ဖိုင်နယ်ပွဲစပြီ
Vol. 33 Ch. 486
နိုင်ငံ့ဆရာ အတော်ခြေရာဖျောက်ကောင်းသည်။ ပြိုင်ပွဲစချိန်အထိပင် ယွမ်ကျိရှာမတွေ့။
ပြိုင်ပွဲဝင်လူငယ်များက ပျော်ရွှင်စွာ စားသောက်၍ တစ်ရက်လုံး အနားယူခဲ့သည်။ နောက်ဆုံးပြိုင်ပွဲဝင်ပြိုင်ရန် ခွန်အားအပြည့်ရှိနေသည်။
ပြိုင်ပွဲစင်မြင့်မှလေထုက တင်းကြပ်နေသည်။ ဂိုဏ်းမျိုးစံမှ အကြီးအကဲများ သူတို့တပည့်များကို အားပေးနေသည်။ အဆင့်ကောင်းကောင်းရဖို့ မျှော်မှန်းထားသည်။
ဖိုင်နယ်ပွဲထိရောက်လာသည်ကပင် အပြင်လောက၌ ကြွားလုံးထုတ်နိုင်သည်။
ပါရမီရှင်များက ညွှန်ကြားချက်အတိုင်း မဲနှိုက်၍ ပြိုင်ဘက်ရွေးသည်။
ရွှေသန္ဓေအလတ်တန်းဆင့် ကိုယ်စားပြုများဖြစ်သည့် မုန်ကျင်းကျိုး၊ ပိုင်မင်၊ ယန်ထန်ကျိနှင့် လန်ထင်တို့ အတူစုဝေးနေသည်။
"မင်းတို့ပြိုင်ဘက်တွေက ဘယ်သူလဲ"
ပိုင်မင်မေးလိုက်သည်။ ပထဆုံးပြိုင်ပွဲတွင် အချင်းချင်းမတွေ့ချင်သေး။
"ငါ့ပြိုင်ဘက်က ချီထိန်းချုပ်ဂိုဏ်းကပါ"
"ငါ့ပြိုင်ဘက်က ပဟေဠိဂိုဏ်း"
ပထမပွဲတွင် အချင်းချင်းမတွေ့သဖြင့် အားလုံးစိတ်သက်သာရာရသွားသည်။
"စွန်စီးဘုံကျောင်းက တစ်ယောက်မှမမြင်ပါလား။ အဆင့်တိုင်းအတွက် တပည့်တွေလွှတ်မယ်လို့ ပြောခဲ့တယ်မဟုတ်လား"
မုန်ကျင်းကျိုး မျက်လုံးဝေ့ကြည့်သည်။ ဘုန်းကြီးတစ်ချို့တော့ရှိသည်။ သို့သော် စွန်စီးဘုံကျောင်းကိုယ်တော်များ ဟုတ်ပုံမရ။
ပိုင်မင်မျက်မှောင်ကျုံ့သွားသည်။ စွန့်စီးဘုံကျောင်းအခြေအနေနှင့် သူအရင်းနှီးဆုံးဖြစ်သည်။
"ရှီချန်းက ဒီပွဲမှာယှဉ်ပြိုင်နိုင်လောက်အောင် အရည်အချင်းမီပါတယ်"
"တစ်ခုခု ပြဿနာပေါ်လာလို့များလား"
"ဖြစ်နိုင်တယ်"
"ဒီပွဲမှာ လုယန်နှင့်တွေ့ရမယ်လို့ ငါထင်ထားတာ"
ပိုင်မင်ခေါင်းခါနေသည်။ လုယန်ကို သူနှစ်ကြိမ်ရှုံးခဲ့သည်။ ဤပွဲတွင် သူ့သိက္ခာပြန်ဆယ်မည်ဟု တွေးထားသည်။ သို့သော် ရွှေသန္ဓေအလတ်တန်းဆင့် တာအိုလမ်းစဉ်ဂိုဏ်းကိုယ်စားပြုပြိုင်ပွဲဝင်က လုယန်မဟုတ်။ မုန်ကျင်းကျိုးဖြစ်နေသည်။
ယန်ထန်ကျိလည်း နည်းနည်းမကျေမနပ်ဖြစ်နေသည်။ လုယန်နှင့် သူမတိုက်ခိုက်ဖူးသဖြင့် သူ့စွမ်းရည်ကို စမ်းသပ်ကြည့်ချင်နေသည်။
မုန်ကျင်းကျိုး မခိုးမခန့်ပြုံးသည်။
"စိတ်မပူပါနဲ့၊ မင်းတို့ သူနဲ့တွေ့ရမှာပါ။ သူလည်း နောက်ဆုံးပွဲမှာ ပါပါတယ်"
ပိုင်မင် အံ့အားသင့်သွားသည်။
"သူက ရွှေသန္ဓေနောက်ဆုံးအဆင့်ကို တက်သွားလို့လား"
"ဒိုင်လူကြီးထိုင်ခုံတွေဆီကြည့်လိုက်လေ"
မုန်ကျင်းကျိုးက သတိပေးသည်။
ပိုင်မင်၊ ယန်ထန်ကျိနှင့် လန်ထင်တို့ လှမ်းကြည့်သည်။
မသေမျိုးငါးဂိုဏ်း၏ ဂိုဏ်းချုပ်များ ဒိုင်လူကြီးခုံတန်းတွင် ထိုင်နေသည်။ လုယန်က အလယ်တွင်ရှိနေသည်။ သူတို့ကို ပြုံးကြည့်၍ လက်ဝှေ့ယမ်းပြနေသည်။
ပိုင်မင် - "..."
ထိုမြင်ကွင်းမျိုး သူရင်းနှီးနေသည်။
ပြီးခဲ့သည့်တစ်ခေါက် သူတာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်စဉ်ကလည်း လုယန် ထိုနေရာတွင် ထိုင်ခဲ့သည်။
မုန်ကျင်းကျိုး သက်ပြင်းချ၍ လုယန်ဟန်ရေးပြနေသည်ကို မကျေမနပ်ကျိတ်ဆဲသည်။
"လုယန်၊ ကလေကချေကောင်၊ ရာထူးကိုအလွဲသုံးစားလုပ်ပြီး အကြီးအကဲတွေကို မျက်နှာချိုသွေးတယ်။ လက်အောက်ငယ်သားတွေကို ဖိနှိပ်တယ်။ သူကတော့ စင်ပေါ်မှာသာယာနေပြီး ငါ့ကိုဝင်တိုက်ခိုက်ခိုင်းတယ်။ ငါယာယီဂိုဏ်းချုပ်ဖြစ်လာတဲ့ အခါကျရင် မင်းကိုပြန်လက်စားချေမယ်ကွ"
....
ဒိုင်လူကြီးထိုင်ခုံမှလုယန် အကြည့်ပြန်လွှဲ၍ ကိုယ်တော်ကျဲ့ရှားကို လှည့်ကြည့်သည်။
"ကိုယ်တော်၊ စွန်းစီးဘုံကျောင်းက လူမလွှတ်ဘူးလား"
ကိုယ်တော်ကျဲ့ရှားက သူ့ကိုအသံတိတ်လှမ်းကြည့်သည်။ ထိုအကြည့်၏ အဓိပ္ပါယ်က
"ကိုယ့်ဘာသာတွေးကြည့်ပေါ့"
လုယန် သဘောပေါက်လိုက်သည်။ ကျဲ့ရှားကို ပြန်ကြည့်သည်။
"ခင်ဗျားဘာသာတွေးပါ"
လုယန် ကျဲ့ရှားအကြည့်၏ အဓိပ္ပါယ်ကို နားမလည်ပါ။ ကျဲ့ရှားကလည်း သူ့အကြည့်ကိုနားမလည်။
ထိုစဉ် နောက်ဆုံးကျန်နေသည့် ဒိုင်လူကြီး ရောက်လာသည်။ တောက်ပသည့် အဝါရောင်ဝတ်စုံဝတ်ထားသည်။ နှစ်လိုဖွယ်အပြုံးမျိုးရှိသည်။
"ကျန်းချွင် အကြီးအကဲတို့ကို ဂါရဝပြုပါတယ်"
ကျန်းချွင်ဆိုသည့်လူငယ်က လက်နှစ်ဘက်ဆုပ်လျက် လူငါးယောက်ကို နှုတ်ဆက်သည်။
"လောကဝတ်တွေမလိုပါဘူး အိမ်ရှေ့မင်းသား"
လော်ဟုန်ရှားကပြောသည်။ သူ့လက်ထဲတွင် ရတနာသေတ္တာကို ကိုင်ထားဆဲဖြစ်သည်။ ဤနေရာသို့လာသည့်လမ်းတစ်လျှောက်လူအတော်များများက ဤသေတ္တာအတွက် စိုးရိမ်ကြောင်း ပြောကြသည်။
သေတ္တာကိုင်ထားသည့် လော်ဟုန်ရှားကိုကြည့်၍ ကျန်းချွင် စိတ်ဝင်စားသွားသည်။ သို့သော် ထုတ်မမေး။ သခင်မလော်၏ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ဖြစ်မည်ဟု တွေးလိုက်သည်။
ဤပြိုင်ပွဲကို မဟာရှားနန်းတော်မှ ကျင်းပခြင်းဖြစ်၍ နန်းတော်မှလူတစ်ယောက် လွှတ်ဖို့လိုသည်။
ထိုလူသစ် မဟာရှားအိမ်ရှေ့မင်းသားကျန်းချွင်ကို လုယန်မှတ်မိသည်။ ရှားချွန်ဟူသည့် နာမည်တုဖြင့် ချင်းကျိုးပွဲတွင် ချင်းကျိုးနယ်စား၏လက်ထောက်လုပ်ခဲ့သူဖြစ်သည်။
"ဂိုဏ်းချုပ်လုက အသက်ငယ်ငယ်နဲ့ တကယ်ပါရမီထူးတာပဲ"
ကျန်းချွင်က လုယန်ကိုပြောသည်။
သူသည် စုစည်းခြင်းအခြေခံအဆင့်ဖြစ်သည်။ ယခုရှိနေသည့် ဒိုင်လူကြီးခြောက်ယောက်ထဲတွင် ဒုတိယအဆင့်ရှိသည်။ ထို့ကြောင့် ကျင့်စဉ်စွမ်းအားအနိမ့်ဆုံးဖြစ်သည့် လုယန်နှင့် မိတ်ဆွေဖွဲ့ချင်သည်။
အကယ်၍ လုယန်ထွက်ပြေးသွားလျှင် သူသည် စွမ်းအားအနိမ့်ဆုံးဒိုင် ဖြစ်ပေတော့မည်။
ထို့ပြင် အင်ပါယာရှားကလည်း တာအိုလမ်းစဉ်ဂိုဏ်းမှလုယန်နှင့် ရင်းနှီးမှုယူဖို့ သူ့ကိုအထူးတလည် ညွှန်ကြားခဲ့သည်။
သူ့အဖေအင်ပါယာ လုယန်ကို ဘယ်လောက်အလေးထားကြောင်း သိသာသည်။
"ကျုပ်...ကျုပ်အလုပ်ကျိုးစားလို့ အောင်မြင်မှုတွေ အများကြီးရခဲ့တယ်။ ဒီတော့ ကျုပ်ယာယီဂိုဏ်းချုပ်ဖြစ်တာ သင့်တော်ပါတယ်"
လုယန် ကျန်းချွင်ကိုစကားပိတ်၍ ပုံမှန်လေသံဖြင့်ပြောသည်။ ကျန်းချွင်ဘယ်လိုပြန်ပြောရမှန်းမသိတော့။
ဂိုဏ်းချုပ်လုသည် နှိမ့်ချတတ်သည့် ယဉ်ကျေးမှုလောကဝတ် လုံးဝမရှိလေသလော...
"ဂိုဏ်းချုပ်လု တကယ်ကြိုးစားခဲ့ပါတယ်"
အတော်ကြာမှ ထိုစကားတစ်ခွန်း ကျန်းချွင် ဖျစ်ညှစ်ထုတ်လိုက်ရသည်။
ဂိုဏ်းချုပ်လု နှိမ့်ချမှုလုံးဝမရှိသည်မှာ သူ့ခန္ဓာကိုယ်ကို ယာယီဂိုဏ်းချုပ်ဖြစ်သည့် ပဲဝါအရှင်က ထိန်းချုပ်နေသောကြောင့်ဖြစ်သည်။
တကယ့်လုယန်အစစ်က စိတ်နယ်မြေတွင် ပိတ်လှောင်ခံထားရသည်။ အကူအညီမတောင်းတိုင်။ သူ့အဖြစ်က တကယ်ဆိုးဝါး၍ ဝမ်းနည်းစရာကောင်းသည်။ မြင်သူတိုင်းက လက်ခုပ်တီးချင်ကြလိမ့်မည်။
"ချီကျင့်ကြံခြင်းအဆင့်ပြိုင်ပွဲ မကြာခင်စတင်ပါတော့မယ်"
တစ်ခြားအဆင့်များလို အခြေခံ၊ အလတ်တန်း၊ နောက်ဆုံးအဆင့်ဟု ခွဲမထား။ ထိုအဆင့်တွင် အုပ်စုတစ်ခုတည်းသာထားသည်။
ခွဲခြားစရာလည်း မလိုသောကြောင့်ဖြစ်သည်။ ဤပြိုင်ပွဲ၏ ရည်ရွယ်ချက်က ကျင့်စဉ်ပြန်စသည့် ရှေးဟောင်းကျင့်ကြံသူများကို ရွေးထုတ်ဖို့ဖြစ်သည်။
ရှေးဟောင်းကျင့်ကြံသူများသည် ချီသတ္တမအဆင့် အဋ္ဌမအဆင့်များတွင် ကြာကြာနေမည်မဟုတ်။ ချီစုစည်းအဆင့်တါင် အချိန်များများ အကုန်ခံမည်မဟုတ်။ အနည်းဆုံး ချီပြည့်ဝခြင်းအဆင့်တော့ရှိမည်။ အများစုက ချီအဆင့်ကို လွန်မြောက်ပြီးဖြစ်မည်။
ဖိုင်နယ်ပွဲသို့ တက်လာနိုင်သူအားလုံးသည် ချီပြည့်စုံခြင်းအဆင့်ရှိသည်။ အခြေတည်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့သည်။
(**ချီပြည့်စုံခြင်းအဆင့်သည် ချီနဝမအဆင့်ကိုကျော်လွန်၍ အခြေတည်အဆင့်ရောက်ခါနီး အနေအထားဖြစ်သည်။)
မြို့တော်အဆင့်၊ ပြည်နယ်အဆင့်ပွဲများတွင် နဝမအဆင့်က ပြည့်စုံခြင်းအဆင့်ကို နိုင်ခဲ့သည့် ဖြစ်ရပ်တစ်ချို့ရှိခဲ့သည်။ သို့သော် ထိုနဝမအဆင့်ကျင့်ကြံသူများကို ပြိုင်ပွဲမှ ချက်ချင်းဖယ်ထုတ်ခဲ့သည်။
ထိုနဝမအဆင့်များ ဆက်ရင်ဆိုင်ရမည်က သာမန်ချီပြည့်စုံခြင်းကျင့်ကြံသူများမဟုတ်။ အဆင့်တူခြင်းတွင် ပြိုင်ဘက်ကင်းသူများဖြစ်သည်။
"အခုခေတ် ချီကျင့်ကြံသူတွေမရှိတော့တာ ဆိုးတာပဲ။ မဟုတ်ရင် ချီကျင့်ကြံသူတွေ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်တွေကို အနိုင်ယူတာမျိုးတွေ နင်မြင်ရမှာ"
နတ်မယ်က စိတ်မကောင်းသည့်လေသံဖြင့်ပြောသည်။
"ချီကျင့်ကြံသူ...ဟုတ်လား"
"ချီကျင့်ကြံတယ်ဆိုတာ အစောဆုံးကျင့်ကြံသူတွေ ဖန်တီးခဲ့တဲ့ ကျင့်စဉ်စနစ်ပဲ။ ဝမ်းဗိုက်ထဲမှာ လေကိုအဆင့်မပြတ်သန့်စင်ပြီး သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ကြတာ။ စနစ်သဘောတရားအရ ချီသန့်စင်မှုကနေ မသေမျိုးဖြစ်လာနိုင်တယ်"
"ချီကျင့်ကြံသူတွေက အဲလောက်စွမ်းအားကြီးတယ်ပေါ့။ သူတို့ဘာလို့ ပျောက်ကွယ်သွားတာလဲ"
"စွမ်းအားကြီးပေမယ့် ကန့်သတ်ချက်တွေများလွန်းတယ်လေ။ လူနည်းစုလောက်ပဲ ကျင့်ကြံနိုင်ကြတာ။ လူတစ်သန်းမှာ တစ်ယောက်တောင် သတ်မှတ်ချက်ပြည့်မီဖို့ခက်တယ်။ အဲဒီတုန်းက ကျင့်စဉ်စနစ်ဟာ ဖွံ့ဖြိုးဆဲအချိန်ပဲရှိသေးတာ။ ဒီတော့ ချီကျင့်ကြံမှုစနစ်ကို စွန့်ပယ်ကြတယ်။ လက်ရှိခေတ် ချီစုစည်းခြင်းအဆင့်ဟာ ချီကျင့်ကြံသူတွေရဲ့စနစ်ကနေ ပြောင်းလဲလာတာ။
တစ်နည်းပြောရရင် ချီကျင့်ကြံသူဆိုတာ အလွန်ရှားပါးတယ်။ ကျင့်ကြံနိုင်ပြီဆိုတာနဲ သူတို့ကျင့်စဉ်တိုးတက်နှုန်းက မယုံနိုင်လောက်အောင်မြန်တယ်"
တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက်က နတ်မယ်ဆီသတင်းလာပေးသည်။ ပြိုင်ပွဲတရားဝင်စတော့မည်ဟု အသိပေးခြင်းဖြစ်သည်။
"ချီစုစည်းအဆင့်ပြိုင်ပွဲက ပျင်းစရာပါ။ အခြေတည်အဆင့်လောက် ိစတ်ဝင်စားစရာမကောင်းဘူး"
ယန်တိန့် သမ်းတစ်ချက်ဝေလျက် စင်ပေါ်တက်လာသည့် ချီအဆင့်ပြိုင်ပွဲဝင်နှစ်ယောက်ကို ကြည့်နေသည်။
"ခင်ဗျားအရင်စပါ"
"ဒါဆိုကျုပ် အားမနာတော့ဘူးနော်"
တစ်ယောက်က ရယ်မော၍ သူ့ဓားကိုဆွဲထုတ်၍ ပြိုင်ဘက်ကို ထိုးလိုက်သည်။
ပြိုင်ဘက်မျက်လုံးတွင် ကောက်ကျစ်သည့်အရိပ်တ်စခု ပေါ်လာသည်။ သူ့စွမ်းအင်ရောင် ရုတ်တရက် ထိုးတက်လာသည်။ အခြေတည်အဆင့်သို့ ရောက်သွားသည်။
သို့သော် ပြိုင်ဘက်က ပြုံးလာသည်။ ဓားကို ထိုးသွင်းနေချိန်မှာပင် သူ့စွမ်းအင်ရောင်လည်း တိုးမြင့်လာပြီး အခြေတည်အဆင့်သို့ ရောက်သွားသည်။
ယန်တိန့်ဆန္ဒက တကယ်ဖြစ်လာသည်။ ချီအဆင့်ပြိုင်ပွဲမှ အခြေတည်အဆင့်ပြိုင်ပွဲအဖြစ် ပြောင်းလဲသွားသည်။
*********************************