← Chapters

အခန်း (၁၄၀-၁၄၂)

Vol. 3 Ch. 140-142

အခန်း (၁၄၀-၁၄၂)

Vol. 3 Ch. 140-142

အပိုင်း (၁၄၀) - ငါကိုယ်တော် မှတ်ထားပါ့မယ်။

“အရှင်မင်းကြီး၊ ကျွန်တော်တို့ အပန်းဖြေစံအိမ်မှာ လက်ဖက်ရည်ကောင်းကောင်းမရှိတာမို့ ဧည့်ခံမှုညံ့ဖျင်းရတာ တောင်းပန်ပါတယ်ဗျာ။”

လုံယန်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီးနောက် စိတ်ကျေနပ်သောအမူအရာဖြင့် မှတ်ချက်ပြုသည်။

“လက်ဖက်ရည်က လက်ခံနိုင်တဲ့အနေအထားပဲ၊ မင်းလည်း ထိုင်ဦးလေ။”

လုထင်ချန်း၏ မျက်လုံးလှလှများထဲ သိချင်စိတ်များ ဖြတ်ပြေးသွားသည်။

အရှင်မင်းကြီးက စိတ်အခြေအနေကောင်းနေပုံရ၏။

ထူးဆန်းသည်။ သူက တစ်ခဏလေးသာ ထွက်သွားခြင်းဖြစ်ပါ၏။ သူ မသိလိုက်တဲ့တစ်ခုခု ဖြစ်သွားတာများလား။သူ အနည်းငယ် စိတ်‌ရှုပ်သွားသည်။

လုလျန့်ဝေ ကြိုပြီးသားဆေးပန်းကန်ကိုကိုင်လျက် အခန်းထဲ ဝင်လာသောအခါ သူမအစ်ကိုကြီးက ဧကရာဇ်နှင့် ကျားကွက်ထိုးနေသည်ကို တွေ့လိုက်ရသည်။

အထူးသဖြင့် လုံယန်ဖြစ်သည်။ သူ့ပုံစံက ပေါ့ပေါ့ပါးပါးဖြင့် အေးဆေးနေပုံပေါ်သည့်တိုင်း အားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

လုထင်ချန်းက တည်ငြိမ်အေးဆေးနေပုံ မြင်ရသည်။ သို့သော် သူ၏ မသိမသာတင်းတင်းဆွဲဆန့်ထားသော နှုတ်ခမ်းများက သစ္စာဖောက်၍ သူ့စိတ်ထဲ ဗြောင်းဆန်နေကြောင်း ဖော်ပြနေ၏။

လုလျန့်ဝေ၏အကြည့်က ကျားကွက်ပေါ် ကျရောက်သွားသည်။ အဖြူရောင်ကျားစေ့များက အမည်းရောင်ကျားစေ့များထံမှ အဝိုင်းခံထားရပြီဖြစ်သည်။ လွတ်မြောက်နိုင်သည့် မျှော်လင့်ချက် မရှိချေ။ အဖြူရောင်ကျားစေ့များမှာ အဝိုင်းခံထားရခြင်းမှ ဖောက်ထွက်ဖို့ ခက်ခဲမည်ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင်၊ သိပ်မကြာခင်မှာပဲ အဖြူရောင်ကျားစေ့များ ဖယ်ရှားခံလိုက်ရပြီး အမည်းရောင်ကျားစေ့များက သေသပ်စွာပင် ကျားကွက်တစ်လျှောက် ဖြတ်သွားလေတော့သည်။

ကျားကွက်ထိုးခြင်းမှာ ဘုတ်ပြားတစ်ချပ်ပေါ်က စစ်ပွဲနှင့်တူသည်။ လုထင်ချန်း၏ ဖြူဖျော့သောနဖူးပြင်မှာ ချွေးပါးပါးလွှမ်းနေပြီး ခုနက ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများကို ဖော်ပြနေသည်။

သူ ပြောရင်းဖြင့် နံဘေးရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်၏။ သူ တစ်ငုံသောက်ခါနီးတွင် နူးညံ့သောလက်လေးတစ်ဖက်က သူ့အားလှမ်းတားလိုက်သည်။

သူ အံ့ဩသွားပြီး ထိုလက်လားရာဆီသို့ လှည့်ကြည့်လိုက်၏။ သူ မျက်မှောင်ကြုံ့နေသော လုလျန့်ဝေကို တွေ့လိုက်ရသည်။

“ကျွန်တော်မျိုးမ မှတ်မိတာ မမှားရင် ဆေးသုံးဆောင်နေတဲ့အချိန်အတွင်း လက်ဖက်ရည်ကြမ်းသောက်ဖို့ကို အကြံမပြုပါဘူးလို့ ဆေးညွှန်းစာမှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပါ၊ အရှင်မင်းကြီး ဆေးအညွှန်းကို သေသေချာချာရော ဖတ်ရဲ့လား။”

သူမ၏ အတွေ့အကြုံနှစ်‌ပေါင်းများစွာရှိသော သမားတော်တစ်ယောက်ကဲ့သို့ လေးနက်နေသည့် အမူအရာကို မြင်ရသည်မှာ လုံယန် ရယ်ချင်မိ၏။

သူမ လုပ်လိုက်သည်ကိုမြင်သော် လုထင်ချန်းမှာ စိတ်လှုပ်ရှားစွာဖြင့် သူမအား မျက်လုံးဖြင့် အချက်ပြရန်ကြိုးစားပြီး ဧကရာဇ်ရှေ့တွင် သင့်တော်လျော်ကန်စွာ ပြုမူရန် သတိပေးချင်နေသည်။ သို့သော် ထိုကောင်မလေးက သူ့ကို တစ်ချက်ပင်လှည့်မကြည့်ပေ။

လုံယန်ကတော့ သူမကို ဆူပူတော့မည်ဟု လုထင်ချန်း ထင်လိုက်၏။ သို့သော် အံ့ဩစရာကောင်းစွာပင် လုံယန်က သူမအား ကောင်းကောင်းမွန်မွန် ခေါင်းညိမ့်ပြလိုက်သည်။

“ဒုတိယသခင်မလေးလု ဆုံးမတာ မှန်ပါတယ်၊ ငါကိုယ်တော် မှတ်ထားပါ့မယ်၊ ဒီအတောအတွင်း လက်ဖက်ရည်ကြမ်း သောက်တော့ပါဘူး။”

လုလျန့်ဝေ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတော့ အနည်းငယ် ပိုကောင်းလာပြီး သူမက ‘ကောင်းပြီ’ ဟု ပြန်ပြောလိုက်ကာ ဆေးပန်းကန်ကို သူ့ရှေ့၌ ချပေးလိုက်သည်။

“ခုနလေးကတင် ကြိုထားတာပါ၊ ပူနေတုန်း သောက်လိုက်ပါ အရှင်မင်းကြီး။”

လုထင်ချန်းက ငွေအပ်တစ်ချောင်း ထုတ်ယူလိုက်ရန်ပြင်သည်။ သို့သော် သူ လှုပ်ပင်မလှုပ်ရသေးခင်မှာ လုံယန်က လုလျန့်ဝေလက်ထဲမှ ဆေးပန်းကန်ကို ယူ၍ တစ်ကျိုက်တည်း သောက်ချလိုက်၏။

လုထင်ချန်း သူ့ကို အချိန်မှီပင် မတားလိုက်နိုင်ပေ။သူ မျက်မှောင်ကြုံ့လိုက်သည်။

သူ့ညီမက ဆေးထဲတွင် အဆိပ်ခတ်မည်မဟုတ်ပါ။ သို့သော် ဤလူက ဧကရာဇ်ပင်ဖြစ်နေသေး၍ အချို့သော လုပ်ရိုးလုပ်စဉ်များကို လျစ်လျူမရှုသင့်ပေ။

ထိုသို့တွေးမိပြီး သူ့၏ ပုံစံတကျမျက်ခုံးတန်းများ စုကြုံ့သွားသည်။ အနာဂတ်တွင် ဆိုးဆိုးဝါးဝါးပြဿနာများမှ ရှောင်ရှားရန် ဧကရာဇ် ထွက်သွားပြီးနောက် သူမအား လိုအပ်သည့် လုပ်ရိုးလုပ်စဉ်တချို့ကို သင်ကြားပေးဖို့ သူစီစဉ်ထားလိုက်သည်။

“အစ်ကိုကြီး၊ ဒီပန်းကန်ကို မီးဖိုချောင်ထဲ ပြန်ယူသွားပေးနော်။”

လုထင်ချန်းက အနည်းငယ်စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့် သူမကို ကြည့်လာသည်။ ဒီကလေးမက သူ့ကို ပြောင်ပြောင်တင်းတင်း ပ,ထုတ်နေခြင်းပင်။ သူမ အရှင်မင်းကြီးကို ပြောစရာတစ်ခုခု ရှိလို့များလား။

သူ သူမကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီးနောက် ပန်းကန်လုံးကိုယူကာ အခန်းထဲမှ ထွက်သွားတော့သည်။

ဆက်ရန်__

Chapter 141

March 19, 2024 by Nay Chi Lynn

အပိုင်း (၁၄၁) - နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားခဲ့ရတယ်။

လုထင်ချန်း ထွက်သွားသောအခါ လုလျန့်ဝေက လုံယန်ဘက်သို့ လှည့်လာသည်။

“ခုနက အရှင်မင်းကြီး ကျွန်တော််မျိုးမကို မေးခဲ့တယ်၊ ဘာလို့ ကျန်းမာရေးအတွက် ပြန်အားဖြည့်ပေးတဲ့ဆေးတွေ သုံးဆောင်ရတာလဲလို့လေ၊ ဘာလို့လဲဆိုတာ ကျွန်တော်မျိုးမ အခု ရှင်းပြပါ့မယ်၊ ကျွန်တော်မျိုးမ ပြောပြတဲ့ဟာတွေအပြင်....”

လုံယန်မှာ လုလျန့်ဝေ ‘ကျွန်တော်မျိုးမ’ဟု ထပ်ခါထပ်ခါ ပြောနေသည်ကို ကြားသော် အနည်းငယ်ပင် မူးဝေလာသည်။ သူ မနေနိုင်ဘဲ သူမစကားကို ဖြတ်ပြောရတော့၏။

“လုလျန့်ဝေ၊ ငါကိုယ်တော် မင်းကို အထူးအခွင့်အရေးပေးမယ်၊ နောက်ဆို ကိုယ်တော့်ရှေ့စကားပြောရင် အဲ့သည်လို ယဉ်ကျေးမှုတွေ မထားလည်းရတယ်။”

လုလျန့်ဝေ : “...”

သူမ အကြိမ်အနည်းငယ်မျှ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် သူ့စကားများကို တုံ့ပြန်လာပြီး သူမ ကျေးဇူးတင်သည်ကို ပြသရန် ချက်ချင်း ဒူးထောက်လိုက်သည်။

“အရှင်မင်းကြီးရဲ့ သနားညှာတာမှုအတွက် ကျေးဇူးတင်ရှိကြောင်းပါ!”

လုံယန်၏ မျက်လုံးများ မသိမသာ မှေးကျဉ်းသွားပြီး မျက်လုံးကြားရှိနေရာကို လက်ချောင်းသွယ်သွယ်များဖြင့် နှိပ်နယ်နေသည်။

“တော်ပြီ၊ စကားပြန်ဆက်။”

လုလျန့်ဝေ ခုနကစကားများကို ဘယ်နေရာမှ ပြန်ဆက်ရမလဲ တစ်ခဏမျှ စဉ်းစားလိုက်ရသည်။

“.... ကျွန်တော်မျိုးမ ကြိုမယ့် ဆေးလုံးတွေရဲ့သက်ရောက်မှုက အတော်လေးပြင်းပါတယ်၊ အရှင်မင်းကြီးရဲ့ လက်ရှိကျန်းမာရေးအရ အရှင့်ခန္ဓာကိုယ်က ဆေးဒဏ်ကို မခံနိုင်မှာကြောက်ရပါတယ်၊ ဒါကြောင့်မို့ အဲဒီအချိန်ကျရင် အဆိပ်ဖြေဆေးလုံးတွေရဲ့ သက်ရောက်မှုဒဏ်ပြင်းပြင်းကို ခန္ဓာကိုယ်က ချိန်ညှိ‌နိုင်အောင် အရှင်မင်းကြီးနဲ့ကိုက်ညီမယ့် ဆေးအညွှန်းကို ကျွန်တော်မျိုးမ ဖော်စပ်ထားတာပါ။”

သူမ ရှင်းပြလို့ပြီးသွားသောအခါ ဧကရာဇ်၏အကြည့်များက သူမအပေါ် စွဲမြဲနေလျက်ရှိသည်ကို မြင်လိုက်ရသော် ကြောင်အသွား၏။

“တစ်ခုခုများဖြစ်လို့လား အရှင်မင်းကြီး။”

“လုလျန့်ဝေ၊ မင်း ငါကိုယ်တော့်စကားကို လျစ်လျူရှုထားတာပဲ။”

ဧကရာဇ်ဆိုလိုသည်ကို သူမ နားလည်လိုက်သည်။ သို့သော် သူမ အနည်းငယ်စဉ်းစားကြည့်လိုက်ရသေး၏။

“အာ.. ကျွန်တော်မျိုးမ... အဲ မှားလို့၊ ကျွန်မကို ခွင့်လွှတ်ပါ အရှင်မင်းကြီး။”

စကားဆုံးသောအခါ သူမ ခပ်ဆိုးဆိုး အပြောင်အပျက်သဘောဖြင့် ပန်းရောင်လျှာဖျားလေး တစ်လစ်ထုတ်လိုက်၏။

လုံယန်၏ မျက်လုံးများက အနည်းငယ် ပိုနားလည်ရခက်လာသည်။ သူ ရုတ်တရက် သူမ၏ ချောမွတ်ကာ ပန်းရောင်သန်းနေသောမျက်နှာသေးသေးလေးကို ဆွဲညှစ်ရန် လက်ဆန့်လိုက်၏။

သူမပါးပြင်များက ထိရတာ ချောမွေ့ကာ နူးညံ့နေသည်မှာ သူ လက်လွှတ်ဖို့ပင် တုံ့ဆိုင်းနေမိသည်။ သူ ထိုပါးပြင်များကို ပို၍ကြာကြာလေး ဆွဲညှစ်ချင်မိသည်။ သို့‌သော် နောက်ဆုံးမှာတော့ သူ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားခဲ့ပါ၏။

လုလျန့်ဝေမှာ လုံယန်က ရုတ်တရက်ကြီး ထိုသို့လက်လှမ်းလာမည်ဟု ထင်မထား၍ သူမခန္ဓာကိုယ် အနည်းငယ်တောင့်တင်းသွားသည်။ သူမ မျက်လုံးပင့်ကာ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သို့သော် သူက လက်ပြန်ရုတ်သွားပြီဖြစ်ကာ သူ့မျက်နှာအမူအရာက ခုနကအတိုင်း မပြောင်းမလဲ ပုံမှန်ပင်။ အကြီးအကဲမိသားစုဝင်တစ်ယောက်က အငယ်လေးတစ်ယောက်အား တုန်နေအောင်ချစ်လွန်း၍ အသည်းယားနေသည့်ပုံစံလိုပင် ခံစားရ၏။ ထိုအပြုအမူမှာ မသင့်တော်သောရည်ရွယ်ချက် မရှိချေ။

လုလျန့်ဝေမှာ အတော်လေး နေမထိထိုင်မထိဖြစ်သွားရသည်။ သို့သော် ထိုကိစ္စကို ဒီအတိုင်းပင် ကျော်သွားလိုက်၏။

လုံယန်က သိပ်ကြာကြာမနေချေ။ မကြာခင်မှာပဲ သူ လုထင်ချန်း၏ လိုက်ပါပို့ဆောင်ပေးမှုဖြင့် အပန်းဖြေစံအိမ်မှ ပြန်ထွက်သွားသည်။

လုလျန့်ဝေမှာ ဤထူးဆန်းသောအဖြစ်ကို စိတ်ထဲ ခေါက်ထားလိုက်ကာ မေ့ထားရန် ကြိုးစားလိုက်သည်။ ထိုအစား ယင်ရှီးအဆိပ်အတွက် ဖြေဆေးများ သန့်စင်ပေါင်းခံရန်သာ စိတ်နှစ်ထား၏။

သူမ အပန်းဖြေစံအိမ်၌ နောက်ထပ် ၃ ရက်မျှ ထပ်နေခဲ့သည်။ ထိုအခါတွင် ကျူးယွိ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်၏။ တိုက်ဆိုင်စွာပင် အဆိပ်ဖြေဆေးလုံးများကိုလည်း သန့်စင်လို့ပြီးသွားလေပြီ။ သို့နှင့် လုလျန့်ဝေ မြို့စားမင်းအိမ်တော်သို့ ပြန်လာရန် ဆုံးဖြတ်လိုက်သည်။

ကံမကောင်းစွာနှင့် သူမ ရောက်သွားသောအချိန်တွင် လုယွင်ရွှမ်း အလည်ရောက်နေသည်။ သူမက မြို့စားမင်းမယ်တော်နှင့် စကားပြောနေ၏။

လုလျန့်ဝေကို မြင်သောအခါ လုယွင်ရွှမ်းမျက်လုံးများ လက်ခနဲတောက်သွားသည်။

သို့သော် မြို့စားမင်းမယ်တော်ကတော့ ဝမ်းသာသွားပုံပေါ်၏။ သူမ အလျင်အမြန်ပင် လုလျန့်ဝေကို ဝင်လာစေကာ သူမအား ခေါင်းစခြေဆုံး အကဲခတ်စစ်ဆေးပြီးနောက် အနည်းငယ် ဆူပူချင်သည့်လေသံဖြင့် ပြောလေ၏။

“ဒီကလေးမကတော့လေ၊ အပန်းဖြေစံအိမ်မှာ ရက်နည်းနည်းပဲနေမှာလို့ ညည်းမပြောခဲ့ဘူးလား ဟမ်၊ အခုတော့ ၁၀ ရက်တောင် ရှိသွားပါကော၊ အခုထိမှ ပြန်မလာသေးရင် ငါဖြင့် ကိုယ်တိုင်လိုက်လာပြီး ညည်းကို ပြန်ဆွဲခေါ်လာမလို့။”

လုလျန့်ဝေက လျှာလေးတစ်လစ်ထုတ်လျက် မြို့စားမင်းမယ်တော်၏ လက်မောင်းကို တွဲချိတ်ကာ ချွဲချွဲနွဲ့နွဲ့ဖြင့် ပြန်ဖြေသည်။

“အဘွားက ကျွန်မကို ငြီးငွေ့နေမှာစိုးလို့လေ၊ အဲဒါကြောင့် ကျွန်မ အပန်းဖြေအိမ်မှာ ရက်နည်းနည်းပိုနေခဲ့တာ၊ အဘွားလည်း ငြိမ်းငြိမ်းချမ်းချမ်းလေး နေလို့ရတာပေါ့။”

မြို့စားမင်းမယ်တော်က လုလျန့်ဝေ၏ နှာဖျားလေးကို တို့ကာ သူမအား ချစ်မြတ်နိုးစွာ အပြုံးတစ်ပွင့်ဖြင့် ဆူပူ၏။

“အဲ့မယ် သိပ်ပျော်နေလို့ ညည်း ပြန်မလာချင်‌တာနေမှာပါ၊ ဒီအဘွားကြီးကို ဆင်ခြေအဖြစ် အသုံးချနေတာပဲအေ။”

“ကျွန်မက အမှန်အတိုင်းပြောတာပါနော်၊ အဘွားကို ဆင်ခြေအဖြစ်မသုံးပါဘူးလို့ဆို။”

ပြောရင်းဖြင့် သူမ ကျူးယွိလက်ထဲမှ သေတ္တာကို ယူလိုက်သည်။

“အဘွား၊ ဒါ ကျွန်မ ပြည်သူတစ်ယောက်ဆီက ဝယ်လာတဲ့ ဂျင်ဆင်းလေ၊ အတော်လေး သက်တမ်းရင့်တဲ့ပုံပေါ်တယ်၊ အဲဒါကြောင့် အဘွား အားဖြည့်ဖို့ အထူးအထူး ဝယ်လာခဲ့တာနော်၊ ကြည့်ကြည့်ပါဦး အဘွား။”

အတန်ကြာ လျစ်လျူရှုခံထားရသော လုယွင်ရွှမ်းမှာ နံဘေးမှနေ၍ မနာလိုမှုများဖြင့် မုန်းတီးစွာ ကြည့်နေလေသည်။

လုလျန့်ဝေအတွက် အဘွားဆီက အချစ်ခံရဖို့ ဘာလို့ အဲ့လောက်လွယ်နေရတာလဲ။

မိမိမှာ မြို့စားမင်းမယ်တော်ထံမှ အချစ်ခံရဆုံး အခြေအနေတွင်တောင်မှ အဘွားရှေ့၌ ထိုမျှ ချွဲနွဲ့စွာ ပြုမူရဲမည်မဟုတ်ချေ။

ဆက်ရန်__

Chapter 142

March 19, 2024 by Nay Chi Lynn

အပိုင်း (၁၄၂) - သံသယများကို ဖုံးကွယ်ထားဖို့ခက်တယ်။

မြို့စားမင်းမယ်တော်ဆီက ဒီလိုအထူးတလည် ဆက်ဆံခံရဖို့ လုလျန့်ဝေက ဘာတွေများလုပ်ထားခဲ့လို့လဲ။

လုလျန့်ဝေက အဘွားကို ပေးလိုက်သော ဂျင်ဆင်းအား မြင်သောအခါ လုယွင်ရွှမ်း၏မျက်လုံးများထဲ အေးစက်စက်အကြည့်တစ်ချက် ပေါ်လာသည်။ သို့သော် အပြင်ပန်းမှာတော့ စိုးရိမ်နေသောအမူအရာဖြင့် ပြော၏။

“ဝေဝေ၊ ဒီဂျင်ဆင်းကို ဘယ်ကဝယ်ခဲ့တာလဲ၊ တချို့ သာမန်ပြည်သူတွေက ပိုက်ဆံရအောင် သစ်ပင်အမြစ်တွေကို ဂျင်ဆင်းတွေလို့ ပြောပြီးရောင်းကြတာ ငါ ကြားဖူးတယ်၊ နင့်စရိုက်က သိပ်ရိုးသားတာကို၊ ယုံကြည်ရပုံပေါက်‌တဲ့လူတွေဆီက အလိမ်ခံရစေနဲ့နော်။”

လုယွင်ရွှမ်းပြောသည်ကိုကြားသောအခါ မြို့စားမင်းမယ်တော်က သေတ္တာကို ယူလိုက်ပြီးဖြစ်သည်။ သူမ တစ်ခဏမျှ တန့်သွားပြီး လုလျန့်ဝေကို လှည့်ကြည့်လိုက်၏။

“ညည်း ဒီလောက်သိတတ်တဲ့စိတ်ရှိတာနဲ့တင် အဘွားက ဝမ်းသာပါတယ်ကွယ်၊ နောက်ဆို အဘွားကို ဂျင်ဆင်းတွေဘာတွေ ဝယ်ပေးစရာ မလိုပါဘူး၊ အလိမ်ခံရရင် ဒုက္ခဖြစ်‌ကုန်မပေါ့။”

မြို့စားမင်းမယ်တော်သည် ထိုစကားများကို စိတ်ရင်းဖြင့်ပြောခြင်းဖြစ်သည်။ လုလျန့်ဝေ၏ ဖြူစင်ကာ ကြင်နာတတ်သော အကျင့်စရိုက်လေးဖြင့် မသမာသူများထံမှ အလိမ်ခံရမည်ကို သူမ တကယ်စိုးရိမ်ပါသည်။

လုလျန့်ဝေက လုယွင်ရွှမ်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ လိမ်လိမ်မာမာဖြင့် ပါးနပ်စွာ ပြောလိုက်သည်။

“အဘွားနဲ့မမတို့ပြောတာ မှန်ပါတယ်၊ နောက်ဆို ကျွန်မ ပိုသတိထားပါ့မယ်၊ ဒါပေမယ့် ကျွန်မ ဒီဂျင်ဆင်းကို ဝယ်ပြီးတော့ တကူးတကတောင် ရွှမ်းဟူခန်းမက သမားတော်ကြီးတွေဆီ သွားပြီး စစ်ဆေးခိုင်းခဲ့တာ၊ သူတို့ပြောတာ ဒီဂျင်ဆင်းက အနည်းဆုံး နှစ် ၂၀၀ ကျော် သက်တမ်းရှိတယ်တဲ့၊ ကျွန်မတော့ သိပ်မခွဲခြားတတ်ပါဘူး၊ ဒါပေမယ့် သမားတော်ကြီးတွေပြောတာတော့ မလွဲလောက်ဘူးရှင်။”

လုယွင်ရွှမ်း အံ့ဩတကြီး ပြောလိုက်မိ၏။ သူမပုံစံက အင်မတန်အံ့ဩထိတ်လန့်သွားပုံဖြင့်၊ သို့သော် သူမလေသံထဲရှိ သံသယများကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

“ဟုတ်လားမဟုတ်လားတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် မမ အချိန်ရရင် ရွှမ်းဟူခန်းမကို ဝင်ပြီး သမားတော်ကြီးတွေကို မေးကြည့်လို့ရပါတယ်၊ သမားတော်ကြီးတွေကို ဒီဂျင်ဆင်းကို ကူအကဲဖြတ်ပေးခိုင်းနိုင်ရင် ပိုတောင်ကောင်းဦးမယ်။”

လုယွင်ရွှမ်းမှာ တစ်ခဏမျှ နင်သွားလုနီးပါးဖြစ်သွားရသည်။ သူမ ပြန်ပြောတော့မည့်အချိန်တွင် မြို့စားမင်းမယ်တော်က ဇဝေဇဝါဖြင့် ဘာသာ ရေရွတ်နေသည်ကို ကြားလိုက်ရသည်။

“ရွှမ်းဟူခန်းမက သမားတော်ကြီးတွေက ဂျင်ဆင်းသက်တမ်းကို အတည်ပြုပေးလိုက်တာဆိုရင် မှားစရာအကြောင်းမရှိဘူး၊ ရွှမ်းဟူခန်းမက တခြားဆေးဆောင်တွေလို ခမ်းခမ်းနားနား မဟုတ်ပေမယ့် သူ့မှာ ရာစုနှစ်တစ်ခုစာ နာမည်သတင်းရှိနေတာ၊ အဲဒီမှာ အလုပ်လုပ်ကြတဲ့ ‌သမားတော်တွေအကုန်လုံးက ကျွမ်းကျင်ပြီး စိတ်ရင်းစေတနာကောင်းကြတယ်၊ အဲ့ဒီအပြင် သူတို့မှာ အတွေ့အကြုံလည်း သိပ်များတယ်လေ၊ သူတို့က အစစ်လို့ပြောရင် အလိမ်အညာ လုံးဝမဖြစ်နိုင်ဘူး။”

ပြောနေစဉ်မှာပဲ သူမက သေတ္တာကို ဖွင့်လိုက်ပြီးဖြစ်သည်။

မြို့စားမင်းမယ်တော်မှာ သေတ္တာထဲရှိ ဂျင်ဆင်းကို မြင်သောအခါ အံ့ဩစွာ အာမေဋိတ်သံပြုလိုက်မိ၏။

“ဒီလို အရည်အသွေးကောင်းပုံပေါ်တဲ့ ဂျင်ဆင်းက သစ်ပင်အမြစ်ကို ဂျင်ဆင်းပုံစံဟန်ဆောင်ထားတာ မဖြစ်နိုင်ဘူး၊ ငါက ဂျင်ဆင်းနဲ့ သစ်ပင်အမြစ်ကို အဲဒီသမားတော်တွေလောက် ကျွမ်းကျွမ်းကျင်ကျင် မခွဲခြားနိုင်ပေမယ့်လည်း ငါ ဂျင်ဆင်းအမြစ် အတော်များများ စားဖူးတာပဲလေ၊ ပုံစံကိုကြည့်ရုံနဲ့တင် ဒီဂျင်ဆင်းက အနည်းဆုံ နှစ်ပေါင်း ၂၀၀ လောက်ရှိနေပြီမှန်း ငါပြောနိုင်တယ်။”

“ဒီကလေးမကတော့၊ ဒီတစ်ခေါက် သိပ်ကံကောင်းနေတာပဲ၊ ဒီလောက်ကောင်းတဲ့ဂျင်ဆင်း ရှာလာနိုင်တယ်၊ ငွေတွေပုံအောသုံးရင်တောင် ဒီလိုအရည်အသွေးနဲ့ဂျင်ဆင်းမျိုး ဝယ်ရခက်တယ်။”

မြို့စားမင်းမယ်တော်က စကားဆုံးသောအခါ စိတ်ထဲ တစ်ခုခုတွေးမိသွားပြီး မေးလိုက်သည်။

လုလျန့်ဝေမှာ အဘွား၏စကားကို ကြားသောအခါ ရင်ဘတ်ပုတ်လိုက်မိပြီး စိတ်အေးစွာ သက်ပြင်းချလိုက်ကာ ပြောသည်။

“အစစ်ဖြစ်နေတာ ကံကောင်းတယ်၊ မမပြောတာကြားတော့ ကျွန်မ တကယ်အလိမ်ခံလိုက်ရပြီထင်သွားတာ၊ ကျွန်မ ငွေသားတစ်ရာပဲ ပေးခဲ့တာ၊ သိပ်အများကြီး မပေးခဲ့ပေမယ့် ဂျင်ဆင်းပုံစံ လုပ်ထားတဲ့ သစ်ပင်အမြစ်ကြီးသာ ဝယ်ပြီး အိမ်ပြန်လာခဲ့ရင် အဘွားကို စိတ်ပျက်စေမိမှာပဲရှင်။”

မြို့စားမင်းမယ်တော်က လုယွင်ရွှမ်းအား ခပ်ပြတ်ပြတ်တစ်ချက်ကြည့်လိုက်ပြီးနောကိ လုလျန့်ဝေကို လှည့်ကြည့်လာသည်။ သူမက မေးလိုက်၏။

လုလျန့်ဝေက ၎င်းကို ကြားသော် မသက်မသာဖြင့် မေးလိုက်သည်။

မြို့စားမင်းမယ်တော်က ခေါင်းယမ်းလိုက်ကာ ချစ်မြတ်နိုးစွာ ပြော၏။

“သိပ်နည်းနေတာကွယ့်၊ ဒီဂျင်ဆင်းက အနည်းဆုံး နှစ် ၂၀၀ နဲ့အထက်သက်တမ်းရှိတာ၊ ငွေသားတစ်ရာပဲ ပေးတာ သိပ်နည်းလွန်းတာပေါ့၊ ကြည့်ရတာ ညည်းကိုရောင်းလိုက်တဲ့ ပြည်သူက သူ့တန်ဖိုးကို မသိဘူးထင်ပါတယ်၊ ဂျင်ဆင်းရဲ့ ပုံစံနဲ့ သက်တမ်းအရ ၅၀၀ နဲ့ရောင်းရင်တောင်မှ တော်တော်လေးတန်နေပြီ။”

လုလျန့်ဝေမှာ ၎င်းကိုကြားပြီးနောက်မှ မျက်နှာဝင်းပသွား၏။

“ကြည့်ရတာ တုံးတဲ့လူတွေကို ကံတရားက မျက်နှာသာပေးတဲ့ပုံပဲ၊ မတော်တဆနဲ့ ဒီလောက်တန်ဖိုးကြီးတဲ့ဂျင်ဆင်းကို ဝယ်နိုင်ခဲ့တာ၊ ဒေါ်ကြီးလန်ကို ကြိုခိုင်းပြီး သောက်ဖို့သတိရနော် အဘွား။”

All Chapters