မွေးဖွားခြင်းသန္ဓေစွမ်းအား
Vol. 33 Ch. 491
"ဓားဝိညာဉ်တစ်ခုက သက်ရှိဝိညာဉ်မျိုး ဖြစ်လာနိုင်တယ်ပေါ့"
"သာမန်ဓားဝိညာယ်တွေကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဓားမျှော်စင်အဓိပဓိကတော့ မတူဘူးလေ။ သူက မသေမျိုးတစ်ဝက်အဆင့်ပါ။ သူ့ဓားဝိညာဉ်က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေနဲ့ သန့်စင်ခဲ့တာ။ မသေမျိုးသွေးစွမ်းအား ပေါင်းစပ်ထားတာ။ ထူးခြားတဲ့ ဝိညာဉ်သန္ဓေမျိုးပဲ။
ဆေးစိုက်ခင်းထဲက ချီလင်မသေမျိုးဆေးပင်ကို ဥပမာကြည့်ပါ။ ချီလင်မသေမျိုးရဲ့သွေးနဲ့ ထိတွေ့ခဲ့လို့ အသိဉာဏ်ရပြီး ဝိညာဉ်ဖြစ်လာတာလေ"
လူတစ်ယောက်နှင့်ဝိညာဉ်တစ်ခု၏ဩဇာ မြင့်မားလာပြီး ယာယီဂိုဏ်းချုပ်ဖြစ်လာသဖြင့် လျှို့ဝှက်ချက်တစ်ချို့ကို သူတို့သိခွင့်ရကြသည်။
ဥပမာ ဓားမျှော်စင် အဓိပဓိအကြောင်း။
အဓိပဓိဟူသည့်စကားသည် မသေမျိုးတစ်ဝက်အဆင့်များကို ရည်ညွှန်းသည်။ မသေမျိုးတစ်ယောက်ကို မသေမျိုးအဓိပဓိဟု ခေါ်နိုင်သည်။
ဓားမျှော်စင်အဓိပဓိ ဘယ်လိုအရိယဖလမျိုးပိုင်ဆိုင်ခဲ့မှန်း ဘယ်သူမှမသိကြ။ ထိုသန္ဓေကို အားဖြည့်၍ မသေမျိုးဖြစ်အောင် ကြိုးစားခဲ့ကြောင်းသာသိကြသည်။ သို့သော် မအောင်မြင်ခဲ့။ ပြာပုံဘဝဖြင့် အဆုံးသတ်သွားသည်။
သူ့အမွေကိုဆက်ခံနိုင်သူမရှိခဲ့ ထို့ကြောင့် ဓားမျှော်စင်ဂိုဏ်းသည် မဟာထိပ်သီးဂိုဏ်းအဆင့်မှ ပထမအဆင့်ဂိုဏ်းအဖြစ် လျှောကျလာသည်။
"နင်သိလား။ ကျင့်စဉ်အဆင့်မြင့်လေ သားသမီးရဖို့ခက်လေပဲ။ တာအိုလက်တွဲဖော်တွေ ဖြစ်လာတဲ့ မသေမျိုးတစ်ဝက်အဆင့်တွေဆို ပိုပြီးတောင် ခက်ခဲတာပေါ့"
လုယန်ခေါင်းငြိမ့်သည်။ ယခုလက်ရှိမင်းသားနှင့်မင်းသမီးအများစုသည် အင်ပါယာရှားငယ်ရွယ်စဉ်က မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သူသိသည်။ ယခု အင်ပါယာရှား'အိုမင်းမစွမ်း'ဖြစ်လာ၍မဟုတ်။ ကျင့်စဉ်အဆင့်မြင့်လွန်းသဖြင့် သားသမီးရဖို့ ခက်ခဲလာခြင်းဖြစ်သည်။
သို့သော် အင်ပါယာရှား၏လက်ရှိအခြေအနေအရ တကယ်လည်းသားသမီးမရနိုင်တော့ဟုလည်း ဆိုနိုင်သည်။
"တစ်ချို့ မသေမျိုးတစ်ဝက်လင်မယားတွေက သူတို့သွေးတွေကို ပေါင်းစပ်တယ်။ ကံကောင်းရင် အဲဒီသွေးကနေ ဓားဝိညာဉ်လိုဟာမျိုးတစ်ခု မွေးဖွားနိုင်တယ်။ အချိန်ကြာလာနဲ့အမျှ အဲဒါက အသိဉာဏ်ရပြီး ဝိညာဉ်ဖြစ်လာမယ်။ ပြောရရင် သူတို့ရဲ့ကလေး ဖြစ်လာမယ်ပေါ့။
ဒါကြောင့် အဆင့်မြင့်ကျင့်ကြံသူတွေ တိုက်ခိုက်တဲ့အခါ အရမ်းသတိထားကြတယ်။ သွေးမထွက်အောင် ရှောင်ကြတယ်"
"ဘာလို့လဲ"
"စဉ်းစားကြည့်လေ။ မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက် အပြင်းအထန်တိုက်ခိုက်ကြမယ်။ ဘယ်သူမှလည်း အနိုင်မရဘူး။ နောက်တစ်နေ့ရောက်မှ ဆက်တိုက်ခိုက်ဖို့ ဆုံးဖြတ်ကြမယ်။
နောက်တစ်ရက် ရောက်လာတော့ သူတို့ကျခဲ့တဲ့သွေးက အသိဉာဏ်ရပြီး သူတို့ရဲ့သားသမီးဖြစ်လာမယ်။ အဲလိုဆို သူတို့ဘယ်လိုဆက်လုပ်ရမှာလဲ"
လုယန် "..."
ထိုစကား အတော်လေးအဓိပ္ပါယ်ရှိသည်။
"ရှေးဟောင်းခေတ်မာ မသေမျိုးတစ်ဝက်အဆင့်တွေက အထိန်းအကွပ်နဲ့ တိုက်ခိုက်ကြတယ်။ သွေးမထွက်အောင်ရှောင်ကြတယ်။ သွေးထွက်ရင်တောင် နောက်ဆက်တွဲပြဿနာတွေမရှုပ်အောင် သွေးတွေကို ရှင်းလင်းပစ်ကြတယ်"
"ဒီလိုနည်းနဲ့ သားသမီးပွားတဲ့နည်းမျိုး လက်ခံသင့်မခံသင့် အငြင်းပွားစရာဖြစ်ခဲ့တယ်။ ဥပမာ ချီလင်မိသားစုက ဒီနည်းလမ်းကို အခိုင်အမာ ဆန့်ကျင့်ကြတယ်"
.....
ပြိုင်ပွဲစင်တွင် ပြိုင်ဘက်နှစ်ယောက် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
"တာအိုလမ်းစဉ်ဂိုဏ်း။ လီဟော်ရန်"
"အလောင်းထိန်းဂိုဏ်း။ ကျောက်ပို"
လောကဝတ်အရ လက်နှစ်ဘက်ဆုပ်အရိုအသေပေးကြသည်။
"အကိုလီအရင်စပါ"
ကျောက်ပိုမျက်နှာ လေးနက်တည်ကြည်နေသည်။ ပြိုင်ဘက်က တာအိုလမ်းစဉ်ဂိုဏ်းမှ စီနီယာတစ်ယောက်ဖြစ်နေသည်။ သူမပေါ့ဆရဲ။
လုယန်စွမ်းအားကို သူကိုယ်တွေ့မြင်ခဲ့သည်။
ဝေ့နန်ဖေး၏ အသက်ဓာတ်စတေးနည်းကို မြင်ခဲ့သည်။
သို့သော် သူလည်းအရင်လို မဟုတ်တော့ပါ။ ဂိုဏ်းချုပ်၏ လမ်းညွှန်မှုကြောင့် သူ့စွမ်းအား များစွာတိုးတက်လာသည်။ သူ့ဖုတ်ကောင်လည်း အကြီးအကျယ်ပြောင်းလဲသွားသည်။
"ညီလေးကျောက်အရင်စပါ"
ကျောက်ပိုတုံ့ဆိုင်းမနေတော့။ သူ့ဖုတ်ကောင်နှင့်အတူ တိုက်ခိုက်သည်။
ဖုတ်ကောင်ခန္ဓာကိုယ်က သံမဏိလိုမာကျောသည်။ နာကျင်မှုကို မကြောက်။ လီဟော်ရန်ဆီ တဟုန်ထိုးပြေးဝင်သွားသည်။ လီဟော်ရန် လက်နှစ်ဘက်ဖြင့် ရိုက်ထုတ်လိုက်သည်။ ဖုတ်ကောင်လွင့်ထွက်သွားသည်။ သို့သော် သူ့လက်မောင်းများလည်း ထုံကျင်သွားသည်။
ကျောက်ပိုက ဓားကွေးတစ်ခုကိုင်ထားသည်။ ကြီးမားသည့် ဓားကွေးအလင်းရိပ်ပေါ်လာသည်။ ဓားစွမ်းအင် သို့မဟုတ် မီးစွမ်းအင်နှင့်တူသည့် ရွှေစွမ်းအင်ရောင်မျိုးထွက်နေသည်။ အံ့ဖွယ်အင်အားမျိုး ပါတင်သည်။
"ဝှီး"
ရွှေရောင်စွမ်းအင်က ဓားရိပ်အဖြစ်စုစည်းသွားပြီး လေထုကို ထိုးခွဲသွားသည်။ ကြယ်အလင်းလို တောက်ပနေသည်။
လီဟော်ရန် ဓားကွေးကို လက်ဝါးချက်ဖြင့် ရင်ဆိုင်သည်။
လက်ဝါးနှင့်ဓားရိပ်တွေ့ချိန်တွင် ထင်မထားသည့်အပြောင်းအလဲတစ်ခုပေါ်လာသည်။
ပုံစံမတူသည် အစိတ်အပိုင်းများဖြင့် တည်ဆောက်ထားသည့် အလွှာပါးတစ်ခု လက်ဝါးနှင့်ဓားရိပ်ကြားတွင် ပေါ်လာသည်။ ပါးလွှာသော်လည်း ထိုးဖောက်ဖို့ခက်ခဲသည်။ ဓားချက်ကို ခုခံသည်။
"လေဟာနယ်သန့်စင်ပညာလား"
လီဟော်ရန်သုံးသည့်ပညာကို လောဟုန်ရှား ရိပ်မိသည်။
ပစ္စည်းသန့်စင်ပညာ ကျွမ်းကျင်သူသည် ကိုယ်ပိုင်လေဟာနယ်တစ်ခု သန့်စင်ဖန်တီးနိုင်သည်။ လက်နက်အဖြစ်သုံးနိုင်သည်။ သို့သော် ရွှေသန္ဓေအခြေခံအင့်တစ်ယောက် တတ်မြောက်နိုင်သည့် ပညာမျိုးတော့မဟုတ်။
ကျိုးရှင်းက လီဟော်ရန်ကို ကျေနပ်စွာပြုံးကြည့်နေသည်။
ယခုရက်ပိုင်း လီဟော်ရန် ကျင့်စဉ်စွမ်းအားတိုးတက်အောင် မကျင့်ကြံခဲ့။ ဤပညာကို နားလည်အောင် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။
ထိုပညာမျိုးမကြုံဖူးသဖြင့် ကျောက်ပို ရုတ်တရက် လန့်သွားသည်။ လီဟော်ရန်က သူ့ကို အံ့ဩချိန်မပေး။
လေဟာနယ်အလွှာပါးကို ချိုးဖျက်၍ လက်ချောင်းများဖြင် ဓားကွေးကို အသာအယာရိုက်လိုက်သည်။ တစ်ချက်ရိုက်တိုင်း ဓားကွေးစွမ်းအား လျော့သွားသည်။ သုံးချက်ရိုက်ပြီးနောက် ဓားစွမ်းအင်ရောင် မှိန်ကျသွားသည်။
ကျောက်ပို မျက်လုံးပြူးသွားသည်။ သူ့ဓားကွေးကို နောက်တစ်ကြိမ် အသက်မသွင်းနိုင်တော့။
"ဒီဓားကွေးက အသစ်မဟုတ်လား ညီလေးကျောက်။ မင်းဒါကို အပြည့်အဝမသန့်စင်ရသေးဘူး။ မင်းရဲ့ကိုယ်ပိုင် လက်နက်အစစ်ကိုပဲ ထုတ်သုံးပါ"
လီဟော်ရန် ခပ်အေးအေးလေသံဖြင့်ပြော၍ ဓားကွေးနှင့်ကျောက်ပိုကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ထိုပညာသည်လည်း ပစ္စည်းသန့်စင်မှုကျွမ်းကျင်သူများ သုံးလေ့ရှိသည့် ပညာဖြစ်သည်။
ကျောက်ပိုအံတစ်ချက်ကြိတ်လိုက်သည်။ မတတ်သာတော့သဖြင့် အန္တရာယ်များသည့်နည်းလမ်းကို ထုတ်သုံးရသည်။
သူ့လက်ကောက်ဝတ်ကိုကိုက်လိုက်သည်။ သူ့သွေးများ ဖုတ်ကောင်ကိုယ်ပေါ်သို့ လွင့်ပျံသွားသည်။ ဖုတ်ကောင်၏ မွှေးညှင်းပေါက်များပွင်လာပြီး သွေးများကိုစုပ်ယူသည်။
ဖြူရော်နေသည့် ဖုန်ကောင်၏အရေပြားအောက်တွင် သွေးများစီးဆင်းလာသည်။ အသက်ဝင်သကဲ့သို့ဖြစ်လာသည်။
"အတူတိုက်ခိုက်မယ်"
ဖုန်ကောင်က ဆင်တစ်ကောင်လို တရကြမ်းပြေးတက်သွားသည်။ ကျောက်ပိုက လင်းယုန်ကဲ့သို့ ဝဲပျံ၍ဝင်သွားသည်။
ပုံမှန်အားဖြင့် နှစ်ယောက်တစ်ယောက်တိုက်ခိုက်ခြင်းသည် အတွေ့အကြုံမရှိလျှင် စည်းချက်ကျဖို့မလွယ်လှ။
သို့သော် ကျောက်ပိုနှင့်ဖုတ်ကောင်၏ပေါင်းစပ်တိုက်ခိုက်မှုက ပြည့်စုံသည်။
ဖုတ်ကောင်က သိုင်းပညာရှင်လိုတိုက်ခိုက်သည်။ လက်သီးချက် ခြေကန်ချက်များက စွမ်းအားကြီးသည်။ ထိချက်တိုင်းက သေနိုင်လောက်သည့် စွမ်းအားမျိုးပါသည်။ ပြိုင်ပွဲစင်ပေါ်တွင် မိုးခြုန်းသံများ ထွက်ပေါ်နေသလိုရှိသည်။
လေထဲမှ ကျောက်ပိုက မက်မွန်သစ်သားဓားနှင့် မှော်အဆောင်များသုံး၍ လီဟော်ရန်၏ အကာအကွယ်မဲ့နေသည့် ဟာကွက်နေရာများကို တိုက်ခိုက်သည်။
လီဟော်ရန် အခက်ကြုံလာသည်။
"ဘုန်း"
ကျောက်ပိုနှင့်ဖုတ်ကောင်၏ တိုက်ခိုက်မှုက လီဟော်ရန်ရင်ဘတ်ကို ပြိုင်တူထိသည်။ လွင့်ထွက်သွားသည်။
ကျောက်ပို အသက်ကိုမောပန်းစွာ ရှူရှိုက်နေရသည်။ ဤတိုက်ခိုက်နည်းသည် သူရောဖုတ်ကောင်ပါ အားအင်ကုန်ခန်းသည်။ မြန်မြန်အနိုင်ယူဖို့လိုသည်။
"ဖျောင်း ဖျောင်း ဖျောင်း"
စင်အောက်မှ လက်ခုပ်သံပေါ်လာသည်။ ကျောက်ပိုရော ပရိတ်သတ်များပါ အသံလာရာသို့ လှမ်းကြည့်သည်။
လက်ခုပ်တီးသူက စင်ပေါ်မှ လီဟော်ရန်နှင့် တစ်ထေရာတည်းတူနေသည်။
လီဟော်ရန်နောက်တစ်ယောက်။
ဖြစ်နိုင်စရာအကြောင်းမရှိ။ စင်ပေါ်တွင် လီဟော်ရန် ရှိနေသည်။
ထိပ်သီးဂိုဏ်း ဂိုဏ်းချုပ်များနှင့် အကြီးအကဲများသာ ပြုံးနေကြသည်။ သူတို့က အခြေအနေမှန်ကို သဘောပေါက်ကြဟန်ရှိသည်။
"တော်ပါတယ် ညီလေးကျောက်။ ကိုယ်ပွားတစ်ခုတည်းနဲ့ မင်းကိုမယှဉ်နိုင်ဘူးပဲ"
"ကိုယ်ပွား..."
ကျောက်ပို မျက်မှောင်ကျုံ့သွားသည်။ လီဟော်ရန် ဘယ်လိုလုပ်ခဲ့သည်ကို သူနားမလည်။
အကိုလုယန်လို သစ်သားကိုယ်ပွားတစ်ခုလား..
လီဟော်ရန်က အေးအေးလူလူရှင်းပြသည်။
"ငါ့ရွှေသန္ဓေက ပြန်လည်မွေးဖွားခြင်းသန္ဓေလို့ခေါ်တယ်။ ခြေလက်တွေ၊ ခေါင်းတွေ၊ ခြေထောက်တွေ ပြန်ပေါက်အောင်လုပ်နိုင်တယ်။
ဒီတော့ ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်လိုက်ရင်တောင် ခန္ဓာကိုယ်အပြည့် ပြန်ဖန်တီးနိုင်တဲ့သဘောပေါ့"
ကျောက်ပိုမျက်လုံးပြူးသွားသည်။ ဖြစ်နိုင်စရာပင်မရှိ။
"ပြီးတော့ အကိုအရိုးရိုင်းဆီက အလောင်းထိန်းပညာကို ငါသင်ခဲ့တယ်။ ငါ့ကိုယ်ပွားကို ထိန်းချုပ်ဖို့သုံးတယ်။ မူလခန္ဓာကိုယ်လောက်တော့ တိုက်ခိုက်စွမ်းအားမကောင်းဘူးပေါ့။ ဒါပေမယ့် ငါ့စွမ်းအားရဲ့ ခုနစ်ဆယ်ရာနှုန်းလောက်ရှိပါတယ်"
လီဟော်ရန် ပြုံးလိုက်သည်။
"ငါ့ကိုယ်ပွားနဲ့ မင်းကိုအနိုင်မယူနိုင်ဘူးဆိုတော့ ငါပါဝင်တိုက်ခိုက်ရင် မင်းဘယ်လိုလုပ်မလဲ"
ကျောက်ပို စိတ်ဓာတ်ကျသွားသည်။ ကိုယ်ပွားကို တိုက်ခိုက်ရသည်ပင် ခက်ခဲလှသည်။ အကိုလီပါ ဝင်တိုက်ခိုက်လျှင် သူဘယ်လိုနိုင်မည်နည်း။
တစ်ခြားရွှေသန္ဓေအခြေခံအဆင့်များလည်း စိတ်မသက်မသာဖြစ်လာသည်။ လီဟော်ရန်၏ သူ့စွမ်းအားကို ထုတ်ပြခဲ့ပြီးဖြစ်သည်။ ကိုယ်ပွားကိုသာ ထုတ်သုံးခြင်းဖြစ်သည်။ သူနှင့်ကိုယ်ပွား ပြိုင်တူတိုက်ခိုက်လျှင် ဘယ်သူယှဉ်နိုင်မည်နည်း။
ပိန်ပိန်ပါးပါး ဒိုင်လူကြီးက စင်အောက်မှ လီဟော်ရန်ကိုတစ်ချက်ကြည့်၍ ပြိုင်ပွဲရလာဒ်ကို ကြေညာသည်။
"ပြိုင်ပွဲစည်းကမ်းအရ ပွဲစပြီးတာနဲ့ စင်အောက်ကို ရောက်သွားတဲ့လူဟာအရှုံးပဲ။...ဒီပွဲမှာ ကျောက်ပိုနိုင်တယ်"
လီဟော်ရန်မျက်နှာမှအပြုံး ချက်ချင်းရပ်တန့်သွားသည်။
************************************