အခန်း (၁၂၈-၁၃၀)
Vol. 3 Ch. 128-130
အပိုင်း (၁၂၈) - သူမကို ဖုံးကွယ်ထားဆဲပင်။
လုထင်ချန်းက ပုံမှန်အမူအရာ ပြန်ဖြစ်သွားပြီး ရုတ်တရက် လုလျန့်ဝေ၏နဖူးကို လက်တစ်ချောင်းဖြင့် ထိုးလိုက်သည်။
“အသက်ငယ်ငယ်လေးနဲ့ ဘာပေါက်ကရတွေ တွေးနေတာလဲ ဟမ်။”
လုလျန့်ဝေက ခပ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။
“ခုတလော အဘွားက အစ်ကိုကြီးကို အိမ်ထောင်ချဖို့အကြောင်း စဉ်းစားနေတာလေ၊ ဘယ်သူသိမလဲ သူ့မှာ ကောင်မလေးတော်တော်များများရဲ့ ပုံတူပန်းချီတွေတောင် ရှိနေလောက်ပြီ၊ ပြန်ရောက်ရင် ကျွန်မ အဘွားကို အသိပေးလိုက်မယ်နော်၊ အဲဒါမှ အစ်ကိုကြီးအတွက် အိမ်ထောင်ဖက်မြန်မြန်ရွေးပေးလို့ရအောင်၊ အဲ့ကျရင် အစ်ကိုကြီး ချက်ချင်းကြင်ဖက် သွားတွေ့လို့ရပြီ။”
လုထင်ချန်းက စိတ်မဆိုးပေ၊ ထိုအစား သူရယ်လိုက်သည်။
“အဘွားက မင်းလက်ထပ်မယ့်ကိစ္စကိုပဲ ပိုစိတ်ပူချင်စိတ်ပူနေမှာကွ၊ အဘွားက မင်းအတွက် ခင်ပွန်းကောင်းကောင်းရှာပေးဖို့ ပြောနေတာ ငါကြားတယ်၊ ဆိုတော့ မင်းလည်း စိတ်ပြင်ဆင်ထားတာကောင်းမယ်နော့။”
လုလျန့်ဝေ အံကျိတ်လိုက်သည်။ ရုတ်တရက် သူမ မြင်းလှည်းခန်းဆီးကို ဆွဲဖွင့်ကာ အော်လိုက်၏။
“အဖေရေ၊ အစ်ကိုကြီးက ကျွန်မကို အနိုင်ကျင့်နေတယ်...”
သူ့သမီးစကားကိုကြားသော် ချက်ချင်းပင် မြင်းကို မြင်းလှည်းနားအထိ စီးသွားပြီး ဒေါသတကြီးအမူအရာဖြင့် ဟိန်းခနဲအော်လိုက်၏။
အဲဒီကောင်စုတ်လေးက တကယ်စည်းကျော်နေပြီပင်။ လုဟယ့်ထျန်းက မြင်းလှည်းကို သူ့သမီးလေးအတွက် ပြင်ပေးထားခြင်းဖြစ်သည်။ အဲဒီကောင်စုတ်လေးက ဘာကိစ္စ တိုးဝင်စီးနေရသလဲ။
လုထင်ချန်းက သူမကို အတုန်တုန်အယင်ယင်ဖြင့် လက်ညှိုးထိုးလိုက်ပြီးပြောသည်။
လုထင်ချန်း အံကျိတ်လိုက်မိ၏။ သူ အမှန်ပင် သူမကို ကောင်းကောင်းလေးရိုက်ပစ်ချင်မိသည်။ သို့သော် လုဟယ့်ထျန်း၏ စိတ်မရှည်သောအသံကြီးက လေထုထဲမှ တဖန်ဖြတ်သန်းလာပြန်သည်။
“ဟိုကောင် ဘာတွေအီလေးဆွဲနေတာလဲ၊ ငါကိုယ်တိုင်ဆွဲချရမလားဟေ့။”
သူ့အဖေ၏ အာဏာစက်ကြောင့် လုထင်ချန်းမှာ ထပ်အချိန်မဆွဲရဲတော့ပေ။ သူ့၏ မျက်နှာချောချောထက် တည်ကြည်သောအမူအရာဖြင့် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့သည်။
လုထင်ချန်းထွက်သွားသောအခါ ယခင်က ကျယ်ရုံသာရှိသော မြင်းလှည်းက ရုတ်တရက် အင်မတန်ကျယ်ဝန်းသွားတော့သည်။ လုလျန့်ဝေ မြင်းလှည်းထဲ၌ ပျော်ပျော်ရွှင်ရွှင် လူးလှိမ့်လိုက်၏။ သူမ လုထင်ချန်း ဆင်းမသွားခင်က မအီမသာမျက်နှာကြီးကို ပြန်မြင်ယောင်မိသောအခါ သူမ အူမြူးသွားရပြန်သည်။
မြို့စားမင်းမယ်တော်ကို စိတ်မပူရစေရန်အလို့ငှာ လုလျန့်ဝေ ရှန့်ထော်တောင်ထွဋ်သို့ ဆေးပင်သွားခူးသည့်သတင်းအား လုဟယ့်ထျန်း သူမကို ပြောမထားပေ။ အမှန်တော် ယခုအချိန်အထိ ဤကိစ္စအား မြို့စားမင်းမယ်တော်ထံမှ ဖုံးကွယ်ထားဆဲဖြစ်သည်။
လုလျန့်ဝေ အိမ်တော်သို့ မပြန်ပေ၊ ထိုအစား မြို့တော်ဆင်ခြေဖုံးရှိ အပန်းဖြေစံအိမ်သို့သာ တန်းပြန်လာခဲ့သည်။
လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့မှာ လုလျန့်ဝေ အပန်းဖြေစံအိမ်သို့ ရောက်သွားသည်အထိ ကိုယ်တိုင်ကြည့်နေခဲ့ကြသည်။ လုလျန့်ဝေက သူတို့ကိုအသိမပေးဘဲ တိတ်တဆိတ် ထပ်ထွက်ပြေးသွားမည်စိုး၍ လုဟယ့်ထျန်းသည် လုထင်ချန်းကိုလည်း ထိုနေရာ၌ ကျန်ခဲ့စေ၏။
သူ ထိုမောင်နှမအား နှစ်ယောက်တည်း အချိန်ကုန်ဆုံးစေဖို့ အလွန်တရာမှ မလိုလားလှသော်လည်း သူ ဘာမှမတတ်နိုင်ပေ။ သူ့စိတ်ထဲရှိ မနာလိုမှုလေးကို ဖိနှိပ်ထားလျက် လုထင်ချန်းအား နေခဲ့ခွင့်ပြုလိုက်ရလေသည်။
ကောင်းကင်ကြီးက ပို၍မှောင်လာပြီဖြစ်သည်။ သို့နှင့် လုဟယ့်ထျန်း ဆက်မနေနေတော့ပေ။ သူ့လက်အောက်ငယ်သားများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားသည်။
လုလျန့်ဝေက လုထင်ချန်းနောက်မှလိုက်၍ အပန်းဖြေစံအိမ်၏ ခြံဝန်းထဲသို့ ဝင်လာသည်။ ဝင်လာပြီးနောက် ထိုနေရာတွကယင် ကသိကအောင့်ဖြင့်ရပ်နေသော ကျူးယွိကို တွေ့လိုက်ရသည်။ ကျူးယွိက လုလျန့်ဝေ ဝင်လာသည်ကို မြင်သည်နှင့် အပျော်လွန်လျက် သူမဆီသို့ လျှောက်လာ၏။
အစေခံမလေးမှာ ပျော်လွန်း၍ တရှုံ့ရှုံ့ငိုတော့မည့်အလား။
ကျူးယွိက အင်မတန်ထူးခြားစွာဖြင့် ယိုင်နဲ့နဲ့ လမ်းလျှောက်နေသည်ကို လုလျန့်ဝေ သတိပြုမိလိုက်သည်။ သူမ သိချင်စိတ်တို့ ထိုးတက်လာပြီး မေးလိုက်၏။
“နင် ဘာဖြစ်တာလဲ၊ လမ်းလျှောက်တဲ့ပုံစံက ဘာလို့ထူးဆန်းနေတာလဲ။”
“ကျွန်မ လမ်းလျှောက်နေရင်း ချော်လဲပြီး ခြေထောက်ခိုက်မိသွားလို့၊ ဘာမှမဖြစ်ပါဘူး သခင်မလေးရဲ့။”
လုလျန့်ဝေ သူမကို မသက်ာစွာ ကြည့်လိုက်သည်။ သူမ ကျူးယွိအနားက ဖြတ်သွားစဉ် ရုတ်တရက် ကျူးယွိကို လှမ်းဖမ်းဆွဲလိုက်၏။
ကျူးယွိမှာ တင်ပါးကို ဖမ်းကိုင်ခံလိုက်ရသောအခါ ရုတ်တရက် အော်လိုက်မိပြီး သူမ၏မျက်နှာသေးသေးလေး ဖြူဖျော့သွားသည်။
လုလျန့်ဝေ လန့်သွား၏။ အမှန်တော့ သူမ ဘာအားမှမထည့်ပဲ ခပ်ဖွဖွသာ ထိလိုက်ခြင်းဖြစ်၏။ ကျူးယွိ၏ တုံ့ပြန်မှုက ဒီလောက်ဖြစ်သွားလိမ့်မည်ဟု သူမ သေချာပေါက် ထင်မထားပေ။
သူမ မျက်နှာအမူအရာ ပြောင်းသွားပြီး ကျူးယွိကို ချက်ချင်းဆွဲထားလိုက်သည်။
“ခြေထောက်ထိသွားတယ်ထင်တာ၊ ဘာလို့ တင်ပါးကပါ နာနေရတာလဲ။”
ကျူးယွိမှာ နာလွန်း၍ စကားပင်မပြောနိုင်။ သူမမျက်လုံးထဲ မျက်ရည်များ ဝဲတက်လာသည်။
လုလျန့်ဝေ ၎င်းကိုမြင်သောအခါ ချက်ချင်း ကျူးယွိအား အခန်းထဲသို့ တွဲခေါ်သွား၏။
လှည့်ကြည့်လိုက်သောအခါ သူမနောက် လိုက်ဝင်လာသော လုထင်ချန်းကို တွေ့လိုက်ရသည်။ သူမ သူ့ကို တစ်ချက်ကြည့်ကာ စိတ်မရှည်စွာ ပြောလိုက်၏။
“အစ်ကိုကြီးက ဘာလို့လိုက်ဝင်လာတာလဲ၊ ကျွန်မ ကျူးယွိကို ဘောင်းဘီချွတ်မလို့။”
ဆက်ရန်__
Chapter 129
March 15, 2024 by Nay Chi Lynn
အပိုင်း (၁၂၉) - သွေးတောက်တောက်ကျတော့မည့်အလား နီရဲနေ၏။
လုထင်ချန်း နှုတ်ခမ်းစွန်းများပင် တွန့်သွားရသည်။
“မင်း မိန်းကလေးဖြစ်ပြီးတော့ စကားပြောတာ ဘယ်လိုလုပ်ဒီလောက်ကြမ်းတမ်းရတာတုန်း။”
ဒီစည်းကမ်းမဲ့ အပြုအမူကရော ဘာလဲ၊ တစ်စုံတစ်ယောက်ရဲ့ တင်ပါးကို သွားကိုင်ပြီး ဘောင်းဘီတောင် ချွတ်ဦးမယ်တဲ့??
သူမက မိန်းမကြမ်းကြီးလို ပြုမူနေသည်ပဲ!
“ဘောင်းဘီမချွတ်ဘဲ ကျွန်မက သူ့ဒဏ်ရာကို ဘယ်လိုကြည့်ရမှာလဲ၊ ကျွန်မမျက်လုံးက အရာဝတ္ထုတွေကို ဖောက်မြင်နိုင်တာလည်းမဟုတ်။”
လုလျန့်ဝေက ယူဆချက်အခိုင်အမာဖြင့် ပြန်ပက်ပြောသည်။
“အေးပါ ငါသွားပါ့မယ်။”
လုထင်ချန်းမှာ ပြောစရာစကားပင်မဲ့သွားရသည်။
မည်သို့ဆိုစေ သူ နေနေဖို့လည်း မသင့်တော်၍ လှည့်ထွက်သွားလေတော့သည်။
ကျူးယွိက အိပ်ရာပေါ် မှောက်လျက်လှဲနေသည်။ သူမ၏ နဂိုက ဖြူဖျော့သောမျက်နှာလေးမှာ ယခု သွေးတောက်တောက်ကျတော့မည့်အလား နီရဲနေ၏။
လုလျန့်ဝေ ကျူးယွိ၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးသွားသောအခါ ကျူးယွိ၏ တင်ပါးနားတစ်ဝိုက်မှာ အတော်လေးပြင်းထန်စွာ ဒဏ်ရာရထားသည်ကို တွေ့လိုက်ရသည်။ တုတ်ဖြင့်ရိုက်ခံထားရသကဲ့သို့ အရေပြားရော အသားပါ ပြဲနေသည့် အနီရောင်အကွက်များ အများအပြားရှိနေ၏။ ၎င်းက ကျူးယွိပြောခဲ့သည့် ချော်လဲ၍ ဒဏ်ရာရသွားခြင်းနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။
အနာသက်သာစေရန် ကျူးယွိအား ဆေးအေးအေး လိမ်းပေးပြီးနောက် နာကျင်မှုများ အတော်အတန် လျော့သွားပြီဖြစ်သည်။
လုလျန့်ဝေက ကျူးယွိ၏ ဘောင်းဘီကို ပြန်ဆွဲတင်ရန် ကူညီပေးလိုက်ပြီး အိပ်ရာပေါ်တက်ကာ သူမနံဘေး၌ ထိုင်လိုက်သည်။
“ဒီလောက်ဒဏ်ရာရသွားအောင် ဘယ်လိုများချော်လဲခဲ့တာလဲ။”
ကျူးယွိ နှုတ်ခမ်းကိုက်လိုက်ပြီး လုလျန့်ဝေနှင့် မျက်လုံးချင်းမဆုံရဲ။
“ကျွန်မ တောင်ကုန်းပေါ်တက်ပြီး ပန်းသွားကောက်တုန်းက မတော်တဆ ကျောက်တုံးကို နင်းမိပြီး တောင်ကုန်းတစ်လျှောက် လိမ့်ကျသွားတာပါ သခင်မလေး။”
ကျူးယွိ ပျာယာခတ်သွားကာ ထစ်ထစ်အအပြောသည်။
“ငါ နောက်အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်၊ အမှန်အတိုင်း မပြောရင်တော့ နင့်ကို ဒီအပန်းဖြေစံအိမ်မှာပဲ ထားခဲ့တော့မယ်၊ အိမ်တော်ကို ပြန်လိုက်လာစရာ မလိုတော့ဘူး။”
လုလျန့်ဝေ သူမကို အေးတိအေးစက် ကြည့်လိုက်သည်။
ကျူးယွိက ၎င်းကိုကြားသောအခါ ချက်ချင်းတုန်လှုပ်သွားသည်။
“ကျွန်မ သခင်မလေးကို ဆက်ခစားချင်ပါသေးတယ်၊ ကျွန်မကို မစွန့်ပစ်လိုက်ပါနဲ့ရှင်....”
ကျူးယွိ အတန်ကြာတွန့်ဆုတ်နေသော်လည်း စကားလုံးများ ထွက်မလာသေးချေ။
“အမှန်တော့ ဘာတွေဖြစ်သွားလဲ ငါသိပြီးပါပြီ၊ ငါ့အဖေက နင့်ကို ရိုက်ခိုင်းလိုက်တယ်မဟုတ်လား။”
လုလျန့်ဝေက သက်ပြင်းချ၍ သူမ၏ ထပ်ခါထပ်ခါရေရွတ်နေသောစကားကို ဖြတ်ပြောလိုက်သည်။
“ကျွန်မ အပြစ်ပေးခံသင့်ပါတယ်.... မြို့စားမင်းရဲ့ အပြစ်ဒဏ်က တော်တော်လေး ပေါ့လျော့နေပါပြီ၊ သူက တုတ်နဲ့ ဆယ်ချက်ရိုက်ဖို့ပဲ အမိန့်ပေးခဲ့တာ...”
လုလျန့်ဝေ ၎င်းကိုကြားသော အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
လုဟယ့်ထျန်း၏ တုတ်ဒဏ်ဆယ်ချက်မှာ သာမန်တုတ်များဖြင့် မဟုတ်ပေ။ သူက စစ်တပ်ထဲတွင် စစ်စည်းကမ်းချိုးဖောက်လျှင် အပြစ်ပေးရန်သုံးသည့် စစ်တပ်သုံးတုတ်များဖြင့် ၁၀ ချက် ရိုက်ရန် အမိန့်ပေးခြင်းဖြစ်သည်။
ကျူးယွိက နူးညံ့သော မိန်းကလေးငယ်ငယ်လေးတစ်ယောက်သာ ဖြစ်၏။ သူမ အဘယ်သို့ တောင့်ခံနိုင်လိမ့်မည်နည်း။
သို့သော် ထိုကောင်မလေးမှာတော့ ပေါ့ပေါ့လျော့လျော့သာ အပြစ်ပေးခံခဲ့ရသည်ဟု ထင်နေရှာသည်။
လုဟယ့်ထျန်းမှာ သူ့သမီးအား အလိုလိုက်ခြင်းမှလွဲလျှင် အခြားသူများကို ဆက်ဆံရာတွင် ဘယ်တုန်းကမှ လျှော့ပေါ့ပေးခြင်းမရှိ။
သည်တစ်ကြိမ်တွင် လုလျန့်ဝေမှာ သတိမထားမိစွာပဲ ကျူးယွိအား ပါဝင်ပတ်သက်စေခဲ့မိသည်။
လုဟယ့်ထျန်းမှာ သမီးဖြစ်သူ ရှန့်ထော်တောင်ထွဋ်သို့ ထွက်သွားသည်ကို သိပြီးနောက် သေချာပေါက် ဒေါသူပုန်ထပေလိမ့်မည်၊ သို့နှင့် သူ ကျူးယွိအား လုလျန့်ဝေကို စောင့်ရှောက်ရာ၌ အဖြစ်မရှိဟူ၍ သတ်မှတ်ပြီး ကျူးယွိအပေါ် ပုံချခဲ့ခြင်း ဖြစ်ပေမည်။
လုလျန့်ဝေ အပြစ်ရှိသလို ခံစားမိရသည်။ သူမ ကိစ္စများကို သေသေချာချာ မစဉ်းစားခဲ့မိဘဲ ကျူးယွိအား ဤမျှ ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည်ဟူ၍လည်း ထင်မထားခဲ့ချေ။
လုလျန့်ဝေမှာ စိတ်မကောင်းဖြစ်မိသလို အပြစ်ရှိသလိုလည်း ခံစားရသည်။
“နင့်ကို ပြဿနာထဲ ဆွဲထည့်ခဲ့မိတာ ငါပါ၊ ဘာကိစ္စ ငါ့ကို ကျေးဇူးတင်နေတာလဲ၊ ငါကသာ နင့်ကို တောင်းပန်ရမှာ။”
“သခင်မလေး အဲ့လိုမတွေးပါနဲ့၊ ကျွန်မ အပြစ်ပေးခံရသင့်ပါတယ်၊ သခင်မလေးနဲ့ ဘာမှမဆိုင်ပါဘူးရှင်။”
ထို့အပြင် မြို့စားမင်းက သူမအား တုတ်ဒဏ် ၁၀ ချက်သာ ပေးခြင်းဖြင့် ညှာတာမှုကို ပြထားပြီးဖြစ်သည်။ သူ့၏ပုံမှန် အစေခံများအား ဆက်ဆံသလိုသာ ပြုမူခဲ့ပါလျှင် သူမ အစောကြီးကတည်းက ထုတ်ရောင်းခံခဲ့ရပြီးဖြစ်၏။ မြို့စားမင်းက လုလျန့်ဝေ၏ ခံစားချက်များကို ထည့်တွက်ခဲ့၍သာ သူမ ဆက်နေခွင့်ရခြင်းဖြစ်သည်။
လက်ရှိ ကျူးယွိစိတ်ထဲ ဘာတွေတွေးနေမှန်း လုလျန့်ဝေ မသိချေ။ သို့သော် သူမ သိသည်မှာ ဤသည်က လူတန်းစားခွဲခြားမှုစနစ် ပြင်းထန်သည့်ခေတ် ဖြစ်ကြောင်းပင်။ အစေခံများမှာ လူ့အခွင့်အရေးမရှိ၊ ကျူးယွိ၏ ခံယူချက်များမှာ စိတ်ထဲ၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်သည်။ သူမခံရသော အပြစ်ဒဏ်က မတရားဘူးဟု လုံးဝမထင်ချေ။ လုလျန့်ဝေမှာ ဤသည်ကိုပြောင်းလဲနိုင်သည့်အစွမ်း မရှိချေ။ သူမ လုပ်နိုင်သည်မှာ အနာဂတ်တွင် တစ်စုံတစ်ရာ ကြံစည်ရာ၌ သူမဘေးရှိလူများပါ ပါဝင်ပတ်သက်မှု မရှိစေဖို့ အကောင်းဆုံးကြိုးစားရန်သာ ဖြစ်ပေသည်။
ဆက်ရန်__
Chapter 130
March 15, 2024 by Nay Chi Lynn
အပိုင်း (၁၃၀) - သည်းမခံနိုင်တော့ဘူး။
အမှန်အတိုင်းပြောရလျှင် ကျူးယွိမှာ ယခု ဤအထူးဆက်ဆံခံရမှုကြောင့် စိတ်ထဲ ထူးထူးကဲကဲ ခံစားနေရလေသည်။
သခင်မလေးက ရှေ့မကြည့်နောက်မကြည့် ပြုမူတတ်ပြီး ကျူးယွိအား မကြာခဏ ဒုက္ခရောက်စေခဲ့၏။ မြို့စားမင်းက သခင်မလေးကို အပြစ်မပေးရက်သော်လည်း ကျူးယွိတို့ကဲ့သို့ အစေခံများကိုတော့ ဘယ်တုန်းကမှ မညှာတာခဲ့ပေ။သခင်မလေးကမူ အတိတ်တုန်းက ကျူးယွိအတွက် လုံးဝစိတ်မကောင်းဖြစ်မပေးခဲ့ဖူးချေ။
ကျူးယွိမှာ အစောကတည်းက ဤသည်ကို အသားကျနေပြီဖြစ်သည်။ မည်သို့ဆိုစေ သူမမှာ အစေခံတစ်ယောက်သာ ဖြစ်သည်လေ၊ အရိုက်ခံ အဆူခံရခြင်းက သူမ ထင်ထားပြီးသောအရာများပင် ဖြစ်သည်။
သို့သော် သူမသခင်မလေးက ဤမျှနူးညံ့ညင်သာသောသူအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဒီရက်ပိုင်းအတွင်း သခင်မလေးက အခြားသူများ၏ ခံစားချက်ကို ပို၍ဂရုစိုက်တတ်လာ၏။ ခုနကတင် သူမက ကျူးယွိအတွက် ဝမ်းနည်းနေပြီး ကိုယ်တိုင်ကိုယ်ကျပင် ဆေးလိမ်းပေးခဲ့သေးသည်။
ကျူးယွိ ဒီလိုပုံစံဖြင့် သခင်မလေးကို သဘောကျပါသည်။ သူမ အကြိမ်အနည်းငယ်ပိုအပြစ်ပေးခံရမည်ဆိုလျှင်တောင် အထွန့်တက်စရာမရှိချေ။
တစ်ဖက်တွင် ထိုင်နေသော သခင်မလေးကိုကြည့်ရင်း ကျူးယွိ ရူးရူးနှမ်းနှမ်းဖြင့် ပျော်နေမိသည်။
“ဘာလို့ ဒီလောက်တောင် အရူးလို ပြုံးနေတာလဲ၊ ရိုက်ခံရတာ အရမ်းပျော်နေလို့လား။”
“ဒီတိုင်း သခင်မလေးက အရင်ကနဲ့ လုံးဝမတူတော့ဘူးလို့ ထင်မိလို့ပါ၊ အခုသခင်မလေးကို ကျွန်မသိပ်သဘောကျတယ်။”
လုလျန့်ဝေ ပြုံးလိုက်သော်လည်း တမင်တကာ မျက်နှာကို ခပ်တည်တည်ထားလိုက်သည်။
“ဆိုတော့ အရင်ကငါ့ပုံစံကို နင် တကယ်မကြိုက်ဘူးပေါ့လေ။”
ကျူးယွိမှာ စိုးရိမ်စွာဖြင့် တံတွေးသီးလုနီးပါး ဖြစ်သွားလျက် ကမန်းကတမ်း ရှင်းပြသည်။
“သခင်မလေးကို ဘယ်တုန်းကမှ သဘောမကျဘဲမနေဖူးပါဘူး၊ သခင်မလေးက ကျွန်မသခင်ပါ၊ အစေခံဖြစ်တဲ့ကျွန်မက သခင်မလေးကို ဘယ်လိုလုပ်မုန်းရဲမှာလဲရှင်၊ သခင်မလေးက အရင်ကထက် ပိုသဘောကျစရာကောင်းလာရုံပါ...”
ကျူးယွိက ကပျာကယာဖြင့် ထထိုင်ရန်ကြိုးစားသည်ကို လုလျန့်ဝေ မြင်သောအခါ ရှေ့တိုး၍ သူမကို အလျင်အမြန်တားလိုက်၏။
“နေပါနေပါ၊ နင်ဆိုလိုတာ ငါနားလည်ပါတယ်၊ ငါလည်း နင့်ကို အပြစ်မတင်ပါဘူး၊ ဒဏ်ရာကျက်အောင် ကောင်းကောင်းနားနေ၊ ပေါက်ကရတွေ လျှောက်တွေးမနေနဲ့။”
ကျူးယွိ၏ အသံက ဖျော့တော့သွားသည်၊ သို့သော် သခင်မလေးကို ကြည့်နေသည့်မျက်ဝန်းများကတော့ တောက်ပနေဆဲပင်။
ကျူးယွိက ဒဏ်ရာများကြောင့် လှုပ်ရှားရခက်ခဲသဖြင့် လုလျန့်ဝေမှာ မိသားစုအပန်းဖြေစံအိမ်၌ ရက်အနည်းငယ်လောက် ထပ်နေရန် ဆုံးဖြတ်လိုက်သည်။
အိမ်တွင် ဘာမှလုပ်စရာရှိမနေ။ ထို့ကြောင့် သူမ ယင်ရှီးအဆိပ်အတွက် ဖြေဆေးဖော်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ အစောကြီးကတည်းက ဖြေဆေးအတွက် ဆေးအညွှန်း ဖော်စပ်ထားပြီးဖြစ်၏။ ယခုသူမမှာ လမ်းညွှန်ဆေးပင်ဖြစ်သော ဝိဉာဉ်မြက်ပြာရှိနေပြီဖြစ်၍ ဆေးဖော်ရသည်မှာ ပိုလွယ်ကူသွားတော့သည်။
သူမ လိုအပ်သည်များကို စာရင်းထုတ်လိုက်ပြီး အပန်းဖြေစံအိမ်၏ အိမ်တော်ထိန်းအား မြို့ထဲသွားကာ သူမ လိုအပ်သော ဆေးပစ္စည်းကုန်ကြမ်းများ သွားဝယ်ရန် အမိန့်ပေးလိုက်သည်။
သူမ ရှန့်ထော်တောင်ထွဋ်မှာတုန်းက ထိုဆေးကုန်ကြမ်းများထဲမှ တချို့ကို စုဆောင်းခဲ့ပြီးဖြစ်ကာ အဝတ်အိတ်ကြီးထဲ ထုတ်ပိုး၍ထည့်ထားခဲ့သည်။ ဖြစ်ချင်တော့ သူမ အဝတ်အိတ်ကြီးမှာ အပန်းဖြေစံအိမ်တွင်သာ ရှိနေသေးပြီး လုဟယ့်ထျန်းက ၎င်းကို ယူမသွားခဲ့ချေ။
ရာသီဥတုကောင်းနေသည်ကို အခွင့်ကောင်းယူ၍ သူမ စုဆောင်းထားသော ဆေးပင်ကုန်ကြမ်းများကို ဆေးကြောကာ နေရောင်အောက်တွင် ထားထားပြီး အခြောက်လှမ်းထားရင်း သူမအတွက် အသုံးဝင်မည့် ဆေးပင်များကို ရွေးထုတ်နေသည်။
ယင်ရှီးက လူကို ချက်ချင်းသေစေနိုင်သည့်အဆိပ် မဟုတ်သော်လည်း ၎င်းက အင်မတန် ဘေးဒုက္ခရောက်စေနိုင်ပြီး ကုသရမလွယ်ပေ။ မတူညီသော ဆေးကုန်ကြမ်းများ ဒါဇင်နှင့်ချီ၍ လိုအပ်သည်။ အားလုံးကလည်း ကြိုချက်ရန် အချိန်အတော်စားပေ၏။
ထို့အပြင် သူမ ဆေးကုန်ကြမ်းပစ္စည်းများ အများကြီးအသုံးပြုဖို့လိုသဖြင့် သေချာပေါက်ပင် ဆေး၏သက်ရောက်မှုကလည်း အတော်လေးပြင်းမည်ဖြစ်သည်။ လူ၏ခန္ဓာကိုယ်က အင်မတန်အားနည်းနေလျှင် ဆေးဒဏ်ကိုခံနိုင်ဖို့ ခက်လိမ့်မည်။
လုထင်ချန်း ထိုညက အလုပ်ပြီး၍ အပန်းဖြေစံအိမ်သို့ ရောက်လာသောအခါ လုလျန့်ဝေက သူ့အား အခြေအနေကို ရှင်းပြသည်။
“မင်းက အရှင်မင်းကြီးကို ငါတို့အပန်းဖြေစံအိမ်ကိုလာဖို့ တောင်းဆိုမလို့ စဉ်းစားနေတယ်ပေါ့?”
“အမှန်တော့ အရှင်မင်းကြီး တကူးတကလာဖို့ မလိုပါဘူး၊ ကျွန်မ တတ်နိုင်သလောက် အကောင်းဆုံးထိရောက်အောင် ပြင်ထားတဲ့ ဆေးအညွှန်းကို အစ်ကိုကြီးနဲ့ ထည့်ပေးလိုက်မယ်၊ အစ်ကိုကြီးက အရှင်မင်းကြီးကို ဒီအတောအတွင်း ဆေးကို ဒီအညွှန်းအတိုင်း သောက်ပြီး ပြန်ကျန်းမာလာအောင်လုပ်ဖို့ ပြောပေးရုံပဲ။”
“ဒီလိုက ပိုကောင်းမယ်၊ အရှင်မင်းကြီး နန်းတွင်းကထွက်စရာ မလိုတော့ဘူး။”
လုလျန့်ဝေက ရေးထားပြီးသား ဆေးအညွှန်းအား သူ့ဆီကမ်းပေးလိုက်သည်။
“အထူးဂရုစိုက်ဖို့လိုတဲ့အချက်တွေလည်း ကျွန်မ ရေးထားပေးတယ်၊ အရှင်မင်းကြီးကို ဒီတိုင်းတိုက်ရိုက်ပေးလိုက်ပါ။”
လုထင်ချန်းက ဆေးအညွှန်းကို ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။
ထိုအခိုက်တွင် လုဟယ့်ထျန်း၏ သက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်သူ ဝမ်ဟယ့်က အပြင်ခြံဝန်းမှ ဝင်လာသည်။
“ဆက်ခံသူ၊ ဒုတိယသခင်မလေးလု၊ အဲဒီအိမ်တော်ထိန်းချန်က ခုနလေးက စံအိမ်ထဲကနေ ခိုးကြောင်ခိုးဝှက်ထွက်သွားတာ တွေ့လိုက်ရပါတယ်။”