← Chapters

အခန်း (၁၂၅-၁၂၇)

Vol. 3 Ch. 125-127

အခန်း (၁၂၅-၁၂၇)

Vol. 3 Ch. 125-127

အပိုင်း (၁၂၅) - နောက်ဆို မိန်းမမရဘဲ နေမယ်နော့။

ထို့အပြင် ထိုလုလျန့်ဝေရောပင်။

သူ့မျက်လုံးများ မှေးကျဉ်းလိုက်သည်။ ဒီမိန်းကလေးက လုဟယ့်ထျန်းနှင့် ပြောဆိုဆက်ဆံရာတွင် ဤမျှချစ်ဖို့ကောင်းစွာဖြင့် ပရောပရီလုပ်တတ်ကြောင်း သူ မသိခဲ့ပေ။ သူ့ထံ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်တည်လာသည်၊ အမည်သတ်မှတ်လို့မရသည့် တစ်စုံတစ်ရာ ဖြစ်၏။

ချူးယီးမှာ သူ့သခင်ဖြစ်သူ ထူးဆန်းနေသည်ကို သတိမထားမိပေ။ သူက အဝေးမှ ထိုသားအဖကို ကြည့်နေရင်း အနည်းငယ် အားကျစွာဖြင့် ပြောသည်။

“မြို့စားမင်းက တကယ်ကံကောင်းတာပါပဲဗျာ၊ ဒုတိယသခင်မလေးလုလို လိမ္မာပြီး သူ့ကိုဂရုစိုက်တတ်တဲ့ သမီးချောလေး ရှိနေတာ၊ ကျွန်တော်လည်း ဒုတိယသခင်မလေးလုလို သမီးလေးတစ်ယောက်တော့ လိုချင်သား၊ သခင်.. ကျွန်တော်တို့ ပြန်ရောက်ရင် ကျွန်တော့်ကို လက်ထပ်မိန့်တစ်ခု ချီးမြှင့်ပေးပါဗျ၊ ကျွန်တော်လည်း ရုတ်တရက် မိသားစုလေး လိုချင်လာလို့...”

ချူးယီး လုံယန်ကို လှည့်ကြည့်လိုက်သော်လည်း လုံယန်က မြင်းကိုဆွဲပြီး ထွက်သွားနှင့်ပြီဖြစ်သည်ကိုသာ တွေ့လိုက်ရသည်။ လုံယန်က သူ့ကို လျစ်လျူရှုထားခဲ့ချေ၏။

သူ့စိတ်ထဲက အတွေးလေးတွေကို ပြောပြလိုက်ရတာက အချည်းနှီးဖြစ်သွားတာလား။

တောအုပ်အပြင်တွင် လုဟယ့်ထျန်း၊ လုလျန့်ဝေနှင့် အခြားသူများမှာ အစောကတည်းက ထွက်သွားကြပြီဖြစ်သည်။

ချူးယီး အလျင်အမြန်ပင် မြင်းပေါ်တက်ပြီး လိုက်သွားသောအခါ သူ့သခင်က တောအုပ်ထဲမှ ထွက်နေပြီဖြစ်သည်ကို မြင်ရသည်။

လုံယန်က မြင်းပေါ်တွင်ထိုင်နေရင်း တောအုပ်ထဲမှ ထွက်ခွာသွားပြီဖြစ်သော အုပ်စုအား လိုက်ကြည့်နေလေသည်။

အချိန်အတော်ကြာပြီးမှ သူ ခပ်ဖွဖွပြောလိုက်သည်။

“သွားကြမယ်။”

ချူးယီး သူ့သခင်၏ပုံရိပ်ကို အနောက်မှ ကြည့်နေမိသည်။ အကြောင်းရင်းတစ်စုံတစ်ရာကြောင့် သခင်က အတော်လေးအထီးကျန်နေသည်ဟု သူ ခံစားလိုက်ရ၏။

သခင်သည် ဤနှစ်များစွာအတွင်း ပခုံး‌ပေါ် ကိစ္စအများကြီးထမ်းတင်ထားခဲ့ရပြီး တိုင်းပြည်နှင့် ပြည်သူများအတွက် အများကြီးစတေးခဲ့ရသည်။ သို့သော် မိုးနတ်မင်းများမှာတော့ သူ့အား ကျန်းမာသည့်ခန္ဓာကိုယ်တစ်ခု မပေးခဲ့ပါချေ။

ချူးယီးမှာ ရုတ်တရက် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။

ဒုတိယသခင်မလေးလုက သူ့သခင်၏ ရောဂါအား ပျောက်ကင်းအောင် ကုသပေးနိုင်ရန် သူ မျှော်လင့်မိသည်။ သို့မှသာ သခင်က အသက်ရှည်ရှည်ဖြင့် ကျန်းကျန်းမာမာ နေသွားနိုင်မည်ဖြစ်၏။

လုဟယ့်ထျန်းက လုလျန့်ဝေအတွက် မြင်းလှည်းတစ်စီး ပြင်ဆင်လာခဲ့သည်။ မြင်းလှည်းမောင်းသမားမှာ ကုအာ့ဖြစ်၏။

ထိုအချိန်တွင် လုလျန့်ဝေမှာ မြင်းလှည်းထဲ၌ သက်သောင့်သက်သာ လှဲလျောင်းနေရင်း လုဟယ့်ထျန်း၏အမိန့်အရ သူမအတွက် အထူးတလည် ပြင်ဆင်ပေးထားသော မုန့်တုံးများ အသီးများကို စားသောက်နေသည်။

ထိုအုပ်စုက လမ်းတစ်ဝက်မျှ ရောက်လာပြီးနောက် သတင်းရပြီးနောက် သူတို့ရှိရာသို့ မြင်းဖြင့်နှင်လာသည့် လုထင်ချန်းနှင့် တိုးလေသည်။

လုလျန့်ဝေက ရှန့်ထော်တောင်ထွဋ်သို့ တစ်ယောက်တည်းသွားသည့်အကြောင်းကို သူ နောက်ကျမှ သိခဲ့ရသည်။ လုဟယ့်ထျန်းကဲ့သို့ပင် သူလည်း သူမအတွက် စိတ်ပူနေပါ၏။

သူ မြန်နိုင်သမျှ အမြန်‌ဆုံး တောင်ထွဋ်ဆီ လာနေရင်း လုလျန့်ဝေအား အန္တရာယ်များကြားမှ ကယ်တင်ရန် နောက်ကျသွားမည်ကို သူ ကြောက်နေခဲ့သည်။

သို့သော် လာနေရင်း လမ်းတစ်ဝက်တွင် သူတို့နှင့် တိုးလေ၏။

သူက လုဟယ့်ထျန်းလောက် စိတ်မထိန်းထားနိုင်။ သူ့မြင်းအား လုဟယ့်ထျန်း၏ သက်တော်စောင့်များထံ ပေးခဲ့ပြီးနောက် သူ မြင်းလှည်းထဲသို့ တန်းခနဲဝင်သွားလိုက်သည်။

သူ မြင်းလှည်းခန်းဆီးများကို ဆွဲဖွင့်လိုက်သော် အထဲတွင် လုလျန့်ဝေက အေးအေးဆေးဆေးလှဲလျက် မုန့်စားနေသည်ကို တွေ့လိုက်ရ၏။သူ အလျင်အမြန်ပင် သူမကို စစ်ဆေးကြည့်လိုက်ပြီး သူမ အဆင်ပြေသည်ကိုမြင်မှ ခပ်ကြမ်းကြမ်း ဆွဲမပြီး ထူလိုက်သည်။

သူ့လက်က သူမအပေါ်ကျလာတော့မည်ကို မြင်သောအခါ လုလျန့်ဝေက အသံကုန်ဟစ်၍ အမြန် အော်လိုက်သည်။

“လုထင်ချန်း၊ မင်းအသားယားနေလားဟေ့၊ မင်း ဝေဝေကို ဆံပင်တစ်ချောင်း ထိရဲတာနဲ့ လောင်ဇစ် မင်းကို အသေရိုက်ပစ်မယ်ဆိုတာ မယုံဘူးလား။”

လုဟယ့်ထျန်း၏ ဒေါသသံကြီးကို အပြင်မှပင် ကြားနိုင်သည်။

လုထင်ချန်း မျက်နှာကြီးမည်းမှောင်သွားပြီး သူ လက်ကိုအသာမြှောက်လိုက်၍ လုလျန့်ဝေ၏ ခေါင်းပေါ်တင်ကာ ဒေါသတကြီးဖြင့် ဆံပင်များကို ထိုးဖွလိုက်သည်။ သူမဆံပင်က ငှက်သိုက်နှင့်ဆင်ဆင်တူသွားမှသာလျှင် သူ လွှတ်ပေးလိုက်၏။

“ဒီကလေးမကတော့ တကယ်တစ်ခုခုတော့ တစ်ခုခုပဲကွ။”

လုလျန့်ဝေက အင်မတန်ရှုပ်ပွနေသော သူမဆံပင်ကို ပြန်သပ်ရပ်သွားအောင် ကြိုးစားနေသည်။ ဝိဉာဉ်ကူးပြောင်းပြီး ရလာသော ဤအစ်ကို၏ မျက်နှာပေါ်မှ ဒေါသရိပ်များကို မြင်သောအခါ သူမ ပွစိပွစိဖြင့် တိုးတိုးလေးပြောလိုက်သည်။

“ဒီလောက်ကြမ်းတမ်းနေတာ၊ နောက်ဆို မိန်းမမရဘဲနေမယ်နော့။”

လုထင်ချန်း နဖူးပေါ်မှ သွေးကြောများပင် တဒိန်းဒိန်းခုန်သွားသည်။

လုလျန့်ဝေက အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်၏။

“ဘာမှမဟုတ်ပါဘူး၊ အစ်ကိုကြီး ဒီအထိ အပြေးလာခဲ့ရတာ မောပြီး ရေဆာနေမှာပဲလို့၊ ထိုင်ပြီး အသီးလေးဘာလေး စားဦးလေ။”

ပြောရင်းဖြင့် သူမ သူ့ကို အသီးတချို့ မြန်မြန်ဆန်ဆန် ကမ်းပေးလိုက်ကာ သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနေသည်။ သူမ၏ နက်ရွှန်းနေသော မျက်လုံးလှလှများက မျက်တောင်လေး တဖျတ်ဖျတ်ခတ်လျက် အင်မတန်ဖြူစင်အပြစ်ကင်းပုံပေါ်နေ၏။

လုထင်ချန်းက အေးတိအေးစက် တစ်ချက်ရယ်လိုက်ပြီး ပန်းသီးတစ်လုံးယူကာ ကိုက်လိုက်သည်။ သို့သော် သူမကို စစ်မေးဖို့ကိုတော့ မမေ့ချေ။

“မင်းက ရုတ်တရက်ကြီး ရှန့်ထော်တောင်ကို ဘာလုပ်ဖို့ သွားတာလဲ။”

ဆက်ရန်__

Chapter 126

March 14, 2024 by Nay Chi Lynn

အပိုင်း (၁၂၆) - ငါတို့မိသားစုက မင်းအတွက် သားမက်တစ်ယောက် မွေးစားပေးမှာပါ။

“ရှန့်ထော်တောင်ထွဋ်မှာ ရှားပါးပြီး တန်ဖိုးကြီးတဲ့ဆေးပင်တွေ အများကြီးရှိတယ်လို့ ကြားလို့လေ၊ အဲဒါကြောင့် အဖေနဲ့အဘွားတို့ကျန်းမာရေးအတွက် တချို့တလေလောက် သွားခူးဖို့ စဉ်းစားမိတာ...”

“ငါ အမှန်ကိုပဲ ကြားချင်တယ်နော်။”

လုထင်ချန်းက သူမကို မယုံကြည်စွာ ကြည့်လိုက်ပြီး သူမစကားကို အေးစက်စက် ဖြတ်ပြောလိုက်သည်။

“ဒါက အမှန်ပဲလေ...”

“ဆက်ဟန်ဆောင်နေတုန်းပဲ ဟုတ်လား၊ ဒါဖြင့် ငါ အဖေ့ကို သွားပြောလိုက်မှာ...”

လုလျန့်ဝေ သူ့ကို ကမန်းကတမ်း ပြန်ဆွဲထားလိုက်၏။

“အဲ့လောက် မလောပါနဲ့၊ ကျွန်မဖြင့် အစ်ကိုကြီးကို လုံးဝ မလိမ်ပါဘူး၊ ကျွန်မ ဆန်းကြယ်ဆေးပင်တွေ စုဆောင်းဖို့ ရှန့်ထော်တောင်ထွဋ်ကို လာခဲ့တာပါ၊ ရှန့်ထော်တောင်ထွဋ်မှာ ဈေးကွက်ထဲ ဝယ်မရတဲ့ ရှားပါးဆေးပင်တွေ အများကြီးရှိတာရှင့်၊ ဒါပေမယ့် တစ်ခုရှိတာက.....”

ထိုနေရာတွင် သူမ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။

လုထင်ချန်းမှာ ထိုနေရာတွင်တော့ လုဟယ့်ထျန်းနှင့် မတူပေ။သူ့ညီမလေးဖြစ်သူကို သူ အလိုလိုက်သော်လည်း လုဟယ့်ထျန်းကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်၍ သူမအား လုပ်ချင်ရာလုပ်ခွင့်ပေးမထား။ လုဟယ့်ထျန်းမှာ (သူမ၏လုပ်ရပ်)မှားနေမှန်းသိလျှင်တောင် မမြင်သလိုပင် ဟန်ဆောင်ကာ တမင်လျစ်လျူရှုထားပေလိမ့်မည်။

သူ သူမအား ချစ်မြတ်နိုး အလိုလိုက်သော်လည်း သူမဘာလုပ်လုပ် မျက်စိမှိတ်မသိချင်ယောင်နေမည်မဟုတ်။

ထို့ကြောင့်ပင် လုလျန့်ဝေမှာ လုဟယ့်ထျန်းနှင့် ပတ်သက်လျှင် ကိစ္စများကို နှပ်ချ၍ရသော်လည်း လုထင်ချန်းကိုတော့ ဘယ်‌တော့မှ ကျော်သွားလို့မရခဲ့ပေ။

ပုံမှန်အားဖြင့် လုဟယ့်ထျန်းသည် အမြော်အမြင်ရှိကာ ရေရှည်ကိုကြည့်တတ်သူဖြစ်၏။ လုလျန့်ဝေနှင့်ပတ်သက်သောအခါတွင်သာ သူ သေသေချာချာ မစဉ်းစားနိုင်တော့ခြင်းပင်၊ အဘယ်ကြောင့်မူ အမှန်မှာ သူ့၏ သမီးလေးအား အလွန်တရာမှ အလိုလိုက်လွန်း၍ဖြစ်သည်။

သူက သူ့စည်းမျဉ်းများကိုပင် ဖောက်ဖျက်ရသည်အထိ လုလျန့်ဝေအား နည်းမျိုးစုံဖြင့် ဖူးဖူးမှုတ်၍ သူမစိတ်တိုင်းကျအောင်ထားခဲ့သည်။ ဤသည်ကလည်း မူလခန္ဓာကိုယ်ပိုင်ရှင်က ဤမျှခေါင်းမာကာ အလိုဆန္ဒကြီးပြီး ယောင်္ကျားတစ်ယောက်အတွက်နှင့် မိမိကိုယ်ကို ကြိုးဆွဲချသတ်သေရန် ကြိုးစားသည့်အဆင့်အထိ ရောက်သွားရခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်တော့သည်။

သမီးဖြစ်သူနှင့်ပတ်သက်လာလျှင် လုဟယ့်ထျန်းမှာ သူမအား ဆုံးမရန်၊ အပြစ်ပေးရန်ပင်ဝေးစွ၊ စကားကြမ်းကြမ်းပင် မပြောရက်ခဲ့ပေ။

လုထင်ချန်း၏ သူမအား မသက်မသာဖြစ်လာသည်အထိ စိုက်ကြည့်နေမှုကို သတိထားမိပြီး လုလျန့်ဝေမှာ အမှန်တရားကို မဖုံးကွယ်ထားတော့ပေ။ သူမ အသံတိုး၍ ခပ်တိုးတိုးပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ရောဂါကိုကုဖို့ လမ်းညွှန်ဆေးပင် လိုနေလို့။”

ဤသည်က သူ့ညီမ၏ အကြောင်းအရင်းဖြစ်နေမည်ဟု လုထင်ချန်း မမျှော်လင့်ထားခဲ့ပေ။ သူ့အကြည့်များက ဟိုဒီရွေ့လျားသွားသည်။

ပြောရင်းဖြင့် သူမ ဘေးရှိ သယ်လာသောအိတ်ကို ပုတ်ပြလိုက်သည်။

လမ်းညွှန်ဆေးပင်က အင်မတန်အရေးပါသည်၊ ထို့ကြောင့် သူမ ၎င်းကို အဝတ်အိတ်အကြီးကြီးထဲတွင် မထည့်ဘဲ သူမအိတ်ထဲတွင် သိမ်းထားခဲ့ခြင်းဖြစ်၏။

“မင်း အရှင်မင်းကြီးကိုကယ်ဖို့နည်း ရှာတွေ့သွားပြီလား။”

လုလျန့်ဝေ သူအပျော်လွန်နေသည်ကိုမြင်သောအခါ သူမလည်း ပြုံးလိုက်မိသည်။

သူမ၏ ဤအစ်ကိုဖြစ်သူမှာ ဧကရာဇ်အရှင်အပေါ် အင်မတန်သစ္စာရှိ၏။ အရှင်မင်းကြီး၏ ရောဂါမှာ နောက်ဆုံးတော့ ကုသနိုင်သည့်နည်း ရှိလာပြီဖြစ်၍ သူ စိတ်ရင်းနှင့် ဝမ်းသာမိသည်။

“မင်း အရှင်မင်းကြီးရဲ့ရောဂါကို တကယ်ကုသနိုင်သွားရင်ဖြင့် အမှုတော်ကြီးကြီးမားမား ထမ်းဆောင်ပေးလိုက်နိုင်တာပဲကွ၊ အဲဒီအချိန်ကျရင် မင်း ဘယ်အိမ်ကသခင်လေးကိုပဲ သဘောကျကျ အရှင်မင်းကြီးဆီက လက်ထပ်မိန့် တောင်းခံလို့ရပြီ၊ မဟုတ်ဘူး၊ တော်ဝင်နန်းမြို့တော်တစ်ခုလုံးက သခင်လေးတွေထဲ မင်းစိတ်ကြိုက် ရွေးစမ်းကွာ။”

လုလျန့်ဝေ၏မျက်နှာ ချဉ်စုတ်သွားရသည်။ သူမအစ်ကိုက ဒီလိုကိစ္စမျိုး‌ကြောင့်နှင့် ပျော်ရွှင်နေလိမ့်မည်ဟု ထင်မထားမိပေ!

သူမမျက်နှာလှလှလေးမှာ ယခုတော့ စိတ်မကျေနပ်သွားပုံရသည်။

“ဟ၊ ကျွန်မကို မမြင်ရတော့မှာကို တော်တော်လေးမျှော်လင့်နေတာလား၊ ကျွန်မကို အိမ်ကကန်ထုတ်ဖို့ ဘာလို့ဒီလောက်လောနေတာတုန်း။”

လုထင်ချန်း၏မျက်နှာရှိအပြုံးကြီးက ပိုကြီးလာသည်။ သူ အင်မတန် စိတ်အခြေအနေ ကောင်းမွန်နေ၏။

“မင်း သူများအိမ်ကို လက်မထပ်ချင်လည်း ရပါတယ်၊ အချိန်ကျရင် ငါတို့မိသားစုက မင်းအတွက် သားမက်တစ်ယောက် မွေးစားပေးမှာပေါ့။”

(T/N - သာမန်အားဖြင့် လက်ထပ်ရင် မိန်းကလေးတွေက ယောင်္ကျားလေးမိသားစုထဲဝင်ပြီး မွေးလာတဲ့ကလေးတွေကလည်း ယောင်္ကျားလေးမျိုးရိုးကို ယူတယ်ပေါ့နော်၊ ဒါပေမယ့် ဒီမှာကျတော့ အထူးသဖြင့် မိန်းကလေးမိသားစုက အာဏာပိုရှိ ပိုချမ်းသာနေတဲ့အခါမျိုးမှာ ယောင်္ကျားလေးက မိန်းကလေးမိသားစုထဲ ‘လက်ထပ်ဝင်’လာနိုင်ပြီး ကလေးတွေကလည်း မိန်းကလေးရဲ့မျိုးရိုးကို ယူပါတယ်)

လုလျန့်ဝေ ၎င်းကိုကြားသော် အနည်းငယ် စိတ်ဝင်စားသွားသည်။

သူမ လက်မထပ်ချင်တာတော့ သေချာပေါက်မဟုတ်ပါ။ ထို့အပြင် ဤသည်က ရှေးဟောင်းခေတ်ဖြစ်ပြီး သူမ တစ်ဘဝလုံး အပျိုကြီးအဖြစ်နေနေခြင်းကို သည်းခံမည့် လူမှုအဖွဲ့အစည်းမဟုတ်ပေ။ သင့်တော်သည့် အသက်အရွယ်ရောက်သောအခါ သူမလည်း လက်ထပ်ဖို့လိုပေမည်။

သို့သော် လက်ထပ်ရာတွင် မည်သည့်ကောင်းကျိုး ရှိပါမည်နည်း။

သူမအဖေ၊ အစ်ကိုနှင့် အဘွားတို့က သူမအပေါ် ကောင်းကောင်းဆက်ဆံကြသည်။ သူမ သူတို့နှင့် မခွဲနိုင်ပေ။ တစ်ဘဝလုံး မိသားစုဝင်များ အတူတူရှိနေနိုင်လျှင် ကောင်းပေလိမ့်မည်။

သားမက်တစ်ယောက် မွေးစားခြင်းက အကြံကောင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူမ လက်ထပ်ပြီး အခြားမိသားစုသို့ ဝင်သွားရမည်မဟုတ်၊ တစ်သက်လုံး မိသားစုနှင့်မခွဲချင်သည့် သူမဆန္ဒသည်လည်း ဖြည့်ဆည်းပြီးသားဖြစ်ပေမည်။

(T/N - မင်းသမီးမှာ ကုန်းကျူ၊ ကျွင့်ကျူ၊ ရှန့်ကျူဆိုပြီး ရှိပါတယ်၊ ဒီမှာ လုလျန့်ဝေ ပြောတာက အနိမ့်ဆုံးဖြစ်တဲ့ ရှန့်ကျူပါ၊ ကုန်းကျူက ဘုရင်ရဲ့ သမီးတွေ၊ အစ်မတွေ၊ အဖေဖက်ကအဒေါ်တွေဖြစ်ပြီး ကျွင့်ကျူက အိမ်ရှေ့စံနဲ့ ပထမအဆင့်မင်းသားတွေရဲ့သမီးကို ခေါ်ပါတယ်၊ ရှန့်ကျူက (ကိုယ့်အထင်တော့) ဘုရင်နဲ့မျိုးရိုးနာမည်မတူ၊ သွေးသားမတော်စပ်တဲ့ ဘုရင်ခံမင်းသားတွေရဲ့ သမီးတွေကို ခေါ်တာဖြစ်ပါလိမ့်မယ်၊ မင်းဆက်တစ်ခုနဲ့တစ်ခု မတူတာလေးတွေတော့ ရှိနိုင်ပါတယ်)

ဆက်ရန်__

Chapter 127

March 14, 2024 by Nay Chi Lynn

အပိုင်း (၁၂၇) - သူ့ရဲ့ ချောမောတဲ့မျက်နှာက ရှက်လွန်းလို့ နီမြန်းသွားရတယ်။

လုထင်ချန်းမှာ လုလျန့်ဝေက ဤမျှရည်မှန်းချက်ကြီးလိမ့်မည်ဟု ထင်မထားပေ။ သူမက မင်းသမီးငယ်တောင် ဖြစ်ချင်သေးတယ်ပေါ့လေ?

တာ့ရှန်းပြည်တွင် မင်းသမီးငယ်အဆင့်အတန်းသည် နယ်မြေအပိုင်စားခွင့်နှင့် အရာရှိတစ်ယောက်လို လစာရသော်လည်း အလွယ်တကူရနိုင်သောဘွဲ့ မဟုတ်ပေ။

ဤဘွဲ့အမည်ကို တော်ဝင်မျိုးရိုးမှ ဆင်းသက်လာသော အမျိုးသမီးများအား ပေးအပ်လေ့ရှိသည်ဟူသော အမှန်တရားအပြင် အင်မတန် အကျိုးပြုသော အမှုတော်များ ထမ်းဆောင်ခဲ့ဖူးမှ ရပေလိမ့်မည်။

ထို့အပြင် တာ့ရှန်းပြည် စတင်တည်ထောင်ခဲ့ချိန်မှစ၍ မင်းသမီးငယ်ဘွဲ့ ချီးမြင့်ခံရဖူးသော အမျိုးသမီးများမှာ လက်တစ်ဆုပ်စာသာ ရှိလေသည်။

ဝေဝေက မြို့စားမင်း၏ သမီးဖြစ်ပြီး အရှင်မင်းကြီး၏ ရောဂါကို ကုသပေးခြင်းဖြင့် အမှုတော်ထမ်းရွက်ပေးရာရောက်သော်လည်း ဧကရာဇ်က သူမအား ခြွင်းချက်ထားကာ မင်းသမီးငယ်ဘွဲ့ ပေးလိမ့်မည်သု အာမခံချက် မရှိပါချေ။

သို့သော် လုထင်ချန်းသည် လုလျန့်ဝေ၏ မျှော်လင့်ချက်လေးများကို မဖျက်ဆီးလိုက်ပါချေ။ ထိုအစား သူ မေးသည်။

“မင်းက ဘာလို့ မင်းသမီးငယ် ဖြစ်ချင်ရတာလဲ။”

“အစ်ကိုကြီးရဲ့ ခုနကအကြံက ကောင်းတယ်လို့ ကျွန်မထင်တယ်၊ ကျွန်မ မိသားစုနဲ့ မခွဲချင်ဘူး၊ ကျွန်မ အချိန်အကြာကြီးအကြာကြီး အစ်ကိုကြီးတို့နဲ့ အတူတူရှိသွားချင်တယ်၊ အဲဒါကြောင့်မို့ သားမက်တစ်ယောက် မွေးစား‌လိုက်တာ အကောင်းဆုံးအစီအစဉ်ပဲလေ၊ အဲ့အပြင် တာ့ရှန်းပြည်ရဲ့ မင်းသမီးငယ်က နှစ်တိုင်းနှစ်တိုင်း လစာတော်တော်လေးမြင့်တယ်လို့ ကြားတယ်၊ ကျွန်မ မင်းသမီးငယ်ဖြစ်လာရင် ကျွန်မကိုယ်ကိုနဲ့ ကျွန်မရဲ့ အနာဂတ်အမျိုးသားကို ကောင်းကောင်းစောင့်ရှောက်ဖို့ ငွေရေးကြေးရေး လုံလုံလောက်လောက်ရှိပြီပေါ့။”

လုထင်ချန်းမှာ သူမပြောသည်ကိုကြားသောအခါ သူ့မျက်နှာရှိ အံ့ဩမှုများကို မဖုံးကွယ်နိုင်ခဲ့။

သူမက ဟိုးဝေးဝေးကအနာဂတ်အထိပါ ကောင်းကောင်းစဉ်းစားထားသည်ပဲ။

လုလျန့်ဝေက မကျေမနပ်ဖြင့် မေးသည်။ တာ့ရှန်းပြည် မင်းသမီးတစ်ယောက်အနေဖြင့် ဝတ္တုပစ္စည်းအရ ရနိုင်သည့် အကျိုးအမြတ်များကို သူမ အပြည့်အဝနားလည်ထားသည်။ သို့သော် ဤဘွဲ့အမည်ရဖို့က လွယ်ကူသောကိစ္စမဟုတ်မှန်း သူမ သိပါသည်။ ဤသည်က သူမ စိတ်ထဲ တသသဖြင့် သိမ်းဆည်းထား‌သော အကြံအစည်လေးတစ်ခုသာ ဖြစ်သည်။

သူမ မင်းသမီးငယ် ဖြစ်မလာလျှင်တောင် ဖြစ်ကိုဖြစ်ရအောင် လုပ်မည်တော့ မဟုတ်ပါချေ။

လုထင်ချန်း သက်ပြင်းချမိသည်။ သူက သူဆွဲဖွခဲ့သော လုလျန့်ဝေ၏ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်ပေးရင်း မှတ်ချက်ပြု၏။

“မင်း မင်းသမီးငယ် ဖြစ်မလာရင်တောင် အစ်ကိုကြီးက မင်းနဲ့ မင်းအနာဂတ်အမျိုးသားကို တစ်ဘဝလုံး စောင့်ရှောက်ပေးသွားမှာပါကွာ။”

သူ့စကားများကို ကြားသော် လုလျန့်ဝေရင်ထဲ နွေးထွေးသွားရသည်၊ သို့သော် သူမ တည်တည်ငြိမ်ငြိမ်ပင် ခေါင်းခါလိုက်၏။

“အစ်ကိုကြီးက ကျွန်မကို တစ်ဘဝလုံးစောင့်ရှောက်ပေးနိုင်မှန်း ယုံပါတယ်၊ ဒါပေမယ့် အစ်ကိုကြီးလည်း နောက်ကျရင် အိမ်ထောင်ပြုရမှာပဲလေ၊ အစ်ကိုကြီးကိုသာ တစ်သက်လုံးမှီခိုနေရင် အနာဂတ်မရီးက ကျွန်မကို မကြည်နေမှာစိုးရတယ်။”

“ဒါဖြင့် ငါက မင်းမရီးကို မင်းနဲ့တည့်တဲ့သူပဲ ရှာပေးမှာပေါ့။”

လုလျန့်ဝေ လန့်သွားသည်။ သူမ သူ့၏ တိကျပြတ်သားသော မျက်နှာအမူအရာကို ကြည့်လိုက်ပြီး အတော်လေး ရင်ထဲထိသွားရ၏။ သူမမှာ ဒီလိုအစ်ကိုမျိုး ရှိနေမှတော့ ဘာကိုများ ထပ်တောင်းဆိုနိုင်ဦးပါမည်နည်း။

သူမ သူ့စကားများကို ယုံကြည်ပါသည်။ သို့သော် အနာဂတ်က ဝေးနေသေးပြီး အပြောင်းအလဲများ ပြည့်လို့နေသည်။

သို့သော် သူမအတွက် မွေးစားသားမက်တစ်ယောက် ရှာရန်အကြံက သူမ ယခု စိတ်ဆုံးဖြတ်ထားပြီးသောအရာ ဖြစ်လေသည်။

ဤသည်မှာ သူမ‌ ငွေကြေး အလုံအလောက်စုထားရမည်ဟု ဆိုလိုသည်။

သူမမှာ ယခု လတိုင်း မုန့်ဖိုးအတော်များများ ရသော်လည်း အသေအချာ စဉ်းစားကြည့်လျှင် ၎င်းက သူမသုံးဖို့ မလုံလောက်သေးသည်မှာ ထင်ရှားသည်။

သူမ လက်တစ်ဖက်ဖြင့် မေးထောက်ရင်း ဘယ်လိုပိုက်ဆံရှာရမလဲ စဉ်းစားနေ၏။

သူမ စဉ်းစားနေရင်းဖြင့် မျက်မှောင်ကြုံ့နေသည်ကို လုထင်ချန်းက ကြည့်နေပြီး သူမက မင်းသမီးငယ်ဖြစ်ရန် စဉ်းစားနေဆဲဟု သူ ထင်လိုက်၏။ သူလည်းပဲ အတွေးနက်နေမိသည်။

အကယ်လို့ သူ့၏ တာဝန်ထမ်းဆောင်မှုများကြောင့် အကျိုးအမြတ်များ ရခဲ့လျှင် ထိုအချိန်ကျ သူ့ညီမလေးအား မင်းသမီးငယ်ဘွဲ့ ချီးမြှင့်ပေးပါရန် ဧကရာဇ်အား တောင်းဆိုနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် သူမဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်၏။

သို့သော် လတ်တလောတွင် တိုင်းပြည်က ငြိမ်းချမ်းသာယာနေသည်။ ဧကရာဇ်အရှင်၏ အုပ်စိုးမှုအောက်တွင် တာ့ရှန်းပြည်မှာ စည်ပင်ဝပြောပြီး ပြည်သူများကလည်း စည်းလုံးညီညွတ်ကြသည်။ အချိန်တစ်ခုအတွင်း တိုင်းတပါးမှ ကျူးကျော်လာခြင်းများမရှိ၊ သူ ကောင်းကောင်းစွမ်းဆောင်ပြနိုင်ရန် အခွင့်အရေးမရှိသေးချေ။

မောင်နှမနှစ်ယောက်သား တစ်ပြိုင်နက် သက်ပြင်းချမိကြ၏။

လုလျန့်ဝေက လုထင်ချန်းကို လှမ်းကြည့်လိုက်ပြီး မမေးမိဘဲမနေနိုင်။

“အစ်ကိုကြီးက ဘာအကြောင်းမှမရှိဘဲ ဘာလို့သက်ပြင်းချနေတာလဲ။”

သူမ ပြောရင်းဖြင့် ခေါင်းထဲ အတွေးတစ်ခုဝင်လာမိသည်။ သူ ပြန်မဖြေနိုင်ခင်မှာပဲ သူမ မျက်လုံးများက လခြမ်းကွေးလေးလို ကွေးတက်သွားပြီး တောက်တောက်ပပ ပြုံးလျက် သူ့ကို စနောက်လိုက်သည်။

“အစ်ကိုကြီး အခု အချစ်ရေးအကြောင်း စဉ်းစားနေတာတော့ မဟုတ်ဘူးမို့လား။”

လုထင်ချန်းမှာ ပျင်းပျင်းဖြင့် ပန်းသီးစားနေဆဲဖြစ်သည်။ သူ့ညီမစကားကိုကြားသောအခါ အသီးနင်မလိုပင် ဖြစ်သွား၏။

သူ့၏ချောမောသောမျက်နှာမှာ ရှက်ရွံ့မှုဖြင့် နီမြန်းလို့သွားပြီး သူ့ညီမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဘာရှက်စရာရှိလဲ၊ အစ်ကိုကြီးလည်း ငယ်တော့တာမှမဟုတ်တာ၊ အချစ်ရေး‌အကြောင်းစဉ်းစားတာ လုံးဝ ပုံမှန်ပဲလေ၊ အချစ်ရေးအချစ်ရာအတွေးတွေ နည်းနည်းမှရှိမနေတာကမှ ပိုကြောက်ဖို့ကောင်းနေမှာ။”

All Chapters