← Chapters

အခန်း (၁၃၇-၁၃၉)

Vol. 3 Ch. 137-139

အခန်း (၁၃၇-၁၃၉)

Vol. 3 Ch. 137-139

အပိုင်း (၁၃၇) - ရှင် မနေ့ညက ကြုံခဲ့ရပြီးပြီမဟုတ်လား။

အိမ်တော်ထိန်းချန်ရဲ့ နာကျင်မှုကို မေ့သွားပုံရကာ သူမက အထုပ်ကို ဆွဲဖွင့်ပြီး အထဲရှိ တလက်လက်တောက်နေသော ရွှေစတစ်စအား‌ ပျော်ပျော်ရွှင်ရွှင် ထုတ်ယူလိုက်သည်ကို ဝိဉာဉ်မဲ့စွာ စိုက်ကြည့်နေလေသည်။

“ရွှေတွေပဲ‌။”

ထို့နောက် သူမက သဘာဝကျကျဖြင့်ပင် ၎င်းကို သူမအိတ်ထဲ ထည့်လိုက်သည်။

အိမ်တော်ထိန်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့်သာ စိုက်ကြည့်နေနိုင်လေသည်။

လုလျန့်ဝေက ပြုံးလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ချီကျူးလိုက်သည်။

“အိမ်တော်ထိန်းချန်က တကယ်အရည်အချင်းရှိတာပဲ၊ ရှင့်ကို အားကိုးလို့ရမယ်ဆိုတာ သိနေတယ်၊ အလုပ်ကြိုးစားထား!”

လုထင်ချန်းမှာ သူ့၏ငွေမက်လှသောညီမလေးကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းစွန်းများက မထိန်းချုပ်နိုင်စွာဖြင့် တဆတ်ဆတ်လှုပ်သွားရသည်။ အရင်က သူမ ဒီလောက်ငွေမက်မှန်း သူ ဘာလို့မတွေ့ခဲ့ရတာပါလိမ့်။

အားလုံးထွက်သွားပြီးနောက် အိမ်တော်ထိန်းချန်မှာ ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်လာသည်။

ထိုညတွင် အိမ်တော်ထိန်းချန်မှာ နာကျင်မှုလှိုင်းလုံးကြီးထဲ နစ်မြုပ်လို့နေပြီး အသက်ရှင်ရခြင်းထက် သေသွားတာကမှကောင်းဦးမည့်အရသာကို ကောင်းကောင်းကြီး ခံစားလိုက်ရလေသည်။

နောက်တစ်နေ့တွင် တစ်ညလုံး အလူးအလဲနှိပ်စက်ခံထားရသည့် အိမ်တော်ထိန်းချန်သည် မနက်စောစောကတည်းက လုလျန့်ဝေ၏ ခြံဝန်းထဲ လာစောင့်နေသည်။

ထိုအကြောင်းကို တစ်စုံတစ်ယောက်က လုလျန့်ဝေအား သတင်းပို့ထားပြီးဖြစ်သည်။

သို့သော် လုလျန့်ဝေက သူ့ကိုတွေ့ဖို့ အလျင်မလို။ ရာသီဥတုသာယာနေသည်ကို မြင်သောအခါ သူမ ဆေးအမယ်များအားလုံးကို ထုတ်လာပြီး တစ်ရက်လောက် နေပူထဲ အခြောက်ခံရန် စီစဉ်သည်၊ ထို့နောက်မှ ယင်ရှီးအဆိပ်ဖြေဆေး ဆေးလုံးများကို ပေါင်းခံသန့်စင်မည်ဖြစ်သည်။

ဆေးအမယ်များကို အေးအေးဆေးဆေး ထုတ်ယူကာ နေလှန်းထားပြီးနောက် လုလျန့်ဝေမှာ နောက်ဆုံးတော့ အိမ်တော်ထိန်းချန်အား ညှာတာပေးသည့်အနေဖြင့် သူ့ကို သွားတွေ့ရန်ဆုံးဖြတ်လိုက်သည်။

တစ်ညတာ အနှိပ်စက်ခံထားရပြီးနောက် အိမ်တော်ထိန်းချန်သည် အဆုံးမှာတော့ သူ ဤမထင်မှတ်ထားသော ကံဆိုးမှုကြီးကို အဘယ်ကြောင့်ခံစားခဲ့ရမှန်း နားလည်သွားပြီဖြစ်သည်။

သူ့ကိုယ်သူတော့ အတော်လေးလျှို့ဝှက်သည်ဟု ထင်ထားခဲ့၏။ သို့သော် ဒုတိယသခင်မလေးက သူ့ကို စောင့်ကြည့်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်လေသည်။

ထို့နောက် သူ အဆုံးမှာ လုလျန့်ဝေကို တွေ့ရသောအခါ သူ ချက်ချင်း ဒုတ်ခနဲမြည်အောင်ပင် ဒူးထောက်လိုက်လေသည်။

“ကျွန်တော် မှားသွားပါတယ် ဒုတိယသခင်မလေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသစ်ကပြန်စဖို့ အခွင့်အရေးလေး ပေးပါဦးခင်ဗျာ။”

လုလျန့်ဝေလည်း ကွေ့ဝိုက်နေဖို့အစီအစဉ်မရှိဘဲ တည့်တိုးသာပြော၏။

“ရှင်က လုယွင်ရွှမ်းအတွက် အလုပ်လုပ်ပေးပြီး ကျွန်မဆေးအညွှန်းကိုတောင် မနေ့က သူ့ကို ပေးလိုက်တာ ကျွန်မသိတယ်။”

အိမ်တော်ထိန်းချန်မှာ အင်မတန်ထိတ်လန့်သွားပြီး သူ့နဖူးထက် ချွေးအေးများပင် သီးလာသည်။ ဒုတိယသခင်မလေးက အားလုံးကို သိနေသည်မှာ သေချာပေသည်။

မနေ့ညက သူ့ကို တစ်ညလုံးနှိပ်စက်ညှင်းပန်းခဲ့သော အဆိပ်ကို ပြန်သတိရမိသောအခါ သူ့အရိုးထဲအထိ အေးစိမ့်သွားသည်ကို ခံစားလိုက်ရ၏။

ဤမရင့်ကျက်ဘဲ တုံးအရူးနှမ်းပုံပေါ်သော ဒုတိယသခင်မလေးက ဒီလောက်ရက်စက်လိမ့်မည်ဟု သူ ထင်မထားချေ။

အိမ်ရှေ့စံကြင်ယာတော်က ရက်ရောပြီး သူမ‌အတွက် အလုပ်လုပ်ပေးပါက အကျိုးအမြတ် ကြီးကြီးမားမား ရမည်ဖြစ်သော်လည်း သူ မနေ့ညက ခံစားခဲ့ရသော နာကျင်မှုကြီးကို ဒုတိယအကြိမ် ထပ်မခံစားချင်ပါချေ။

သူသာ အသက်ပျောက်သွားလျှင် လောကကြီးရှိ ရှိရှိသမျှ အကျိုးအမြတ်အားလုံးကလည်း အသုံး‌ဝင်တော့မည်မဟုတ်ပါ။

လက်ရှိတွင် သူ့လျှာတစ်ခုလုံး အနာများဖြင့် ဖုံးနေပြီဖြစ်ကာ သူ စကားပြောတိုင်းမှာ နာကျင်လွန်း၍ မျက်နှာပင်ရှုံ့တွသွားရသည်။ သူ့ခြေ‌ဖနောင့်များတွင်လည်း အနာဖုများ စပေါက်လာပြီကို တွေ့ရ၏။ သိပ်မကြာခင်မှာပဲ သူ....။

ဒုတိယသခင်မလေးပြောခဲ့သော ဆိုးဆိုးဝါးဝါးသေရခြင်းကို တွေးမိပြီး သူ ခေါင်းကို ပို၍ငုံ့ကာ သနားညှာတာ‌မှုရရန် တောင်းခံရတော့သည်။

“ကျွန်တော် တစ်ခဏ စိတ်မှောင်မိုက်သွားမိပါတယ်၊ သခင်မလေးကို သစ္စာမဖောက်ခဲ့သင့်ပါဘူးဗျာ၊ ကျွန်တော့်အမှားတွေကို ပြန်ပြင်ဖို့အခွင့်အရေးလေး ပေးပါဦး။”

သူ အညံ့ခံလိုက်သည်ကိုမြင်သောအခါ လုလျန့်ဝေက အလျင်မလိုစွာသာ ပြောသည်။

“မပူပါနဲ့၊ ရှင့်ကို အန္တရာယ်များတဲ့ကိစ္စတွေ လုပ်ခိုင်းမှာမဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကို ပုံမှန်အတိုင်းပဲ ဆက်အလုပ်လုပ်နေစေချင်တယ်၊ ရှင် လိုအပ်တဲ့အချိန် အချိန်မရွေး လုယွင်ရွှမ်းကို သွားတွေ့လို့ရတယ်၊ ဒါပေမယ့် ရှင် သူ့ကို ဘယ်လိုသတင်းမျိုး တင်ပြရမလဲဆိုတာတော့ ကျွန်မ သင်ပေးဖို့မလိုတော့ဘူးလို့ ယုံကြည်ထားတယ်နော်။”

အိမ်တော်ထိန်းချန် ၎င်းကိုကြားသောအခါ ခေါင်းညိမ့်၍ ပြန်ဖြေသည်။

လုလျန့်ဝေက သီချင်းညည်းရင်းဖြင့် သာမန်ကာလျှံကာ ပြောသည်။

“စကားမစပ် ရှင့်ကိုယ်ထဲကအဆိပ်က ကျွန်မ ဖော်ထားတာ၊ ကျွန်မကလွဲပြီး ရှင့်ကို ဘယ်သူမှ ကုမပေးနိုင်ဘူး၊ ပြီးတော့ ဒီအဆိပ်က လဝက်တစ်ခါ ထကြွလိမ့်မယ်၊ ဘယ်လိုခံစားရလဲဆိုတာတော့ ရှင် မနေ့ညက ကြုံခဲ့ရပြီးပြီမဟုတ်လား၊ ဆို တော့ တခြားထပ်ပြောစရာတော့ မလိုပါဘူး။”

မနေ့ညက သူ အဆိပ်ဒဏ်ကြောင့် ညှင်းပန်းနှိပ်စက်ခံရလွန်း၍ မနက်လင်းသောအခါ သူ မြို့ထဲသွား၍ သမားတော်ဆီ သွားပြခဲ့သည်။ သို့သော် သမားတော်အနည်းငယ်နှင့် ပြပြီးသောအခါတွင်လည်း သူ့အား အဆိပ်ဖြေပေးနိုင်သူကို ရှာမတွေ့နိုင်ခဲ့ချေ။

ထို့ကြောင့် ကြည့်ရသည်မှာ အမှန်တကယ်ကို ဒုတိယသခင်မလေးတစ်ယောက်တည်းကသာ ဤအဆိပ်ကို ဖြေပေးနိုင်ပုံပေါ်လေသည်။

ဆက်ရန်__

Chapter 138

March 18, 2024 by Nay Chi Lynn

အပိုင်း (၁၃၈) - လုံယန်က အံ့ဩဖို့ကောင်းစွာ ပေါ်ထွက်လာတယ်။

သူ့၏ အနည်းငယ် ကံကောင်းဖို့ မျှော်လင့်ချက်ကလေးမှာ ချက်ချင်းပျောက်သွားပြီး သူ့သစ္စာရှိမှုကို တစ်မုဟုတ်ချင်းပင် ကြေငြာလိုက်သည်။

“ဒုတိယသခင်မလေးလု၊ ကျွန်တော်ဘာလုပ်ရမလဲ သိပါပြီ၊ အကယ်လို့ အိမ်ရှေ့စံကြင်ယာတော်ရဲ့ လှုပ်ရှားမှုတွေထဲ ထူးခြားတာတစ်ခုခုရှိခဲ့ရင် ကျွန်တော် သခင်မလေးကို မထိမ်မချန်ဘဲ သတင်းပို့ပါ့မယ်။”

လုလျန့်ဝေမှာ သူ့၏ အခြေအနေကို သုံးသပ်နိုင်စွမ်းကြောင့် စိတ်ကျေနပ်သွားပြီး ကြွေပုလင်းလေးတစ်လုံးကို သူ့ခြေထောက်နားသို့ ပစ်ပေးလိုက်သည်။

“ဒါကိုသောက်လိုက်ရင် လဝက်လောက်တော့ သက်သက်သာသာ နေရလိမ့်မယ်၊ ရှင့်ကိုယ်ပေါ်က ပြည်ဖုတွေလည်း ချက်ချင်းပျောက်သွားမယ်၊ နောက်လဝက်နေလို့ ဖြေဆေးရမရ‌ကတော့ ရှင့်လုပ်ဆောင်ချက်‌အပေါ် မူတည်တယ်နော်။”

အိမ်တော်ထိန်းချန်က ကြွေပုလင်းလေးကို ကောက်ယူလိုက်သည်။ သူ့စိတ်ထဲ ခံစားချက်များ ရောထွေးနေ၏။

သူ့အသက်က အခု ဒုတိယသခင်မလေးလုလက်ထဲ ရောက်နေလေပြီ။

သူ ခါးသက်သက်ဖြင့် နောင်တရမိသည်။ ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့လျှင် သူ ငွေကြေးကြွယ်ဝမှုများကို လောဘတက်ခဲ့မည်မဟုတ်၊ ဒီလိုအခြေအနေသို့ ကျရောက်သွားမည်လည်းမဟုတ်ပါချေ။

အိမ်တော်ထိန်းချန် ဖြေဆေးကို သောက်လိုက်ပြီးနောက် သူ့လျှာက တံတွေးမျိုချလိုက်တိုင်း နာနေသည့် နာကျင်မှုက မနာတော့သည်ကို ခံစားလိုက်ရသည်။

သူ့လျှာပေါ်ရှိ နာကျင်မှုကလည်း ပျောက်သွားပြီး သူ့ခြေဖနောင့်ကလည်း မနာတော့သဖြင့် သူ့ပြည်တည်နာများ ပျောက်သွားသည်ကို မှန်ကြည့်စရာပင်မလိုပဲ သူခန့်မှန်းနိုင်သည်။

ထိုအခါမှသာ အိမ်တော်ထိန်းချန် ထွက်သွား၏။ အိမ်တော်ထိန်းချန် အသက်မရှင်ချင်တော့သည်မှလွဲလျှင် သူ သူမအား သစ္စာဖောက်မည်ကို မစိုးရိမ်ပါ။

နေ့လည်သို့ရောက်လာသည်။ လုလျန့်ဝေ ဆေးအမယ်များကို နေလှန်းနေစဉ်တွင် လုထင်ချန်းက အပြင်မှဝင်လာ၏။ သူ့နောက်တွင် အစောင့်တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသောလူတစ်ယောက် လိုက်ပါလာသည်။

သူမက လက်ထဲရှိအလုပ်ကိုသာ အာရုံစိုက်နေပြီး သူမအပေါ်ကျရောက်နေသောအကြည့်ကို သတိမထားမိချေ။

သူမ ခေါင်းမော့လိုက်သောအခါ အရပ်ရှည်ရှည်ဖြင့် အစိမ်းရောင် အစောင့်ဝတ်စုံဝတ်ထားသောလူက လုထင်ချန်းနှင့်အတူ အခန်းထဲလိုက်ဝင်သွားသည်ကို တွေ့လိုက်ရသည်။

ထိုလူ၏ နောက်ကျောပုံရိပ်က အနည်းငယ်ရင်းနှီးနေသည်ဟု သူမ တွေးမိသော်လည်း ဘယ်အချိန်က ဘယ်နေရာမှာမြင်ခဲ့ဖူးမှန်း မမှတ်မိနိုင်ပေ။

သူမ အလုပ်ပြီး၍ အခန်းထဲဝင်ပြီး လုထင်ချန်းကို သွားရှာသောအခါ လုထင်ချန်းက မရှိတော့ပေ။ သို့သော် အစိမ်းရောင်ဝတ် အစောင့်က စားပွဲရှေ့ရှိ ထိုင်ခုံပေါ်၌ သက်တောင့်သက်သာ ထိုင်နေသည်ကို မြင်လိုက်ရသည်။

ဤသည်က အနည်းငယ်ထူးဆန်းသည်ဟု သူမ ထင်မိ၏။ သူမအစ်ကိုလက်အောက်၌ အလုပ်လုပ်သော အစောင့်တစ်ယောက်က ဘယ်တုန်းက သည်လောက်အတင့်ရဲစွာ ပြုမူခွင့်ရသွားသည်လဲ။

အခန်းထဲတွင် ဘယ်သူမှမရှိ၊ သူမလည်း ဝင်သွားလိုစိတ်မရှိ။ သူမ လှည့်ထွက်သွားတော့မည်အချိန်တွင် သူမကို ကျောပေးထားသော ထိုအစောင့်က ရုတ်တရက် သူမဆီ ခေါင်းလှည့်လာသည်။

အစောင့်၏မျက်နှာကိုမြင်သော် သူမ တစ်ခဏမျှ ကြောင်သွားပြီးနောက် ပါးစပ်မှလွှတ်ခနဲထွက်သွား၏။

ထိုအမျိုးသားမှာ အံ့ဩစရာကောင်းစွာပင် နန်းတွင်းထဲ ရှိနေသင့်သည့် လုံယန်ပင်ဖြစ်၏။

သူက မြို့စားမင်းအိမ်တော်၏ အစောင့်ဝတ်စုံကို ဝတ်ဆင်ထားသည်၊ သို့သော် သူ့၏ မျိုးရိုးမြင့် ဩဇာအာဏာရှိသည့်ပုံရိပ်ကို ဖုံးထားရန် ခက်ခဲ၏။ သူ့ပုံစံက ဂုဏ်သိက္ခာအပြည့်နှင့် ရဲစွမ်းသတ္တိရှိပုံပေါ်ပြီး သူ့၏တည်ရှိမှုက အခန်းထဲရှိလေထုကို ဖိနှိပ်ထားလေသည်။

သူမ၏ အံ့ဩသွားသောတုံ့ပြန်မှုကို မြင်သောအခါ လုံယန်၏နှုတ်ခမ်းစွန်းများ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အပေါ်သို့ကွေးတက်သွားသည်။

လုလျန့်ဝေ ငေးမော‌ကြောင်အ,နေရာမှ ပြန်အသိဝင်လာသည်။ သူမ ရုတ်တရက်ကြီး သူ့ကို ထပ်တွေ့ရပြန်ပြီဖြစ်၏၊ သို့သော် ဤနေရာတွင်ဖြစ်နေကာ ဧကရာဇ်က အစောင့်တစ်ယောက်လို ဝတ်ဆင်ထားသည်။ လုလျန့်ဝေ အမှန်ပင် နည်းနည်းလေး အံ့ဩသွားပါ၏။

သို့သော် ဤသည်က ထုတ်ပြောရန်တော့ သင့်တော်ပုံမပေါ်။ ထိုအစား သူမ ခေါင်းယမ်းလိုက်သည်။

“အဲ့လိုတော့ မဟုတ်ပါဘူး။”

လုံယန် တစ်ချက်ကြည့်ရုံနှင့်တင် သူမအတွေးများကို မြင်နိုင်သည်။ သို့သော် သူက ဘာမှပြောမလာပေ။ သူ ပြုံးလိုက်၍ သူ့မျက်နှာချင်းဆိုင်ရှိထိုင်ခုံကို ညွှန်ပြလိုက်သည်။

လုလျန့်ဝေမှာ သူမ သူ့ကို အရိုအသေပေး ဦးညွှတ်ရမည်ကို ရုတ်တရက်သတိရလိုက်သည်။ သို့သော် သူက ထုံးတမ်းစဉ်လာများကို သိပ်စိတ်ထဲထားဟန်မတူသဖြင့် သူမလည်း ပျော်ပျော်ရွှင်ရွှင်ပင် ရေလိုက်ငါးလိုက်နေလိုက်ရန်ဆုံးဖြတ်လိုက်၏။

သူမ သူ့မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံ၌ ‌ယဉ်ကျေးစွာ ထိုင်လိုက်ပြီး မေးလိုက်၏။

“အရှင်မင်းကြီး ကျွန်မတို့အပန်းဖြေစံအိမ်ကိုလာတာ ဘာကိစ္စများရှိလို့ပါလဲရှင်။”

ဆက်ရန်__

Chapter 139

March 18, 2024 by Nay Chi Lynn

အပိုင်း (၁၃၉) - တော်တော်ကြီး မလေးစားရာရောက်တဲ့ မေးခွန်းတစ်ခု မေးခွင့်ပြုပါ။

လုံယန်၏ နက်မှောင်ကာ ပဟေဠိများနှင့်ပြည့်နေသော မျက်ဝန်းများက သူမကို ကြည့်လာသည်။

“‌မင်းအစ်ကိုက ငါကိုယ်တော့်ကို ဆေးအညွှန်း ပေးပြီးပြီ၊ ဒါပေမယ့် ကိုယ်တော် နန်းတွင်းကထွက်ပြီး မင်းဆီ တစ်ခေါက်လောက်တော့ လာသင့်တယ်လို့ ခံစားနေရတုန်းမို့လို့။”

လုလျန့်ဝေက သူ့အား သံသယအနည်းငယ်ဖြင့် ကြည့်လာသည်။

သူမ ဆေးအညွှန်းကို အင်မတန် ရှင်းလင်းစွာ ရေးပေးထားပြီးဖြစ်ကာ သတိထားရမည့်အချက်များကိုပင် အသေးစိတ်ရေးပေးထားသေးသည်။ ထို့အပြင် ခေါင်းဆောင်သမားတော်လင်လည်း ရှိသေး၏။ သူ ဤနေရာသို့ လာရန်မလိုပေ။

“အရှင်မင်းကြီး ဆေးအညွှန်းမှာ နားမလည်တာတစ်ခုခု ရှိလို့လား။”

လုံယန်၏ အချိုးအဆစ်ကျနသော လက်ချောင်းများက စားပွဲကို ခပ်ဖွဖွခေါက်နေသည်။ ဆေးအညွှန်းကို သမားတော်လင်ဆီသို့ ပေးလိုက်ပြီးဖြစ်၍ သူကြည့်လုပ်လိုက်လိမ့်မည်ဖြစ်သည်။ လုံယန် စိတ်ပူစရာဘာမှမရှိချေ။

သို့သော် သူ့မျက်လုံးများက မိန်းမပျိုလေး၏ မျက်ဝန်းလှလှလေးများနှင့် ဆုံသွားသောအခါ သူ တုံ့ဆိုင်းသွားပြီး ခေါင်းညိမ့်လိုက်သည်။

လုလျန့်ဝေ မေးသည်။

“အရှင်မင်းကြီးက ဘယ်အပိုင်းကို နားမလည်တာပါလဲ။”

“ခေါင်းဆောင်သမားတော်လင်က ဆေးအညွှန်းကို ဖတ်ကြည့်ပြီးပြီ၊ ဒါပေမယ့် မင်းစာရင်းထဲမှာပါတဲ့ ဆေးအမယ်တွေက အဓိကအားဖြင့် အားပြန်ဖြည့်တဲ့ဆေးတွေချည်းပဲ၊ ငါကိုယ်တော် နားမလည်ဘူး၊ ကိုယ်တော်က ဘာကိစ္စ အားပြန်ဖြည့်ဖို့လိုရတာလဲ။”

“အရှင်မင်းကြီး၊ ကျွန်မကို တော်တော်လေး မလေးစားရာရောက်တဲ့ မေးခွန်းတစ်ခု မေးခွင့်ပြုပါ၊ အရှင့်ခန္ဓာကိုယ်အခြေအနေကို ဘယ်လိုခံစားရပါသလဲ။”

ဤသည်မှာ မာနထားစရာ နေရာမရှိသည့် တည့်တိုးဆန်သောမေးခွန်းပင် ဖြစ်သည်။

လုံယန် ကြောင်အ,သွားသည်။ သူ့မျက်လုံးများ မှေးကျဉ်းသွားပြီး မိန်းမပျိုလေး၏ ဖြူစင်အပြစ်ကင်းသောမျက်လုံးလေးများနှင့် သွားဆုံ၏။ သူ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။

သူ့ခန္ဓာကိုယ်အခြေအနေကို သူရှင်းရှင်းလင်းလင်း သိပါ၏။အပေါ်ယံတွင်တော့ သူ့မှာ ဘာပြဿနာမှရှိပုံမပေါ်၊ သို့သော် အမှန်မှာတော့ သူက သေဖို့‌နီးနေပြီဖြစ်သည်။သူ့ခန္ဓာကိုယ်က ဒီနှစ်ကို မကျော်နိုင်ဟု ခေါင်းဆောင်သမားတော်လင်က သူ့ကို ယခင်က ပြောဖူးသည်။

ရှန့်ထော်တောင်ထွဋ်သို့ခရီးအပြီး သူပြန်ရောက်သောအခါ တစ်ညလုံးလုံး သတိလစ်နေခဲ့၏။ ယခင်က လုလျန့်ဝေက သူ့အခြေအနေကို တည်ငြိမ်အောင်ဖိနှိပ်ထားသည့်ဆေးသာ မပေးခဲ့လျှင် သူ့ခန္ဓာကိုယ်ထဲမှအဆိပ်က ထကြွလာလောက်ပြီဟု သူ ခံစားရသည်။

ကြည့်ရတာ လုလျန့်ဝေက ဧကရာဇ်၏မျက်နှာအမူအရာအပြောင်းလဲကို သတိမထားမိပုံပေါ်ပြီး သူမ ဆက်ပြောသည်။

“အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်က အပေါ်ယံကြည့်ရင်တော့ ပုံမှန် ကျန်းမာတဲ့ပုံပဲ၊ အမှန်တော့ အခွံလွတ်ကြီးဖြစ်နေပြီ၊ အရှင်မင်းကြီးက တခြား အသက် ၇၀ ၈၀ အသက်အရွယ်တွေနဲ့ယှဉ်ရင်တောင် အခြေအနေက ပိုဆိုးနေပြီလေ။”

သူ တစ်ခဏမျှကြာပြီးမှ တုံ့ပြန်လာသော်လည်း အဆုံးမှာတော့ သူက ခပ်ဖွဖွပြုံးပြလာသည်။

“ဒုတိယသခင်မလေးလုက စကားကို အမြဲဒီလိုတည့်တိုးပဲပြောတတ်တာလား။”

သို့သော် လုလျန့်ဝေက ၎င်းကို သတိမထားမိဘဲ ခပ်ပြတ်ပြတ်သာ ဆက်ပြောသည်။

“ကျွန်မက အရှင်မင်းကြီးကို ရိုးရိုးသားသားပဲ ပြောပြနေတာပါ၊ အရှင့်ခန္ဓာကိုယ်ကို တန်ဖိုးမထား ဂရုမစိုက်ဘဲနေရင် ဒီနှစ်ကုန်မပြောနဲ့ ဒီလကုန်ထိတောင် ခံမှာမဟုတ်ပါဘူးရှင်။”

အနည်းငယ်အေးမြနေသော မိန်းမပျိုလေး၏ လက်ဖျားများက ရုတ်တရက် သူ့သွေးကြောပေါ် ရောက်လာသည်။ သူ ထူးထူးဆန်းဆန်း ခပ်ထုံထုံ ခံစားချက်တစ်ခု ခံစားလိုက်ရသဖြင့် အံ့ဩသွား၏။

ဤသည်မှာ သူ ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးသောအရာပင်။ထိုအခိုက်တွင် သူမ၏ ပြတ်သားကာ ကရုဏာတရားမရှိသောစကားများကြောင့် စိတ်ထဲအုံ့မှိုင်းနေသည့် တိမ်တိုက်များက ရုတ်တရက် လွင့်ပြယ်သွားလေသည်။

သူ ခုံ၌ အသေအချာထိုင်ရင်း အလေးအနက် အာရုံစူးစိုက်ထားသော ကောင်မလေးကို ကြည့်နေသည်။ သူ့၏ နက်ရှိုင်းနက်မှောင်သော မျက်လုံးများထဲ ရှုပ်ထွေးသောခံစားချက်များ ဖြတ်ပြေးသွား၏။

လုလျန့်ဝေ၏လက်က တစ်ခဏလေးအကြာတွင် သူ့လက်ပေါ်မှ ဖယ်ခွာသွားသည်။

လုံယန်ဘာမှမပြောနိုင်ခင် သူမက ဝှစ်ခနဲထွက်သွားတော့သည်။

လုံယန် မျက်လွှာချလိုက်ကာ သူ့ဘက်ဖက်လက်ကို ညင်ညင်သာသာ ကြည့်လိုက်၏။ ကြည့်ရတာ မိန်းမပျိုလေးထံမှ နွေးထွေးမှုအနည်းငယ် ကူးစက်လာပုံရသည်။

ဧကရာဇ်က အရပ်ဝတ်ဖြင့် ရောက်လာပြီး ဤကိစ္စက လူသိရှင်ကြားဖြစ်သွားလျှင် မကောင်းသဖြင့် သူ အစေခံအားလုံးကို ထွက်သွားဖို့ပြောထားသည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် လက်ဖက်ရည်ကြမ်းသွားကြိုရလေ၏။

ဒါပေမယ့် အဲဒီကလေးမဝေဝေက ဘာကိစ္စ ကမန်းကတမ်း ပြေးသွားရတာလဲ။

သူ ခေါင်းယမ်းလိုက်ရင်းဖြင့် အခန်းထဲဝင်လာကာ လုံယန်ရှေ့၌ လက်ဖက်ရည်ကြမ်း ချပေးလိုက်သည်။

All Chapters