ကောင်းကင်သွေးစတေးနည်း
Vol. 33 Ch. 488
ကျောက်ယွမ် အေးစက်စက်ပြုံး၍ စင်မြင့်ဆီလျှောက်လာသည်။ အခြေတည်နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ပြိုင်ရန် အသင့်ပြင်သည်။
ယနေ့ခေတ်ကျင့်ကြံသူများသည် အလွန်သက်တောင့်သက်သာနေထိုင်ကြသည်။ သွေးနှင့်မီးတောက်ကို မကြုံဖူးကြ။ နည်းနည်းရက်စက်ပြလိုက်ရုံဖြင့် ကြောက်ဒူးတုန်ပြီး လက်လျှော့အရှုံးပေးကြသည်။
မြို့တော်အဆင့် ပြည်နယ်အဆင့်ပြိုင်ဘက်များကို ထိုပုံစံမျိုးတိုက်ခိုက်၍ သူအနိုင်ယူခဲ့ခြင်းဖြစ်သည်။ ဒိုင်လူကြီးသာ အချိန်မီဝင်မတားလျှင် သူ့ပြိုင်ဘက်အားလုံး သေသွားခဲ့ကြပေလိမ့်မည်။
တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေ မျက်လုံးပေါင်းများစွာရှေ့၌ လူသတ်ဖို့ဆိုသည်က တကယ်ခက်ခဲသည်။
ကိစ္စမရှိ။ သတ်ဖို့အဆင်မပြေလျှင် ပြိုင်ဘက်၏တာအိုနှလုံးထိခိုက်ပြီး ကျင့်စဉ်လမ်းတိုးတက်မှုပျက်စီးအောင် ခပ်ကြမ်းကြမ်းခြောက်လှန့်ပစ်မည်။
နောင်တစ်ချိန်မဟာကပ်တွင် ဖြစ်ပေါ်လာနိုင်သည့ ဆူးငြှောင့်ခလုတ်တစ်ခုကို အပြတ်ရှင်းထုတ်ပစ်မည်။
ဤတစ်ပွဲတွင် သူ့ပြိုင်ဘက်က ဘယ်သူဖြစ်မည်မသိ။ တာအိုလမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်ဟုခေါ်သည့် ဂိုဏ်းတပည့်လား...
ကိစ္စမရှိ။ ဘယ်သူဖြစ်ဖြစ် စွမ်းအားချင်းအပြတ်အသတ်ကွာခြားနေလျှင် ဘာမှတတ်နိုင်မည်မဟုတ်။
"မင်္ဂလာပါမိတ်ဆွေ။ ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းက ဝေ့နန်ဖေးပါ"
ဝေ့နန်ဖေးသည် လုယန်တို့နှင့်အတူ ဂိုဏ်းဝင်လာသူဖြစ်သည်။ ငယ်စဉ်က မိထွေးဖြစ်သူ၏ အဆိပ်ခတ်ခြင်းခံသည်။ တိုင်ပုဖန်က ခရီးသွားရင်းကြုံကြိုက်၍ ကယ်တင်ပေးခဲ့သည်။
"ဂိုဏ်းမဲ့ကျင့်ကြံသူ ကျောက်ယွမ်ပါ"
ကျောက်ယွမ် ပုံမှန်လေသံဖြင့် နှုတ်ဆက်သည်။ ဝေ့နန်ဖေးကို အထင်သေးသည့်မျက်လုံးဖြင့် ကြည့်နေသည်။
ဖိုင်နယ်ပွဲကြောင့်သာမဟုတ်လျှင် ထိုဝေ့နန်ဖေးသည် သူနှင့်စင်မြင့်တစ်ခုတည်း ရပ်နေဖို့ပင် မထိုက်တန်။
မည်သို့ဆိုစေ သူသည် စုစည်းခြင်းထိပ်ဆုံးအဆင့်ရောက်ပြီးမှ ကျင်စဉ်ပြန်စသူဖြစ်သည်။ ယခုတစ်ကြိမ်တွင် ကူးဖြတ်ခြင်းအဆင့်ထိရောက်အောင်ကျင့်ကြံဖို့ ရည်မှန်းထားသည်။
"မိတ်ဆွေကျောက်ယွမ် အရင်စပါ"
ကျောက်ယွမ်လက်တွင် ကျောက်စိမ်းဓားရှည်တစ်လက် ပေါ်လာသည်။ လက်ကိုင်ရိုးတွင် ခိုဥအရွယ် နဂါးမျက်လုံးကျောက် ထည့်သွင်းထားသည်။ ဝေ့နန်ဖေးကို ဓားဖြင့်ဝိုက်ခုတ်သည်။
"မြန်လှချည်လား"
ဝေ့နန်ဖေး တအံ့တဩရေရွတ်လျက် ဘေးသို့ရှောင်သည်။
ကျောက်ယွမ်က အလွတ်မပေး။ လက်ကောက်ဝတ်ကိုလှည့်လိုက်သည်။ ကျောက်စိမ်းဓားက လေထဲတွင် တစ်ပတ်လည်ပြီး ဝေ့နန်ဖေး၏ဝမ်းဗိုက်ဆီ တိုးဝင်သွားသည်။
"ချွင်"
ဝေ့နန်ဖေးက ခါးမှပုဆိန်နှစ်လက်ဖြုတ်၍ ဝမ်းဗိုက်ရှေ့တွင် ကြက်ခြေခတ်ကာသည်။
"ဒီပုဆိန်တွေကို မြင်ဖူးသလိုလိုပဲ"
အရိုးရိုင်း တီးတိုးရေရွတ်လိုက်ပြီး လီဟော်ရန်ကို လှည့်ကြည့်သည်။
"ညီလေးလီ။ ဒီပုဆိန်တွေကို မင်းမြင်ဖူးလား"
ထိုအချိန်တွင် လီဟော်ရန်က စုယီနှင့်ချင်ယန်ယန်ကို ဘယ်ညာတွဲလျက် သာယာနေသည်။ စုယီကြောင့် သူ့ဘယ်လက် အကြိမ်ကြိမ်ကျိုးခဲ့ပြီးဖြစ်သည်။
ကံကောင်းထောက်မ၍ သူ့မွေးဖွားခြင်းရွှေသန္ဓေစွမ်းအားဖြင့် ဒဏ်ရာကို ပြန်ကုစားနိုင်ခဲ့သည်။ ရွှေသန္ဓေကို လေ့ကျင့်ရာလည်းရောက်သည်။
"ဒါတွေက အကိုဝေအတွက် ကျုပ်လုပ်ပေးခဲ့တဲ့ တောင်ခွဲပုဆိန်တွေပါ"
"တောင်ခွဲပုဆိန်"
ထိုနာမည်ကို အရိုးရိုင်း ရင်းနှီးနေသည်။
လီဟော်ရန် ထပ်ရှင်းပြသည်။
"ကျုပ်တို့ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲတုန်းက မြစ်ဝိညာဉ် ပေးခဲ့တဲ့ပုဆိန်ထဲမှာ ပါတယ်လေ။ သေမျိုးပုဆိန်၊ တောင်ခွဲပုဆိန်၊ ကောင်းကင်ခွဲပုဆိန် သုံးမျိုးထဲမှာ အကိုဝေ့က တောင်ခွဲပုဆိန်ပုံစံကို ကြိုက်တယ်တဲ့။ ဒါကြောင့် သူ့အတွက် ပုဆိန်နှစ်လက် ကျုပ်လုပ်ပေးလိုက်တာ"
အရိုးရိုင်း နားလည်သွားသည်။
စင်မြင့်ပေါ်မှ တိုက်ပွဲက ဇာတ်ရှိန်မြင့်နေပြီဖြစ်သည်။ ဝေ့နန်ဖေး၏ဇွဲနပဲကို ကျောက်ယွမ်အံ့ဩရသည်။
အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသော်လည်း သူ့တိုက်ခိုက်စွမ်းအားအဆင့်ဖြင့် ဝေ့နန်ဖေး၏တာအိုနှလုံးကို ဖျက်ဆီးနိုင်မည်မဟုတ်။
ရှေးဟောင်းခေတ်တွင် သူသည် ဝက်ယောင်ဆောင်၍ ကျားကိုစားသည့် ကစားနည်းမျိုးကို သူနှစ်ခြိုက်ခဲ့သည်။ သာမန်ကျင့်ကြံသူအယောင်ဆောင်၍ ပါရမီရှင်တို့၏ တာအိုနှလုံးကို ဖျက်ဆီးခဲ့သည်။
"လှည့်ကွက်နည်းနည်းသုံးဖို့ အချိန်ကျလာပြီ"
ကျောက်ယွမ် အံတင်းတင်းကြိတ်၍ သူ့ဝှက်ဖဲကို ထုတ်သုံးသည်။ သူ့သွေးများ ဆူပွက်လာသည်။ သူ့အရေပြား နီရဲလာသည်။ ရိုင်းစိုင်းသည့် သားရဲတစ်ကောင်လို ဖြစ်လာသည်။
ဓားလက်ကိုင်ရိုး၏ နဂါးမျက်လုံးကျောက်မှ ထူးဆန်းသည့်အနီရောင်အလင်းတစ်ခု ထိုးထွက်လာသည်။ ရှေးနဂါးတစ်ကောင် မျက်လုံးပွင့်လာသကဲ့သို့ ပြင်းထန်သည့်ဖိအားတစ်ခုပေါ်လာသည်။
"ဘုန်း"
ဓားရှည်က ဝေ့နန်ဖေးမျက်နှာဆီ တိုးဝင်သွားသည်။ ပုဆိန်နှစ်လက်ဖြင့်ကာနိုင်သော်လည်း ဝေ့နန်ဖေး၏ လက်မောင်းများ တုန်ခါသွားသည်။ အားအရှိန်ကို ခံနိုင်ရည်မရှိ။
...
"ဒါက ဘယ်လိုပညာမျိုးလဲ"
ယန်တိန့် မျက်မှောင်ကျုံ့သွားသည်။ ထောင်ချုပ်ဂိုဏ်းသည် ပညာရပ်များများစားစား မလေ့လာကြ။ သို့သော် ကျောက်ယွမ်အသုံးပြုသည့်နည်းလမ်းက စွမ်းအားယာယီမြှင့်တင်သည့်ပညာဖြစ်ကြောင်း သူရိပ်မိသည်။
"အသက်ဓာတ်စတေးပြီး တိုက်ခိုက်စွမ်းအားယာယီမြှင့်တဲ့ပညာတစ်မျိုး ဖြစ်လောက်တယ်"
လော်ဟုန်ရှားက သုံးသပ်သည်။ ထိုပညာရပ်မျိုးကို ယနေ့ခေတ်တွင် လေ့ကျင့်လေ့သိပ်မရှိ။
"ကောင်းကင်သွေးစတေးပညာပါ"
နတ်မယ်က တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ ကျယ်ပြန့်သည့် သူ့ရှေးဟောင်းအသိဗဟုသုတကို ထုတ်ပြသည်။
အသက်ဓာတ်စတေး၍ စွမ်းအားမြင့်သည့်နည်းလမ်းများ ရှေးဟောင်းခေတ်တွင် အသုံးများသည်။ မသေမျိုးငါးယောက်ပင် အပျင်းပြေ သက်တမ်းတစ်ချို့ မကြာခဏ စတေးကြသည်။
အချိန်မသေမျိုးသည် မသေမျိုးဖြစ်ပြီးနောက် သူ့အသက်ဓာတ်ကို ခဏခဏစတေးလေ့ရှိသဖြင့် သူ့ကိုရင်ဆိုင်ရသည်မှာ အတော်ခက်ခဲသည်။
မည်သို့ဆိုစေ အချိန်မသေမျိုး၏ သရုပ်မှန်က လောကသစ်ပင်ဖြစ်သည်။ သူ့အတွေ့အကြုံက လူသားတို့၏သမိုင်းကြောင်းလောက် ရှည်လျားသည်။ ထိုထက်လည်း ရှည်ချင်ရှည်မည်။ လောကသစ်ပင်၏ သက်တမ်းသည် အဆုံးမရှိသလောက်နီးပါးဖြစ်သည်။
"ဪ...အဲဒီ့ပညာလား"
ထိုပညာကို လက်တွေ့မမြင်ဖူးသော်လည်း ကြားဖူးကြသည်။
"ခင်ဗျားတို့တာအိုလမ်းစဉ်ဂိုဏ်းတပည့် ဒုက္ခရောက်တော့မယ်။ ဒီကျောက်ယွမ်ကို သူမနိုင်နိုင်ဘူး"
ကျန်းချွင်က မျက်မှောင်နည်းနည်းကျုံ့၍ ပြောသည်။
ကျောက်ယွမ်သည် ရှေးဟောင်းကျင့်ကြံသူဖြစ်နိုင်ကြောင်း လက္ခဏာအားလုံးက ညွှန်ပြနေသည်။
"မစိုးရိမ်ပါနဲ့။ ဝေ့နန်ဖေးလည်း ကောင်းကင်သွေးစတေးပညာကို ကျင့်ကြံထားပါတယ်"
"ဘယ်လို...သူလည်းကျင့်ကြံထားတယ်ပေါ့"
ချိုးကျင်အန်း မျက်လုံးပြူးသွားသည်။ ကျောက်ယွမ်သုံးသည့်ပညာကို 'လုယန်'သိနေသည်မှာ မဆန်းတော့။
"ဟုတ်တယ်၊ ဒီပညာကို ရှောင်ယွမ်ရေးခဲ့တယ်"
...
ဝေ့နန်ဖေး ပါးစပ်ဟလိုက်သည်။ တစ်ခုခုပြောချင်သည့်ဟန်မျိုးဖြစ်သည်။ သို့သော် ကျောက်ယွမ်က လျှပ်စီးအမြန်နှုန်းဖြင့် အရင်ဦးအောင်တိုက်ခိုက်သည်။ စကားပြောခွင့်မပေး။
အရှုံးပေးချင်တယ်ပေါ့...မရဘူးလေ...
ကျောက်ယွမ်၏ တဇွတ်ထိုးအမူအရာကိုကြည့်၍ ဝေ့နန်ဖေး စိတ်ပျက်လက်ပျက်ခေါင်းခါပြီး သူ့ပညာကို အသက်သွင်းလိုက်သည်။
ကျောက်ယွမ်၏စွမ်းအား မြင့်တက်လာသည်။ အခြေတည်နောက်ဆုံးအဆင့်သာ ရှိသော်လည်း သူ့စွမ်းအားက ရွှေသန္ဓေနောက်ဆုံးအဆင့်ကို စိန်ခေါ်နိုင်လောက်သည်။
သေလိုက်တော့...
ကျောက်ယွမ်စိတ်ထဲ အော်ဟစ်ရယ်မောနေသည်။ သူ့အမြန်နှုန်း မြင့်တက်လာသည်။ ဝေ့နန်ဖေးက သူ့အသေသတ်တိုက်ကွက်များကို ရှောာင်သည်။
ကျောက်ယွမ် မရပ်မနားဖိတိုကခိုက်သည်။ ဤတိုက်ပွဲတွင် ဝေ့နန်ဖေး စိတ်ဒဏ်ရာရသွားအောင်လုပ်ဖို့ ဆုံးဖြတ်ထားသည်။
သေလိုက်စမ်း...မင်းသေလိုက်စမ်း...
ကျောက်ယွမ် ပိုအားပြင်းလာသည်။ သူ့သက်တမ်းလည်း လျင်မြန်စွာလျော့ပါးလာသည်။
"မဟုတ်သေးဘူး...ငါ့သက်တမ်းက ဘာလို့ဒီလောက်မြန်မြန်လျော့သွားတာလဲ"
ကျောက်ယွမ် အလန့်တထိတ် အော်ဟစ်လိုက်သည်။
ကောင်းကင်သွေးစတေးပညာကို သူ့တစ်သက်လုံးကျင့်ကြံခဲ့သည်။ အမှားအယွင်ဖြစ်စရာ အကြောင်းမရှိ။
"ဒါက မင်းကြောင့်ပဲ"
ကျောက်ယွမ် ဝေ့နန်ဖေးကို စိုက်ကြည့်သည်။
ဝေ့နန်ဖေးက သက်ပြင်းတစ်ချက်ချသည်။
"ကျုပ်ခုနက ပြောမလို့ပဲလေ။ ခင်ဗျားအရှုံးပေးရင် ကျုပ်ဒီအစွမ်းကို မသုံးပါဘူး။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို စကားပြောချိန်မှ မပေးတာ။ ကောင်းကင်သွေးစတေးပညာကို ကျုပ်တို့နှစ်ယောက်လုံး လေ့ကျင့်ထားတာပဲ။ ဘာလို့ အသေခံပြီး တိုက်ခိုက်နေမှာလဲ။
ပြီးတော့...ခင်ဗျားကျုပ်ကို မနိုင်နိုင်ဘူး"
"ဟာသပဲ။ ဘာသွေးစတေးပညာလေ့ကျင့်ထားတာလဲ"
ကျောက်ယွမ် ဒေါသထွက်နေသည်။ သူ့ကို လာလှည့်စားနေသည်။ ထိုပညာကို ဘယ်သူမှ သူ့ထက်ပိုမသိနိုင်။
တစ်ခြားလူတစ်ယောက်၏ သက်တမ်းကို စတေးသည့်ပညာဟု သူတစ်ခါမှမကြားဖူး။
"အမယွမ်ကတော့ ဒီပညာကို ကောင်းကင်သွေးစတေးပညာလို့ ပြောခဲ့တာပဲ"
ဝေ့နန်ဖေး သူ့ဘာသာတီးတိုးရေရွတ်သည်။ သူလည်း တွေးရခက်နေသည်။ ထိုပညာကိုသင်ဖို့ ရွေးချယ်ချိန်တွင်ယွမ်ကျိက သူ့ကို စာအုပ်နှစ်အုပ်ပေးသည်။ နှစ်အုပ်လုံး 'ကောင်းကင်သွေးစတေးပညာ' ခေါင်းစဉ်တပ်ထားသည်။
ကွာခြားချက်မှာ တစ်အုပ်က ရှေးဟောင်းဂူတစ်ခုထဲမှ ရလာခြင်းဖြစ်သည်။ နောက်တစ်အုပ်က ယွမ်ကျိရေးထားခြင်းဖြစ်သည်။
ထို့ကြောင့် ဒုတိယစာအုပ်ကိုသာ ပြတ်ပြတ်သားသား သူရွေးချယ်လိုက်သည်။
အသက်ဓာတ်လျင်မြန်စွာလျော့ပါးလာသဖြင့် ကျောက်ယွမ် သူ့ပညာစွမ်းကို ရပ်တန့်လိုက်သည်။ သို့သော် ဘာမှအသုံးမဝင်တော့။ သူချက်ချင်းအညံ့ခံလိုက်ရသည်။
....
"ဘာတွေဖြစ်ကုန်တာလဲ"
ပြိုင်ပွဲစင်ပေါ်မှမြင်ကွင်းကိုကြည့်၍ ချိုးကျင်အန်း အံ့ဩနေသည်။
နတ်မယ်မျက်နှာတွင် စိတ်အားတက်ကြွသည့် အပြုံးတစ်ခုပေါ်လာသည်။ ယွမ်ကျိရေးခဲ့သည့်ပညာအကြောင်း ထုတ်ပြောရန်ပြင်သည်။ ထိုစဉ် သူ့ဘေးသို့ လက်ဖက်ရည်တစ်ခွက်ရောက်လာသည်။
သူလှည့်ကြည့်သည်။ ယွမ်ကျိက ရေခဲလိုအေးစက်နေသည့်မျက်နှာဖြင့် သူ့နောက်တွင်ရပ်လျက် အလေးထားဂရုစိုက်သည့်လေသံဖြင့် ပြောသည်။
"ဂိုဏ်းချုပ်၊ လည်ချောင်းရှင်းဖို့ လက်ဖက်ရည်လေး သောက်လိုက်ပါဦး"
နတ်မယ် တုန်လှုပ်သွားသည်။ ဘာမှဆက်မပြောရဲတော့။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်တိုင်း နှစ်စဉ် မစ်ရှင်နှစ်ခု ပြီးမြောက်အောင်လုပ်ရသည်ဟူသည့် ကောလဟာလကို ယန်တိန့် ပြန်သတိရလာသည်။ မစ်ရှင်ခွဲတမ်းပြည့်ဖို ရှေးဟောင်းလှိုဏ်ဂူများသိုသွားရမှ ရှေးဟောင်းပညာရပ်များတွေ့ခဲ့သည်ဟု ယွမ်ကျိက လိမ်လည်ကြေညာခဲ့သည်။ အမှန်တော့ နာမည်ပေါ်အခြေခံ၍ သူကိုယ်တိုင်ကျင့်စဉ်များဖန်တီးပြီး တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင်...
ယွမ်ကျိဖန်တီးသည့်ပညာရပ်များက မူလပညာရပ်ထက် များစွာပိုစွမ်းအားကြီးနေလေ့ရှိသည်။
***********************************