင်နိုင်မယ်လို့ တကယ် ထင်နေလား”

ဖက်ဆီးက လှောင်ရယ်လေသည်။ သူသည် လေ့ယန် မြက်ခင်းလွင်ပြင်ဒေသ၏ မင်းသားဖြစ်ပြီး ရီဆုဟု ခေါ်တွင် လေသည်။ လေ့ယန် နိုင်ငံသည် အင်အားကြီးကာ ရက်စက် ကြမ်းကြုတ်ပြီး သူသည်လည်း မည်သည့် မင်းသား၊ မင်းသမီးနှင့်မဆို တိုက်ခိုက်ရဲသည့် ယုံကြည်ချက် ရှိလေသည်။ ထို့အပြင် ပိုင်ရွှယ်သည် မြင့်မြတ်သော မင်းသမီးတစ်ပါး မဟုတ်ပေ။

လေ့ယန် နိုင်ငံတော်သည် ဤလောက၌ နေနှင့်အနီးဆုံး မြက်ခင်းလွင်ပြင် ဒေသဖြစ်ပြီး လေ့ယန် နိုင်ငံသားများသည် သူတို့ကိုယ်သူတို့ နေမင်း၏ သားတော်ဟု ခေါ်ဆိုကြသည်။ သူတို့သည် မွေးကတည်း နေမင်းထံမှ ပေါကြွယ်ဝသော ယန်စွမ်းအင် ရရှိသဖြင့် အခြားသူများထက် သူတို့၏ ယန်စွမ်းအင်က ပိုအစွမ်းထက် လေသည်။

ထို့ကြောင့် လေ့ယန် နိုင်ငံသားများ အားလုံးသည် ရဲရင့်၍ အတိုက်အခိုက် တော်ကြသည်။ သူတို့နိုင်ငံမျ အမျိုးသမီးများတောင်မှ ကျန်းမာကြံ့ခိုင်၍ မြင်းစီးစစ်သည်တော်များအဖြစ် စစ်ပွဲ၌ ပါဝင်ရဲလေ၏။

လေ့ယန် နိုင်ငံသည် ကျုံးကျိုးအင်ပါယာ၏ ကပ်လျက် အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး ၎င်း၏ နယ်နိမိတ်က ကျုံးကျိုး အင်ပါယာ၏ ဆယ်ပုံတစ်ပုံပင် မရှိပေ။ သို့သော် ၎င်း၏ အင်အားက အလွန် ကြီးမားပြီး တိုက်ပွဲဝင်ခွန်အားက ကျုံးကျိုး အင်ပါယာထက် သုံးဆမျှ ပိုကြီးမားသည်။

ပိုင်ရွှယ်သည် သူမအင်္ကျီစကို တင်းနေအောင် ဆုပ်ထားပြီး မျက်နှာတစ်ပြင်လုံး ဒေါသကြောင့် နီမြန်းနေ၏။

“မင်း ဒူးမထောက်ချင်လည်း ရတယ်၊ ငါနဲ့ အိပ်ပေး၊ မင်းလို အရိုင်းအစိုင်းမျိုးစေ့ကို ငါ့ရဲ့ ဆယ့်ရှစ်ယောက်မြောက် ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ဖို့ ငါ ဝန်မလေးပါဘူး”

ရီဆုက အားရသလို ရယ်မောနေ၏။ သူသည် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း ထိုအရွယ်သည် လေ့ယန် နိုင်ငံ၌ စစ်ပွဲသို့ သွားနိုင်သော လူကြီးတစ်ယောက်၏ အရွယ်ဟု သတ်မှတ်ထားကြသည်။ ထို့ကြောင့် သူသည် မိန်းမ ဆယ့်ခုနစ်ယောက်တိတိ ယူထားပြီး ယခု ပိုင်ရွှယ်ကို မျက်စိကျနေ၏။

ပိုင်ရွှယ်၏ မျိုးရိုးက နိမ့်ကျသော်လည်း သူမက သူမတူအောင် လှပသဖြင့် နောင်လေ့ယန်ဘုရင်ဖြစ်မည့် သူ၏ ကိုယ်လုပ်တော် ဖြစ်ထိုက်သည်ဟု တွေးထားသည်။

ထိုသို့ပြောပြီးသည်နှင့် ရီဆုက လက်ဆန့်၍ ပိုင်ရွှယ်၏ ရင်ဘတ်ကို ကိုင်တွယ်ရန် ကြိုးစားလေသည်။ အတင့်ရဲ ရိုင်းပျလွန်းလှသည်။ ပိုင်ရွှယ်ကို သူ၏ ကိုယ်လုပ်တော်အဖြစ် ကောက်ယူခြင်းက သူမကဲ့သို့ အရိုင်းအစိုင်းအတွက် ဂုဏ်ယူစရာဟု သတ်မှတ်ထားလေသည်။

“ဖြောင်း”

သို့သော် ရီဆုသည် ပါးရိုက်ခံလိုက်ရပြီး ပါးရိုက်သံက နန်းတော်တစ်ဝိုက် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အားလုံး၏ မျက်လုံးများက သူတို့ဘက်သို့ ချက်ချင်း ရောက်လာပြီး သေးသွယ်သော ပုံရိပ်လေးအား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။

နိုင်ငံများစွာမှ မင်းသားနှင့် မင်းသမီးများ မှင်တက်သွားသည်။ ပိုင်ရွှယ်က ဤမျှ အတင့်ရဲလိမ့်မည်ဟု သူတို့ ထင်မထားသလို လေ့ယန်နိုင်ငံ၏ ဘုရင်လောင်းဖြစ်သော ရီဆုအား ရန်ပြုရဲလိမ့်မည်ဟု မျှော်လင့်မထားမိကြပေ။

အထူးဧည့်သည်တော် စားပွဲမှ လေ့ယန် နိုင်ငံ၏ သံတမန်များ ချက်ချင်း မျက်နှာ မည်းမှောင်သွားသည်။ တစ်ချိန်တည်းမှာပင် ပိုင်ကျန့်ချင်း၏ မျက်လုံး၌ ဒေါသရိပ်များ ဖြတ်ပြေးသွားလေသည်။

ပါးရိုက်လိုက်သည့်လူက ပထမမင်းသမီးနှင့် ဒုတိယမင်းသားသာ ဖြစ်နေပါက သူ ဤသို့သော အမူအရာမျိုး ဖြစ်လာမည် မဟုတ်ပါ။ သို့သော် ထိုသို့လုပ်သူက ပိုင်ရွှယ် ဖြစ်နေသဖြင့် ဘယ်သူ မှားမှား၊ မှန်မှန် ပိုင်ရွှယ်၏ အမှားဟုသာ သူ ထင်နေလေသည်။

“ခွေးမ နင်ကများ ငါ့ကို ရိုက်ရဲတယ်လား”

ရီဆုသည် တစ်ခဏမျှ အံ့ဩနေပြီးမှ အသိဝင်ကာ ဒေါသထွက်နေသော မျက်နှာနှင့် ပိုင်ရွှယ်၏ ပါးကို ရိုက်နှက်ရန် လက်ကို လွှဲချလိုက်သည်။

“ဖြောင်း”

သို့သော် ရီဆုသာ နောက်တစ်ကြိမ် ပါးရိုက်ခံလိုက်ရသည်။ ယခုတစ်ခေါက်တွင်မူ သူ လွင့်ထွက်သွားပြီး နံရံနှင့် ဝင်ဆောင့်ပြီးမှ ပြန်ပြုတ်ကျလာ၏။

သူ၏ ညာဘက်မျက်နှာတစ်ခြမ်းလုံး ရောင်ကိုင်းကာ အရိုးများ ကြေမွပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည်။ ထို့နောက် ရီဆု သွေးအန်လာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း ပိုင်ရွှယ်အနားမှ မာန်အပြည့်နှင့် ရပ်နေသော အမျိုးသားကို အလန့်တကြား ကြည့်လိုက်မိကြသည်။

*ဒီအရူးက လေ့ယန်ဘုရင်ရဲ့ အချစ်ဆုံးသားကို တိုက်ခိုက်ရဲလိမ့်မယ်လို့ ထင်မထားမိဘူး၊ ဒီကောင် သေချင်နေ တာလား*

*ဒီကောင်က နှစ်နိုင်ငံကြား စစ်ပွဲဖြစ်အောင် ရန်စချင်နေတာလား*

ပိုင်ရွှယ်သည် အရိုက်ခံရရန် စိတ်ကိုပြင်ဆင်ထားပြီး ကြောက်စိတ်ကြောင့် မျက်လုံးပင် မှိတ်ထားမိသည်။ သို့သော် သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူမ စိတ်ပျက်သောလူက ဘေးနား၌ ကြောက်စရာကောင်းသော အမူအရာနှင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန်၏ မျက်လုံးများက တောက်ပနေပြီး အသက်ရှူသံက နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်နေ၏။

“သူ မင်းကို ရိုက်ရဲရုံတင်မကဘဲ သတ်ပါသတ်ရဲတယ်ဆိုရင် မင်း ယုံသလား”

တစ်ဖက်လူက အသက်မပြည့်သေးသော ကလေးတစ်ယောက်ပင် ဖြစ်လင့်ကစား၊ သူ၏ အမျိုးသမီးကို ထိရဲသဖြင့် အခါတစ်ထောင်မက သေသင့်ပေသည်။ လူတိုင်း ဆူညံ ပွက်လောရိုက်ကာ ကြက်သီးတဖြန်းဖြန်း ထလာကြသည်။

*သွားပြီ၊ ဒီတစ်ခါတော့ ပြဿနာက မိုးမီးလောင်ပြီ*

*သူက လေ့ယန်ဘုရင်ရဲ့ သားတော်ကို ရိုက်ရုံတင်မကသေးဘဲ သတ်မယ်လို့တောင် ခြိမ်းခြောက်လိုက်တယ်*

“ကြီးမြတ်တဲ့ နေဘုရင်ကို စော်ကားရဲတယ်ပေါ့လေ၊ မင်း သေသင့်တယ်ကွ”

“သူ့ကိုသတ်”

လေ့ယန်နိုင်ငံတော်မှ ရဲရင့်သော စစ်သည်တော်တစ်ဖွဲ့က ယဲ့ဖန်ထံ ပြေးဝင်လာကြသည်။ လေ့ယန် နိုင်ငံသားများသည် သူတို့၏ ဘုရင်အား လေ့ယန်ဘုရင်ဟု မခေါ်ဘဲ နေဘုရင်ဟုသာ ခေါ်ဝေါ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့ နေမင်း၏ သားတော်ဟု ခေါ်ဆိုကြသဖြင့် သူတို့၏ ဘုရင်ကိုလည်း နေဘုရင်ဟုသာ သတ်မှတ်ကြသောကြောင့်ပင်။

ရီဆုသည် နန်းပုလ္လင်ကို ဆက်ခံရမည့် ဘုရင်လောင်း ဖြစ်ပြီး မြင့်မားသော အဆင့်အတန်း ရှိလေသည်။ သို့သော် ယခု သူက ဒဏ်ရာ အပြင်းအထန် ရသွားသဖြင့် သူတို့ ဘယ်လိုလုပ် ငြိမ်ခံနိုင်မည်နည်း။

ဤသည်ကိုမြင်ပြီး လုံခွေနှင့် အခြားသူများက ကူညီရန် ပြင်လိုက်သော်လည်း စစ်နတ်ဘုရား၏ ကြိမ်းမောင်းခြင်း ခံလိုက်ရသည်။

“ဒီလောက်နဲ့တင် ပြဿနာတက်တာ မလုံလောက်သေးလို့လား”

“ဒါပေမဲ့ …”

“ဘာကို ဒါပေမဲ့လဲ၊ ဒီနတ်ဆိုးကို ဟန့်တားနိုင်မယ့်လူ လောကမှာ ရှိသေးတယ်လို့ မင်းတို့ ထင်နေတာလား”

ထိုစကားအဆုံးတွင် လုံခွေနှင့် အခြားသူများ စိတ်တည်ငြိမ်သွားကြသည်။ မည်သူမှ ယဲ့ဖန်ကို ထိခိုက်အောင် လုပ်နိုင်မည့်ပုံ မပေါ်ချေ။ စစ်နတ်ဘုရားအိုကြီးက ရန်ပွဲရှိရာသို့ လှမ်းကြည့်၍ စိတ်ဆိုးမာန်ဆိုး ညည်းတွား လေသည်။

“ဒီသူတောင်းစားက ရက်နည်းနည်းလေးနဲ့ အင်ပါယာကို နှစ်ခါတိတိ ကိုင်လှုပ်နေပြီ”

ရုတ်တရက်ဆိုသလိုပင် သတ်ဖြတ်လိုသော အငွေ့အသက်ဆယ်ခုကျော်က ယဲ့ဖန်ကို ဝန်းရံလာ၏။ သူ့အား ဝိုင်းတိုက်လာသည့် လူများသည် ဘုရင်အဆင့်သို့ ရောက်နေသူများ ဖြစ်ကြသည်။

ပိုင်ရွှယ်၏ မျက်နှာလေး ဖြူရော်သွားပြီး အလွန် ကြောက်လန့်လာသဖြင့် ယဲ့ဖန်၏ လက်ကို မရည်ရွယ်ဘဲ ဆုပ်ကိုင် လိုက်မိသည်။

ထိုအရှိန်အဝါက သူမအား ရူးမတတ် ဖြစ်သွားစေသည်။ သို့သော် ယဲ့ဖန်က သူတို့ကို မမြင်သယောင်ပြုကာ ဆောင့်ကြောင့်ထိုင်ချ၍ သူမမျက်နှာကို အသာဆွဲဆိတ်လေသည်။

“မကြောက်နဲ့ …”

ဤမြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားသည်။

*ယဲ့ဖန်က ရန်သူကို တကယ် ကျောပေးလိုက်တာလား*

*အရူး*

*အသက်မရှင်ချင်တော့တဲ့ အရူးပဲ*

ထိုအခိုက်တွင် ယဲ့ဖန်က ဆက်ပြောလေသည်။

“မကြောက်နဲ့ မျက်လုံးကိုဖွင့်ပြီး သေချာကြည့်ထား၊ တစ်နေ့ကျရင် ငါ မင်းအတွက် အားလုံးကို သတ်ပေးမယ်”

“ဒီနေ့က အစပဲ ရှိသေးတယ်”

All Chapters