← Chapters

အခန်း (၁၁၆-၁၁၈)

Vol. 3 Ch. 116-118

အခန်း (၁၁၆-၁၁၈)

Vol. 3 Ch. 116-118

အပိုင်း (၁၁၆) - သူမ ဒီတိုင်းပါးစပ်နဲ့ တိုက်ရိုက်တေ့သောက်လိုက်ရင် မလေးစားရာကျသွားမယ်မဟုတ်လား။

ဤနေရာရှိ ဆေးပင်များအားလုံးမှာ ကောင်းမွန်သောအခြေအနေတွင် ရှိပုံပေါ်ပြီး အတော်လေးလည်း သက်တမ်းရင့်ကြသည်။ ငွေကြေးက ပဓာနမဟုတ်လျှင်တောင် ၎င်းတို့ကို အပြင်တွင် ဝယ်ဖို့မလွယ်ချေ။

ယင်ရှီးအတွက် ယင်ဓာတ်လမ်းညွှန်ပေးသည့် ဆေးပင်များကို အလောတကြီး ရှာဖို့တာဝန်သာ ရှိမနေလျှင် လုလျန့်ဝေမှာ ထိုဆေးပင်များကို ခူးယူရန် တုံ့ဆိုင်းနေမည်မဟုတ်ဘဲ ပြန်ရောက်သောအခါ အဖေနှင့် အဘွားတို့ ကျန်းမာရေး ပိုကောင်းလာစေရန် သူတို့ကို ပေးလိုက်မည်ဖြစ်သည်။

သူတို့ တောင်ထိပ်သို့ ရောက်‌သောအခါ လုလျန့်ဝေမှာ မောပန်းနေပြီဖြစ်ကာ ချွေးများနစ်လို့နေသည်။ သို့သော် လုံယန်နှင့် ချူးယီးတို့မှာတော့ လုံးဝပင်ပန်းနေပုံမပေါ်ချေ။

သူမ ကျောက်တုံးတစ်တုံးပေါ် ထိုင်ချလိုက်သည်။

သူမ ပင်ပန်းလွန်း၍ ဟောဟဲလိုက်နေပြီး မျက်နှာလည်း နီမြန်းနေသည်ကိုမြင်သောအခါ လုံယန်က သူ့လက်ထဲရှိ ရေဘူးအား သူမထံ ကမ်းပေးလိုက်သည်။

(T/N - ဒီမှာ ရေဘူးဆိုတာ ဗိုက်ဝကျယ်ကျယ်နဲ့ ဆိတ် ဒါမှမဟုတ် သိုးသားရေနဲ့လုပ်ထားတဲ့ ဘူးပါ၊ တရုတ်ရှေးကားတွေထဲမှာ ပါလေ့ရှိပါတယ်)

“ရေနည်းနည်းသောက်လိုက်။”

လုလျန့်ဝေက ၎င်းကိုယူပြီး ဘူးဆို့ကို ဖြုတ်လိုက်ကာ ပါးစပ်ထဲထည့်တော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာ တွေးမိသွားပြီး တစ်မုဟုတ်ချင်း ရပ်သွားလေသည်။

သူမ မသိစိတ်၏စေ့ဆော်မှုအရ လုံယန်ကို လှည့်ကြည့်လိုက်သည်၊ သူက သူမကို ကြည့်မနေကြောင်း အတည်ပြုပြီးသွားတော့မှ သူမ ရေဘူးကို သောက်ရန် ကိုင်မြှောက်လိုက်သည်။

သူမ ပါးစပ်ကို ရေဘူးဝနှင့် တိုက်ရိုက်မထိစေဘဲ ထိုအစား ပါးစပ်ထဲသို့သာ ရေကိုလောင်းချလိုက်၏။

ဤရေဘူးက လုံယန့်ပစ္စည်းဖြစ်သည်။ အကယ်လို့ သူမ ဒီတိုင်း ပါးစပ်နဲ့တေ့သောက်လိုက်ရင် မလေးစားရာကျသွားမယ်မဟုတ်လား။ လိုရမယ်ရ အန္တရာယ်ကင်းစေရန် သူမ ကသိကအောက်ဖြစ်ရသော အနေအထားကြီးဖြင့်သာသောက်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ခြားတစ်နေရာသို့ အကြည့်ရောက်နေသော လုံယန်မှာ ရုတ်ချည်းပင် ပြန်လှည့်ကြည့်လာသည်။

သူမရေသောက်နေသည်ကို မြင်လိုက်ရသည်နှင့် ကွက်တိပင်။

သူ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိသည်၊ စိတ်အလိုမကျခြင်းကြောင့်ပေလော၊ တခြားခံစားချက်ကြောင့်ပေလော မသိရ။ သူ့မျက်နှာထားက ပို၍ပင် အေးစက်လာလေသည်။

လုလျန့်ဝေ ရေသောက်ပြီးသွားသောအခါ ရေဘူးကို ပြန်ပိတ်လိုက်ပြီး လုံယန်ကို ပြန်ပေးလိုက်သည်။ ထို့နောက် ချောက်ကမ်းပါးစွန်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး လမ်းညွှန်ဆေးပင်ကို သွားရှာ၏။

ယင်ရှီးအဆိပ်အတွက် လမ်းညွှန်ဆေးပင်မှာ အင်မတန်ရှားပါး၏။ သူမ ဤသို့လာရာလမ်းတွင် အရိပ်အယောင်တစ်စပင် မမြင်ခဲ့ရ။ ဤတောင်ထိပ်တွင် ရှာတွေ့ဖို့ရန်သာ သူမ မျှော်လင့်ရပါသည်။

မဟုတ်လျှင် သူမတို့ ဒီနေရာသို့ လာရသည့်ခရီးက အချည်းနှီးပင်ဖြစ်ချေတော့မည်။

သူမ မျက်ခုံးများကြုံ့ထားရင်းဖြင့် ကမ်းပါးစွန်း၌ ဆောင့်ကြောင့်လေးထိုင်ကာ သေသေချာချာ လိုက်ရှာနေ၏။

“ဒုတိယသခင်မလေးလု ရှာနေတဲ့ လမ်းညွှန်ဆေးပင်က ဘယ်လိုပုံစံရှိလဲဗျ၊ ကျွန်တော်လည်း ကူရှာပေးလို့ရအောင် ပုံစံပြောပြပါလား။”

ချူးယီးမှာ သူမတစ်ယောက်တည်း ကြိုးစားရုန်းကန်နေသည်ကို မြင်၍ မနေနိုင်ဘဲ ရောက်လာလေသည်။

လုလျန့်ဝေ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သည်လူ ခုနက အားမကိုးရလောက်သည့်ကိစ္စများ လုပ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် လုလျန့်ဝေမှာ သူ့အကူအညီကို မယူလို၍ ကျင်လည်စွာပင် ငြင်းဆန်လိုက်သည်။

“အဲဒီဆေးပင်က ခွဲခြားသိနိုင်ဖို့လည်း ခက်သလို အဆိပ်ရှိအပင်တစ်မျိုးနဲ့လည်း ပုံစံသိပ်တူတယ်၊ ရှင် မခွဲနိုင်လောက်ဘူးလို့ ကျွန်မထင်ပါတယ်။”

ချူးယီးက သူမကို မယုံသလို ကြည့်လာပြီး တစ်နေရာကို သာမန်ကာလျှံကာ လက်ညှိုးထိုးပြလိုက်သည်။

“ဒါဖြင့် အဲဒီအပင်ကရော ခင်ဗျားရှာနေတဲ့ လမ်းညွှန်ဆေးပင်နဲ့ တူလား၊ ကျွန်တော်တော့ အဲဒီအပင်ကို မြင်ဖူးတယ်မထင်ဘူး၊ ကျွန်တော်ကြည့်ရတာတော့ အဆိပ်ရှိတဲ့ပုံပဲ၊ ကျွန်တော် သွားခူးလာပြီးပြမယ်လေ။”

လုလျန့်ဝေ သူ့အပေါ် သိပ်အာရုံမထားချင်ပေ၊ သို့သော် ဤ‌ကမ်းပါးစွန်း၌ အမှန်ပင် အဆိပ်ရှိအပင် အများအပြား ပေါက်ရောက်နေသည်ကို သူမ အမှတ်ရလိုက်သည်။ ခုနလေးကပင် သူမ အနည်းငယ် တွေ့လိုက်သေး၏။ ထိုအပင်က အမှန်တကယ် အဆိပ်ရှိနေပါလျှင် ချူးယီးက နမော်နမဲ့ ထိလိုက်မိ၍ အဆိပ်မိသွားပါမူ ဒုက္ခများပေလိမ့်မည်။

သို့နှင့် ချူးယီးက သွားခူးမည်ဟု ပြောလိုက်သည်ကိုကြားသော် သူမ အရင်ဆုံး သူ့ကို တားလိုက်သည်။

“ရှင်ပြောတာ ဘယ်အပင်လဲ၊ ကျွန်မ တစ်ချက်ကြည့်ပါရစေဦး။”

လုလျန့်ဝေ ထိုနေရာသို့ ကြည့်လိုက်သောအခါ ကမ်းပါးစွန်းရှိ ကျောက်တုံးအက်ရာများကြား ပေါက်ရောက်နေသည့် မည်းနက်နေသော မြက်ပင်အခင်းလိုက်ကြီးကို တွေ့လိုက်ရသည်။

လုလျန့်ဝေ၏ မျက်လုံးများ တောက်ပသွားသည်။ သူမ ချူးယီးကို ဘေးသို့တွန်းဖယ်လိုက်၍ ရှေ့သို့ အပြေးသွားလိုက်၏။

သူမ အော်လိုက်သံက တစ်ဖက်တွင်ရပ်နေသော လုံယန်၏အာရုံကို ဆွဲဆောင်လိုက်သည်။

၎င်းက အဆိပ်ရှိအပင်ဟု ချူးယီး ထင်လိုက်သည်မှာ မဆန်းပါပေ။ လမ်းညွှန်ဆေးပင်များသည် လုံးဝမည်းနက်နေပြီး အခြားအဆိပ်ရှိအပင်တစ်မျိုးနှင့် အတော်လေးဆင်တူ၏။ တစ်ခုတည်းသော ခြားနားချက်မှာ ဤဆေးပင်က အရွက်များ၌ ခရမ်းရောင်အကြောများ ပါနေခြင်းပင်။

လုလျန့်ဝေ အတွေးထဲနစ်နေစဉ် သူမနောက်မှ လုံယန်၏ အော်သံကို ကြားလိုက်ရသည်။

သူ့အသံထဲရှိ စိုးရိမ်မှုက လုလျန့်ဝေအား တုန်တက်သွားစေသည်။ နောက်တစ်ခဏတွင် ကမ်းပါးစွန်းမှ တွားသွားလာသော သတ္တဝါကြီးကြောင့် သူမမျက်လုံးများ ပြူးကျယ်သွား၏။

တစ်ကိုယ်လုံး အကြေးခွံများဖြင့် ဖုံးအုပ်နေသည့် ကြီးမားသော မြွေနက်ကြီးဖြစ်လေသည်။ ၎င်းက အစွယ်များလှစ်ဟလျက် လုလျန့်ဝေဆီ တစ်ရှိန်ထိုး လာနေသည်။

ဖြစ်ပျက်သွားသည်များက အင်မတန်များလွန်း၍ လုလျန့်ဝေ၏စိတ်ထဲ ဗလာကျင်းသွားတော့သည်။ သူမခန္ဓာကိုယ် တောင့်တင်းသွားပြီး ထိုအခိုက်အတန့်တွင် ဘာလုပ်ရမလဲ မစဉ်းစားနိုင်တော့ချေ။

ဆက်ရန်__

Chapter 117

March 11, 2024 by Nay Chi Lynn

အပိုင်း (၁၁၇) - သူမက အာလူးပူပူတစ်လုံး ကိုင်မိလိုက်သည့်အလား။

လုလျန့်ဝေမှာ မြွေကြီး၏ပါးစပ်ထဲ၌ သေရတော့မည်ဟု တွေး‌မိသည့်အချိန်မှာပဲ သူမ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို သန်မာသော အားတစ်ခုက ဆွဲယူလိုက်ပြီး နောက်တစ်ခဏမှာပင် မြားတစ်စင်းသဖွယ် အလင်းတန်းတစ်ခုက သူမမျက်စိရှေ့မှ ဖြတ်သွားကာ မြွေကြီး၏ ပါးစပ်ဆီသို့ စိုက်အောင် ပစ်လိုက်သည်။

၎င်းက လုံယန်၏ဓားပင်။

ထိုဓား၏ ထက်မြနေသောအသွားက အေးစက်တောက်ပသော အလင်းတစ်ခုဖြင့် လေထုကို ဖြိုခွင်းလျက် မြွေကြီး၏ ပါးစပ်အကြား ပျောက်ကွယ်သွားလေသည်။

“ခွီး!!!”

မြွေကြီးက အော်ဟစ်လိုက်ပြီး စိတ်ရိုင်းဝင်နေစဉ် သူ့၏ အမြီးအကြီးကြီးကို မ,ကာ သူတို့ရှိရာသို့ ဝှေ့ယမ်းလာ၏။

လုံယန်က မျက်လုံးများ မှေးကျဉ်းလိုက်ပြီး လုလျန့်ဝေကို သယ်ဆောင်ကာ ၎င်းကို အလျင်အမြန် ရှောင်လိုက်သည်။

သို့သော် မြွေကြီးမှာ ဒဏ်ရာအပြင်းအထန် ရနေခြင်းကြောင့် ရူးသွပ်ကာ စိတ်ရိုင်းဝင်နေလေပြီ။ ပထမ တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် ၎င်းက အမြီးကြီးကို ထပ်လိပ်လိုက်ကာ သူတို့ဆီ ဒုတိယတစ်ကြိမ် ထပ်မံတိုက်ခိုက်လာပြန်သည်။

လုံယန်က လုလျန့်ဝေကို ‌လက်မောင်းထဲ ပွေ့ထားရင်းဖြင့် ထိုတိုက်ခိုက်မှုကို ချောမွေ့သွက်လက်စွာ ရှောင်လိုက်သည်။

ချူးယီးက သူ့ဓားကြီးကို ‌ကိုင်လိုက်ပြီးဖြစ်ကာ မြွေကြီး၏ ခန္ဓာကိုယ်ထံ ဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

သို့သော် မြွေကြီး၏ခန္ဓာကိုယ်သည် ထူထဲမာကျောသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်ဖြစ်ရာ တစ်ချက်တည်းနှင့် ထိခိုက်အောင်လုပ်ဖို့က မဖြစ်နိုင်ချေ။ ထိုအစား ထိုရိုက်ချက်က ၎င်းကို ပို၍ဒေါသထွက်သွားအောင် ဆွလိုက်ရာရောက်သွားသည်။

နောက်ထပ် တိုက်ခိုက်မှုတစ်လှိုင်းကို ရှောင်ရှားပြီးနောက် လုလျန့်ဝေမှာ နောက်ဆုံးတော့ ဝိဉာဉ်လွင့်နေရာမှ ပြန်သက်သာလာပြီဖြစ်သည်။ သူမ မသိလိုက်မသိဘာသာဖြင့် လုံယန်၏ခါးကို ကိုင်ထားလိုက်ပြီး ချူးယီးအား လှမ်းအော်လိုက်သည်။

“ကျောဖက်ကို မတိုက်နဲ့! သူ့ဗိုက်သားကို ဦးတည်ပြီးတိုက်ပါ!”

ကျောဘက်တွင် အကြေးခွံထူထူများရှိပြီး ဝမ်းဗိုက်ပိုင်းကသာ ပျော့နေခြင်းဖြစ်၏။

လက်ရှိအခြေအနေမှာ ကသောင်းကနင်းဖြစ်နေခြင်းကြောင့် သူမမှာ လုံယန်၏ ကြောင်သွားသော မျက်နှာကိုပင် မဆိုထားနှင့်၊ မိမိအပြုအမူများကိုပင် သူမ သတိမထားမိလုနီးပါး။

လုံယန်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းလို့နေပြီး မိန်းမပျိုလေး၏ လက်ပျော့ပျော့လေးများဖြင့် ခါးကို ဖက်ခံထားရခြင်းကို အသားကျမနေပေ။ သို့သော် သူ သူမကို မတွန်းလိုက်ဘဲ သူမပခုံးများကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

ချူးယီးမှာ မြွေကြီးကို သတ်ရန် အခါခါ ကြိုးစားခြင်းများ ‌မအောင်မြင်ဘဲ မြွေကြီးထံမှ အလိုက်ခံ‌နေရသဖြင့် ချွေးတလုံးလုံးဖြစ်နေချေပြီ။ သူ လုလျန့်ဝေ၏အသံကို ကြားသောအခါ ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်၍ သူ့ဓားကြီးကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သူ လေထဲသို့ တဟုန်ထိုး ခုန်သွားပြီး မြွေကြီး၏ ဝမ်းဗိုက်ထံ ဦးတည်၍ ခုတ်ပိုင်းလိုက်၏။

သေချာပေါက်ပင် အကြေးခွံများဖြင့် နောက်ကျောဘက်နှင့်စာလျှင် ဝမ်းဗိုက်ပိုင်းက ပို၍ပျော့ပျောင်းပေသည်။

ချူးယီးက ၎င်း၏ အမြီးကြီးကို ရှောင်လိုက်ပြီး သူ့ဝမ်းဗိုက်ကို အောင်အောင်မြင်မြင် ခုတ်ပိုင်းရာတစ်ချက်ပေးလိုက်နိုင်သည်။

မြွေကြီး၏ ဒဏ်ရာမှ သွေးများ ချက်ချင်း ဝေါခနဲထွက်လာပြီး အချိန်မှီမရှောင်လိုက်နိုင်သောချူးယီးအပေါ် တကိုယ်လုံးပေကျံသွား၏။ သို့သော် သူက တုံ့ဆိုင်းမနေဘဲ သူ့ဓားကြီးကို တဖန်ပြန်ဆွဲထုတ်လိုက်ပြီး မြွေကြီးကို နောက်ထပ် ခပ်ပြင်းပြင်းတစ်ချက် ထိုးလိုက်ပြန်သည်။

ပြင်းထန်သည့်ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရနေသောအခါ မြွေကြီးမှ နားထိုင်းစေလာက်အောင်ကျယ်လှသည့် ဟိန်းသံကြီးတစ်ခု ဟစ်အော်ထုတ်လိုက်ပြီး ရုတ်တရက် အမြီးကြီးကို မ,ကာ ရှိသမျှအားအကုန်ဖြင့် ဝှေ့ယမ်းလိုက်လေသည်။

အချိန်မှီ ပြန်မဆုတ်လိုက်နိုင်သော ချူးယီးမှာ ကမ်းပါးစွန်းမှ ပြုတ်ကျသွားလေတော့သည်။ နံဘေးတွင် ရပ်နေသော လုံယန်က အလျင်အမြန် တုံ့ပြန်လာပြီး လုလျန့်ဝေကို ပွေ့လျက်သားဖြင့် မြွေကြီး၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း ရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။

မြွေကြီးမှာ အဆက်မပြတ် ဒဏ်ရာရထားပြီးနောက် သူ့ခံနိုင်ရည်နောက်ဆုံးကို ရောက်နေလေပြီ။ နောက်ဆုံးသော အားကုန်တိုက်ခိုက်မှုအပြီးတွင် မြေပေါ်သို့ ဒုန်းခနဲလဲကျသွားတော့သည်။

လုံယန်က လုလျန့်ဝေကို လက်မောင်းထဲ ပွေ့ထားလျက် မြေပေါ်သို့ ပြန်ဆင်းလာသည်။

သေခါနီး ပြင်းပြင်းထန်ထန် နာကျင်နေရသည့် မြွေကြီးကိုကြည့်ရင်း လုလျန့်ဝေမှာ အံ့ဩထိတ်လန့်မှုမှ ပြန်မသက်သာသေးပေ။

သေဖို့ နည်းနည်းလေးသာ လိုတော့၏။ လုံယန်သာ သူမကို မကာကွယ်ခဲ့လျှင် သူမ ထိုမြွေကြီး၏ပါးစပ်ထဲ၌ အသက်ဆုံးသွားပေလိမ့်မည်။

သူမ ကျေးဇူးတရားအပြည့်ဖြင့် ထိုအမျိုးသားထံလှည့်ပြောလိုက်သည်။

“ကျွန်တော်မျိုးမအသက်ကို နောက်တစ်ကြိမ် ထပ်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

လုံယန်က သူမကို မကြည့်ဘဲ ထိုအစား တစ်စုံတစ်ရာကို ငုံ့ကြည့်နေလေသည်။

၎င်းကိုမြင်သော် လုလျန့်ဝေလည်း လိုက်၍ ငုံ့ကြည့်လိုက်သည်။

တစ်ချက်ကြည့်ရုံနှင့်တင် သူမမျက်နှာ နီမြန်းသွားပြီး အာလူးပူပူတစ်လုံးကို ကိုင်မိသည့်အလား သူမလက်များကို ချက်ချင်းပြန်ရုတ်လိုက်သည်။

သူမ စိတ်ရှုပ်စွာဖြင့် နှုတ်ခမ်းကိုက်မိသည်။ သူမ ဘာလို့ လုံယန်ကို သွားဖက်ခဲ့ရတာတုန်း။

သူမ၏ ပိုလွန်းနေသော တုံ့ပြန်မှုကြောင့် လုံယန် စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်သွားသည်။ သူ မျက်လုံးပင့်ကာ သူမကို ကြည့်လိုက်၏။ သူမ၏ နီမြန်းနေသောမျက်နှာနှင့် သူ့အကြည့်ကိုရှောင်ရန် ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေသည့် မျက်လုံးလှလှများကိုမြင်သော် သူ့နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။

“ကျေးဇူးတင်စရာ မလိုပါဘူး၊ ကိုယ်တော့်အတွက် ဆေးပင်သွားခူးပေးနေလို့သာ မင်း အန္တရာယ်နဲ့ကြုံရတာပဲ။”

လုလျန့်ဝေ မသဲမကွဲ ပြန်ဖြေလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး သူမ အလျင်အမြန်ပင် ‌ကမ်းပါးစွန်းဆီ ပြေးသွား၍ စိုးရိမ်စွာပြောလိုက်၏။

“ချူးယီး ကမ်းပါးက ပြုတ်ကျသွားတယ်ရှင့်၊ ကျွန်မတို့ အခု ဘယ်နှယ့်လုပ်ကြမလဲ။”

လုံယန်၏ မျက်နှာထားကလည်း လေးနက်လာသည်။ သူ ချောက်ကမ်းပါးစွန်းကို ကျော်ကြည့်လိုက်ပြီး ပြော၏။

“မင်း ဒီမှာစောင့်နေ၊ ကိုယ်တော် ဆင်းသွားပြီး ကြည့်လိုက်မယ်။”

ဆက်ရန်__

Chapter 118

March 11, 2024 by Nay Chi Lynn

အပိုင်း (၁၁၈) - ကိုယ်တော့်မျက်နှာမှာ ညစ်ပတ်နေတာတစ်ခုခု ရှိလို့လား။

ချောက်ကမ်းပါးစွန်းက သိပ်မမြင့်ပေ။ သို့သော် လုံယန်က မတုံ့ဆိုင်းဘဲ ဆင်းသွားမည်ဟု ပြောခြင်းကြောင့် လုလျန့်ဝေ အံ့ဩသွားရသည်။ သူမ ခေါင်းကို ဆတ်ခနဲပင်လှည့်ကာ သူ့ကို ကြည့်လိုက်မိ၏။

“ဘာလဲ။”

သူမ၏ အံ့အားသင့်နေသည့်အကြည့်များကို မြင်သော် လုံယန်က လက်ဖမိုးဖြင့် သူ့မျက်နှာသူထိလိုက်ပြီး စနောက်လိုသည့်လေသံဖြင့် မေး၏။

“ကိုယ်တော့်မျက်နှာမှာ ညစ်ပတ်နေတာတစ်ခုခု ရှိလို့လား။”

လုလျန့်ဝေ ခေါင်းယမ်းလိုက်သည်။

“မဟုတ်ပါဘူး။”

တစ်ခဏမျှ တန့်သွားပြီးနောက် သူမ ပြောလိုက်သည်။

“ဒါဖြင့် ဂရုစိုက်ပါ အရှင်မင်းကြီး။”

“ကောင်းပြီ။”

လုံယန် ခေါင်းညိမ့်သည်။ သူ အတွေးတစ်ခု ပေါ်လာပြီး သူ့ဝတ်ရုံထဲမှ ဓားမြှောင်တစ်ချောင်းထုတ်ကာ သူမအား ကမ်းပေးလိုက်သည်။

လုလျန့်ဝေက ၎င်းကိုယူခါနီးတွင် တစ်စုံတစ်ရာ သတိရသွားပြီး သူမကိုယ်ပေါ်ဆောင်ထားသည့် အခြားဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

လုံယန်က သူမကို တစ်ချက်ကြည့်လိုက်၍ သူမလက်ထဲရှိဓားမြှောင်ကိုယူကာ သူ့ကိုယ်ပိုင်ဓားမြှောင်ကို သူမလက်ထဲ တွန်းထည့်ပေးလိုက်သည်။

လုလျန့်ဝေ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူ ချောက်ကမ်းပါးစွန်းမှ ခုန်ဆင်းသွားလေပြီ။

လုလျန့်ဝေ ထိတ်လန့်သွားပြီး အလျင်အမြန် ခေါင်းထွက်၍ ငုံ့ကြည့်လိုက်သည်။ သို့သော် အနက်ရောင်အရိပ်တစ်ခုက ချောက်ကမ်းပါးစွန်းအောက်ဆီသို့ တရှိန်ထိုးခုန်ချသွားသည်ကိုသာ သူမ မြင်နိုင်လေသည်။

သူမ ရင်ထဲ တင်းကြပ်လာမိသည်။

ကမ်းပါးအောက်ခြေက သိပ်ဝေးပုံမရ၊ သို့သော် အတော်လေး ခုန်ရမည့်ပုံပေါ်သည်။ သူက ဘယ်လိုလုပ် ဒီအတိုင်း ခုန်ချသွားနိုင်ရတာလဲ။

ဒီနေ့၏ ရှန့်ထော်တောင်ထွဋ်သို့ခရီးက သူမ၏ လုံယန်အပေါ် နားလည်ထားမှုကို ပိုနက်ရှိုင်းသွားစေခဲ့ပုံပေါ်သည်။

ကောလဟာလများထဲရှိ ရက်စက်သော ဧကရာဇ်သည်လည်း သူ့လက်အောက်ငယ်သားများအပေါ် အကြင်နာတရားရှိသော တစ်ဖက်ခြမ်းရှိနေသည်မှာ ထင်မှတ်မထားသည့်ကိစ္စပင်။

သူက ရေမြေ့သခင်အနေဖြင့် သူ့အဆင့်အတန်းကိုပင် ဘေးချထား၍ သူ့လုံခြုံမှုကိုပင် အမှုမထားဘဲ ချူးယီးကိုရှာရန် ချောက်ကမ်းပါးမှ ခုန်ချသွားခဲ့သည်။

ဤသို့သောလူမျိုးကို အဘယ်သို့ သွေးအေးသောလူဟု ခေါ်နိုင်ပါမည်နည်း။

ကြည့်ရသည်မှာ ကောလဟာလများက အပြည့်အဝ ယုံကြည်ရသည်မဟုတ်ချေ။

လုလျန့်ဝေက သူမလက်ထဲရှိ ဓားမြှောင်ကို ကြည့်လိုက်ပြီး လုံယန်၏အပြုအမူများကို နားမလည်နိုင်ပေ။

သူမ ဓားမြှောင်ကို အိမ်မှချွတ်ပြီး ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သာမန်ဓားမြှောင်တစ်ချောင်းနှင့်သာ တူ၏။ သို့သော် သူမ ကမ်းပါးစွန်း၌ ၎င်းကိုအသုံးပြု၍ မြက်ပင်တစ်ပင် ဖြတ်ယူချိန်တွင်တော့ ထိုပထမဆုံးအထင်အမြင်ကို သူမ ချက်ချင်းပြန်ဖျက်လိုက်သည်။

အတိအကျ ပြောရလျှင် ထိုဓားမြှောင်က မြက်ပင်ကိုပင် မဖြတ်ရသေး၊ သူမ မြက်ပင်အား ထိလိုက်ရုံလေးနှင့်တင် တိခနဲ ပြတ်သွားလေသည်။

သူမ ထိုဓားမြှောင်ဖြင့် အခြားမြက်ပင်တစ်ပင်ကို ထပ်ဖြတ်ကြည့်သည်၊ ရလာဒ်က အတူတူပင်။

သူမ ဓားမြှောင်ကို မြှောက်ကိုင်ကာ အနီးကပ် အကဲခတ်လေ့လာလိုက်သည်။

ကြည့်ရသည်မှာ လုံယန်၏ ဓားမြှောင်က အင်မတန် ထက်မြိလွန်းလှ၍ ဆံပင်တစ်ချောင်းကိုတောင် ဖွဖွလေးထိရုံပင် ပြတ်သွားစေနိုင်ပုံပေါ်သည်။

၎င်းက သံမဏိကိုပင် ရွှံ့အလား ဖြတ်နိုင်မည်လောဟု သူမ သိချင်မိသည်။

နဂိုကတော့ ၎င်းက သာမန်ဓားမြှောင်တစ်ချောင်းဟုသာ သူမ ထင်ထားခဲ့ပါ၏။ သို့သော် ဧကရာဇ်၏ မည်သည့်ပိုင်ဆိုင်မှုကများ သာမန်ဖြစ်‌နိုင်ပါမည်နည်း။

သူမ ၎င်းကို တစ်ချက် မြန်မြန်ကြည့်ပြီးနောက် ပြန်သိမ်းလိုက်သည်။ သူမ ဤကိုလာခဲ့ရသည့် ရည်ရွယ်ချက်ကို သတိရသွားပြီး သူမ မြွေကြီးပေါ်လာခဲ့သော ကမ်းပါးစွန်းနေရာဆီသို့ အလျင်စလို သွားလိုက်၏။

လမ်းညွှန်ဆေးပင်က အကောင်းအတိုင်းရှိနေဆဲဖြစ်သည်ကို တွေ့ရပြီးနောက်မှ သူမ စိတ်အေးစွာ သက်ပြင်းချမိတော့သည်။

သူမ ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် လမ်းညွှန်ဆေးပင်အား သူ့အမြစ်ရှိ မြေကြီးအုံနှင့်တကွ ဂရုတစိုက် နုတ်လိုကိသည်။

ဤယင်ဓာတ်ကို လမ်းညွှန်ပေးသည့်ဆေးမှာ ယင်ရှီးအဆိပ်ကိုဖြေရန် အဓိကကျသည်။

၎င်းက အရွက်များပေါ်ရှိ ခရမ်းရောင်အကြောများမှလွဲလျှင် ပိန်းပိတ်အောင် နက်မှောင်နေသည်။

၎င်းကို ယင်ဓာတ်ကိုလမ်းညွှန်ပေးသည့်ဆေးအဖြစ် အသုံးပြုလို့ရသည့်သာမက ကုသဖို့ခက်သော အဆိပ်အမျိုးအစားများစွာကိုလည်း ဖြေပေးနိုင်၏။

သူ့အားနည်းချက်မှာတော့ ဝိဉာဉ်မြက်ပြာသည် ရှားပါးပြီး သာမန်မဟုတ်သောနေရာတွင်သာ ပေါက်ရောက်ခြင်းပင်။

အမှန်မှာ ရှန့်ထော်တောင်ထွဋ်သို့ မလာခင်က ဤနေရာတွင် ဝိဉာဉ်မြက်ပြာ ရှိလောက်ပါ့မလား သူမ မသေချာခဲ့ပေ။သို့သော် ရှန့်ထော်တောင်ထွဋ်မှာ ဆေးဝါးများ၏တောင်ဟု ထင်ရှားပြီး ရှားပါးဆေးပင်မျိုးစုံ ပေါက်ရောက်ရာမြေ ဖြစ်သဖြင့် သူမ ကံစမ်းကြည့်ရန် လာခဲ့ခြင်းဖြစ်သည်။ကံကောင်းစွာဖြင့် သူမ မျှော်လင့်ချက် မပျက်ခဲ့ရဘဲ နောက်ဆုံးမှာတော့ ရှာတွေ့ခဲ့လေပြီ။

သူမ ဝိဉာဉ်မြက်ပြာကို လုံလုံခြုံခြုံ အဝတ်ဖြင့်ပတ်လိုက်ကာ သူမအိတ်ထဲထည့်လိုက်သည်။ သူမ မတ်တပ်ရပ်တော့မည့်အချိန်မှာပဲ သူမနောက်မှ နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။

သူမကုတ်ပေါ်ရှိဆံပင်မွှေးများအားလုံး ထောင်ထကုန်ရသည်။ ယခု သူမနောက်တွင် သားရဲတစ်ကောင် ရောက်နေမှန်းသိဖို့ သူမ လှည့်ကြည့်စရာပင်မလိုပါ။

သူမ ယခုရပ်နေသောနေရာကို အလျင်အမြန် အကဲခတ်လိုက်ပြီး ဝိဉာဉ်မြက်ပြာ ပေါက်နေသောနေရာ၏ အောက်ဘက်ရှိ ကမ်းပါးအဆင့်တွင် ထိုးထွက်နေသော ကျောက်တုံးကြီးတစ်တုံးကို တွေ့လိုက်ရသည်။ ၎င်းက လူတစ်ယောက် မတ်တပ်ရပ်သည်ကို ခံ‌နိုင်လောက်သည်ဟု ယူဆတွက်ချက်လိုက်ပြီး သူမ တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ချက်ချလိုက်လေသည်။

All Chapters