← Chapters

ကောင်းကင်ရုံးတော်ဂိုဏ်းထွက်လာခြင်း

Vol. 33 Ch. 492

ကောင်းကင်ရုံးတော်ဂိုဏ်းထွက်လာခြင်း

Vol. 33 Ch. 492

အသိဉာဏ်ရထားသည့် ဓားဝိညာဉ်ဖြစ်၍ မိန်ထိုက်၏ ဓားပါရမီက လုယန်နှင့် တန်းတူအဆင့်ရှိသည်။ ရွှေသန္ဓေအခြေခ့အဆင့် ပြိုင်ပွဲများတွင် ကျင့်စဉ်ပြန်စသည့် ပါရမီရှင်များနှင့် ရင်ဆိုင်ရချိန်မှလွဲလျှင် သူသည် ပြိုင်ဘက်ကင်းသည်။

ထိုပါရမီရှင်များသည်ပင် သူ့ဓားစွမ်းအာက်တွင် ရှုံးနိမ့်သွားကြသည်။ ကျင့်စဉ်အဆင့်နိမ့်သေးသော်လည်း တိုက်ခိုက်မှုအားလုံးကို ဓားတစ်ချက်ဖြင့် ရိုက်ချိုးနိုင်သည့် လက္ခဏာမျိုး ရှိနေပြီဖြစ်သည်။

ရွှေသန္ဓေအခြေခံအဆင့်အုပ်စုတွင် မိန်ထိုက် နိုင်သွားသည်။

မိန်ထိုက်က စင်မြင့်ပေါ်တွင်ရပ်လျက် ရင်ဘတ်ကို လက်တစ်ဘက်ဖြင့်အုပ်ထားပြီး စစ်ခုန်ကို ရှက်နေသည့်မျက်နှာဖြင့် လက်ဝှေ့ယမ်းပြနေသည်။

နေရောင်အောက်တွင် မိန်ထိုက်အသွင်က တောက်ပနေသည်။ ရွှေစင်ရုပ်ထုတစ်ခုလို ဖြစ်နေသည်။

"မိန်ထိုက်ကိုကြည့်ရတာ လုယန်ရဲ့ပုံစံကို မြင်နေရသလိုပဲ"

မုန်ကျင်းကျိုး သက်ပြင်းချသည်။ ခမ်းနားခဲ့သည့် အတိတ်အကြောင်းများ ပြန်တွေးရင်း မျက်လုံးများ နီရဲလာသည်။ ခံစားချက်များ ပြည့်လျှံလာသည်။ သူနှင့်လုယန် အတော်ရေစက်ပါပုံရသည်။

"စိတ်မကောင်းစရာပဲ။ လုယန်က လူကောင်းပါ။ သူဘာလို့ ဒီလို..."

မုန်ကျင်းကျိုးအသံ ဆို့နစ်သွားသည်။ ဆက်မပြောနိုင်တော့။ မျက်နှာပေါ် မျက်ရည်များ စီးကျလာသည်။

ပိုင်မင် "..."

သူစေတနာအပြည့်ဖြင့် ကမ်းလှမ်းသည်။

"မင်းငိုချင်ရင် အရင်ငိုလိုက်ပါလား။ ငါမင်းကိုယ်စား စင်ပေါ်တက်လိုက်မယ်လေ"

ရွှေသန္ဓေအလတ်တန်းဆင့်ပြိုင်ပွဲ စတင်ပြီဖြစ်သည်။ မုန်ကျင်းကျိုးက အရင်ဆုံး ယှဉ်ပြိုင်ရမည်။

မုန်ကျင်းကျိုး မျက်ရည်သုတ်သည်။ သူ့မျက်နှာက တည်ကြည်ပြတ်သားသည်။

"မလိုဘူး။ လုယန်က ပြိုင်ပွမှာ ဝင်မပြိုင်နိုင်ဘူး။ သူ့ဆန္ဒကို ဖြည့်ဆည်းပြီး ငါရဲရဲဝံ့ဝံ့ချီတက်ရမယ်။ သူဘာလိုချင်လဲဆိုတာ ငါသိပါတယ်"

ထိုသို့ပြောပြီး စင်ပေါ်တက်သွားသည်။ မစ်ရှင်ကြီးတစ်ခု ထမ်းဆောင်တော့မည်ကဲ့သို့ သူ့ခြေလှမ်းများက လေးလံနေသည်။

ဒိုင်လူကြီးစင်မြင့်မှလုယန်စိတ်တွင် သူ့ရာထူးအရှိန်အဝါကိုသုံးပြီး မုန်ကျင်းကျိုးကို ချက်ချင်းအရုံးပေးခိုင်းရမလားဟု တွေးနေသည်။

"တာအိုလမ်းစဉ်ဂိုဏ်း...မုန်ကျင်းကျိုး"

"စိတ်ညှို့ဂိုဏ်း...ယဲ့မုန်ယင်ပါ"

မုန်ကျင်းကျိုးပြိုင်ဘက်က ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် စိတ်ညှို့ဂိုဏ်း၏တပည့်စစ် ယဲ့မုန်ယင်ဖြစ်သည်။

သန့်ရျင်းရှည်လျားသည့် ဝတ်စုံကို ဝတ်ထားသည်။ အသားအရေက နှင်းသားလိုဖြူဖွေးသည်။ ဟန်ပန်က ညှို့အားကောင်းသည်။ ထို့ကြောင့် ပိုးပန်းသူများစွာရှိသည့် နတ်သမီးတစ်ယောက်ဖြစ်လာသည်။

သူ့စိတ်ညှို့ပညာများသည် သက်တူရွယ်တူများကြားတွင် ထင်ရှားကျော်ကြားသည်။ အကြည့်တစ်ချက်၊ အပြုံးတစ်ချက်ဖြင့် ပုရိသတို့၏ အနက်ရှိင်းဆုံးဆန္ဒများကို လှုံ့ဆော်နိုင်သည်။ စိတ်ဓာတ်ခွန်အားနည်းသည့် မိန်းမများကိုပင် လှည့်စားနိုင်သည်။

ယဲ့မုန်ယင်အသံက နူးညံ့ပြီး ဆွဲဆောင်မှုရှိသည်။ သူ့ကိုယ်သူမိတ်ဆက်သည့်လေသံကပင် အရိုးများ အရည်ပျော်သွားနိုင်သည်။

"အကို၊ ကျွန်မကို သက်ညှာပေးတာ။ အားအရမ်းပြင်းရင် ကျွန်မခံနိုင်ရည်မရှိဘူး"

ယဲ့မုန်ယင်က မုန်ကျင်းကျိုးကို သနားစဖွယ်မျက်နှာဖြင့်ကြည့်၍ စိတ်ညှို့စွမ်းအားကို လျှို့ဝှက်ထုတ်သုံးနေသည်။ မြို့တော်အဆင့် ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် သူစကား‌တစ်ခွန်းနှစ်ခွန်း ပြောရုံဖြင့် ပြိုင်ဘက်များ အရှုံးပေးသွားအောင် စိတ်ညှို့နိုင်ခဲ့သည်။

"ဒါဆို မင်းအရှုံးပေးလိုက်ပါလား။ ငါက တိုက်ခိုက်တဲ့အချိန် ယောက်ျားမိန်းမ မခွဲခြားဘူး"

မုန်ကျင်းကျိုးက ပြုံး၍ပြောသည်။ သူ့ပြိုင်ဘက် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လုယန်ဖြစ်ဖြစ် လုံးဝညှာနေမည်မဟုတ်။

မုန်ကျင်းကျိုးမျက်လုံးများက ကြည်လင်တောက်ပနေသည်။ စိတ်ညှို့ခံရသည့်အရိပ်မျိုး လုံးဝမရှိ။

ယဲ့မုန်ယင်အံ့အားသင့်သွားသည်။ သူပွဲဦးစထွက်ကတည်းက အဆင့်တူချင်းတွင် သူ့စိတ်ညှို့စွမ်းအား မသက်ရောက်သည့်လူမျိုး တစ်ခါမှမကြုံဖူး။

ပါရမီရှင်များပင် သူ့စိတ်ညှို့စွမ်းအားကို ခုခံနိုင်ဖို့ တစ်ခြားအာရုံတစ်မျိုးမျိုးပြောင်းကြရသည်။ သို့သော် မုန်ကျင်းကျိုးက ဘာဆိုဘာမှမဖြစ်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ပါရမီရှင်ပီသသည်။ အစွမ်းအစနည်းနည်းတော့ရှိသည်။

ပြိုင်ပွဲမစခင်က သူလည်း ဈေးလမ်းတွင် လမ်းလျှောက်ခဲ့သည်။ မုန်ကျင်းကျိုးက 'မသေမျိုးကျင့်စဉ်လမ်းသည် တစ်ကိုယ်တော်လျှောက်ရသည်။ မိန်းမများသည် အဝတ်ဖုံးထားသည့် အရိုးစုများဖြစ်သည်'ဟု ဩဝါဒပေးနေသည်ကို ကြားခဲ့သည်။

ထိုစဉ်က သူနှာခေါင်းရှုံ့ခဲ့သည်။ သူနှင့်မတွေ့သေး၍ မုန်ကျင်းကျိုး ထိုသို့ပြောနိုင်ခြင်းဖြစ်သည်ဟု တွေးခဲ့သည်။

စိတ်ညှို့ဂိုဏ်းကျင့်ကြံသူများသည် ဘုန်းကြီးများကိုပင် ဘုံကျောင်းစွန့်ခွာအောင် ဆွဲဆောင်နိုင်ခဲ့သည့် သမိုင်းကြောင်းရှိသည်။

မှော်လက်စွပ်ထဲမှ ဗျတ်စောင်းတစ်လက်ထုတ်၍ ကြိုးများကို ငြင်သာစွာခတ်လိုက်သည်။ နူးညံ့သည့် ဂီတသံပေါ်လာသည်။ လေပြေလို ငြိမ့်ငြောင်းသည်။ အောက်ဘက်မှ ပရိတ်သတ်များပင် ငေးငိုင်သွားသည်။

ရှားပါးသည့် အသံကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူ့ဂီတပညာကို စိတ်ညှို့ပညာနှင့် ပေါင်းစပ်ထား၍ ထိပ်တန်းရွှေသန္ဓေတစ်မျိုးဖြစ်သည့် ရမ္မက်မီးတောက်သန္ဓေကို ဖန်တီးခဲ့သည်။ အဆင့်တူချင်းတွင် ဘယ်သူမှသူ့ကိုမယှဉ်နိုင်။

သို့သော် လုယန်၊ မုန်ကျင်းကျိုး၊ ထောင်ယော်ယဲ့၊ အရိုးရိုင်း၊ လန်ထင်၊ ယန်ထန်ကျိ၊ ပိုင်မင်တို့တော့ အကျုံးဝင်မည်မဟုတ်။

"ကောင်းကင်တုန်ခြောက်ကွက်"

မုန်ကျင်းကျိုး အော်ဟစ်မာန်သွင်းလိုက်သည်။ သူ့အသံက ဂီတသံကို ဖုံးလွှမ်းသွားသည်။ ရှေ့သို့တိုးသွားသည်။ သူ့လက်သီးက ရွှေရောင်တောက်နေသည်။ လေထုကိုပွတ်တိုက်ချိန်တွင် မီးပွားများပေါ်လာသည်။

တစ်ကိုယ်တော်ရွှေသန္ဓေနှစ်ခု လည်ပတ်နေသည်။ ဘယ်စိတ်ညှို့စွမ်းအားမှ သူ့အပေါ်မသက်ရောက်နိုင်။

သူရင်ဆိုင်ရသည့် တစ်ခုတည်းသောအရာက အသံစွမ်းအားဖြစ်သည်။ သူ့လှုပ်ရှားမှုများ နှေးကွေးသွားသည်။ ခန္ဓာကျင့်ကြံသူဖြစ်၍ သူ့ရုပ်ခန္ဓာက သန်မာသည်။ လုယန်ပင် သူနှင့်ထိပ်တိုက်ရင်မဆိုင်ရဲ။

ထိုအသံထိန်းချုပ်မှုအဆင့်က သူ့ကိုမတားဆီးနိုင်။ သူ့အပေါ် သက်ရောက်မှု လုံးဝမရှိသလောက်ပင်ဖြစ်သည်။

ယဲ့မုန်ရှင် အံ့အားသင့်နေသည်။ သူဂုဏ်ယူရသည့် ပညာစွမ်းများက မုန်ကျင်းကျိုးအပေါ် လုံးဝမသက်ရောက်။ သူအံ့ဩနေချိန်မှာပင် သဲအိတ်ငယ်အရွယ်အစားရှိသည့်လက်သီးက သူ့မျက်နှာကို ထိသည်။ မြေပြင်ပေါ် ဘုန်းခနဲပြုတ်ကျသွားသည်။

မုန်ကျင်းကျိုး နိုင်သွားသည်။

"မင်းအဆင်ပြေရဲ့လား"

မုန်ကျင်းကျိုးက သ‌ဘောထားကြီးစွာ ယဲ့မုန်ယင်ကို ဆွဲထူပေးသည်။ ယှဉ်ပြိုင်နေချိန်တွင် သူတို့သည် ပြိုင်ဘက်များဖြစ်သည်။ လုံးဝသက်ညှာ၍မရ။ သို့သော် ပြိုင်ပွဲပြီးသွားချိန်တွင် သူတို့သည့် တာအိုမိတ်ဆွေများဖြစ်သည်။

ယဲ့မုန်ယင် မုန်ကျင်းကျိုးကို ရွှန်းရွှန်းစားစားကြည့်သည်။ ထိုမျှအင်အားကြီးသည့် ယောက်ျားကျင့်ကြံသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူအရင်က တွေ့ဖူးသည့် ယောက်ျားအားလုံး အပေါ်စားဆန်သည်။ သူ့ရှေ့တွင် တစ်ခုခုထုတ်ပြောဖို့ ကြောက်ကြသည်။

မုန်ကျင်းကျိုးက သူ့ရှေ့တွင် လုံးဝပုံစံမပျက်။

"ကျွန်မ ကျင့်စဉ်လမ်းကို ဝင်တဲ့အချိန်မှာ ကျွန်မကို အနိုင်ယူနိုင်တဲ့ယောက်ျားကို ကျွန်မလက်ထပ်မယ်လို့ ဂိုဏ်းရဲ့နာမည်နဲ့ ကျွန်မကျိန်ဆိုခဲ့တယ်"

"ဒါတော့ သိပ်မဟုတ်သေးပါဘူး..."

မုန်ကျင်းကျိုး ရှက်ကိုးရှက်ကန်း ခေါင်းခါသည်။ ရုတ်တရက်စန်းပွင့်လာသဖြင့် အငိုက်မိသွားသည်။

ယဲ့မုန်ယင်က ညင်သာစွာခါယမ်းသည်။

"ဒီလိုကျိန်ဆိုခဲ့တာ မမှားပါဘူး။ ကျွန်မတို့ဂိုဏ်းမှာလည်း စည်းမျဉ်းတစ်ခုရှိတယ်လေ။ ဂိုဏ်းတပည့်တွေဟာ တာအိုလမ်းစဉ်ဂိုဏ်းတပည့် ဒါမှမဟုတ် မုန်မိသားစုဝင်နဲ့ လက်မထပ်ရဘူးတဲ့။

အဲဒီ့အသိုင်းအဝိုင်းနှစ်ခုကို လက်ထပ်လိုက်တာနဲ့ ကျွန်မတို့ဂိုဏ်း ဒုက္ခရောက်လိမ့်မယ်လို့ ကျွန်မဆရာကပြောတယ်"

မုန်ကျင်းကျိုး "..."

ငါတို့မုန်မိသားစုက မင်းတို့ကို ဘာလုပ်ခဲ့လို့လဲ...နန်းမြို့တော်ကိုသွားပြီး မေးမြန်းကြည့်ပါ။ ငါတို့မုန်မိသားစုဂုဏ်သတင်းဟာ ကျော်ကြားတယ်။ အရမ်းမြင့်မြတ်တာမျိုးမဟုတ်ပေမယ့် တာအိုလမ်းစဉ်ဂိုဏ်းလောက်တော့ မဆိုးပါဘူး...

...ထားပါတော့လေ...အများကြီးတွေးဖို့မလိုပါဘူး...ပြိုင်ပွဲနိုင်ဖို့က အရေးကြီးဆုံးပဲ

သူပျော်ပျော်ရွှင်ရွှင် ပြိုင်ပွဲစင်မှ ထွက်လာခဲ့သည်။ ပိုင်မင်တို့ကိုကြွားလုံးထုတ်သည်။

"ငါခုနက တိုက်ခိုက်သွားတာ မြင်တယ်မဟုတ်လား။ လက်သီတစ်ချက်တည်းနဲ့ သူအောက်ကိုကျသွားတာ"

"လေးစားပါတယ်၊ လေးစားပါတယ်။ မိန်းမတွေနဲ့ တိုက်ခိုက်တဲ့အချိန်ဆို ကျုပ်အမြဲတမ်း မဝံ့မရဲဖြစ်ရတယ်။ နေရာမှားပြီး တိုက်ခိုက်မိမှာတို့၊ လူရမ်းကားလို့ အထင်မှားခံရမှာတို့ စိုးရိမ်ခဲ့တယ်။ အကိုမုန်ဆီက ကျုပ်သင်ယူရဦးမှာပဲ"

ပိုင်မင်က လက်ခုပ်တီးသည်။ မုန်ကျင်းကျိုးထံမှ သူအတော်ပညာရလိုက်သည်။

သူသည် ကိုယ့်ပုံရိပ်အတွက် စိုးရိမ်မှုလွန်ကဲနေကြောင်း နားလည်လာသည်။ တကယ်ဆို လုံးဝမလိုအပ်။

"အံ့...အံ့ဩစရာပါပဲ"

ယန်ထန်ကျိက အထစ်ထစ်အငေါ့ငေါ့ပြောသည်။

ပိုင်ပွဲကို တစ်ပွဲပြီးတစ်ပွဲ ဆက်ကျင်းပသည်။ ပိုင်မင်နှင့်လန်ထင်တို့ ချောမောစွာ ပွဲစဉ်တက်သွားသည်။ သူတို့စွမ်းအားက အဆင့်တူကျင့်ကြံသူများထက် အပြတ်အသတ်သာလွန်နေသည်။

"ဒီအုပ်စုအတွက် အနိုင်ရမယ့်လူက ငါတို့လေးယောက်ထဲကပဲ ဖြစ်မှာပါ"

မုန်ကျင်းကျိုးက ပြောသည်။

"အလျင်စလို ကောက်ချက်ချလို့မရသေးဘူး"

ပိုင်မင် ခေါင်းခါ၍ စင်ပေါ်တွင်ယှဉ်ပြိုင်နေသည့် လူတစ်ယောက်ကို လက်ညှိုးထိုးပြသည်။

"အစောပိုင်းပွဲစဉ်တွေကို အကိုမြင်ခဲ့တာပဲ။ ကျုပ်တို့ဂိုဏ်းကို ယှဉ်နိုင်တဲ့ ကျင့်ကြံသူတွေရှိတယ်။ ရွှေသန္ဓေအလတ်တန်းဆင့်အုပ်စုမှာလည်း ရှိတယ်။

စင်ပေါ်ကကျင့်ကြံသူကိုတွေ့လား။ သူက တိမ်ပြည်နယ်ကလာတာ။ တိမ်ပြည်နယ်ပြိုင်ပွဲမှာ ထူးခြားတဲ့တိုက်ခိုက်စွမ်းရည်ကို ပြခဲ့တယ်။ လိုက်လျောညီထွေ လှုပ်ရှားတတ်တယ်။ အခြေခံခိုင်မာတယ်။ အားနည်းချက်မရှိဘူး။

ကျင့်ကြံဖို့ အခက်ခဲဆုံးဖြစ်တဲ့ စိတ်စွမ်းအားတောင် အတော်တိုးတက်အောင် သူကျင့်ကြံထားတယ်။ သူ့ရွှေသန္ဓေက ထိပ်တန်းအဆင့် ဝါးမျိုခြင်းရွှေသန္ဓေဖြစ်လောက်တယ်။ တိုက်ခိုက်ရင်းနဲ့ ပြိုင်ဘက်ရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်တဲ့သန္ဓေမျိုးပေါ့"

သူတို့တီးတိုးပြောနေကြစဉ် ကောင်းကင်အထက်မှ ကျယ်လောင်သည့်အော်သံတစ်ခု ပေါ်လာသည်။

အားလုံး တအံ့တဩမော့ကြည့်ကြသည်။ လူငယ်တစ်ယောက် ကောင်းကင်မှ ပြိုင်ပွဲစင်ပေါ်ဆင်းလာပြီး တိုက်ပွဲကိုနှောက်ယှက်သည်။

"ဒီလောက်စည်တဲ့ပွဲမှာ ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းမပါလို့ ဘယ်ဖြစ်မလဲ"

ကောင်းကင်အထက် တိမ်တိုက်များထဲတွင် လူတစ်ချို့ရပ်နေသည်။ အားလုံးက ကြောက်စရာစွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။

*********************************

All Chapters