← Chapters

အခန်း (၁၃၄-၁၃၆)

Vol. 3 Ch. 134-136

အခန်း (၁၃၄-၁၃၆)

Vol. 3 Ch. 134-136

Chapter 134

March 17, 2024 by Nay Chi Lynn

အပိုင်း (၁၃၄) - ရုတ်တရက် အတွေးတစ်ခု ဝင်လာတယ်။

သူမစကားများကိုကြားသော် လုံချီ၏ စိုးရိမ်ပူပန်မှုများ ပြေပျောက်သွားသည်။ သူ ဆုပ်ကိုင်ထားသည့် နုနယ်သိမ်မွေ့သော သူမ၏လက်ကလေးအား ပွတ်သပ်လိုက်၏။

“ဟုတ်ပြီ၊ ကောင်းတယ်။”

လုယွင်ရွှမ်း ဆတ်ခနဲ ရင်ခုန်သွားသည်။ ဤလေထုအခြေအနေကို အခွင့်ကောင်းယူပြီး သူမ ချက်ချင်းပင် တမြန်နေ့က ဖြစ်ပျက်ခဲ့သည်များကို စတင်ရှင်းပြတော့သည်။

“အရှင့်သား၊ အဲဒီနေ့က ဖြစ်ခဲ့တာ တကယ်မတော်တဆပါရှင်၊ ကျွန်မ အရှင့်သားကို ထိခိုက်စေဖို့ လုံးဝမရည်ရွယ်ပါဘူး။”

ထိုကိစ္စအကြောင်း ပြောသည်ကိုကြားသော် လုံချီမှာ မကြာခင်ကမှ စတင် အနာဖေးတက်လာသော ဘယ်ဖက်လက်မောင်းမှ အနည်းငယ်အောင့်လာသည်ကို ခံစားမိသည်။

သူ့စိတ်အခြေအနေမှာ ချက်ချင်း ချဉ်တူးသွားပြီး သူ့အသံက ‌ဒေါသအနည်းငယ် ပါနေသည်။

သူ ဒေါသထွက်လာသည်ကိုမြင်သော် လုယွင်ရွှမ်း ဖြူဖျော့သွားသည်။

“ကျွန်မ လုလျန့်ဝေကို စိတ်တိုလွန်းလို့ မေ့သွားရတာပါရှင်၊ ကျွန်မသတိရတဲ့အချိန်ကျ အကုန်နောက်ကျသွားခဲ့ပြီ။”

သူမမှာ အင်မတန် အနစ်နာခံရပုံပေါ်နေသည်။

လုံချီ သူမကို စိတ်တိုနေသော်လည်း သူမ သူ့အတွက်လုပ်ပေးခဲ့သည့်ကိစ္စများကို တွေးမိသောအခါ သူမကို အော်ငေါက်ဆူပူခြင်း မလုပ်မိစေဖို့ ကိုယ့်ကိုကိုယ် ထိန်းထားလိုက်ရသည်။ တစ်ခဏမျှ မျက်နှာကြီး သုန်မှုန်နေပြီးနောက် သူ သူမမျက်နှာထက်ရှိ ဇာပဝါကို လှမ်းကြည့်လိုက်ကာ မျက်စိစူးသလို ခံစားလိုက်ရ၏။

“မင်းက ဒီအတိုင်းကြီးပဲ ကိုယ့်ကို မျက်နှာချင်းဆိုင်နေတော့မှာလား။”

လန့်သွားသော လုယွင်ရွှမ်းမှာ ချက်ချင်း ခေါင်းလှည့်၍ ရှောင်လိုက်ပြီး ချဉ်တူးတူးဖြင့် အထွန့်တက်သည်။

“အရှင့်သား၊ ကျွန်မမျက်နှာက ဒဏ်ရာတွေ မပျောက်သေးပါဘူး...”

လုံချီက သူမအား ရင်ခွင်ထဲဆွဲထည့်၍ ပြောလိုက်သည်။

“ကိုယ့်ရင်ထဲမှာတော့ မင်းက တစ်လောကလုံးမှာ အလှဆုံးမိန်းကလေးပဲ...”

ဘာကြောင့်မှန်းမသိ သူ ထိုစကားများကို ပြောစဉ်က လုလျန့်ဝေ၏ မျက်နှာလှလှလေးက သူ့မျက်လုံးထဲ ဖြတ်ခနဲပေါ်လာသည်။ သူ လုယွင်ရွှမ်းကို ထပ်ကြည့်မိသော် တမြန်နေ့က မြို့စားမင်းအိမ်တော်ရှေ့၌ ချော်လဲကျပြီးနောက် ဖြစ်သွားသည့် သူမ၏မျက်နှာကသာ သူ့စိတ်ထဲ ပေါ်လာ၏။

လုယွင်ရွှမ်းမှာ သူ့ထံမှ အထွေးပွေ့ခံရဖို့ ပြင်ဆင်ထားပြီးဖြစ်၏။ သူမရင်ထဲ ချိုမြိန်မှုနှင့် မျှော်လင့်ချက်များ ပြည့်လို့နေသည်။ သို့သော် မျက်လုံးများမှိတ်လျက် တစ်ခဏမျှ စောင့်ပြီးသောအခါတွင်လည်း ဘာမှဖြစ်မလာပေ။

“ကိုယ်ပင်ပန်းနေပြီ၊ စောစော‌နားကြတာပေါ့၊ မနက်ဖြန် ညီလာခံတက်ဖို့ စောစောထရဦးမယ်။”

လုယွင်ရွှမ်း ဆတ်ခနဲ မျက်လုံးများဖွင့်လိုက်သည်။ အင်မတန် ရှက်သွား၍ သူမ မသိလိုက်မသိဘာသာဖြင့် အကျီလက်ထဲဖွက်ထား‌သော လက်များကို လက်သီးဆုပ်မိ၏။

သူတို့ အတူမအိပ်သည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သည်။ သူက သူမကို နည်းနည်းလေးမှ ဆန္ဒမရှိဘူးလား။

ထိုသို့တွေးမိသောအခါ သူမ အနည်းငယ် စိတ်မအေးဘဲဖြစ်လာသည်။

လုံချီက အမြဲတစေ သူမအား ချစ်ကြောင်းပြော၍ အချစ်များအပြည့်ပေးသည်။ သို့သော် သူက သူမနှင့် ချစ်ပွဲဝင်ရန် စိတ်အားထက်သန်မှု မရှိဘဲ အမြဲလိုလို ကိစ္စများကို မြန်မြန်ဆန်ဆန် အဆုံးသတ်လေ့ရှိ၏။

ပထမတော့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားများက ကာမရာဂထဲ နစ်မြုပ်မနေသင့်ဟု သူမ ထင်၍ ထိုကိစ္စဖြင့် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ ထို့အပြင် လုံချီက တဏှာကြီးသောအမျိုးသားတစ်ယောက် မဟုတ်ခြင်းကလည်း ပြဿနာများသော ကိုယ်လုပ်တော်တပုံတပင် လက်ထပ်ယူလာသည့် ဒုက္ခမှလည်း ကင်းဝေးရသည်။

သို့သော် သည်ကနေ့ လုံချီ၏ အပြုအမူက သူမကို သံသယများ တိုးလာစေ၏။

ခုနလေးက သူ စိတ်ပါနေမှန်း သူမ အထင်အရှား ခံစားမိပါသည်၊ သူက အဘယ်ကြောင့် ရုတ်တရက်ကြီး ရပ်လိုက်ရသနည်း။

ဧကန္တ သူက သူမကို အချိန်တိုလေးအတွင်း ငြီးငွေ့နေပြီလား။

သူမရင်ထဲရှိ ခါးသီးမှုကို ဖိနှိပ်ထားရင်း သူမ တည်တည်ငြိမ်ငြိမ်ဖြင့် မဝံ့မရဲမေးလေသည်။

“အရှင့်သားရယ်၊ အိမ်ရှေ့နန်းဆောင်က ခြောက်ကပ်နေတာပါပဲ၊ တစ်နေကုန် အဲဒီမှာနေနေရတာ အထီးကျန်မှာပေါ့၊ ကျွန်မ အရှင့်သားကို ခစားဖို့ မိန်းမလှလေးနည်းနည်း စီစဉ်ပေးရင်ရော ဘယ်နှယ့်လဲဟင်။”

လုံချီ တန့်သွားပြီး လုလျန့်ဝေအကြောင်း စဉ်းစားမိပြန်သည်။

အတိတ်တုန်းက လုလျန့်ဝေသည့် သူ့ကိုယ်လုပ်တော် ဖြစ်လာဖို့အတွက်နှင့် ဘာမဆိုလုပ်၏။ သို့သော် ယခုတော့ သူမအားထုတ်မှုများ အားလုံးကို ရပ်စဲလိုက်လေပြီ။ ကြည့်ရတာ သူမ သူ့အပေါ် အမှန်တကယ်လက်လျှော့သွားပုံရသည်။

ယခင်တစ်ခေါက် သူတို့ ထိပ်တိုက်တွေ့စဉ်က သူမ အတော်လေးနှုတ်သီးကောင်းလျှာပါးဖြင့် ပြောခဲ့သည်ကို အမှတ်ရမိသော် သူ ရုတ်တရက် အကြံတစ်ခု ရလာသည်။

သူမကိုသာ လက်ထပ်ယူလိုက်လျှင် သူမက ခြောက်ကပ်အသက်မဲ့နေသော အိမ်ရှေ့နန်းဆောင်အား အင်မတန်စည်ကားသက်ဝင်လာအောင် သေချာပေါက် လုပ်ပေးပေလိမ့်မည်။

ထိုအကြံက သူ့စိတ်ထဲ ဖြတ်ခနဲပေါ်လာသည်။ သို့သော် လုယွင်ရွှမ်း၏မျက်လုံးများထဲ ဖုံးကွယ်ထားသော ခါးသီးမှုများကို မြင်သောအခါ သူ့စိတ်ဝင်စားမှုများ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွား၏။

“အဲဒီကိစ္စကို သိပ်စိတ်ပူမနေပါနဲ့ ရွှမ်းအာ၊ ကိုယ် မင်းကလွဲပြီး ဘယ်သူ့ကိုမှ မလိုချင်ဘူး၊ ကိုယ့်ဘေးနားမှာ မင်းတစ်ယောက်ပဲရှိဖို့လိုတယ်။”

ဆက်ရန်__

Chapter 135

March 17, 2024 by Nay Chi Lynn

အပိုင်း (၁၃၅) - သူမက တစ်ယောက်တည်းသော အမျိုးသမီး ဖြစ်မှာမဟုတ်ဘူး။

၎င်းကိုကြားသောအခါ လုယွင်ရွှမ်း၏ ပူလောင်နေရသော နှလုံးသားမှာ စိတ်ငြိမ်ဆေးသောက်လိုက်သည့်အလား နောက်ဆုံးတော့ ငြိမ်ကျသွားလေသည်။

ကြည့်ရတာ သူမ အတွေးများသွားပုံရသည်။ လုံချီက ကာမသာယာမှုများထဲ နစ်မျောတတ်သော တဏှာစိတ်များသူမဟုတ်။ ခုနက သူမ ဘာလို့ အဲဒီလိုအတွေးတွေ ဝင်သွားရတာလဲ။

သူမ သိပ်မှားသွားခဲ့ပါသည်!

“မင်းသိသင့်တယ်၊ ဦးရီးတော်က ကိုယ့်ကို ဆက်ခံသူအဖြစ် ရာထူးပေးထားပေမယ့် ကိုယ့်ကို အနီးကပ် စောင့်ကြည့်နေသေးတာ၊ ကိုယ့်မှာ အမျိုးသမီးဆိုလို့ မင်းတစ်ယောက်တည်းရှိနေရင် သူ သတိလျော့သွားမှာပဲ။”

လုံချီက ချက်ချင်းဆက်ပြောလာ၏။

သူဆိုလိုသည်ကို လုယွင်ရွှမ်း နားလည်ပါသည်။

လုံယန်က သူ့အား ကိုယ်ပိုင်တသီးတသန့်အကြံအစည်များ ရှိလာပြီး မဟာမိတ်များဖွဲ့ခြင်းကို တားဆီးချင်သည်။ ထို့ကြောင့် အိမ်ရှေ့နန်းဆောင်၌ အမျိုးသမီးနည်းလေကောင်းလေ ဖြစ်သည်။ ၎င်းက လုံချီ မည်သည့်ညီလာခံမှူးမတ်နှင့်မှ တစ်ဖွဲ့တည်းမဟုတ်ကြောင်းကိုလည်း ပြရာရောက်ပေသည်။

(T/N - လက်ထပ်တာကနေ အမတ်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး သူ့ကို ပုန်ကန်မှာစိုးလို့ပါ)

သို့သော် သူ့စကားများကို ဂရုတစိုက် ပြန်စဉ်းစားကြည့်ပြီးသောအခါတွင်တော့ လုယွင်ရွှမ်းမှာ အနည်းငယ် စိတ်မခုမိဘဲမနေနိုင်။

အကယ်၍ သူ့ကို ဆွဲထားသည့် ဧကရာဇ်ကြောင့်သာ မဟုတ်ပါလျှင် သူမက အိမ်ရှေ့နန်းဆောင်၏ တစ်ယောက်တည်းသောအမျိုးသမီး မဟုတ်လောက်ဟု သူက သွယ်ဝိုက်၍ဆိုလိုခြင်းပင်ဖြစ်၏။

“မင်း ဘာတွေတွေးနေတာလဲ၊ နောက်ကျနေပြီ၊ နားကြရအောင်လေ။”

လုံချီက ထိုသို့သောလူမျိုး မဟုတ်ပါ။ လုလျန့်ဝေကဲ့သို့ မိန်းမလှ‌တစ်ယောက်ကပင် သူ့ကို မဆွဲဆောင်နိုင်၊ သူက ဘယ်လိုလုပ် သစ္စာမရှိတဲ့ယောကျားမျိုး ဖြစ်နိုင်မှာလဲ။

ထိုအချိန်တွင် အိမ်တော်ထိန်းချန် တော်ဝင်အပန်းဖြေစံအိမ်မှ ထွက်လာပြီးနောက် သူက လာလမ်းအတိုင်းပင် လုမိသားစု၏ အပန်းဖြေစံအိမ်သို့ ပြန်လာခဲ့၏။

သူက လက်ထဲရှိ ဆုကြေးငွေအိတ်ကို ခပ်ဆဆ ချိန်ကြည့်ပြီး အိမ်ရှေ့စံကြင်ယာတော်၏ ရက်ရောမှုကြောင့် အံ့အားသင့်နေမိသည်။

သူမက ထိုသို့ပင် သူ့အား ရွှေသားတစ်ရာ ချီးမြှင့်ခဲ့လေ၏။

သူ့ပိုလိုက်သော သတင်းများကို အိမ်ရှေ့စံကြင်ယာတော်က ဘယ်လောက်စိတ်တိုင်းကျသွားမှန်း မြင်နိုင်လေသည်။

၎င်းက သူမထံ အမှုထမ်းရန် သူ့၏စိတ်ဆုံးဖြတ်ချက်ကိုလည်း ပို၍ ခိုင်မာသွားစေသည်။သူက အင်မတန်အပျော်လွန်နေ၍ သူ့အခန်းက မီးများ လင်းနေသည်ကို သတိမထားမိချေ။ သူက သမ်းဝေရင်းဖြင့် တံခါးကို တွန်းဖွင့်လာပြီး အိပ်ရာဝင်ရန် အကျီချွတ်တော့မည့်အချိန်မှ ရုတ်တရက် ရယ်သံတစ်သံကို ကြားလိုက်ရသည်။

“အိမ်တော်ထိန်းချန်ကို ကြည့်ရတာ နွေဦးလိုရွှင်မြူးနေတာပဲနော်၊ ရွှေတွေများ ကောက်ရခဲ့လို့လား။”

အိမ်တော်ထိန်းချန်မှာ မသိစိတ်၏စေ့ဆော်မှုကြောင့် ပြန်ဖြေလိုက်မိပြီး ခေါင်းလှည့်လိုက်သည်။ သူ့အခန်းထဲရှိ မြင်ကွင်းကို မြင်လိုက်သောအခါတွင်မူ သူ့မျက်နှာထက်ရှိ အနိုင်ရသလို အပြုံးကြီး တောင့်ခဲသွားလေတော့သည်။

လုလျန့်ဝေ၏ မျက်နှာရှိအပြုံးမှာ မျက်လုံးများထိတော့ မရောက်ပါချေ။

လုထင်ချန်းက ဘာမှမပြော၊ သို့သော် သူ့ခပ်ချောချောမျက်နှာမှာတော့ အေးစက်နေသည်။

သူတို့ထံမှ ကြောက်ဖို့ကောင်းသည့် အရှိန်အဝါကြောင့် အိမ်တော်ထိန်းချန် ရင်တဒုတ်ဒုတ်ခုန်သွားပြီး ခြေထောက်များ တုန်ယင်လာသည်။

အိမ်တော်ထိန်းချန်မှာ အခန်းထဲမှ ပြေးထွက်သွားချင်သောစိတ်ကို ချိုးနှိမ်ထားရသည်။

သို့သော် သူ့တာဝန်ကို လျှို့ဝှက်စွာ ပြီးမြောက်နိုင်ခဲ့၍ လွယ်လွယ်နှင့် ပေါ်မသွားလောက်ဟူသည့် ဖြစ်နိုင်ချေလေးကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

ထိုအတွေးဖြင့် သူ စိတ်ကိုပြန်စုစည်းလိုက်သော အပြစ်ကင်းသောမျက်နှာသို့ ပြောင်းလိုက်သည်။

“ဆက်ခံသူနဲ့ ဒုတိယသခင်မလေးတို့က ဒီလောက်ညနက်ကြီး ကျွန်တော့်အခန်းကို ဘာလာလုပ်ကြတာလဲဗျ၊ ခိုင်းစရာတစ်ခုခုများ ရှိပါသလား။”

ထိုအခိုက်တွင် လုလျန့်ဝေက ခပ်ပြုံးပြုံးဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ညွှန်ပြလိုက်ကာ နွေးနွေးထွေးထွေး ပြောလာသည်။

“ကျွန်မတို့ ခိုင်းစရာရှိလို့လာတာ မဟုတ်ပါဘူး၊ ဒီတိုင်း ရှင် အပန်းဖြေစံအိမ်ကို စီမံကွပ်ကဲတဲ့နေရာမှာ အားကြိုးမာန်တက်နဲ့ ဒီနေ့လည်း ကျွန်မအတွက် ဆေးတွေသွားဝယ်ပေးလိုပေးနဲ့ အလုပ်ကြိုးစားတာကို ကျွန်မ မြင်မိလို့လေ၊ ရှင့်လုပ်နိုင်စွမ်းကို ကျွန်မ အသိအမှတ်ပြုပါတယ်၊ ဒါကြောင့်မို့ ရှင့်ကို ချီးကျူးဖို့လာတာ...”

အိမ်တော်ထိန်းချန်မှာ ၎င်းကိုကြားသော် ဘာလုပ်ရမှန်းမသိဘဲ စိတ်ရှုပ်ထွေးသွားသည်။ သို့သော် သူက ဉာဏ်ကောင်းလှသူ မဟုတ်သဖြင့် သူ နောက်တစ်ကြိမ် ပြန်စဉ်းစားမနေချေ။

“သခင်မလေး မြှောက်ပင့်လွန်းနေပါပြီ၊ ဒါကျွန်တော့်တာဝန်ပါပဲဗျာ၊ ကျွန်တော်က ဘယ်လိုလုပ်....”

“‌တော်ပြီ၊ လက်ဖက်ရည်သောက်လိုက်၊ ဒီသခင်မလေးနဲ့ ဆက်ခံသူတို့လည်း ပြန်အနားယူသင့်ပြီ။”

လုလျန့်ဝေက စိတ်မရှည်စွာ စကားဖြတ်ပြောလိုက်သည်။

ဆက်ရန်__

Chapter 136

March 17, 2024 by Nay Chi Lynn

အပိုင်း (၁၃၆) - ကျွန်မက ရှင့်ကို ဆိုးဆိုးရွားရွားလုပ်လိုက်တာကျနေတာပဲ။

အိမ်‌တော်ထိန်းချန် မည်မျှပင် တုံးစေကာမူ ယခုတွင်တော့ တစ်စုံတစ်ရာ မူမမှန်နေသည်ကို သူ သတိထားမိသွားပြီဖြစ်သည်။

“ကျွန်တော် ခုနလေးက အကြမ်းရည်တွေ အများကြီးသောက်ထားလို့ ရေမဆာ...”

လုလျန့်ဝေက သူ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။

“ဒီသခင်မလေးက ရှင့်အတွက် တကူးတကလုပ်ထားပေးတဲ့ လက်ဖက်ရည်ကို မသောက်ဘဲနေရဲသလား။”

သူမ၏ ရုတ်တရက်အပြစ်တင်လာခြင်းကြောင့် အိမ်‌တော်ထိန်းချန် ထိတ်လန့်သွားပြီး သူ့ခြေထောက်များ ပျော့ခွေသွားသည်မှာ ကြမ်းပေါ်သို့ ဒူးထောက်ကျလုနီးပါး။

သူ အင်မတန် နောင်တရစွာ ပြောလိုက်သည်။

“ကျွန်တော် တကယ် အများကြီးသောက်ထားလို့ ထပ်မသောက်နိုင်တော့ပါဘူးဗျာ၊ မနက်ဖြန်မှ ‌သောက်လို့ရမလားခင်ဗျာ။”

လုလျန့်ဝေမျက်နှာရှိ အပြုံးမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။

“ရှင်က သောက်ဖို့ငြင်းနေမှတော့ ကူညီဖို့ လူခေါ်ပေးရတာပေါ့၊ ‌အစောင့်တွေ လာကြစမ်း!”

သူမ၏ တောင့်တောင်းတင်းတင်း သက်တော်စောင့်အနည်းငယ်က အခန်းထဲဝင်လာကြသည်ကိုမြင်သော် အိမ်တော်ထိန်းချန်မှာ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြမ်းပေါ် အပြိုပြိုအလဲလဲ ကျသွားရလေတော့သည်။

“မပူပါနဲ့၊ ဒါက သေစေနိုင်တဲ့အဆိပ်တစ်မျိုးမျိုး မဟုတ်ပါဘူး၊ ဒီသခင်မလေးက ရှင့်ကို သတ်ချင်ရင် လက်ချောင်းလေး လှုပ်လိုက်ရုံပဲ၊ ဘာကိစ္စ ဒီလောက်ဒုက္ခခံနေရမလဲ။”

လုလျန့်ဝေ၏အသံ နူးညံ့သွားသည်။ သူမက နောက်ထပ်တဖန် အပြုံးမျက်နှာ တပ်ဆင်လိုက်ရင်း လက်ဖက်ရည်ခွက်ကို တွန်းပေးလိုက်၏။

“ဆိုတော့ အိမ်တော်ထိန်းချန်၊ ကျွန်မ စိတ်ကောင်းဝင်နေတုန်း အမိန့်ကို လိုက်နာလိုက်တာ ကောင်းမယ်၊ ဒါမှမဟုတ်ရင်တော့....”

အိမ်တော်ထိန်းချန်က တံခါးဝကို ပိတ်ရပ်ထားသောအစောင့်များကို ကြည့်လိုက်သည်။ ထို့နောက် ထိုင်ခုံတွင် ထိုင်နေကြသော လုလျန့်ဝေနှင့် လုထင်ချန်းတို့ကို တစ်လှည့်ကြည့်လိုက်၏။ သူ တံတွေးမြိုချလိုက်ပြီး ထရပ်ကာ အနိုင်နိုင် အားယူ၍ လက်ဖက်ရည်ခွက်ကိုကိုင်လျက် တစ်ချက်တည်း အကုန်မော့သောက်လိုက်တော့သည်။

ဘာမှဖြစ်မလာသည်ကို သတိထားမိသောအခါ အိမ်တော်ထိန်းချန်မှာ စိတ်သက်သာစွာဖြင့်တိတ်တဆိတ် အသက်ရှူထုတ်လိုက်မိသည်။ သူ အတွေးလွန်သွားခြင်းသာဖြစ်ကာ ဒုတိယသခင်မလေးလုက သူ့ကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဟု ယုံကြည်သွား၏။

သို့သော် နောက်တစ်ခဏတွင် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်က ဒုတ်ခနဲပြုတ်ကျသွားပြီး ဝမ်းဗိုက်ကို အုပ်ထားလျက် သူ ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေရတော့သည်။

ထိုအခိုက်တွင် တစ်လျှောက်‌လုံး စကားမပြောခဲ့သော လုထင်ချန်းက နောက်ဆုံးတော့ ပါးစပ်ဖွင့်လာ၏။

“ဘာမှမဟုတ်ပါဘူး၊ ပါးစပ်နဲ့ ခြေဖနောင့်မှာ ပြည်တည်နာတွေ ပေါက်ပြီး သေသွားစေတဲ့ အဆိပ်တစ်မျိုးပါပဲ၊ ဒီတိုင်း အဆိပ် အသက်ဝင်လာရင်တော့ ငရဲလို ခံစားရပြီး မွေးမလာခဲ့ရင်မှ ကောင်းဦးမယ်လို့ ဆုတောင်းမိစေရုံပါ။”

၎င်းကိုကြားသော် အော်ဟစ်ငိုယိုလျက် ကြမ်းပေါ်လူးလှိမ့်နေသော အိမ်တော်ထိန်းချန်သည် ချက်ချင်းပင် လုလျန့်ဝေ၏ ခြေထောက်နားသို့ တွားသွားလာပြီး သူမ ဝတ်ရုံရှည်၏ အနားစကို ဖမ်းဆွဲရန် ကြိုးပမ်းလေသည်။

“တောင်းပန်ပါတယ် ဒုတိယသခင်မလေး၊ ကျေးဇူးပြုပြီး ဖြေဆေးပေးပါဗျာ...”

သို့သော် သူ့လက်က လုလျန့်ဝေကို မထိနိုင်ခင်မှာ လုထင်ချန်းထံမှ အကန်ခံလိုက်ရပြီး အေးစက်သက် လူသတ်လိုသည့် အရိပ်အငွေ့များ စိမ့်ထွက်နေသော အသံဖြင့် ပြောလာသည်။

အိမ်တော်ထိန်းချန်မှာ အကြောက်ကြောက်အလန့်လန့်ဖြင့် လက်ကို ပြန်ရုတ်လိုက်ရသည်။ သူ လုလျန့်ဝေရှေ့တွင် ဒူးထောက်၍ သူမကို ဦးတိုက်လေသည်။ သူ့မျက်နှာမှာ မျက်ရည်စီးကြောင်းများ ထင်းနေသည်။

“ဒုတိယသခင်မလေး၊ ညှာတာပေးပါဦးဗျာ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ...”

လုလျန့်ဝေ နှုတ်ခမ်းများ ဆန့်လိုက်ကာ ခံစားချက်မဲ့စွာ ပြောလာသည်။

“ရှင်ပြောတဲ့ပုံကိုလည်း နားထောင်ကြည့်ဦး၊ ကျွန်မက ရှင့်ကိဆိုးဆိုးရွားရွားလုပ်လိုက်တာကျနေတာပဲ။”

အိမ်တော်ထိန်းချန် : “....”

ဧကန္တ သူ့ကိုယ်ထဲက နာကျင်မှုက သူစိတ်ကူးယဉ်နေမိတာမို့လို့လား။

သက်တော်စောင့်များကလည်း လုလျန့်ဝေကို တစ်ချက်ခိုးကြည့်လိုက်ကြသည်။

ဒုတိယသခင်မလေးလုက တစ်စုံတစ်ယောက်ကို ဆုံးမရာတွင် မျက်တောင်ပင်မခတ်။ စစ်မြေပြင်၌ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသော သက်တော်စောင့်များပင်လျှင် အိမ်တော်ထိန်းချန်၏ စုတ်ပြတ်နေသော သနားစရာအခြေအနေကိုမြင်သောအခါ ပခုံးမကြုံ့မိဘဲမနေနိုင်။

“ဒုတိယသခင်မလေးကပဲ အလင်းပြပေးပါဦးခင်ဗျာ။”

အိမ်တော်ထိန်းချန်မှာ ကြီးမားလှသောနာကျင်မှုကို အံတုနေရသဖြင့် သူ့အသံက တုန်ရီနေသည်။

“ကျွန်တော် ဒုတိယသခင်မလေးတစ်ယောက်တည်းကိုပဲ ခစားပါ့မယ်၊ အလိုရှိသလို အမိန့်ပေးပါခင်ဗျာ။”

“လက်ရှိတော့ ရှင့်ကိုလုပ်ခိုင်းစရာ မရှိသေးဘူး၊ ဒီနေ့ သိပ်နောက်ကျနေပြီ၊ ကျွန်မ နားရတော့မယ်၊ တခြားကိစ္စတွေကို နောက်နေ့မှပဲဆက်တာပေါ့။”

လုလျန့်ဝေက အေးတိအေးစက်ပြောကာ ထရပ်လိုက်သည်။ သူမ အိမ်တော်ထိန်းချန်အနားက ဖြတ်လျှောက်သွားသောအခါ သူ့ငွေထုပ်ကိုပါ မတုံ့ဆိုင်းပဲ ဖြတ်ခနဲယူသွားလေသည်။

All Chapters