အခန်း (၁၀၄-၁၀၆)
Vol. 3 Ch. 104-106
အပိုင်း (၁၀၄) - သူမတစ်ကိုယ်လုံးကို မသက်မသာဖြစ်လာအောင် ထိုးဆွနေတယ်။
လုယွင်ရွှမ်း၏ သူမအား ပြန်စေချင်နေသည့် အရိပ်အမြွက်ကို နားမလည်သည့်အလား လုလျန့်ဝေက သူမနှုတ်ခမ်းလေးများကို လျှာနှင့်သပ်နေလျက် လက်ကျန်အရသာလေးကို အရသာခံနေဟန်။
“မမ ပင်ပန်းနေရင် အိပ်လိုက်လေ၊ ကျွန်မ ဒီစပျစ်သီးလေးတွေ စားပြီးရင် ပြန်လိုက်မယ်၊ ဒီရက်ပိုင်းအတွင်း မမ အစားစားဖို့ ခက်နေတာမလား၊ အသီးတွေ အကြာကြီးထားထားရင် ပုပ်သိုးသွားမှာ စိုးရတယ်။”
လုယွင်ရွှမ်းမှာ ယခုတော့ အမှန်တကယ် ခေါင်းကိုက်လာပြီဖြစ်သည်။
ယခင်ကဆိုလျှင် လုလျန့်ဝေက မည်မျှပင် ဦးနှောက်မရှိပါစေ အင်မတန်မာနကြီးသူတစ်ယောက်ဖြစ်၍ ထိုသို့ အရိပ်အယောင်ပြလိုက်သည်နှင့် ချက်ချင်းထထွက်သွားလိမ့်မည်ဖြစ်သည်။
ဤသို့ အရှက်မရှိစွာဖြင့် စပျစ်သီး ထိုင်စားနေလိမ့်မည်မဟုတ်ပေ။
ကြည့်ရတာ သူမက စပျစ်သီးများကို အကုန်စားရန် ဆုံးဖြတ်ထားပုံပင်။ လုယွင်ရွှမ်းမှာ ဆက်သရုပ်မဆောင်နိုင်တော့။ သူမ အိပ်ရာမှထ၍ လုလျန့်ဝေကို ပြန်နှင်ထုတ်ရန်ပြင်စဉ် တံခါးအပြင်ရှိ အစေခံတစ်ယောက်က သတင်းပို့လာသည်။
“အိမ်ရှေ့စံအရှင့်သား ကြွရောက်လာပါတယ်။”
လန့်သွားသော လုယွင်ရွှမ်းမှာ လုံချီ ဝင်မလာခင်ကတည်းက သူ့အသံကို ကြားလိုက်ရသဖြင့် ကမန်းကတမ်း ပြန်လှဲနေလိုက်လေသည်။
“ရွှမ်းအာ၊ မင်းဒဏ်ရာတွေကို မမြင်ရသ၍ ကိုယ် စိတ်မအေးနိုင်လို့ပါ၊ ရွှမ်းအာ ခွင့်မပြုရင်တောင် ကိုယ်ဝင်လာမှဖြစ်တော့မယ်၊ ကိုယ့်ကို တစ်ချက်လောက်ပဲ ကြည့်ခွင့်ပေး....”
လုံချီမှာ စကားပြောရင်းဖြင့် လျှောက်လာသော်လည်း စားပွဲရှေ့ထိုင်နေသော လုလျန့်ဝေကို တွေ့သည့်အခါ ရုတ်ချည်း ရပ်သွား၏။
လုလျန့်ဝေက မျက်တောင်ခတ်လိုက်ကာ ရုတ်တရက် ထရပ်လိုက်ပြီး မရိုးမသားပုံစံလေးဖြင့် ပြောလာသည်။
“အရှင့်သားက ကျွန်မ မမရဲ့မျက်နှာကို မြင်ချင်တာလား၊ လွယ်ပါတယ်။”
ထိုသို့ဖြင့် သူမ ခြေလှမ်းကျဲကျဲလှမ်းကာ လျှောက်သွားလိုက်သည်။
လုယွင်ရွှမ်း သူမရည်ရွယ်ချက်များကို သတိမထားနိုင်သေးခင်မှာပဲ နောက်တစ်ခဏတွင် သူမမျက်နှာ အေးခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူမမျက်နှာကို အုပ်ထားသော ဇာပဝါမှာ လုလျန့်ဝေလက်ထဲ ရောက်သွားချေပြီ။
သူမ၏ ကို့ရို့ကားယားနိုင်စွာ ဆိုးဆိုးရွားရွား အညိုအမည်းစွဲနေသော မျက်နှာကြီးမှာ ထိုသို့ဖြင့် ကြိုတင်သတိပေးမှုတစ်စုံတစ်ရာမရှိဘဲ လုလျန့်ဝေနှင့် လုံချီတို့ရှေ့ လှစ်ဟပြခံလိုက်ရလေပြီ။
လုံချီမှာ အံ့အားသင့်သွားကာ အတော်လေး ကြောင်အ,သွား၍ လုလျန့်ဝေမှာမူ လာလုဆဲဆဲပြဇာတ်အတွက် အဆင်သင့်ပြင်ထားပြီးဖြစ်သည်။
“မမ ဒဏ်ရာရထားတာ တော်တော်ဆိုးတာပါရော တော်ဝင်သမားတော်တွေက ဘာလုပ်နေကြတာလဲ၊ ဘာလို့ မမကို ကောင်းကောင်း မကုပေးရတာလဲ။”
လုယွင်ရွှမ်း အသိပြန်ဝင်လာသောအခါ ပထမဆုံးလုပ်မိသည်မှာ မသိစိတ်အရ စောင်များထဲ ဝင်ပုန်းရန်ဖြစ်သည်၊ သို့သော် သူမ လုံချီ၏မျက်နှာထက်ရှိ အံ့ဩရိပ်များကိုမြင်သော် သူမ အင်မတန် မခံမရပ်နိုင်ဖြစ်လွန်း၍ လုလျန့်ဝေ၏ လုပ်ရပ်များကိုပင် မေ့သွားရလေသည်။
လုံချီက နောက်ထပ်ဖန် သူမ၏ အရုပ်အဆိုးဆုံးဘက်ခြမ်းအား မြင်သွားရသည့်အတွက် သူမ ရှက်ရွံ့ကာ ဒေါသထွက်မိသည်။ လုံးလုံးလျားလျား အရှက်ကွဲမှု ခံစားလိုက်ရ၍ သူမ လုလျန့်ဝေအား လူသတ်ချင်သောအကြည့်များဖြင့် ကြည့်လိုက်၏။
လုလျန့်ဝေမှာ သူမမျက်နှာအမူအရာကို အကဲခတ်နေခြင်းဖြစ်၍ သေချာပေါက်ပင် သူမမျက်လုံးထဲရှိ အမုန်းတရားများကို မလွတ်သွားပါချေ။
သူမ တစ်ခဏမျှ တန့်သွားပြီးနောက် ဇာပဝါကို လုယွင်ရွှမ်းထံ ပြန်ပေးလိုက်သည်။
“မျက်နှာအုပ်ထားစရာ မလိုပါဘူး မမရဲ့၊ ကျွန်မတို့က မိသားစုတွေပဲလေ၊ မမကို မရယ်ပါဘူး၊ ခုနလေးက အရှင့်သား မမအပေါ်ထားတဲ့ စိတ်ရင်းနဲ့ စိုးရိမ်မှုတွေကြောင့် ရင်ထဲထိသွားရပြီး ပဝါကို မြန်မြန်ချွတ်လိုက်မိတာပါ၊ မမ စိတ်ထဲမထားဖို့မျှော်လင့်ပါတယ်နော်။”
လုယွင်ရွှမ်း ဇာပဝါကို မျက်နှာတွင် ပြန်အုပ်လိုက်သည်။ သူမ စွပ်စွဲပြစ်တင်စကား တစ်လုံးမှပင် မထွက်နိုင်တော့ဘဲ မှုန်တေတေဖြင့်သာ ပြောလိုက်၏။
“နင်တော့ တော်တော်လေး မဆင်မခြင်လုပ်တာပဲနော်၊ နောက်တစ်ခါ အဲ့လိုထပ်မလုပ်နဲ့။”
“မမကျန်းမာရေးလည်း အဆင်ပြေနေသားပဲဆိုတော့ ကျွန်မ မနှောင့်ယှက်တော့ပါဘူး၊ ကောင်းကောင်းအနားယူနော် မမ။”
“ညီမလေးလည်း ဂရုစိုက်ဦး၊ အရှင့်သားကို ပြန်လိုက်ပို့ခိုင်းလိုက်ပါမယ်။”
သူမလက်ရှိရုပ်ရည်ဖြင့် လုံချီအား မျက်နှာချင်းမဆိုင်ချင်၍သာ သူမ ထိုမျှရက်ရောနေခြင်းဖြစ်၏။
လုံချီ၏မျက်နှာထက်ရှိ အံ့အားသင့်သွားမှုမှာ သူမတကိုယ်လုံးအား မသက်မသာဖြစ်လာအောင် ထိုးဆွလို့နေသည်။
လုံချီမှာ ထိုအခါမှပင် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားဟန်တူသည်။ သူ လုယွင်ရွှမ်းကို ကြည့်မိသည်နှင့်အမျှ ရင်နာလာရပြီး သူမကို နှစ်သိမ့်ပေးချင်မိသည်။ သို့သော် လုလျန့်ဝေ ရှိနေသည်ကို မြင်သောအခါ သူ့ကိုယ်သူ ထိန်းထားလိုက်ရန်သာ တတ်နိုင်လေပြီး ခပ်ဖွဖွ ပြောလာ၏။
“ဒါဖြင့် ရွှမ်းအာ ကောင်းကောင်းနားပါ၊ ကိုယ် နောက်မှ လာတွေ့မယ်။”
ဆက်ရန်__
Chapter 105
March 6, 2024 by Nay Chi Lynn
အပိုင်း (၁၀၅) - သူ့မျက်နှာချောချောလေး ဖြူဖျော့သွားတယ်။
လုယွင်ရွှမ်းက ခေါင်းညိမ့်လိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မအစား ဝေဝေကို လိုက်ပို့ပေးလိုက်ပါနော် အရှင့်သား။”
လုံချီက လုလျန့်ဝေအား စက်ဆုပ်စွာ ကြည့်လိုက်သော်လည်း မငြင်းဆန်ပေ။
“ကောင်းပါပြီ။”
ထိုသို့ဖြင့် သူ့ဘာသာ အရင်လျှောက်ထွက်သွားတော့သည်။
လုလျန့်ဝေ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ချဉ်စူးသွား၏။ ဘာလို့ ဒီကောင့်ကို လိုက်ပို့ခိုင်းလိုက်ရတာလဲ။
သို့သော် လုံချီ တံခါးဝမှ ထွက်ရန် ခြေလှမ်းလိုက်သည့်အခိုက် လုယွင်ရွှမ်းမှာ တစ်စုံတစ်ရာ အမှတ်ရသွားပုံရသည်။ သူမမျက်နှာအမူအရာ အတော်ကြီး ပြောင်းလဲသွားပြီး စူးခနဲ အော်ဟစ်ပြောလိုက်လေသည်။
“အရှင့်သား ခဏနေပါဦး..”
ကံမကောင်းစွာပင် အင်မတန်နောက်ကျသွားခဲ့လေပြီ။ တံခါးအပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးသော လုံချီမှာ ဘာမှန်းမသိရသောအရာတစ်ခုအပေါ် တက်နင်းမိသွားပြီး အရှိန်မထိန်းနိုင်ဘဲ ကွဲကြေနေသော ကြွေစမှန်စတချို့ပေါ်သို့ စိုက်ကျသွားတော့သည်။
ကြည့်ရသည်မှာ အရည်အချင်း သိမ်နုပ်စုတ်ချာသော တချို့သော အစေခံများက ကြွေသုတ်မှန်ထည်ပစ္စည်းတစ်ခု ကျကွဲသွားပြီး အချိန်မှီ မရှင်းလင်းထားပုံပင်။
လုချီပြုတ်ကျသွားသည်ကို မြင်လိုက်သည်နှင့်အမျှ လုယွင်ရွှမ်းမှာ အင်မတန် ရှော့ခ်ရသွားရ၍ ကုတင်ပေါ်မှ လိမ့်ကျလာလေသည်။
လုလျန့်ဝေက တံခါးနားသို့ ရောက်နေပြီဖြစ်သဖြင့် လုံချီ ချော်လဲကျသည်ကို မျက်မြင်တွေ့လိုက်ရသည်။
မတော်တဆမှုက ရုတ်တရက်ဆန်လွန်းစွာ ဖြစ်ပျက်သွားသဖြင့် လုံချီသည် တုံ့ပြန်မှုမြန်လေ့ရှိသော်လည်း သူ မရှောင်လိုက်နိုင်ပေ။
နောက်ဆုံးစက္ကန့်၌ လုံချီက လက်မောင်းဖြင့် မျက်နှာကို ကာထားလိုက်သည်။
ကြက်သီးထစရာ တကြွပ်ကြွပ်မြည်သံဖြင့် ကြွေအပိုင်းအစများက သူ့လက်မောင်းထဲ စိုက်ဝင်ကုန်ပြီး ထိုအသံက အားလုံး၏ ဦးရေပြားများရှိဆံပင်တို့ကိုပင် ထောင်ထသွားစေသည်။
အစေခံများက အလျင်အမြန် တုံ့ပြန်လာကြပြီး အိမ်ရှေ့စံကို သွား ထူပေးကြ၏။ သူတို့က သူ့ဘယ်ဖက်အကျီလက်ရှိ သွေးများကို မြင်သောအခါ ချက်ချင်းပင် ပျာယာခတ်စွာ အော်ဟစ်လိုက်ကြသည်။
“အရှင့်သား ဒဏ်ရာရထားတယ်! တော်ဝင်သမားတော် ခေါ်ကြပါဦဟေ့! မြန်မြန်လေး!”
တစ်ခဏအတွင်းမှာပင် အိမ်ရှေ့နန်းဆောင်တစ်ခုလုံး ပွက်လောရိုက်ကုန်၏။
တံခါးအတွင်း၌ ရပ်နေသော လုလျန့်ဝေမှာ ခေါင်းငုံ့လိုက်ကာ တံခါးဘေးရှိ ထူးဆန်းနေသည့် အစိုကွက်တစ်ခုကို သတိထားမိလိုက်သည်။
သူမ စစရောက်ချင်းက ထိုနေရာက လုံးဝ စိုမနေပေ။ သို့သော် လုံချီ ထွက်လိုက်သောအခိုက်တွင်ပင် ခြေချော်ကျသွားခဲ့သည်။
လုလျန့်ဝေက မျက်လုံးပင့်ကာ အနီးတဝိုက်ရှိ ကြွေစအကွဲများရှိသည့်ကြမ်းပြင်ဆီသို့ ကြည့်လိုက်သည်။ လုယွင်ရွှမ်း၏ ခုနက ပြင်းထန်သော တုံ့ပြန်မှုနှင့်ပါ ထပ်ပေါင်းသော် မတော်တဆဖြစ်ရပ်၏ အကြောင်းအရင်းကို သူမ လျင်မြန်စွာပင် သတိထားမိလိုက်၏။
သူမနှုတ်ခမ်းများထက် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ လုယွင်ရွှမ်းက ဤသည်ကို မိမိအတွက် ပြင်ဆင်ထားဟန်တူသည်၊ အကယ်လို့ လုံချီသာ အရင်မထွက်ခဲ့လျှင် လဲကျလို့ ဒဏ်ရာရမည့်သူမှာ မိမိပင်ဖြစ်၏။
ဖြူဆုတ်နေသောမျက်နှာဖြင့် အရှေ့သို့ အပြေးထွက်သွားသော လုယွင်ရွှမ်းကို ကြည့်လိုက်ပြီး လုယွင်ရွှမ်းက နဂိုက မိမိအား ထိခိုက်စေရန် ပြင်ဆင်ထားသော်လည်း လုံချီအား မှားယွင်း၍ ထိခိုက်သွားစေမိမှန်း လုလျန့်ဝေ ပိုယုံကြည့်သွားတော့သည်။
လုယွင်ရွှမ်းမှာ လုလျန့်ဝေကို ဂရုမစိုက်တော့ဘဲ အော်ဟစ်ရင်းဖြင့် လုံချီဆီ သွားလေသည်။
ထိုအခါမှသာ လုံချီ၏ ဗလာဖြစ်သွားသောစိတ်က အသိပြန်ဝင်လာတော့သည်။ သူ လုယွင်ရွှမ်း အော်ဟစ်ညည်းတွားနေသည်ကို ကြည့်ရင်း ပထမဆုံးအနေဖြင့် စိတ်မရှည်မှု ခံစားလာရ၏။
မည်သို့ဆိုစေကာမူ လုယွင်ရွှမ်းမှာတော့ စိတ်မအေးနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ထိုမှန်ကွဲစများအား ကြမ်းပြင်ပေါ်ချထားရန် ဟုန်ရှို့အား စေခိုင်းခဲ့သူမှာ သူမပင်ဖြစ်သောကြောင့်ဖြစ်၏။
လုလျန့်ဝေ ထိုမှန်ကွဲစများပေါ်ကျပြီး ချက်ချင်းလက်ငင်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားဖို့ သေချာစေရန် သူမ ဟုန်ရှို့အား မှန်ကွဲစကြွေကွဲစ အများအပြား ထားထားဖို့ပင် မှာလိုက်သေး၏။
သူမ ပစ်မှတ်ကို ထိခိုက်စေဖို့ ကျရှုံးခဲ့ရုံသာမက ထိုအစား အိမ်ရှေ့စံအရှင့်သားကိုပင် ထိခိုက်သွားစေမိသည်။ လုယွင်ရွှမ်း ဤသည်ကိုတွေးမိသည်နှင့် သူမအမူအရာမှာ ထိတ်လန့်ကြောက်ရွံ့လာရတော့သည်။
သူမ ဒဏ်ရာများကိုကြည့်ရန် လုံချီ၏ အကျီလက်ကို ဂရုတစိုက် မ,လိုက်သော် အမှတ်တမဲ့ဖြင့် သူ့အသားထဲ စိုက်ဝင်နေသော အပိုင်းအစများကို ဆွဲလိုက်သလို ဖြစ်သွားသည်။ နာကျင်မှုကြောင့် လုံချီမှာ အသက်ပြင်းပြင်း ရှိုက်လိုက်ရပြီး သူ့မျက်နှာချောချောမှာလည်း ဖြူဖျော့နေတော့သည်။
လုလျန့်ဝေက သူတို့နောက်၌ ရပ်နေလျက် အေးစက်စက်ပင် ကြည့်နေကာ စိတ်ထဲတွင်တော့ အင်မတန်ကျေနပ်အားရနေ၏။
သူတို့နဲ့တန်တာ ရသွားတာကို မြင်ရတာ သဘောကျလိုက်သည်ဖြစ်ခြင်း!
“ကြင်ယာတော်မိဖုရားရှင့်၊ အရှင့်သားကို မထိဘဲနေရင် ကောင်းလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်၊ တချို့ အကွဲအစတွေက တစ်ဖက်မှာ ဝတ်ရုံလက်နဲ့ ငြိနေတာ ကျွန်မ သတိထားမိတယ်၊ အဲ့လိုဆွဲနေရင် အရှင့်သား အသားက မှန်ကွဲစတွေကို ဆွဲနုတ်သလိုဖြစ်ပြီး ပိုနာပါလိမ့်မယ်၊ နောက်ထပ်ပိုပြီးတော့တောင် ဒဏ်ဖြစ်သွားမှာ စိုးရပါတယ်၊ ဒါကြောင့် နန်းတွင်းသမားတော် ဒဏ်ရာလာကုပေးတာကိုပဲ စောင့်ကြရအောင်ပါ။”
ဆက်ရန်__
Chapter 106
March 6, 2024 by Nay Chi Lynn
အပိုင်း (၁၀၆) - သံသယဝင်စရာ ရေကွက်။
လုလျန့်ဝေ၏စကားများကိုကြားသော် လုံချီ၏ မျက်နှာမှာ ၃၊ ၄ဆလောက် ပို၍မည်းမှောင်သွားလေသည်။
၎င်းကိုမြင်သောအခါ လုယွင်ရွှမ်း၏ အမူအရာမှာ ချက်ချင်းပင် အသည်းအသန် ထိတ်လန့်သွားပုံပေါ်၏။
သူမစိတ်ထဲမှ ဒေါသထွက်နေသော်လည်း သူမမှာ တုန်လှုပ်နေသောအမူအရာကို အတင်းအကြပ် ဟန်ဆောင်နေရသည်။
“ကျွန်မ အရမ်းစိတ်ပူသွားလို့ပါ၊ ကျွန်မ အထဲထိ ကူတွဲပေးသွားမယ်နော်၊ တော်ဝင်သမားတော်လာတာကို စောင့်ကြရအောင်။”
လုံချီက သူမ၏ ကူတွဲပေးမှုဖြင့် အခန်းဆီသို့ လျှောက်လာသည်။ တံခါးဝသို့ ရောက်သောအခါ လုလျန့်ဝေက ရုတ်တရက် အလန့်တကြားဖြင့် ကြမ်းပြင်ပေါ် လက်ညှိုးထိုးလိုက်၏။
“အရှင့်သား သတိထားပါဦး၊ မချော်ကျစေနဲ့နော်။”
လုံချီမှာ လက်မောင်းတွင် အပြင်းအထန် ဒဏ်ရာခံစားနေရပြီး သူ့တစ်ကိုယ်လုံးက တောင့်တင်းနေနှင့်ပြီးဖြစ်သည်။ သူမ ရုတ်တရက်အော်လိုက်သည်ကို ကြားသောအခါ သူ ရုတ်ချည်းပင် ထိတ်လန့်စွာ ခုန်လိုက်မိ၏၊ သူ့နဖူးရှိသွေးကြောများမှာ ခပ်ကြမ်းကြမ်း ခုန်ပေါက်လို့နေသည်။
လုယွင်ရွှမ်းက အလန့်တကြားဖြစ်ရာမှ ပြန်အသိကပ်လာပြီး လုလျန့်ဝေအား စိတ်တိုစွာ ပြောလိုက်သည်။
“အရှင့်သားရှေ့ ဘယ်လိုလုပ် ဆူဆူညံညံ လုပ်ရဲရသလဲ။”
လုလျန့်ဝေက နှုတ်ခမ်းဆူလိုက်၍ ပြောသည်။
“ကျွန်မက အရှင့်သား ထပ်ချော်လဲမှာစိုးလို့ သူ့ကို ဂရုစိုက်ဖို့ သတိပေးတာပါ၊ အဲ့လောက် ဒေါသထွက်စရာမလိုပါဘူး မမရဲ့။”
လုယွင်ရွှမ်း ၎င်းကိုကြားသော် သူမနှလုံးသားမှာ ဆတ်ခနဲ ပြုတ်ကျသွားရသည့်နှယ်။ လုံချီက အခြေအနေအား သတိထားမိမည်စိုး၍ သူမ ကမန်းကတမ်း ထပ်ဖြည့်ပြောလိုက်၏။
“ကောင်းပါပြီ၊ အရှင့်သား ဒီနေ့ ဒဏ်ရာရသွားတာမို့ နင့်ကို ဧည့်ခံဖို့အချိန်မရှိတော့ဘူး၊ နင် ပြန်သင့်ပါပြီ။”
သူမ ပြောရင်းဖြင့် တံခါးဘောင်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ဂရုတစိုက်ပင် ဘေးတစ်ဖက်သို့ ခြေချလိုက်လေသည်။
နောက်ဆုံး ထွက်လာပြီးနောက်မှာတော့ သူမ ရင်ဘတ်ပုတ်လိုက်မိကာ အလွန်အင်မတန်မှ စိတ်အေးသွားပုံရလေသည်။
လုယွင်ရွှမ်း၏မျက်နှာမှာ ဖြူဆုတ်လို့နေပြီး သူမနှလုံးက ထိန်းချုပ်မရနိုင်စွာ အကြမ်းပတမ်း ခုန်နေသည်။ သူမ လုံချီကို အထဲဝင်ရန် ကူတွဲပေးနေစဉ် လုလျန့်ဝေ၏ တမူထူးဆန်းနေသော အပြုအမူများက သူ့အာရုံကို ဆွဲဆောင်သွားချေပြီ။
လုံချီ ခေါင်းငုံ့လိုက်သောအခါတွင် သူ ခန့်မှန်းထားသည့်အတိုင်း တံခါးရှေ့ရှိ ကြမ်းပြင်ပေါ်၌ သံသယဝင်စရာ ရေကွက်တစ်ကွက် တွေ့လိုက်ရ၏။ ၎င်းက မသိသာသော်လည်း ထိုကြမ်းခင်းမှာ တစ်စုံတစ်ရာ ပေရေစွန်းထင်းနေသည့်အလား အခြားနေရာရှိ ကြမ်းခင်များနှင့် အရောင်ကွဲနေလေသည်။
သူ လုယွင်ရွှမ်း၏ ပျာယာခတ်နေသောမျက်နှာကို ထပ်ကြည့်လိုက်မိသောအခါ ရုတ်တရက် အမှန်တရားကို သိလိုက်ရသည့်နှယ် သူ့ခံ့ညားသောမျက်ဝန်းများ ပြူးကျယ်ကုန်သည်။
လုယွင်ရွှမ်းမှာ ဤကိစ္စအတွက် လုလျန့်ဝေကို အပြစ်တင်ရန် မကြိုးစားတော့ချေ။ သူမ လုံချီအား အထဲသို့ မြန်မြန်ပို့ကာ အခြေအနေကို ရှင်းပြချင်ရုံသာ ရှိတော့သည်။
သို့သော် လုံချီကတော့ ယခု ဒေါသပုန်ထနေလေပြီ၊ အထူးသဖြင့် သူ့လက်မောင်းရှိ ထိတ်လန့်စရာဒဏ်ရာများကို မြင်သောအခါတွင်ဖြစ်သည်။ သူ စိတ်ပျက်သွားသည်လား သို့မဟုတ် အခြားတစ်ခုခု ခံစားနေရသလား မပြောနိုင်တော့ပေ။ သူ လုယွင်ရွှမ်းအား ခပ်စူးစူး တစ်ချက် စိုက်ကြည့်ပြီးနောက် တစ်ဖက်လှည့်ကာ လျှောက်သွားတော့သည်။
လုယွင်ရွှမ်းမှာ တစ်ခဏမျှ ကြောင်အ,နေပြီးနောက် စိတ်ကို သေချာပြန်စုစည်းလိုက်ကာ သူ့နောက်မှ အပြေးလိုက်လာသည်။
“အရှင့်သား ထင်သလို မဟုတ်ပါဘူး၊ ကျွန်မကို ရှင်းပြခွင့်လေး ပေးပါဦး...”
လုလျန့်ဝေကတော့ စိတ်အခြေအနေကောင်းမွန်စွာဖြင့် အိမ်ရှေ့နန်းဆောင်မှ ထွက်လာခဲ့လေသည်။
နန်းတွင်းမှ ထွက်လာပြီးနောက် သူမ လုဟယ့်ထျန်း၏ ကိုယ်ပိုင်သက်တော်စောင့်များနှင့် တွေ့ဆုံကာ မြို့တော်ဆင်ခြေဖုံးရှိ အပန်းဖြေစံအိမ်တော်သို့ ချီတက်ခဲ့သည်။
ယခုက အပြင်ထွက်လည်ပတ်ဖို့ကောင်းသောအချိန်လေး ဖြစ်၏။ ဆင်ခြေဖုံးရှိ ရှုခင်းများမှာ လှပပြီး အေးချမ်းနေသည်၊ ခရီးထွက်လာကြသော လူအများအပြားလည်း ရှိသည်။
လုလျန့်ဝေမှာ မြင်းလှည်းထဲတွင် ထိုင်လျက် ဆင်ခြေဖုံးရှိ ရှုခင်းများကို ငေးမောရှုစားနေရင်းဖြင့် အပန်းဖြေစံအိမ်သို့ ရောက်လာခဲ့သည်။
ထိုနေရာသို့ ရောက်လာပြီးနောက် လုလျန့်ဝေသည် ရှန့်ထော်တောင်ထွဋ်ထံ သွားရန် အလျင်လိုမနေဘဲ ထိုအစား ကျုးယွိနှင့်အတူ မက်မွန်တောထဲ လမ်းလျှောက်ထွက်လာသည်။ သူမမှာ ထိုနေရာရှိ ရှုခင်းသာများထဲ နစ်မျောနေပုံရကာ အချိန်အတန်ကြာ ပတ်လျှောက်နေခဲ့လေသည်။
အပန်းဖြေစံအိမ်၌ တိတ်ဆိတ်သော တစ်ရက်တာကို ကုန်ဆုံးပြီးနောက် လုလျန့်ဝေမှာ နောက်တစ်နေ့၌ အအေးမိသွားပုံရသည်။ သူမမှာ ထိုနေရာ၌ ချိနဲ့စွာဖြင့် လမ်းပတ်လျှောက်နေခဲ့ပြီးနောက် အနားယူရန် အိမ်ခန်းထဲ ဝင်သွားလေသည်။
သူမ ခန္ဓာကိုယ် အတော်လေး ပင်ပန်းနွမ်းနယ်နေ၍ အိမ်ထဲ၌ အားဖြည့်နေသည်ဟု အားလုံးက ထင်နေကြချိန်မှာပဲ လူတစ်ယောက်က မြင်းတစ်ကောင်နှင့်အတူ အိမ်နောက်ဘက်မှ ခိုးကြောင်ခိုးဝှက် ထွက်လာ၏။
မြင်းပေါ်ထိုင်နေသည်မှာ နောက်ကျော၌ အိတ်တစ်အိတ်လွယ်ထားသည့် သိပ်ထူးထူးခြားခြားမရှိလှသော ကောင်ကလေးတစ်ယောက် ဖြစ်သည်။
အကွာအဝေးတစ်ခုမျှ ထွက်လာပြီးနောက်တွင်တော့ ထိုကောင်လေးမှာ နောက်ဆုံးတော့ ခေါင်းကိုမော့လာပြီး ဖြူကြည်နူးညံ့သောမျက်နှာလေးကို လှစ်ဟပြလာသည်။
၎င်းမှာ ကောင်လေးတစ်ယောက်မဟုတ်ခဲ့၊ လုလျန့်ဝေဟူသော မိန်းမပျိုလေးသာ ဖြစ်လေသည်။