နတ်ဆိုးကျင့်ကြံသူတို့ပင် ထိုပညာမျိုးမတတ်
Vol. 33 Ch. 489
အခြေတည်နောက်ဆုံးအဆင့် ပညာရပ်များက တကယ်ရင်သပ်ရှုမောဖွယ်ဖြစ်သည်။ ဂိုဏ်းပေါင်းစုံမှ တပည့်များ ပါဝင်ရှင်ပြိုင်ကြသည်။ ကျင့်စဉ်ပြန်စသည်ဟု ယူဆရသည့် ရှေးဟောင်းကျင့်ကြံသူများနှင့် ရှုံးထွက်ယှဉ်ပြိုင်သည်။
လူတိုင်းက ကိုယ်ပိုင်မှော်စွမ်းအားများထုတ်သုံးသည်။ အထူးသဖြင့် ဂိုဏ်းတပည့်များကြားတွင် ဝေ့နန်ဖေးက ထင်ပေါ်နေသည်။ ဘယ်သူမှ သူနှင့်ရင်မဆိုင်ချင်။
အခြေတည်အဆင့်များသည် သက်တမ်းအနည်းငယ်သာရှိသည်။ ပြိုင်ပွဲတစ်ပွဲပြီးသည်နှင့် ထိုသက်တမ်း ကုန်သွားသည်။
"ပြိုင်ပွဲက အသက်အရွယ်ကန့်သတ်ထားတာ ကံကောင်းတာပဲ။ တာအိုလမ်းစဉ်ဂိုဏ်းအနာဂတ်က အလားအလာကောင်းတယ်"
မုန်ကျင်းကျိုးက ပရိတ်သတ်ကြားမှ မှတ်ချက်ပေးသည်။
"မင်းဘာကိုပြောချင်တာလဲ"
"တကယ်လို့သာ အခြေတည်အဆင့်သက်ကြားအိုကြီးတွေကို စင်ပေါ်တက်ခိုင်းရင် ပွဲစတာနဲ့ ချက်ချင်းအရှုံးပေးရုံပဲရှိတာလေ"
ပိုင်မင် ခေါင်းငြိမ့်သည်။
"မှန်တယ်။ အဲလိုအဘိုးကြီးတွေရဲ့ လက်ကျန်သက်တမ်းကို အားလုံးပေါင်းလိုက်ရင်တောင် ဝေ့နန်ဖေးလောက် မများနိုင်ဘူး။ သူ့ပညာနဲ့ အလိုလိုထိန်းချုပ်ပြီးသားဖြစ်နေမှာ"
"သူ့ပညာမှာ ချို့ယွင်းချက်တွေရှိတယ်။ သူ့ထက်ကျင့်စည်အဆင့်မြင့်တဲ့လူတွေရဲ့သက်တမ်းကို မစတေးနိုင်ဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ ပြဿနာမရှိပါဘူး"
မုန်ကျင်းကျိုးက ဝေ့နန်ဖေးပညာကို နည်းနည်းနားလည်သည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်တို့၏ ကျင့်စဉ်ပညာများကို ဂိုဏ်းဝင်တိုင်းသိကြသည်။ အပြန်အအလှန်ဆွေးနွေး၍ တိုးတက်အောင် ဆန်းစစ်လေ့လာနိုင်သည်။ ကိုယ့်ကျင့်စဉ်ကို အများရှေ့ချမပြသည့်တပည့်သည် ရှက်လွန်း၍သာ ဖြစ်လိမ့်မည်။...ဥပမာ မိန်းမများအနားသို့ ကပ်မရသည့် ကျင့်စဉ်ပညာမျိုး...
...
"ပြုပြင်ပြောင်းလဲထားတဲ့ ကောင်းကင်သွေးစတေးပညာလား။ စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် ငါက လိပ်အသက်ရှူပညာကို ကျင့်ကြံထားတာ။ ငါ့အသက်ဓာတ်ကို ထိန်းချုပ်ထားလို့ရတယ်။ သူ့ကိုတန်ပြန်တိုက်ခိုက်ဖို့ ကွက်တိပါပဲ"
ပြိုင်ပွဲစင်အောက်မှ အရပ်မြင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြေးညှင်းစွာ မျက်လုံးပွင့်လာသည်။ သူ့အကြည့်က အေးစက်သည်။ မျက်နှာတွင် ယုံကြည်ချက်အပြုံးရိပ် သန်းနေသည်။ တစ်ခြားလူများအတွက် ဝေ့နန်ဖေးသည် ရင်ဆိုင်ရခက်ကောင်းခက်မည်။ သို့သော် သူ့အတွက်တော့ သိပ်မထူးခြားလှ။
ဝေ့နန်ဖေး ဖိုင်နယ်ပွဲသို့ တက်နိုင်သည်မှာ ကံကောင်း၍သာဖြစ်သည်။ သူနှင့်ရင်ဆိုင်တွေ့လျှင် ဝေ့နန်ဖေး အခွင့်အရးလုံးဝမရနိုင်။
သူလှည့်ထွက်သွားသည်။
သူသည် ရွှေသန္ဓေအခြေခံအဆင့် ပြိုင်ပွဲဝင်ဖြစ်သည်။
...
"တစ်ခြားလူတွေရဲ့ အသက်ဓာတ်ကို စတေးတယ်...အင်း..အတော်ကောင်းတဲ့စိတ်ကူးပါလား။ သူက တကယ့်ပါရမီရှင်ပဲ။ ငါ့ခေတ်တုန်းကသာ သူ့ကိုတွေ့ရင် တပည့်အဖြစ် လက်ခံခဲ့မိလောက်တယ်"
စင်မြင့်အောက်မှ ဝတ်ရုံရှင်တစ်ယောက် သူ့ဘာသာရေရွတ်နေသည်။ ခေါင်းစွပ်ကို ဖယ်လိုက်သည်။ အမာရွတ်များပြည့်နေသည့် မျက်နှာပေါ်လာသည်။ ဓားခုတ်ရာ၊ မီးလောင်ရာ၊ နှင်းကိုက်ရာများ...။ အမာရွတ်တိုင်းက အသေအရျင်တိုက်ပွဲများ ဖြတ်သန်းခဲ့သည့် သက်သေဖြစ်သည်။
ထိုတိုက်ပွဲများကြောင့် တိုက်ခိုက်မှုအာရုံအသိ အလွန်တရာထက်မြက်ခဲ့သည်။ အဆင့်တူချင်းတွင် သူ့ကိုယှဉ်နိုင်သူရှားသည်။
သူလှည့်ထွက်သွားသည်။
သူသည် ရွှေသန္ဓေအလတ်တန်းဆင့်အုပ်စုဝင်ဖြစ်သည်။
...
"ဝေ့နန်ဖေးတဲ့လား....။ စိတ်ဝင်စားစရာပဲ။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ပါရမီရှင်ကို လျှော့တွက်လို့မရဘူး။ အသက်ဓာတ်စတေးပညာကိုတော့ စိုးရိမ်စရာမရှိပါဘူး"
စင်အောက်တွင် မျောက်နှင့်တူသည့် သေးသေးကွေးကွေးကျင့်ကြံသူတစ်ယောက် မျက်မှောင်ကျုံ့လျက် ဝေ့နန်ဖေး၏တိုက်ပွဲများကို သုံးသပ်နေသည်။ တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းများ သူ့အာရုံတွင် တဖျတ်ဖျတ်ပေါ်လာသည်။
တိုက်ပွဲများစွာ ဖြတ်ကျော်ခဲ့ဖူးသူဖြစ်၍ အတွေ့အကြုံကြွယ်သည်။ တန်ပြန်တိုက်ခိုက်နည်းများကို စဉ်းစားမိပြီးဖြစ်သည်။
ထို့နောက် စင်ပေါ်သို့ သူတက်သွားသည်။
သူသည် ဒိုင်လူကြီးဖြစ်သည်။
......
ဖန်ရှန်း စင်မြင့်ပေါ်တွင်ရပ်လျက် ဝေ့နန်ဖေးတက်အလာကို စောင့်နေသည်။
သိပ်မကြာမီ ကြက်များ ဘဲများ ဝက်များကို ဦးဆောင်၍ ဝေ့နန်ဖေး စင်ပေါ်တက်လာသည်။
ဖန်ရှန်း မပေါ့ဆရဲ။ ထိုတိရစ္ဆန်များသည် သာမန်မဟုတ်။ ကျင့်စဉ်စွမ်းအားရှိသည့် သားရဲများဖြစ်သည်။
ဝေ့နန်ဖေးလည်း သားရဲကျင့်ကြံသူတစ်ယောက်ဖြစ်ဟန်ရှိသည်။
"တာအိုလမ်းစဉ်ဂိုဏ်းဝင် ဝေ့နန်ဖေးပါ"
"ယိဂိုဏ်း၊ ဖန်ရှန်းပါ"
နှစ်ယောက်သား သိုင်းဟန်ခင်းသည်။ တိုက်ပွဲစတော့မည်။
ဝေ့နန်ဖေးတိုက်ခိုက်ခဲ့သည့်ပွဲများကို ဖန်ရှန်းလေ့လာခဲ့သည်။ ဝေ့နန်ဖေးကလည်း သူ့တိုက်ပွဲများကို လေ့လာခဲ့သည်။ စွမ်းအားကြီးပြိုင်ဘက်ဖြစ်၍ မပေါ့ဆရဲ။
ထို့ကြောင့် တိုက်ပွဲစသည်နျင့် စွမ်းအားပြည့်ထုတ်သုံးသည်။
"ကောင်းကင်သွေးစတေးစွမ်းအား"
ဖန်ရှန်း၏နှုတ်ခမ်းတွင် အေးစက်သည့်တွန့်ပြုံးရိပ်ပေါ်လာသည်။
"ငါကြိုတင်ပြင်ဆင်မထားဘူးထင်လို့လား။ စင်ပေါ်မတက်ခင်ကတည်းက မင်းပညာကို ခုခံနိုင်တဲ့ ဆေးတစ်လုံးကြိုသောက်ထထားပြီးသားပါ။ ငါ့အသက်ဓာတ်ကို မင်းစတေးလို့မရဘူး"
ဖန်ရှန်းတွင် အသက်ဓာတ်ယာယီ ထိန်းချုပ်နိုင်သည့် ဆေးလုံးတစ်ချို့ရှိသည်။ အိပ်ပျော်နေချိန် အမှတ်မထင်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် ဆေးပညာရှင်တစ်ယောက်က ဖော်စပ်ခဲ့ခြင်းဖြစ်သည်။
ယခု အသုံးတည့်လာသည်။
ထိုအကြောင်းပြောလိုက်ချိန် ဝေ့နန်ဖေး ခဏအံ့အားသင့်သွားမည်ဟု သူကြိုတွေးထားသည်။ ထိုအချိန်အခွင့်ကောင်းယူ၍ သူအနီးကပ်တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။
"အရပ်ဆယ်မျက်နှာကို တိုက်ခိုက်မယ့် လှံစွမ်းအား"
ဝေ့နန်ဖေး၏ပုဆိန် အရောင်တောက်လာသည်။ သူ့လှုပ်ရှားမှုက မြန်ဆန်သည်။ မျက်လုံးလျင်သည်။ ပြိုင်ဘက်၏တိုက်ခိုက်မှုကို ခွန်အားအပြည့်ဖြင့် ရင်ဆိုင်သည်။
"ချွင်"
လက်နက်ချင်းထိခတ်သံ စူးရှစွာပေါ်ထွက်လာသည်။
ဖန်ရှန်း အံ့အားသင့်သွားသည်။ နောက်ဆုတ်လိုက်ရသည်။ ရိုတ်ခတ်အားအရှိန်ကို လျော့ပါးစေရန် လှံကို မြေပေါ်သို့ ထောက်လိုက်ရသည်။
အစောပိုင်းက သူစောင့်ကြည့်ခဲ့သည်။ ဝေ့နန်ဖေးသည် ကျင့်စဉ်စွမ်းအား တိုးမြှင့်ဖို့ ပြိုင်ဘက်၏ အသက်ဓာတ်ကို စတေးနိုင်သည်။ ထိုပညာစွမ်းကို ဝေ့နန်ဖေးသုံးသွားသည်။
သို့သော်ယခု သူ့အသက်ဓာတ် လျော့ပါးသွားခြင်းမဟုတ်။
ဝေ့နန်ဖေး လှောင်ပြုံးပြုံးသည်။
"မင်းအသက်ဓာတ်ကိုပဲ ငါစတေးရမယ်လို့ ဘယ်သူပြောလဲ။ ငါဒီတိရိစ္ဆာန်တွေကို အလကားသက်သက်ဝယ်လာတယ်ထင်နေလား"
ဖန်ရှီ တစ်ခုတွေးမိသွားသည်။ မသိမသာ မျက်လုံးထောင့်ကပ်ကြည့်သည်။ ကြက်ဘဲများ ဝက်များ သေဆုံးနေသည်ကို မြင်ရသည်။
သူမှန်းချက်လွဲသွားသည်။
သွေးစတေးပညာကို ခုခံနိုင်သည့်နည်းလမ်း တစ်ယောက်ယောက် ရှာတွေ့ထားမည်ကို ဝေ့နန်ဖေး ကြိုမျှော်လင့်ထားပြိးဖြစ်သည်။
ပြိုင်ဘက်ကို လက်ဦးမှုပေးခြင်းထက် တိုက်ခိုက်သည့်ဗျူဟာ ကြိုပြောင်းဖို့ သူဆုံးဖြတ်ခဲ့သည်။
"ကောင်းကင်ခွဲပုဆိန်"
ဝေ့နန်ဖေး ပုဆိန်နှစ်လက်ကို လွှဲရမ်းလိုက်သည်။ ကြွက်သားများဖောင်းထလာသည်။ စွမ်းအားပြည့်သုံး၍ ဖန်ရှန်းကို စင်မြင့်အစွန်းသို့ရောက်အောင် ဖိတိုက်သည်။
အခြေအနေမကောင်း။ သူခြေလှမ်းထပ်ဆုတ်လျှင် ရှုံးတော့မည်။
"ဒီလိုအပေါ်စားအကွက်တွေနဲ့ ငါ့ကိုနိုင်မယ်မထင်နဲ့။ စွမ်းအားက အရေးကြီးဆုံးပဲကွ"
ဖန်ရှန်း အော်ဟစ်လိုက်သည်။ သူ့ဒန်ထန်မှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်၍ ရွှေသန္ဓေတစ်ခု တည်ဆောက်သည်။ ပြည့်ဝသည့် ရွှေသန္ဓေတစ်ခု ပေါ်လာသည်။
တိုက်ပွဲအမြင့်ဆုံးအချိန်တွင် အဆင့်တက်ခြင်းဖြစ်သည်။
သူ့မူလအစီအစဉ်အရ နောက်ထပ်လဝက်ကြာမှ အဆင့်တက်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် သူအရှုံးမခံနိုင်။
စုစည်းခြင်းထိပ်ဆုံးအဆင့်မှ ကျင့်စဉ်ပြန်စသူတစ်ယောက်က အခြေတည်အဆင့်ကောင်လေးတစ်ယောက်ကို ရှုံးမည်ဆိုလျှင် သူသိက္ခာကျမည်။
ထို့ပြင် ပြိုင်ပွဲဆုလာဒ်များက ရွှေသန္ဓေစောစောတည်ဆောက်၍ ဖြစ်ပေါ်လာမည့် ချို့ယွင်းချက်များကို ဖြည့်ဆည်းနိုင်ဖို့ လုံလောက်သည်။
"ဘုန်း"
ဖန်ရှန်း တန်ပြန်တိုက်ခိုက်သည်။ ရွှေသန္ဓေအင့်စွမ်းအားကို အပြည့်ထုတ်သုံးသည်။ အဆင့်တူချင်း ပြိုင်ဘက်ကင်းသည့် ဝေ့နန်ဖေးပင် အခက်ကြုံလာသည်။
"ရွှေသန္ဓေနဲ့ တိုက်ခိုက်တာလား...ရွှေသန္ဓေအဆင့်တက်ပြီး မာန်တက်နေတယ်ပေါ့။ တစ်ခြားလူတွေရော ဒီလိုမလုပ်နိုင်ဘူးထင်နေလား"
ဝေ့နန်ဖေး ဒေါသထွက်လာသည်။ ပြိုင်ပွဲကြောင့်သာမဟုတ်လွန်လျှင် လွန်ခဲ့သည့်လဝက်ကတည်းက သူအဆင့်တက်နိုင်သည်။
"တည်ဆောက်မယ်"
သူ့ဒန်ထန် အပူရှိန်မြင့်လာသည်။ စွမ်းအင်စီးကြောင်းများ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ နေတစ်စင်းနှင့်တူသည့် ရွှေသန္ဓေတစ်ခု ထွက်ပေါ်လာသည်။
ဖန်ရှန်း မျက်လုံးပြူးသွားသည်။ ဝေ့နန်ဖေးက ပြုံးနေသည်။
"ကဲအခု...ကျုပ်တို့နှစ်ယောက်လုံး ရွှေသန္ဓေအဆင့်ဖြစ်သွားပြီ။ ကျုပ်သန္ဓေက အကိုလုယန်လောက်တော့ ကောင်းမှာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားကိုရင်ဆိုင်ဖို့တော့ ကောင်းကောင်းလုံလောက်ပါတယ်"
မှော်လက်စွပ်တစ်ခုထဲမှ တိရိစ္ဆာန်မျိုးစုံထုတ်ပြီး အသက်ဓာတ်စတေးလိုက်သည်။
ထို့နောက်တွင် အံ့ဩစရာသိပ်မရှိတော့။
ဝေ့နန်ဖေး နိုင်သွားသည်။
...
ဒိုင်လူကြီးထိုင်ခုံမှ ချိုးကျင်အန်း စိတ်ပျက်လက်ပျက် မျက်လုံးကိုပွတ်လိုက်သည်။
ဤရှေးဟောင်းကျင့်ကြံသူများသည် ထင်သလောက်လည်း စွမ်းအားကြီးကြပုံမပေါ်။ တိုက်ပွဲအတွေ့အကြုံရှိသော်လည်း အခြေအနေနှင့်လိုက်လျောညီထွေ မလှုပ်ရှားတတ်။
တိရစ္ဆာန်များ၏ အသက်ဓာတ်ဖြင့်လည်း တိုက်ခိုက်စွမ်းအားမြှင့်၍ ရနေသည်မဟုတ်လော...ထိုသို့လုပ်ဖို့ သူတို့ဘာကြောင့် မတွေးမိကြသနည်း။
"တစ်ခြားသက်ရှိတွေရဲ့ အသက်ဓာတ်ကိုစတေးပြီး တိုက်ခိုက်စွမ်းအားမြှင့်တာက နတ်ဆိုးကျင့်စဉ်နဲ့တူနေတယ်"
ယန်တိန့် ခပ်တိုးတိုးရေရွတ်လိုက်သည်။ သို့သော် နတ်မယ်က သူ့စကားကိုကြားသည်။
ယာယီဂိုဏ်းချုပ်အနေဖြင့် ဂိုဏ်၏ဂုဏ်သိက္ခာကို သူထိန်းသိမ်းရမည်။
"အဲလိုတော့ မပြောနဲ့လေ။ ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက နန်းတော်ကထောက်ခံထားတဲ့ နာမည်ကျော်လမ်းမှန်ဂိုဏ်းပါ။ ဘယ်လိုလုပ် နတ်ဆိုးကျင့်စဉ်ပညာမျိုးရှိမှာလဲ။
ပြီးတော့ နတ်ဆိုးကျင့်ကြံသူတွေတောင် ဒီလိုပညာမျိုး မတတ်ပါဘူး"
**************************************