← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 3 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 3 Ch. 149-150

အပိုင်း (၁၄၉) - လမ်းကြားလေးထဲ အန္တရာယ်နဲ့ကြုံရပြီ။

ယို့ယို့က ခေါင်းရမ်းသည်။

“အဲဒီလူက သိပ်သတိထားနေတာ၊ နေ့တိုင်း ကျွေ့ရှန်းအဆောင်ကို အဝင်အထွက်လုပ်နေတာကလွဲရင် တခြားဘယ်နေရာမှ မသွားဘူးဗျ။”

သူက ပြောရင်းဖြင့် အနည်းငယ် အပြစ်ရှိစိတ်ဝင်နေပုံရသည်။

“မမကို စိတ်ပျက်စေမိပြီ။”

သို့သော် လုလျန့်ဝေက စိတ်ထဲမထားဘဲ ထိုအစား သူ့ကို နှစ်သိမ့်လိုက်သည်။

“ကိစ္စမရှိဘူး၊ အချိန်ကြာလာရင် သူတို့ အားနည်းချက်တစ်ခုခုတော့ ပေါ်လာမှာပဲ၊ ဒါပေမယ့် နင် ဂရုစိုက်ရမယ်နော်၊ သိပ်အနားကပ်မသွားနဲ့၊ ကိုယ့်ကိုကိုယ် သိပ်ဖိအားပေးစရာမလိုဘူး၊ နင့်လုံခြုံမှုက အားလုံးထက်ပိုပြီး အရေးအကြီးဆုံးပဲ။”

လုယွင်ရွှမ်း လုပ်ကိုင်နေသည်မှာ တရားမဝင်စီးပွားရေးဖြစ်သည်။ ထို့ကြောင့် တခြားသူများ မသိရှိစေရန် သူမက အင်မတန်သတိကြီးကြီးကပ်ထားလိမ့်မည်မှာ သဘာဝပင်။

ဝတ္ထုထဲတွင် လုယွင်ရွှမ်းက လူသတ်သမားများကို တိတ်တဆိတ် လေ့ကျင့်ပေးနေပြီး တရားမဝင် အရောင်းအဝယ်များ လက်ခံနေသည်ဟု ပြောထားသည်ကို လုလျန့်ဝေ မှတ်မိသည်။

သူမက စီးပွားရေးကုန်သွယ်မှုအစည်းအဝေးများကို နေရာတစ်နေရာတည်း၌ လုပ်လိမ့်မည်မဟုတ်သည်မှာ ရှင်းနေသည်။ ကံမကောင်းစွာပင် သူမ၏ အခြားပုန်းခိုရာနေရာများကို စာအုပ်ထဲတွင် ပြောမထားချေ။

သူမတို့က ရန်သူများဖြစ်လာဖို့ကံပါနေမှတော့ သူမ လုယွင်ရွှမ်းလက်ထဲရှိ လှည့်ကွက်များကို အကုန် ဖော်ထုတ်ချင်သည်။ သို့မှသာ အနာဂတ်တွင် သူမတို့ ထိပ်တိုက်ရင်ဆိုင်ရလျှင် သူမ လုယွင်ရွှမ်းကို ထိန်းချုပ်ထားနိုင်မည်ဖြစ်၏။

သူဖုန်းစားလေးတစ်ယောက်ဖြစ်သော ယို့ယို့မှာ သူမ၏ အကောင်းဆုံးအကူအညီဖြစ်သည်။

သူဖုန်းစားများက အမြဲတစေ နေရာစုံလျှောက်သွားနေကြသဖြင့် ဘယ်သူကမှ သူတို့ကို သတိထားမည်မဟုတ်ပေ။

လုလျန့်ဝေ၏ ပခုံးမှာ ရုတ်တရက် ဝင်တိုက်ခံခဲ့ရသဖြင့် စတင်နာကျင်လာတော့သည်။ ကျူးယွိက ချက်ချင်း ခပ်စွာစွာဖြင့် ပြော၏။

သူမက မိမိတို့ကို ဝင်တိုက်ပြီးသည်တောင်မှ မတောင်းပန်ဘဲ ထွက်ပြေးသည်ကို မြင်သောအခါ ကျူးယွိက ဒေါသမထိန်းနိုင်ဘဲ အလျင်အမြန် လက်ဆန့်ကာ သူမကို တားထားလေသည်။

“ကိုယ့်ကိုကိုယ် ဘာလုပ်နေတယ်ထင်လဲ၊ လူကို ဝင်တိုက်ပြီး ဘာကိစ္စ ဒီတိုင်းပြေးထွက်သွားနိုင်ရတာလဲ။”

၎င်းကိုမြင်သော် လုလျန့်ဝေက အလျင်စလိုဖြင့် သူမလက်ကို ဖမ်းဆွဲလိုက်သည်။ သူမ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ထိုသူ၏ မျက်နှာကို အနီးကပ် တွေ့လိုက်ရသောအခါ အံ့အားတသင့်ဖြင့် အာမေဋိတ်သံထွက်သွားရသည်။

ရင်းနှီးသောအသံကို ကြားလိုက်ရသောအခါ လင်ချင်းယွမ်မှာ ပထမ ကြောင်သွားပြီးနောက် နောက်တစ်ခဏတွင် လုလျန့်ဝေ၏လက်မောင်းအား သူမအသက်သွေးကြောကဲ့သို့ ဆွဲကိုင်ကာ အသက်မရှူနိုင်စွာ ပြောသည်။

“လုလျန့်ဝေ၊ ငါ့ကို ကယ်ပါဦးဟာ၊ တစ်ယောက်ယောက်က ငါ့ကို သတ်ဖို့လုပ်နေတယ်။”

“ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ နင့်ကို သတ်ချင်နေတဲ့လူ ရှိရမှာလဲ။”

လင်ချင်းယွမ် တစ်စုံတစ်ရာပြောလိုက်ရန်ပြင်စဉ် ဘရိုကိတ်ဝတ်စုံ ဝတ်ထားသည့် မျက်နှာဖုံးဖြင့်လူတစ်ယောက်က လမ်းကျဉ်းလေးထဲ တရှိန်ထိုးဝင်လာသည်။

လင်ချင်းယွမ်က တုန်ယင်နေသောလက်ဖြင်ု ထိုလူကို လက်ညှိုးထိုးပြလိုက်ကာ သူမအသံကလည်း ကြောက်ရွံ့မှုကြောင့် အတုန်တုန်အရီရီဖြစ်နေသည်။

မျက်နှာဖုံးဖြင့်လူက လုလျန့်ဝေကို မြင်သောအခါ သူ့မျက်လုံးများထဲ ဖတ်၍မရနိုင်သောခံစားချက်တချို့ ဖြတ်ပြေးသွားသည်။ သို့သော် လင်ချင်းယွမ်ထံ အကြည့်ပြန်ရောက်သောအခါတွင်တော့ ၎င်းတို့က လူသတ်လိုရိပ်များအဖြစ် ပြောင်းလဲသွား၏။ စကားတစ်ခွန်းမပြောဘဲ သူ ဓားကို ဆွဲထုတ်လိုက်ကာ လင်ချင်းယွမ်ဆီ ပြေးဝင်လာသည်။

လင်ချင်းယွမ်က အလန့်တကြားဖြင့် စူးခနဲအော်လိုက်သည်။

“ချန်ရွှိဖျင်၊ ရှင်မှန်းကျွန်မသိတယ်၊ ရှင်က ကျွန်မသတို့သားလောင်းဖြစ်ပြီး ဘာလို့ဒီလိုလုပ်ရက်ရတာလဲ၊ ဒီကိစ္စကို ကျွန်မအဖေက ဒီတိုင်းကျော်သွားမှာမဟုတ်ဘူး။”

သူမစကားများကိုကြားသော် မျက်နှာဖုံးဖြင့်လူ၏ မျက်ဆံများက အသည်းအသန်ပြူးကျယ်လာသည်။ သို့သော် သူ စကားပြန်မပြောဘဲ ပို၍ရက်စက်စွာသာ တိုက်ခိုက်လာလေသည်။

သူတို့သုံးယောက်လုံး ဒီနေရာက ရှင်လျက် ထွက်မသွားစေရ။

လုလျန့်ဝေမှာ ထိုအမျိုးသား၏မျက်လုံးများထဲမှ လူသတ်စိတ်ပြင်းပြနေသည့် အရိပ်အငွေ့များကိုဖမ်းမိသော် ထိတ်လန့်သွားရသည်။

နောက်တစ်ခဏတွင် ထိုအမျိုးသား၏ ဓားဖျားက လင်ချင်းယွမ်၏ လည်ချောင်းထက် ကျရောက်တော့မည်ဖြစ်သည်။

လုလျန့်ဝေက သေလောက်အောင်ကြောက်နေသော ကျူးယွိနှင့် မျက်လုံးချင်းဆုံလိုက်သည်။ သူမ ပခုံးကျုံ့သွားပြီး ချက်ချင်းပင် ကျယ်နိုင်သမျှအကျယ်ဆုံးအသံဖြင့် အော်ဟစ်လိုက်၏။

မျက်နှာဖုံးဖြင့်လူ၏ မျက်လုံးများ အေးစက်သွားသည်။ သူမအော်သံက မလိုအပ်သော ပြဿနာများ သယ်လာမည်စိုး၍ သူ့လုပ်ရပ်များကို အရှိန်မြှင့်လိုက်၏။

ဆက်ရန်__

Chapter 150

March 22, 2024 by Nay Chi Lynn

အပိုင်း (၁၅၀) - ကျွန်တော်က ဝက်ကိုမှ ပိုထိချင်ပါသေးတယ်။

သို့သော် သူ့ဓားက ဘယ်သူ့ကိုမှ မထိုးနိုင်ခင်မှာ ရုတ်တရက် သူ့မျက်စိရှေ့ အမှုန့်တစ်မျိုး ဖြန်းခနဲပေါ်လာသည်။

သူ့အမြင်အာရုံ ကွယ်သွားသဖြင့် သူ့ဓားဖျားက ပစ်မှတ်လွဲသွားကာ လင်ချင်းယွမ်၏ လက်မောင်းကိုသာ လျှပ်ထိသွားသည်။

လင်ချင်းယွမ်မှာ စူးခနဲအော်လိုက်ပြီး သူမမျက်နှာမှာ ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားသည်။

သူမအသံထွက်လာာပြီးနောက် မျက်နှာဖုံးနှင့်လူက ထပ်ထိုးလိုက်ရန်ပြင်စဉ် ဘယ်နေရာကမှန်းမသိ နှင်းလိုဖြူစွတ်နေသည့် ဓားသွား ပေါ်ထွက်လာကာ သူ့တိုက်ခိုက်မှုကို ဖြတ်၍ခုခံထားလိုက်သည်။

ချွင် ချွင် ချွင်!

နောက်တစ်ခဏတွင် သတ္တုပစ္စည်းများ ထိခတ်သံက လေထုထဲ ပြည့်နှက်သွားသည်။

ရုတ်တရက် ပေါ်လာသော ဝမ်ဟယ်ကို ကြည့်ပြီးနောက် လုလျန့်ဝေမှာ စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူမ ဒဏ်ရာရသွားသည့် လက်မောင်းကို တယုတယကိုင်ထားသည့် လင်ချင်းယွမ်အား ကူညီပေးလိုက်၏။

လင်ချင်းယွမ်က ဝမ်ဟယ်နှင့် ခုခံတိုက်ခိုက်နေသော မျက်နှာဖုံးဖြင့်လူကို ကြည့်လိုက်ပြီး သူမမျက်လုံးများထဲမှ မျက်ရည်များစီးကျလာ၏။

“ရက်စက်လိုက်တာ... ငါ့ကို သတ်ဖို့ကြိုးစားတယ်ဆိုတာ မယုံနိုင်ဘူးဟယ်။”

သေခြင်းတရားမှ ကပ်သီးလေးလွတ်သွားပြီးနောက် လင်ချင်းယွမ်မှာ စတင်၍ ကျယ်လောင်စွာငိုရှိုက်လေတော့သည်။ မျက်နှာဖုံးဖြင့်လူက တိုက်ခိုက်ရာတွက် မရှုံးနိမ့်သွားသေးသော်လည်း သူမ ဂရုမစိုက်တော့ဘဲ မြေပေါ်ထိုင်ချလိုက်ကာ လူပုံစံကလည်း ရှားရှားပါးပါးပင် ဖရိုဖရဲဖြစ်နေလေသည်။

တစ်ခဏမျှ ရုန်းကန်ခဲ့ရပြီးနောက် သူမနှင့် ကျူးယွိတို့ လင်ချင်းယွမ်ကို ဆွဲထူနိုင်သွားသည်။ ထိုမိန်းကလေးမှာ ခြေတံများ ပျော့ကျနေပြီး သေသေချာချာပင် မတ်တပ်မရပ်နိုင်တော့ချေ။

ဒီအမျိုးသမီးက သူမသခင်မလေးကို ပစ်မှတ်ထားခဲ့ဖူးမှန်း သူမ ကောင်းကောင်းမှတ်မိပါသေးသည်။ လင်ချင်းယွမ်လို မျက်နှာအရေထူသူမို့သာ အရှက်မရှိ သူမသခင်မလေးပေါ် မှီနေနိုင်သေးသည်။

လင်ချင်းယွမ်မှာ ပူဆွေးသောကများထဲ နစ်မြုပ်နေဟန်ရပြီး သူမပြောသည့်စကားတစ်ခွန်းမှ မကြားလိုက်ပေ။

လုလျန့်ဝေက သက်ပြင်းချပြီး ကျူးယွိကို ပြောလိုက်သည်။

“ထားလိုက်ပါ၊ ဘာပဲပြောပြော သူ ရင်ကွဲနာကျနေတာပဲကို၊ နားလည်ပေးလိုက်ကြရအောင်ပါ။”

ကျူးယွိ နှုတ်ခမ်းများစေ့လိုက်သည်။ လင်ချင်းယွမ်ကို အင်မတန်မုန်းတီးနေသော်လည်း သူမ ဘာမှထပ်မပြောတော့ချေ။

လုဟယ့်ထျန်း၏ သက်တော်စောင့်ခေါင်းဆောင်အနေဖြင့် ဝမ်ဟယ်မှာ သူ့နောက်လိုက်၍ မရေမတွက်တိုက်သော စစ်ပွဲများ တိုက်ခိုက်ခဲ့ရပြီး အနီးကပ်တိုက်ခိုက်မှုတွင် အတွေ့အကြုံများစွာ ရှိသည်။ ထို့အပြင် သူက ကိုယ်ခံပညာတွင်လည်း သေချာလေ့ကျင့်ထားသူဖြစ်၏။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ သူ မျက်နှာဖုံးနှင့်လူကို အနိုင်ယူလိုက်နိုင်သည်။

လုပ်ကြံသူမှာ သူ ဝမ်ဟယ်နှင့် မယှဉ်နိုင်မှန်း သိ၏။ သို့သော် သူ လုလျန့်ဝေနှင့် အခြားသူများကို ကြည့်လိုက်ပြီးနောက် အ‌ရှုံးကို လက်ခံရန် တွန့်ဆုတ်နေမိသည်။

သူ အယောင်ပြ တစ်ကွက်ချဟန်ပြု၍ ဝမ်ဟယ် သတိမထားမိချိန်တွင် လှစ်ခနဲ ပြေးသွားလေသည်။

မျက်နှာဖုံးနှင့်လူ ထွက်ပြေးသွားသည်နှင့် ဝမ်ဟယ်က ဓားကို ဓားအိမ်ထဲ ပြန်သိမ်းလိုက်ပြီး လုလျန့်ဝေဆီသို့ လျှောက်လာသည်။

လုလျန့်ဝေက ခေါင်းယမ်းလိုက်ပြီး ခပ်ဖွဖွပြုံးကာ ပြောသည်။

“အဲဒီအယုတ်တမာရန်က ‌ကင်းသွားတာ ခေါင်းဆောင်ဝမ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။”

ဝမ်ဟယ်၏မျက်လုံးများထဲ အဓိပ္ပာယ်အပြည့်နှင့်အကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး သူ အလျင်အမြန် ရှင်းပြလိုက်၏။

“ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ဒီနားဖြတ်သွားဖြစ်တာနဲ့။”

လုဟယ့်ထျန်းက သူမကိုကာကွယ်ရန် သူ့ကိုလွှတ်လိုက်သည့် လျှို့ဝှက်ချက်လေးကို လုလျန့်ဝေ ဖော်ထုတ်ဖို့ မကြိုးစားလိုက်ပေ။

လူအိုကြီး၏ သူ့သမီးအပေါ် သဲသဲလှုပ်ချစ်မြတ်နိုးခြင်းကြောင့်သာ မဟုတ်လျှင် ယခု သူမ သေလျှင်သေ၊ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရသွားလောက်ပြီဖြစ်သည်။

သူမ ဒီနေ့ အလျင်စလို ထွက်လာခဲ့ရ၍ ဘာအဆိပ်မှ ယူမလာခဲ့ရ။ ခုနက သူမ ထိုမျက်နှာဖုံးနှင့်လူဆီ ပက်လိုက်သည့် ဆေးမှုန့်မှာ သာမန်ဆေးတစ်မျိုးသာ ဖြစ်လေသည်။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူမ လင်ချင်းယွမ်ကို ကြည့်လိုက်သည်။

လင်ချင်းယွမ်က မျက်နှာဖြူဆုတ်လျက် သူမပခုံးပေါ်မှီနေပြီး ခေါင်းယမ်းသည်။

သူမ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ဝမ်ဟယ်ကို ပြောလိုက်သည်။

“သခင်မလေးလင် လမ်းမလျှောက်နိုင်ဘူးဆိုတော့ ခေါင်းဆောင်ဝမ်ကိုပဲ ဒုက္ခပေးရပါတော့မယ်။”

ပြောရင်းဖြင့် သူမ လင်ချင်းယွမ်ကို သူ့ဆီ ထိုးပေးလိုက်၏။ဝမ်ဟယ်က ဘာမှအထွန့်မတက်ပေ။ သူ့အတွက်မူ လူတစ်ယောက်ကို သယ်ရခြင်းက ဝက်တစ်ကောင်ကို သယ်ရခြင်းနှင့် ခြားနားခြင်းမရှိ။သူ လင်ချင်းယွမ်ကို မ,ချီတော့မည့်အချိန်မှာပဲ သူမက ရုတ်တရက် အသက်ပြန်ဝင်လာသည့်အလား ဝမ်ဟယ်ကို တွန်းထုတ်လိုက်၏။

“အမှန်တော့ ကျွန်တော်က ဝက်ကိုမှ ပိုထိချင်ပါသေးတယ်။”

လန့်သွားသော လုလျန့်ဝေမှာ လင်ချင်းယွမ်၏ ဒေါသထွက်နေသောမျက်နှာထားကို ကြည့်လိုက်ပြီး ထရယ်မိလုနီးပါး ဖြစ်သွားရသည်။

ကျူးယွိကတော့ ချက်ချင်းပင် အော်ရယ်မိလေသည်။

All Chapters