အတားအဆီးစွမ်းအား
Vol. 33 Ch. 495
စုမိုနှင့်မိုဝမ်လီတို့ ပြိုင်ပွဲစင်အောက်ရောက်ချိန်တွင် လူတစ်ယောက် စိုးရိမ်ထိတ်လန့်နေဟန်ဖြင့် အပြေးရောက်လာသည်။
မိုးကြိုးမီးတောက်ဂိုဏ်းချုပ်ဖြစ်သည်။ ချက်ချင်းပပင် စုမိုကို စိုးရိမ်တကြီးမေးသည်။
"ဆရာ၊ အဆင်ပြေရဲ့လား"
"ဆရာ..ဟုတ်လား"
မိုဝမ်လီ တွေးရခက်သွားသည်။ အခြေအနေကို သူနားမလည်တော့"
"ဒါငါ့ရဲ့ဆရာ မင်းရဲ့ဘိုးဘေးပဲ"
ဂိုဏ်းချုပ်က သိစိတ်အာရုံမှတစ်ဆင့် မိုဝမ်လီကို ရှင်းပြသည်။
"ဘိုးဘေးဆရာလား။ သူသေသွားပြီလို့ ဆရာပြောခဲ့တယ်မဟုတ်လား"
မိုဝမ်လီ အကြီးအကျယ် အံ့ဩသွားသည်။
ခုနက စုမိုကို သူသိပ်အမြင်မကြည်ခဲ့။
"ဒါက အပြင်လောကကို ဖြန့်ထားတဲ့သတင်းပါ။ တကယ်တော့ မင်းရဲ့ဘိုးဘေးဆရာက ကူးဖြတ်ခြင်းအဆင့်ရောက်အောင် တက်ချင်လို့ ကျင့်စဉ်ဖျက်ဆီးပြီး အစကပြန်ကျင့်ကြံခဲ့တာ။ အစောပိုင်းနှစ်တွေက သူ့မှာရန်သူနည်းနည်းရှိခဲ့တယ်။ ဒါကြောင့် လက်စားချေမခံရအောင် ခပ်လျိုလျိုနေခဲ့တာ။ ဒါကြောင့် သူသေပြီလို့ လူတိုင်းကို ငါတို့ပြောခဲ့တာပါ"
"ဒါပေမယ့် ဘိုးဘေးဆရာကို ကျုပ်တိုက်ခိုက်မိမတတ်ဖြစ်ခဲ့တယ်လေ။ ဆရာကျုပ်ကို ကြိုမပြောခဲ့ဘူးလေ"
မိုဝမ်လီ သူ့ဆရာမိုးကြိုးမီးတောက်ဂိုဏ်းချုပ်ကို နည်းနည်းအလိုမကျဖြစ်သွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းသာ ဝင်မလာခဲ့လျှင် ဘိုးဘေးဆရာနှင့် သူတကယ်တိုက်ခိုက်မိခဲ့လိမ့်မည်။
မိုးကြိုးမီးတောက်ဂိုဏ်းချုပ်က အပြစ်တင်သည်။
"အဲဒါက လျှို့ဝှက်ချက်ကို မင်းမထိန်းနိုင်လောက်လို့လေ။ ပြိုင်ပွဲစင်ပေါ်မှာ မင်းအမူအရာပျက်မှာ ငါစိတ်ပူလို့ကွ။ ခုနက ဂိုဏ်းသခင်လုပြောတာမမှားဘူး။ မင်းမိုးကြိုးပညာကို ပြန်ကြည့်စမ်း။ စမ်းချောင်းတစ်ခုလို နှစ်ခုကွဲသလို ပြန့်ကျဲနေတာ။ မင်းတံခါးပိတ်ကျင့်ကြံပါ။ ဒီပညာမကျွမ်းကျင်မချင်း ထွက်မလာနဲ့"
မိုဝမ်လီ မျက်နှာဖြူရော်သွားသည်။
"ကဲပါ ကဲပါ...မျိုးဆက်သစ်လေးတွေကို ကြောက်လန့်အောင်မလုပ်ပါနဲ့။ ရှောင်မိုက အတော်စွမ်းအားကြီးပါတယ်။ ဒီတစ်ခါ သူ့ပြိုင်ဘက်က သူ့ထက်ပိုပြီးစွမ်းအားကြီးနေလို့ပါ။ ငါတို့ဂိုဏ်းကိုပြန်ရောင်ရင် မင်းကိုငါ လမ်းညွှန်ချက်တစ်ချို့ ပေးပါ့မယ်"
စုမိုက ကြားဝင်ဖျန်ဖြေသည်။ မိုဝမ်လီကို သူအတော်ကျေနပ်သည်။ အလားအလာကောင်းသည့် ပါရမီရှင်တစ်ယောက်ဟု မြင်သည်။
မိုးကြိုးမီးတောက်ဂိုဏ်းချုပ်က အလိုမကျဟန်ဖြင့် သူ့ဆရာကိုကြည့်သည်။
"အရင်တုန်းက ဆရာကျုပ်ကို အဲလိုမဆက်ဆံခဲ့ပါဘူး"
.......
ပြိုင်ပွဲစင်အောက်တွင် ကောင်းကင်ဘုရင်ငါးယောက် စွမ်းအင်ရောင်များထုတ်လွှတ်၍ တစ်ခြားလူများ အနားသို့ကပ်မလာအောင် သတိပေးနေသည်။ သို့သော် ပရိတ်သတ်၏ စပ်စုလိုစိတ်က ပိုပြင်းထန်လာသည်။
"ဒီကောင်းကင်ဘုရင်ငါးယောက်က ကြောက်စရာပဲ။ သူတို့အနားကိုရောက်တာနဲ့ ငါကြက်သီးထလာတယ်"
"ဘယ်သူမကြောက်ဘဲနေမလဲ။ သူတို့က ရှေးဟောင်းခေတ်အင်အားကြီးဂိုဏ်းက လူတွေပါ။ ရှေးဟောင်းခေတ်မှာတုန်းက အသက်တွေဟာ တန်ဖိုးမရှိဘူး။ သူတို့လက်ထဲ အသက်ပေါင်းဘယ်လောက် အဆုံးသတ်ခဲ့မလဲ မသိနိုင်ဘူးလေ"
"တိုးတိုးပြောပါကွ...သူတို့ကြားသွားလိမ့်မယ်"
"ငါတို့က သိစိတ်အာရုံနဲ့ ဆက်သွယ်နေတာတွေ။ သူတို့မကြားလောက်ပါဘူး"
"ဆင်ခြင်တာအကောင်းဆုံးပဲ။ သိစိတ်အာရုံလှိုင်းတွေ ခိုးနားထောင်တဲ့ ရှေးဟောင်းပညာမျိုး သူတို့တတ်နေမလား မပြောနိုင်ဘူး။ အဲဒီ့ငါးယောက်ကိုကြည့်ပါ။ သူတို့လူသတ်ရိပ်က အစိုင်အခဲဖြစ်တော့မလားမှတ်ရတယ်။ သူတို့သာ မင်းကိုပစ်မှတ်ထားလာရင် မင်းသက်တမ်းကုန်ပြီလို့သာ မှတ်လိုက်တော့"
"အခုမင်းပြောနေတဲ့စကားတွေက ပိုပြီးအန္တရာယ်များတယ်ကွ"
.....
ကာကွယ်သူငါးယောက် ကျောက်ရုပ်များလို ရပ်နေသည်။ သူတို့စိတ်များ ကြည့်လင်ရှင်းလင်းသည်။ အရယ်အပြုံးကင်းသည်။ ပျော်ရွှင်ရိပ် ဝမ်းနည်းရိပ်မရှိ။
"ယာယီဂိုဏ်းချုပ်ရဲ့စိတ်ကူးက မဆိုးဘူးကွ။ ကိုယ်ပိုင်နယ်မြေကပြိုင်ပွဲကို အခွင့်ကောင်းယူပြီး ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂုဏ်ကိုဖော်ထုတ်တာ။ ဒီတစ်ခါ ငါတို့ဂိုဏ်းရဲ့ဂုဏ်သတင်း သေချာပေါက်ပြန့်သွားမှာပဲ။ နတ်ဆိုးဂိုဏ်းတွေ ရှေးဟောင်းကျင့်ကြံသူတွေတောင် အားကျနေကြမှာ သေချာတယ်"
မဟာအကြီးအကဲချင်ကျိုးနန်က သိစိတ်အာရုံမှ ဝမ်းသာအားရပြောသည်။ သူတို့စပေါ်လာချိန်တွင် အားလုံး၏မျက်နှာမှ အံ့ဩရိပ်၊ ထိတ်လန့်ရိပ်များကို ရှင်းလင်းစွာမြင်ခဲ့ရသဖြင့် အတ်ောကျေနပ်နေသည်။
"ငါတို့အကြောင်း ပေါ်သွားနိုင်လား"
လောင်ပါးက စိတ်ပူပန်စွာ မေးသည်။ ကျေနပ်စရာတော့ကောင်းသည်။ သို့သော် သူတို့လှည့်စားသည့်ကိစ္စ အလိမ်ပေါ်ပြီး ပြဿနာရှုပ်လာမည်ကို သူစိုးရိမ်သည်။
ဤတစ်ကြိမ်သည် အတိတ်ကလှုပ်ရှားမှုများနှင့်မတူ။ အရင်က အဆင့်တူများကိုသာ သူတို့လှည့်စားခဲ့သည်။ ယခု ကူးဖြတ်ခြင်းအဆင့်များကိုပါ လှည့်စားရန် ကြိုးစားနေကြခြင်းဖြစ်သည်။
သူတို့အလိမ်ပေါ်သွားလျှင် အပြင်လောကသို့ထွက်ဖို့ အန္တရာယ်များလာမည်။
စုစည်းခြင်းအဆင့်များကိုတော့ သူတို့မကြောက်။ သူတို့ကို ဘယ်သူမှမယှဉ်နိုင်။ သို့သော် ကူးဖြတ်ခြင်းအဆင့်များ လှုပ်ရှားလျှင် သူတို့ဆရာ အချိန်မီလာကယ်ဖို့သာ ဆုတောင်းရုံရှိသည်။
တတိယအကြီးအကဲက လောင်ပါးအတွေးလွန်နေသည်ဟု ယူဆသည်။
"အဲလိုဖြစ်မလာနိုင်ပါဘူး။ ငါတို့ကိစ္စ လူမသိစေရဘူးလို့ တူမယွမ်က အာမခံထားပြီးသားပါ။ အလိမ်ပေါ်သွားရင်တောင် သိပ်ပြဿနာမရှိဘူး။ ငါ့မှာ အရံအစီအစဉ်တစ်ခုရှိပါတယ်"
ကျန်သည့်လေးယောက် အံ့အားသင့်သွားသည်။ တတိယအကြီးအကဲ ဘယ်လိုအစီအစဉ်ရှိသည်မသိ။
"ဘာအစီအစဉ်လဲ"
"ကုန်သည်အသင်း(ရွှေစီးပွားနယ်မြေအသင်း)ကနေ ငါတို့ငါးယောက်အတွက် အသက်အာမခံ ငါဝယ်ထားတယ်။ တစ်ခုခုဖြစ်လာရင် ငါတို့ ဝိညာဉ်ကျောက်တွေ အများကြီးရမှာ...ကဲပါ ဒီကိစ္စကို ထားပါတော့။ ငါ့တပည့် စင်ပေါ်တက်တော့မှာ"
"တာအိုလမ်းစဉ်ဂိုဏ်း၊ မုန်ကျင်းကျိုး"
"နဂါးပျံရွာ၊ လုန်ဟော်"
နဂါးပျံရွာသည် ထူးခြားသည်။ မဟာရှား၏ အုပ်ချုပ်ရေးနယ်မြေတစ်ခု ဖြစ်သလို လုန်မိသားစု၏ ဩဇာလည်း သက်ရောက်သည့်နေရာဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရှစ်ထောင်က လုန်မျိုးရိုး စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ကျိပြည်နယ်မှ လူသူကင်းမဲ့သည့်နေရာတစ်ခုတွင် သူ့မိန်းမ၊ ကိုယ်လုပ်တော်များ၊ အစေခံများနှင့်အတူ အခြေချသည်။ သူ့မူလဇစ်မြစ်ကို ဘယ်သူမှမသိကြ။ ရုတ်တရက်ပေါ်လာသလို ဖြစ်နေသည်။ အရှေ့ပင်လယ်မှလာသည့် လူနဂါးတစ်ယောက်ဟု တစ်ချို့ကပြောကြသည်။
ထိုကျင့်ကြံသူမကွယ်လွန်မီ သားသမီးအတော်များများ ပေါက်ဖွားခဲ့သည်။ ကျင်ကြံမှုအမွေအနှစ်များစွာ ချန်ရစ်ထားခဲ့သည်။ သူ့သားသမီးများ ထိုနေရာတွင် ဆက်နေထိုင်ပြီး တိုးတက်ကြီးပွားလာသည်။
သူတို့ဘိုးဘေးချန်ခဲ့သည့် အမွေအနှစ်များ သူတို့မျိုးဆက်ထဲမှ ပါရမီထူးချွန်သူများကြောင့် သူ့တို့အမွေအနှစ်များက အလဟဿဖြစ်မသွားခဲ့။
မျိုးရိုးအဆက်ဆက်ဖြတ်ကျော်လာပြီးနောက် အပြင်လောကမှလူများ ကျိပြည်နယ်တွင် ထူးခြားထင်ရှားသည့် လုန်မိသားစုအကြောင်း သိလာကြသည်။
သူတို့နေသည့်နေရာ တဖြေးဖြေး ကျယ်ပြန့်လာသည်။ နယ်ခံအရာရှိများက ထိုနေရာကို ရွာအဖြစ်သတ်မှတ်သင့်သည်ဟု ယူဆကြသည်။ လုန်မိသားစုဆန္ဒကို လေးစားသည့်အနေဖြင့် ထိုရွာကို နဂါးပျံရွာဟု နာမည်ပေးခဲ့သည်။
နဂါးပျံရွာသူကြီးသည် အမြဲတမ်း လုန်မိသားစုခေါင်းဆောင်ဖြစ်သည်။
လုန်ဟော်သည် လုန်မိသားစုခေါင်းဆောင်ဟောင်း၏သားဖြစ်သည်။ လက်ရှိခေါင်းဆောင်က သူ့ကို ကလေးဘဝကတည်းက ဖိနှိပ်ခဲ့သော်လည်း နဂါးပျံရွာတွင် ပါရမီအထူးချွန်ဆုံးလူ ဖြစ်လာသည်။ ထို့ကြောင့် လက်ရှိခေါင်းဆောင်က သူ့ကို နောက်ထပ်ဖိနှိပ်၍မရတော့။
လုန်ဟော် ရွှေသန္ဓေကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် တိုက်ခိုက်မှုတစ်ချို့ ချော်ထွက်စေနိုင်သည့် ရေကြည်လွှာတစ်ခု ဖုံးလွှမ်းသွားသည်။ သူ့ရွှေသန္ဓေက ပထမအဆင့် ရေဓာတ်ရွှေသန္ဓေဖြစ်သည်။
"နဂါးရေကူးစွမ်းအား"
ရေကူးနေသည့်နဂါးကဲ့သို့ သူလှုပ်ရှားသည်။ ပြိုင်ပွဲကွင်းပေါ်တွင် မယုံနိုင်စရာအမြန်နှင်းဖြင့် ကွေ့ပတ်ပြေးလွှားသည်။ အရိပ်များဖြစ်ပေါ်လာသည်။ ဝိညာဉ်အာရုံဖြင့်ပင် သူ့တည်နေရာအစစ်ကို အာရ့ုမခံနိုင်။
မုန်ကျင်းကျိုးနောက်ဘက်သို့ ရောက်သွားချိန်တွင် မုန်ကျင်းကျိုးလှုပ်ရှားမှုနှေးသည်ကို အခွင့်ကောင်းယူ၍ လည်ပင်းကို လက်ဝါးစောင်းဖြင့် ခုတ်လိုက်သည်။
"ရပြီကွ"
သူပျော်သွားသည်။ ပြိုင်ဘက် အငိုက်မိပြီဟု ထင်လိုက်သည်။
သို့သော် မုန်ကျင်းကျိုးက ခန္ဓာကိုယ်ကို အနည်းငယ်နေရာရွှေ့၍ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
"ဟာ"
သူငါ့ကို မမြင်နိုင်ဘူးမဟုတ်လား...
မုန်ကျင်းကျိုး ငြီးငွေ့ဟန်ဖြင့် တစ်ချက်သမ်းဝေလိုက်သည်။ ဤပြိင်ဘက်သည် သိပ်မစွံ။
လက်မလျှော့လိုသေးသဖြင့် လုန်ဟော် နောက်ထပ်နဂါးရေကူးတိုက်ကွက် ထုတ်သုံးသည်။ နေရာစုံမှတိုက်ခိုက်သည်။ သို့သော် မုန်ကျင်းကျိုးက တိုက်ခိုက်မှုတိုင်းကို အလွယ်တကူ ရှောင်တိမ်းသွားသည်။
စင်အောက်ဘက်မှ ဂိုဏ်းသခင်လုက လက်ခုပ်တီး၍ ဩဘာပေးနေသည်။ မျက်လုံးတွင် စိတ်လှုပ်ရှားမှုအရိပ်များ တောက်ပနေသည်။ ပြိုင်ဘက်ကောင်းတွေ့ပြီဟု ယူဆနေဟန်ရှိသည်။
"တော်ပါပေတယ်။ တာအိုလမ်းစဉ်ဂိုဏ်းကိုယ်စားပြုတပည့် ပီသတယ်။ ကျုပ်အထင်မမှားရင် သူက ခန္ဓာကိုယ်ကျင့်ကြံမှုရဲ့ 'စိတ်မဲ့'အဆင့်ကို ရောက်နေပြီ။ ရှေးဟောင်းခေတ်ပါရမီရှင်တွေတောင် ရွှေသန္ဓေအလတ်တန်းအဆင့်နဲ့ ဒီကျွမ်းကျင်မှုအဆင့်ကို ရောက်တဲ့လူ မရှိဖူးဘူး"
သံမဏိဘုရင် ခေါင်းငြိမ့်သည်။
"သူက စိတ်မဲ့အဆင့်ကို ရောက်ခါစဖြစ်မယ်။ ဒီအဆင့်ရောက်ရင် စိတ်ကစဉ်းစားနေစရာမလိုဘူး။ ပုံမှန်တိုက်ခိုက်မှုတွေကို ခန္ဓာကိုယ်က အလိုလိုရှောင်နိုင်တယ်"
ပုံမှန်တိုက်ခိုက်မှုဆိုသည်မှာ အသက်အန္တရာယ်မရှိသည့် တိုက်ခိုက်မှုများကို ဆိုလိုသည်။ သို့သော် ရှောင်တိမ်းနိုင်သည်က ပိုကောင်းသည်။
ဂိုဏ်းသခင်လုရှင်းပြချက်ကြောင့် စင်အောက်မှ ပါရမီရှင်များ မုန်ကျင်းကျိုး၏ခန္ဓာကျင့်စဉ် ဘယ်လောက်စွမ်းအားကြီးသည်ကို နားလည်သွားကြသည်။
မုန်ကျင်းကျိုး ကျေနပ်စွာတစ်ချက်ခေါင်းငြိမ့်သည်။ မဆိုးလှ၊ လုယန် အတော်အလိုက်သိသေးသည်။
"ဘုန်း"
မုန်ကျင်းကျိုး ကောင်းကင်တုန်ခြောက်ကွက်ပညာကိုထုတ်သုံးသည်။ အားအပြည့်ဖြင့် ရှေ့သို့ တိုးသွားသည်။ အားသုံးလွှာပါသည့် သူ့လက်သီးချက်ကြောင့် လုန်ဟော်လွင့်ထွက်သွားသည်။
လုန်ဟော် ထိုလွင့်ထွက်အားကို အဆက်မပြတ် ထိန်းချုပ်လျက် နောက်ဆုတ်သွားရသည်။ ပြိုင်ပွဲစင်အစွန်းနှင့် ခြေလှမ်းတစ်ဝက်အကွာသို့ရောက်မှ သူကိုယ်ရှိန်သပ်နိုင်သည်။
မုန်ကျင်းကျိုး နည်းနည်းအံ့အားသင့်သွားသည်။
"မဆိုးဘူး။ မင်းက ဒီလက်သီးချက်ကို ခံနိုင်ရည်ရှိတာပဲ။ ထပ်စမ်းကြည့်ရအောင်"
မုန်ကျင်းကျိုး လုံးဝမညှာ။ ကောင်းကင်တုန်ခြောက်ကြွက်ဖြင့် လုန်ဟော်ကို အဆက်မပြတ်ဖိတိုက်သည်။ အကြိမ်တိုင်းလိုလိုပင် လုန်ဟော်စင်ပေါ်မှ ကျသွားမည်ဟု သူထင်ခဲ့သည်။ သို့သော် ထင်မထားလောက်အောင်ပင် လုန်ဟော်က လက်သီးချက်ကို တင်းခံထားသည်။
သို့သော် မည်သို့ဆိုစေ အားပြင်းသည့် လက်သီးချက်များကို သူကြာကြာတင်းမခံနိုင်။
"မင်းငါ့ကိုမနိုင်နိုင်ဘူး။ အညံ့ခံလိုက်ပါ"
သူအညံ့ခံသင့်သလား...
ပြိုင်ဘက်နှင့်သူ့ကြားမှ စွမ်းအားကွာဟချက်ကို လုန်ဟော်နားလည်သည်။ စိတ်ပျက်လက်ပျက် မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာ ခုခံခဲ့ရသဖြင့် သူပင်ပန်းနေသည်။ ဆက်တိုက်ခိုက်လည်း အကျိုးရှိမည်မဟုတ်။ ရလာဒ်က သေချာနေသည်။
ပါရမီရှင်အစစ်နဲ့သူ့လိုလူကြား ကွာဟချက်က ထိုမျှကြီးမားနေသလော...
"အကိုလုန်ဟော်၊ အားတင်းထားပါ"
"လုန်ဟော်၊ လက်မလျှော့နဲ့"
"ရွာကိုယ်စားပြုပြီးယှဉ်ပြိုင်တာ။ မင်းရှုံးလို့မဖြစ်ဘူးလေ"
လုန်ဟော်စိတ်အာရုံတွင် သူ့အဖော်တို့၏ပုံရိပ်များ ပေါ်လာသည်။ ကလေးဘဝက ရည်းစားများ၊ မိတ်ဆွေရင်းများ၊ ရန်သူမိတ်ဆွေဖြစ်သည် လက်ရှိမိသားစုခေါင်းဆောင်၏သား....
အားလုံး သူ့ရှေ့တွင်ပေါ်လာပြီး သူ့နာမည်ကို အော်ခေါ်နေသယောင်ရှိသည်။
"ငါလက်လျှော့လို့မဖြစ်ဘူး"
သူသည် ရွာ၏ မျှော်လင့်ချက်ဖြစ်သည်။ လုန်မိသားစုကို ကိုယ်စားပြုသည်။ ဤနေရာတွင် သူအရှုံးပေး၍မဖြစ်။
ဒိုင်လူကြီးက စင်မြင့်အစွန်းသို့ရောက်လာပြီး အောက်သို့ပြုတ်ကျနေသည့် လုန်ဟော်ကို ငုံ့ကြည့်သည်။
"သူ့အာရုံမှာ ဘဝပုံရိပ်တွေ မြင်ယောင်နေတဲ့ပုံပဲ။
....ဒီပွဲမှာ အနိုင်ရသွားတဲ့လူက မုန်ကျင်းကျိုး ဖြစ်ပါတယ်"
*********************************