အခန်း (၁၀၁-၁၀၃)
Vol. 3 Ch. 101-103
Chapter 101
March 5, 2024 by Nay Chi Lynn
အပိုင်း(၁၀၁) သမီးရဲ့ဆန္ဒတစ်ခုကိုလည်း ဖြည့်ဆည်းပေးပါ
လုလျန်းဝေသည် တိတ်တိတ်လေး ကျိတ်ပျော်နေ၏။
သူ့အဖေ ပြောတော့မည့်စကားကို သိနေပြီးသားဖြစ်ရာ မည်သို့ အခွင့်အရေးယူရမည်ကိုလည်း ကြိုတင်တွက်ဆထားခဲ့သည်။
လုထင်းချန် ထွက်သွားသည်ကို ကြည့်ရင်း လုဟယ်ထျန်း မကျေမနပ် ဖြစ်သွားလေသည်။
“ဒီကောင်စုတ်လေးကတော့ အသက်ကြီးလာတာနဲ့ သူ့ကို တခုခုခိုင်းရင် မလုပ်ချင်တော့ဘူး”
လုလျန်းဝေ၏ နှုတ်ခမ်းထောင့်စွန်းလေးများက အနည်းငယ် တွန့်ကွေးသွားတော့သည်။
သူမမောင်က လုယွင်ရွှမ်ကို သဘောမကျပေ။သူ့ဆီ သွားခိုင်းခြင်းက ယင်ကောင်တစ်ကောင်ကို စားခိုင်းနေသကဲ့သို့ လုထင်းချန်အား စိတ်ပျက်ရွံရှာစေ၏။ သူက ဘယ်တော့မှ သဘောတူ လက်ခံပေးမည် မဟုတ်ပေ။
ထိုအချိန်တွင် လုဟယ်ထျန်းက လုလျန်းဝေအား ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်ပြီး
လုလျန်းဝေသည် ဦးခေါင်းတခုလုံး တင်းကျပ်သွားပြီး ရုတ်ချည်းပင် ထိတ်လန့်ခြောက်ခြားသွားလေသည်။
“သမီးနဲ့ ရွှမ်အာက ညီအစ်မတွေပဲလေ သူ့မျက်နှာ ဒဏ်ရာရသွားတာ သွားကြည့်ပေးလိုက်ပါဦး”
အမှန်ဆိုလျှင် လုလျန်းဝေတစ်ယောက် ငြင်းလိုက်ချင်ပါသည်။ ထိုသို့လုပ်လိုက်လျှင် သူ့အဖေက အရှေ့နန်းဆောင်သို့ ကိုယ်တိုင်သွားရောက်တော့မည် ဖြစ်၏။
အဖေက သူ့ကို ဧကန်မုချ အလိုလိုက်ပေလိမ့်မည်။ သူက အဖေ့ကို ဟန်ဆောင်မူပိုကာ မရမက ချွဲ့နွဲ့တောင်းဆိုလျှင် အန်တီကျန်းက ပြန်ရောက်လာနိုင်၏။
လုယွင်ရွှမ်နှင့် လုံချီ သူမအား ဘယ်လောက် ရွံရှာစက်ဆုပ်နေပါစေ ဤတာဝန်အား ရှောင်လွှဲ၍ မရမှန်း လုလျန်းဝေ သိပါသည်။
သူမ၏ လက်ကိုင်ပဝါအား လုံးချေရင်း အခက်တွေ့ဟန်ဆောင်ကာ ပြောလိုက်၏။
“ သမီးက အရှေ့နန်းဆောင်ကို သွားပြီး အရိုအသေပြု နှုတ်ဆက်ရမှာလေ အဲ့ဒါက အိမ် တော်မှာနေတာလောက် မကောင်းဘူး”
လုဟယ်ထျန်းက သူ့သမီးကို ဦးညွှတ်ပြီးအရိုအသေပြုရသည်ကို သဘောမကျသောကြောင့် အရှေ့နန်းဆောင်သို့ မသွားချင်ပေ။ လုလျန်းဝေက ထိုသို့ပြောလာသည်ကိုကြားသော် သူမကို သွားခိုင်းရန် တွန့်ဆုတ်မိသွား၏။
သူမ မသွားချင်လည်း ရသည်ဟု ပြောခါနီးတွင် လုလျန်းဝေက အမြန်ပြောလိုက်သည်။
“ဒါပေမဲ့ သမီးက ငယ်တဲ့သူပဲလေ အစ်မတော်ကို ဂါရဝပြုရတာက ကိစ္စကြီးမှ မဟုတ်တာ အဖေ့ထက်စာရင် သမီး အရိုအသေပေးတာက ပိုပြီးသင့်တော်ပါတယ်”
လုဟယ်ထျန်း၏ ရင်ထဲ နွေးထွေးသွားလေသည်။ သူမ၏ခေါင်းကို လက်ဖဝါးလေးဖြင့် ပွတ်သပ်ရင်း နှစ်သိမ့်ကာ ဆိုလိုက်၏။
“ ဝေဝေတစ်ယောက်ပဲ အဖေ့ကို ဂရုစိုက်တာ သမီးမောင်လေးက ဘာမှကို အားကိုးမရဘူး တစ်ခုခုဆို ထွက်ပြေးဖို့ပဲ သိတယ်”
ယခုလေးတင် ပြန်လာသော လုထင်းချန်မှာ ရုတ်တရက် နှာချေလေတော့သည်။
လုလျန်းဝေက မျက်တောင်လေးခတ်ရင်း ပြောလိုက်သည်။
“အဖေ့အတွက်ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်ပေးပါ့မယ် ဒါပေမဲ့ အစ်မတော်ဆီ သွားပြီးရင် သမီးတို့ရဲ့ အပန်းဖြေအိမ်တော်ဆီ သွားလည်ချင်တယ် ခွင့်ပြုပေးမယ်မလားဟင်”
“ရုတ်တရက်ကြီး ဘာလို့ အပန်းဖြေအိမ်တော်ကို သွားချင်တာလဲ”
“အဲ့မှာ မက်မွန်တော ရှိတယ်ဆို အခုက အချိန်ကောင်းပဲလေ သမီး အဲ့ဒီမှာ ရက် နည်းနည်းလောက် နေချင်တယ်”
လုလျန်းဝေက ပုံမှန်ဆင်ခြေတစ်ခုကိုသာ ဖန်တီးပြောဆိုလိုက်သည်။
“အခု နောက်ပိုင်း အဖေက သိပ်မအားဘူး သမီးရဲ့အစ်ကိုကလည်း တာဝန်ထမ်းဆောင်နေတုန်းလေ သမီးကို ဘယ်သူမှ အဖော်မပြုပေးနိုင်မှာကို အဖေ စိတ်ပူမိတယ်”
သူတို့သာ ပါလာခဲ့လျှင် အထွတ်အမြတ်တောင်ထိပ်ကို သူမ မည်သို့ ဘယ်လိုသွားရပါ့မလဲ
“စိတ်မပူပါနဲ့ အဖေ အပန်းဖြေအိမ်တော်က ဆင်ခြေဖုံးနေရာလေးပဲဟာ သိပ်လည်း မဝေးဘူးလေ အဲ့မှာ ခဏလောက် အနားယူပြီး ပြန်လာခဲ့ပါမယ်”
လုဟယ်ထျန်းသည် အစက သဘောမတူချင်ခဲ့သော်လည်း ခဏလောက်အနားယူချင်သည်ဟု သူမပြောသည်ကို ကြားသောအခါ ကူကယ်ရာမဲ့စွာ အတွေးနယ်ချဲ့မိလေတော့သည်။
ထိုသို့တွေးမိပြီး သူ့နှလုံးသားတခုလုံး နာကျင်သွားရ၏။
ဒီတလျှောက်လုံး သန်မာချင်ယောင်ဆောင်နေသည့် သူ့သမီးအကြောင်းကို ပြန်တွေးမိရင်း သူ့ရင့်ထဲ မချိတင်ကဲ ခံစားလိုက်ရသည်။
“ကောင်းပြီ အရင်ဆုံး အဖေ စစ်တပ်ထဲက ကိစ္စတွေကို ဖြေရှင်းလိုက်ဦးမယ် နောက်နှစ်ရက်နေရင် တူတူ သွားကြတာပေါ့”
“အဖေက ရုံးတော်က ကိစ္စတွေကို ဖြေရှင်းနေရတာနဲ့ အလုပ်များနေတာကို သမီးအတွက် တကူးတက လုပ်ပေးစရာမလိုပါဘူး အပန်းဖြေအိမ်တော်က သိပ်မှမဝေးတာ အစ်မတော်ဆီ အလည်သွားပြီး ပြန်လာရင် အပန်းဖြေအိမ်တော်ကို ချက်ချင်းသွားဖို့ သမီး စိတ်ကူးထားတယ်”
ဆက်ရန်__
Chapter 102
March 5, 2024 by Nay Chi Lynn
အပိုင်း (၁၀၂) - လုလျန့်ဝေ တုန်လှုပ်သွားရတယ်။
လုဟယ့်ထျန်းမှာ အနည်းငယ် တုံ့ဆိုင်းလို့နေသည်။
“ဒါဆိုလည်း မင်းအစ်မဆီ သွားတွေ့ဖို့ကို ထားလိုက်ပါတော့၊ ချော်လဲကျသွားရုံလေးပဲကို၊ သူ အဆင်ပြေမှာပါ။”
လုလျန့်ဝေ သူ့စိုးရိမ်မှုများကို နားလည်ပါသည်။
သူမ လုံချီအား စိတ်မဖြတ်နိုင်သေးဟု သူ သံသယဝင်မိ၍ မနက်ဖြန် အိမ်ရှေ့နန်းဆောင်၌ လုံချီအား တွေ့သောအခါ သူမ စိတ်မသက်မသာဖြစ်လိမ့်မည်ဟု သူ ထင်နေခြင်းဖြစ်သည်၊ ထို့ကြောင့် သူ စိတ်ပြောင်းလိုက်ခြင်းဖြစ်၏။
“အဖေ သိပ်အတွေးမများပါနဲ့ရှင်၊ ကျွန်မက အဖေထင်သလောက် စိတ်မပျော့ပါဘူး၊ ဆိုတော့ ဒီကိစ္စကို ဒီလိုပဲသတ်မှတ်လိုက်ပြီနော်၊ အဘွားကိုတော့ အဖေပြောပေးပါဦး။”
လုလျန့်ဝေက သူ စိတ်ပြောင်းလိုက်မည်ကို စိုးရိမ်၍ သူမဘာသာ ဆုံးဖြတ်ချက်ချလိုက်သည်။
“သဘောတူပေးပါလို့ အဖေကလည်း။”
လုဟယ့်ထျန်းမှာ သူ့သမီးဖြစ်သူ၏ ချစ်စဖွယ်အမူအရာလေးတွင် အရှုံးပေးလိုက်ရလေသည်။
လုလျန့်ဝေ ခေါင်းညိမ့်လိုက်သည်။
“ဟုတ်ကဲ့။”
သူမအဖေနှင့်အစ်ကိုတို့ လိုက်မလာသ၍ ကိစ္စများ ပို၍ရိုးရှင်းမည်ဖြစ်သည်။
….
လုလျန့်ဝေ ထင်မထားသည်မှာ လုဟယ့်ထျန်းက သူ့ကိုယ်ပိုင်အစောင့်များ လိုက်သွားစေခိုင်းလိမ့်မည်ဟု။
ထိုကိုယ်ပိုင်သက်တော်စောင့်တပ်ဖွဲ့မှာ လူ ၈ ယောက် ပါဝင်ပြီး အားလုံးက သိုင်းပညာကျွမ်းကျင်စွာ အထူးလေ့ကျင့်ထားကြသူများ ဖြစ်လေသည်။
သူတို့မျက်စိအောက်ကနေ ရှန့်ထော်တောင်ထိပ်ကို ဘယ်လို ခိုးကြောင်ခိုးဝှက် သွားရပါ့မလဲ။
သို့သော် သူမ သူတို့ကို လိုက်မလာခိုင်းလျှင် လုဟယ့်ထျန်းမှာ စိတ်ပြောင်းသွားလောက်ပြီး သူမအား အပန်းဖြေစံအိမ်သို့ တစ်ယောက်တည်း လွှတ်တော့မည်မဟုတ်ချေ။
လုလျန့်ဝေက အရင်ဆုံး အိမ်ရှေ့နန်းဆောင်သို့ သွားလိုက်သည်။
ယမန်နေ့က လုယွင်ရွှမ်းသည် အိမ်ရှေ့နန်းဆောင်သို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် တော်ဝင်သမားတော် ဆင့်ခေါ်ကာ သူမဒဏ်ရာကို ကုသစေသည်။
လက်ရှိတွင် သူမမျက်နှာရှိ ရောင်ယမ်းမှုနှင့် အညိုအမည်းများကို သက်သာစေရန် ဆေးလိမ်းထားရ၏။ သူမ အကျည်းတန်လှသော အမာရွတ်များ ကျန်ခဲ့မည်မဟုတ်ကြောင်း အထပ်ထပ်အခါခါ အတည်ပြုပြီးကာမှ စိတ်အေးစွာ သက်ပြင်းချမိရလေသည်။
သို့သော် ကြေးမုံမှန်ထဲရှိ သူမ၏ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသောမျက်နှာကြီးကို မြင်သောအခါ သူမ တဖန် ဒေါသပေါက်ကွဲရပြန်သည်။
စားပွဲပေါ်ရှိ အနုအရွ ကြွေထည်ပစ္စည်းများမှာ နားကန်းစေလောက်သော အသံကြီးဖြင့် ကြမ်းပြင်ပေါ် ဝုန်းခနဲ ပြုတ်ကျသွားရလေသည်။
“ဒီလိမ်းဆေးက ဘာလို့ နည်းနည်းမှထိရောက်မှုမရှိရတာလဲ၊ အမှိုက်လိုဟာတွေ။”
တစ်ညကုန်သွားပြီဖြစ်သော်လည်း သူမမျက်နှာရှိ ရောင်ယမ်းမှုများက လျော့သွားမည့်အရိပ်အယောင် မပြ။
လုယွင်ရွှမ်းမှာ မိမိကိုယ်ကို ကြည့်လေလေ၊ ပိုစိတ်တိုရလေလေဖြစ်သည်။ သူမ ဒေါသတကြီးဖြင့် မှန်ကို ကြမ်းပြင်ပေါ် တိုက်ချပစ်ကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေသည်။
ဟုန်ရှို့မှာ စိတ်ထဲမှ ညည်းတွားလိုက်မိပြီး သူမအား အလျင်အမြန်ပင် စိတ်လျော့ခိုင်းရသည်။
“မလောပါနဲ့ အိမ်ရှေ့စံကြင်ယာတော်ရှင့်၊ တိုးတက်မှု မြင်ရဖို့က လိမ်းဆေးကို အနည်းဆုံး နှစ်ရက်ဆက်တိုက် လိမ်းပေးရပါမယ်လို့ တော်ဝင်သမားတော်က ပြောပါတယ်ရှင်။”
လုယွင်ရွှမ်းမှာ သူမစကားများကိုကြားသော် ပို၍ဒေါသပုန်ထလာသည်။
အခြေအနေ တိုးတက်မှု နည်းနည်းကလေး မြင်ရဖို့အတွက်နှင့် နှစ်ရက်တောင် ကြာလိမ့်ဦးမည်။ အိမ်ရှေ့စံအရှင့်သားရှေ့ သူမမျက်နှာကို အဘယ်သို့ပြရတော့မည်နည်း။
မနေ့က ပြန်လာကတည်းက သူမ အရှင့်သားကို မမြင်ရသေးချေ။
အရှင့်သားက သူမကို သိပ်ဂရုစိုက်သည်၊ သို့သော် သူမ၏ ဤအရုပ်ဆိုး ရှက်ဖို့ကောင်းသောပုံစံကြီးနှင့် သူမ သူ့ကို တွေ့ရန် ငြင်းဆန်ခဲ့၏။ သူ အကြိမ်အနည်းငယ်မျှ သူမကို လာတွေ့သော်လည်း သူမက အတွေ့မခံဘဲ ငြင်းလွှတ်ခံခဲ့ရလေသည်
ဟုန်ရှို့မှာ ကြောက်လန့်စွာ တုန်ယင်သွားပြီး စကားထပ်မပြောရဲတော့ပေ၊ အိမ်ရှေ့စံကြင်ယာတော်က သူမအပေါ် ဒေါသပုံချမည်ကို ကြောက်နေရ၏။
ထိုအခိုက်တွင် တံခါးအပြင်ရှိ အစေခံတစ်ယောက်က ပြောလာသည်။
“အိမ်ရှေ့စံကြင်ယာတော်ရှင့်၊ ဒုတိယသခင်မလေးလု လာတွေ့ပါတယ်။”
၎င်းကိုကြားသော် လုယွင်ရွှမ်း ချက်ချင်းပင် ဒေါသပြန်ထွက်လာကာ မနေ့က မြို့စားမင်းစံအိမ်တော်ရှေ့ လုထင်ချန်းက သူမအား မည်သို့လှောင်ရယ်ခဲ့သည်ကို ပြန်အမှတ်ရလို့သွားသည်။
ထို့နောက် သူမ လုလျန့်ဝေ၏ လှပသောမျက်နှာကို ပြန်တွေးမိပြီး ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်လာရ၏။
လုလျန့်ဝေက သူမကို လာလှောင်တာလား။
သူမ နှာခေါင်းရှုံ့လိုက်ပြီး လုလျန့်ဝေကို ငြင်းပစ်လိုက်ရန် တွေးနေစဉ် ရုတ်တရက် တစ်စုံတစ်ရာ စဉ်းစားမိသွားကာ စိတ်ပြောင်းလိုက်သည်။
သူမ ဟုန်ရှို့အား တစ်စုံတစ်ခု ခပ်တိုးတိုးပြောလိုက်ပြီးနောက် အပြင်ရှိ စောင့်နေသော အစေခံအား အမိန့်ပေးလိုက်သည်။
“သူ့ကို ဝင်ခွင့်ပေးလိုက်ပါ။”
လုလျန့်ဝေ ဝင်လာသောအခါ အခန်းတွင်း မွစာကျဲနေသော မှန်ကွဲစများမှာ ရှင်းလင်းလိုက်ပြီးဖြစ်သည်။
လုယွင်ရွှမ်းက ဇာပဝါဖြင့် မျက်နှာအုပ်ထားလျက် ပြတင်းပေါက်နားရှိ ကုတင်ထက်၌ လဲလျောင်းနေသည်။
သူမကို တွေ့သောအခါ လုယွင်ရွှမ်း အနည်းငယ် လှုပ်လာပြီး အင်မတန်အားနည်းဖျော့တော့နေပုံ ပေါ်လေသည်။
“ဝေဝေ ရောက်လာပြီပဲ၊ ထိုင်ဦးလေ၊ ငါ သိပ်နေမကောင်းတာမို့ နင့်ကို ထမနှုတ်ဆက်နိုင်တော့ဘူး။”
ဆက်ရန်___
Chapter 103
March 5, 2024 by Nay Chi Lynn
အပိုင်း (၁၀၃) - ဒါဖြင့် ကျွန်မ မြည်းကြည့်ရမှာပေါ့
လုလျန့်ဝေက စိုးရိမ်နေသောအသံဖြင့် ပြောသည်။
“မမ နေမကောင်းမှတော့ လှဲသာနေပါရှင်၊ သည်ကနေ့ အဖေက ကိုယ်တိုင်လာချင်ခဲ့တာ၊ ဒါပေမယ့် စစ်ရေးကိစ္စတွေနဲ့ အလုပ်များနေတာမို့ အချိန်မရဘူးလေ၊ အဲဒါကြောင့်ပဲ ကျွန်မကို အစားလွှတ်လိုက်တာပါ၊ အခု သက်သာသွားပြီလားဟင်။”
သူမ ပြောနေစဉ် လုယွင်ရွှမ်း၏မျက်လုံးများထဲ မကျေမနပ်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
အလုပ်များနေသည်ဟူသည်မှာ ဆင်ခြေတစ်ခုသာဖြစ်၏။ အကယ်လို့ ဒဏ်ရာရသွားသူက လုလျန့်ဝေဖြစ်နေလျှင် အဖေသည် လီပေါင်းထောင်ချီဝေးသော ရှေ့တန်း၌ ရောက်နေလျှင်တောင် အပြေးပြန်လာကြည့်လောက်မည်ဖြစ်သည်။
ထိုသို့တွေးမိသောအခါ သူမ စိတ်ထဲ မနာလိုမှုနှင့် အမုန်းတရားများ ပြည့်နှက်လာလေသည်။
သူမက လုလျန့်ဝေထက် ရက်အနည်းငယ်သာ အသက်ကြီးခြင်း ဖြစ်ပါသည်။ သို့သော် ငယ်စဉ်ကတည်းက အဖေက လုလျန့်ဝေကိုသာ ဂရုစိုက်ခဲ့သည်။
နှစ်ယောက်အနက် သူမကသာ ပိုသိတတ်လိမ္မာက ဉာဏ်ကောင်းခြင်းဖြစ်သည်။ လုလျန့်ဝေကတော့ ပြဿနာရှာရန်သာ သိပြီး နောက်ဆုံးတော့ အဖေကပဲ သူမ အရှုပ်များကို လိုက်ရှင်းပေးရ၏။ သို့သော် အဖေ့စိတ်ထဲတွင် လုလျန့်ဝေကသာ အတိုင်းအဆမရှိ ချစ်မြတ်နိုးဖို့ကောင်းနေ၏။
ဤသည်က လုယွင်ရွှမ်း လုလျန့်ဝေကို အမုန်းဆုံးအချက်ပင်။ လုလျန့်ဝေမှာ အသုံးမကျဘဲ ယဉ်ကျေးမှုလည်းမရှိ၊ သို့သော် အဖေ့၏ ဂရုစိုက်မှု၊ ချစ်ခင်ကြင်နာမှုများကိုရရန် သူမ လက်တစ်ချောင်းပင် လှုပ်စရာမလိုပေ။
သူမ မျက်တောင်ဖျားများ မသိမသာ ညွှတ်ကျသွားပြီး မျက်လုံးများထဲရှိ မနာလိုဝန်တိုမှုများကို ဖုံးကွယ်လိုက်သည်။
“မျက်နှာကတော့ နည်းနည်းနာနေတုန်းပါပဲ၊ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ အဆင်ပြေပါတယ်၊ စိတ်ပူပေးလို့ ကျေးဇူးနော်။”
လုယွင်ရွှမ်း တစ်ခဏမျှ တန့်သွားသည်။ သူမ၏ ကျပ်မပြည့်သော ဤညီမအား ကောင်းကောင်းကြီး သိမနေပါလျှင် မနေ့က သူမအား ရုတ်တရက် ချော်လဲသွားအောင် လုပ်လိုက်သူက လုလျန့်ဝေဟု သူမ သံသယဝင်မိမည်ဖြစ်သည်။
သူမအကြည့်များက လုလျန့်ဝေ၏မျက်နှာကို အကဲခတ်နေပြီး နောက်ဆုံးမှာတော့ ထိုအတွေးက အတော်လေးအဓိပ္ပာယ်မရှိကြောင်း ဆုံးဖြတ်လိုက်သည်။
လုလျန့်ဝေမှာ ပြဿနာရှာသည်မှလွဲ၍ ဘာမှမကျွမ်းကျင်သည့် ဦးနှောက်မရှိသော အရူးမသာဖြစ်ပေသည်။
သူမသာ ထိုသို့ ကလိမ်ကကျစ်ကျတတ်သူဆိုပါက ယခု အိမ်ရှေ့စံအရှင့်သား၏ နှလုံးသားကိုရရှိ၍ လက်ထပ်နိုင်သူမှာ လုလျန့်ဝေသာ ဖြစ်နေလိမ့်မည်။
သူမစိတ်ထဲ ထိုသို့ ကျိုးကြောင်းဆင်ခြင်လိုက်သည်နှင့် စိတ်ထဲရှိ သံသယများမှာလည်း ချက်ချင်း လုံးဝ ပြယ်ပျောက်သွား၏။
အဆုံးမှာတော့ လုယွင်ရွှမ်းသည် ရင်ထဲအသည်းထဲမှနေ၍ လုလျန့်ဝေအား အထင်သေးသည်ပင်၊ ထို့ကြောင့် သူမ အစက နည်းနည်း သံသယဝင်မိသည်ဆိုလျှင်တောင် ထိုသံသယများက ကြာကြာခံမည်မဟုတ်ချေ။
လုယွင်ရွှမ်း သူမအား မည်သို့တွေးသည်ကို လုလျန့်ဝေ သိပြီးဖြစ်သည်၊ ထို့ကြောင့် လုယွင်ရွှမ်း သူမအား သံသယဝင်မည်ကို မစိုးရိမ်ပေ။
လုယွင်ရွှမ်းက စားပွဲပေါ်ရှိ သစ်သီးများနှင့် မုန့်များကို ညွှန်ပြလိုက်ကာ ခပ်ဖွဖွပြောသည်။
“ခဏလောက် ထိုင်ဦးနော် ညီမလေး၊ ဒီမုန့်တွေက နန်းတွင်းစားတော်ကဲက လုပ်ထားတာ၊ ဒီစပျစ်သီးလေးတွေကတော့ အခြားတိုင်းပြည်တစ်ခုက ဆက်သတာလေ၊ မြည်းကြည့်ပါဦး၊ အရသာတော်တော်လေးကောင်းတယ်။”
လုလျန့်ဝေက စားပွဲပေါ်ရှိ သစ်သီးများနှင့် မုန့်တုံးလေးများကို တစ်ချက်လှမ်းကြည့်လိုက်ပြီး လုယွင်ရွှမ်း၏ လေသံထဲမှ ဖုံးကွယ်မထားသော မာနတို့ကို ခံစားမိလေသည်။
“ဆိုတော့ စပျစ်သီးတွေက တခြားတိုင်းပြည်က လက်ဆောင်ပဏ္ဏာကိုး၊ ဒါဖြင့် ကျွန်မ မြည်းကြည့်ရမှာပေါ့။”
လုယွင်ရွှမ်း မျှော်လင့်ထားသလို သူမ မနာလိုမှုကို မဖော်ပြဘဲ သာမန်ကာလျှံကာပင် မည်းနက်ရွှန်းစိုနေသော စပျစ်သီးကြီးကြီးတစ်လုံး ဖြုတ်ယူလိုက်သည်။
“အသီးအရည်အသွေးကတော့ ထိပ်တန်းပဲ၊ မုန့်လေးတွေကလည်း နူးညံ့ပြီး အရသာရှိမယ့်ပုံပေါ်တယ်နော်၊ မမက မျက်နှာတင်မက ပါးစပ်ပါ ဒဏ်ရာရသွားတာ နှမြောစရာပဲရှင်၊ စားချင်ရင်တောင် မစားနိုင်ရှာဘူး။”
လုယွင်ရွှမ်း၏ ဇာပဝါအောက်က မျက်နှာထက်မှာ တိမ်မည်းတိမ်လိပ်များ တရိပ်ရိပ်တက်လာလေသည်။
လုလျန့်ဝေ ပြောသကဲ့သို့ပင်၊ သူမ ပါးစပ်မှာ အမှန်ပင် ဒဏ်ရာရထားပြီး အစားစားလျှင် စူးခနဲ နာနေသေး၏၊ ထို့ကြောင့် သူမ အချိန်တစ်ခုအထိ အရည်သာ သောက်နိုင်သည်။
လုလျန့်ဝေက အရည်ရွှမ်းရွှမ်း စပျစ်သီးကို အခွံခွာကာ ပါးစပ်ထဲထည့်လိုက်သည်ကို ကြည့်နေရင်းဖြင့် သူမမျက်နှာရှိ တိမ်တိုက်များမှာ ပို၍ပင် မည်းနက်လာတော့သည်။
“ဖြည်းဖြည်းစားနော် ညီမလေး၊ သတိထားဦး မနင်စေနဲ့...”
လုလျန့်ဝေက ပါးစပ်ထဲရှိ စပျစ်စေ့ကို ထွေးထုတ်လိုက်သောအသံဖြင့် သူမစကားကို ဖြတ်လိုက်သည်။
“ဒီတခြားပြည်က စပျစ်သီးတွေက တစ်ခုခုတော့ တစ်ခုခုပဲရှင်၊ သိပ်အရသာရှိတာပဲ။”
လုလျန့်ဝေက စားပွဲရှေ့တွင် ထိုင်နေရင်း သစ်သီးပန်းကန်ကို ဆွဲယူကာ အားမနာဘဲ စားတော်တည်လေတော့သည်။
၎င်းကိုမြင်သော် လုယွင်ရွှမ်းမှာ ရင်ဘတ်အောင့်သည်အထိ မခံမရပ်နိုင် စိတ်ရှုပ်ရလေသည်။
သူမ မအော်ထုတ်မိစေရန် လက်သီးတင်းတင်းဆုပ်ထားရသည်။ သည်လိုမှန်းသာသိလျှင် သူမ အသီးများကို ဆေးခတ်ထားလိုက်ပါသည်။
“ကဲပါ၊ ငါနည်းနည်း ပင်ပန်းလာပြီ၊ ညီမလေး မပြန်သေးဘူးလားဟင်၊ ပြန်ရောက်ရင် ငါ့အစား အဖေနဲ့အဘွားတို့ကို မေးတယ်လို့ ပြောပေးဦးနော်။”