ကိုယ်ပိုင်ပညာလား"
Vol. 33 Ch. 485
"အရိယဖလသန္ဓေ၊ မသေမျိုးတစ်ဝက်အဆင့်..."
ယင်ယန်အရှင်စကားကြောင့် လူပါချန်း ကျောရိုးထဲမှ စိမ့်တက်လာသည်။
ကူးဖြတ်ခြင်းအဆင့်သို့ရောက်ပြီးနောက် အဆင့်တူကျင့်ကြံသူအသိုင်းအဝိုင်းသို့ သူတရားဝင်ရောက်လာသည်။ သူတို့၏ ကြီးမားသည့်စွမ်းအားနှင့် အနာဂတ်ကျင့်စဉ်လမ်းကြောင်းများကို တဖြေးဖြေးနားလည်လာသည်။
ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ၏ ပန်းတိုင်သည် အရိယဖလသန္ဓေတည်ဆောက်ဖို့ပင်ဖြစ်သည်။
(**အရိယဖလသန္ဓေ/ပုံရိပ်/ပုံပွား ဟု အဆင်ပြောရာသုံး၍ ဘာသာပြန်ခဲ့ပါသည်။
...ထာဝရနတ်မယ်၏ ထာဝရအရိယဖလသည် အတူမရှိ၊ အတုမရှိ။ တစ်လောကလုံးတွင် ထိုအရိယဖလအမျိုးအစားသည် တစ်ခုတည်းသာရှိသည်။ ထို့ကြောင့် မူလအရိယဖလဟု သတ်မှတ်နိုင်သည်။
...ထာဝရအရှင်၏ အရိယဖလသည် နတ်မယ်၏အရိယဖလနှင့်တူသော်လည်း မူလအရိယဖလစွမ်းအားကို မမီ။ ထို့ကြောင့် 'ပုံပွား'ဟုသုံးခဲ့သည်။
...ကူးဖြတ်ခြင်းအဆင့်တွင် အရိယဖလစတည်ဆောက်ကြသည်။ ထိုအရိယဖလသည် 'သန္ဓေ' သို့မဟုတ် 'ပုံရိပ်'အဆင့်သာရှိသေးသည်။ မသေမျိုးများလို ပြည့်ဝသည့် အရိယဖလ သို့မဟုတ် ခိုင်မာသည့် အရိယဖလမျိုးမဟုတ်သေး။
ယခု နိုင်ငံ့ဆရာ၏ အရိယဖလသည် ကံကြမ္မာစွမ်းရည်နှင့်ပတ်သက်သည့် အရိယဖလဖြစ်သည်။ နယ်မယ်ပြန်ရှင်သန်လာချိန်တွင် သူ့အကြောင်းကို အားလုံးမေ့လျော့နေကြသည်။ ထိုအဖြစ်သည် နိုင်ငံ့ဆရာ၏ အရိယဖလနှင့် ပတ်သက်နိုင်ခြေရှိသည်။
ဇာတ်လမ်းရှေ့ဆက်မှသာ သိနိုင်မည်)
အရိယဖလသန္ဓေသည် မပြည့်စုံသေးသည့် အတုမဲ့စည်းမျဉ်းတစ်ခုကို ကျွမ်းကျင်ခြင်း၏ အမှတ်သညာဖြစ်သည်။ မပြည့်စုံသေးသည့်စည်းမျဉ်းစွမ်းအားဟု ဆိုသော်လည်း ကူးဖြတ်ခြင်းအဆင့်အားလုံးကို နှိပ်ကွပ်နိုင်သည်။
ယင်ယန်အရှင် ပေါက်ကရလျှောက်ပြောနေခြင်းမဟုတ်လျှင်၊ မဟာယုနိုင်ငံ့ဆရာသည် တကယ်မသေမျိုးတစ်ဝက်အဆင့်ဖြစ်လျှင် အခြေအနေက တကယ်အန္တရာယ်များသည်။
ထိပ်သီးဂိုဏ်းများ၏ ဘိုးဘေးများလည်း ထိုအချက်ကို ကောင်းစွာနားလည်သည်။
စုစည်းခြင်းအဆင့်ကျင့်ကြံသူအများစုက အရိယဖလအကြောင်း မသေမျိုးတစ်ဝက်အဆင့်များအကြောင်း သိပ်မသိကြ။
သို့သော် ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးများ မျက်နှာပျက်နေသည်ကိုကြည့်၍ မဟာယုနိုင်ငံ့ဆရာသည် ထင်ထားသည်ထက်ပိုစွမ်းအားကြီးကြောင်း ရိပ်စားမိကြသည်။
လူပါချန်းက ယာယီဂိုဏ်းချုပ်လုယန်ကို အကဲခတ်သည်။ လုယန်မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။
မဆန်းလှပါ။ ဤလူငယ်သည် ယာယီဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဂိုဏ်းချုပ်လောင်းအဖြစ် လေ့ကျင့်ပျိုးထောင်ထားသော်လည်း အရိယဖလလို မသေမျိုးတစ်ဝက်အဆင့်လို အကြောင်းများကျုသိဖို့ အရည်အချင်းမမီသေး။
သူသာသိခဲ့လျှင် ထိုမျှတည်ငြိမ်နေမည်မဟုတ်။
လုယန်က ထာဝရနတ်မယ်နှင့် အဆက်မပြတ်စကားပြောရင်း အလုပ်များနေသဖြင့် လူပါချန်းအကြည့်ကို သတိမထားမိ။
"ဘာမသေမျိုးတစ်ဝက်လဲ။ ဒီလိုလူမျိုးကို လက်သီးတစ်ချက်တည်းနဲ့ ငါအလဲထိုးပစ်လိုက်လို့ရတယ်။ ရှေးဟောင်းခေတ်မှာတုန်းက မသေမျိုးတစ်ဝက်တွေ ငါ့ရှေ့မှာဒူးထောက်ပြီး ငါ့ဩဝါဒကို ခံယူကြတာ"
နတ်မယ် ကြွားလုံးထုတ်သည်။ မသေမျိုးတစ်ဝက်များကို အရေးမစိုက်။
လှုပ်ကုလားထိုင်တစ်ခုတွင်ထိုင်ရင်း ရှေ့တိုးနောက်ငင် လွှဲယမ်းနေသည်။ သူ့ဂါဝန်က လေနှင့်အတူ ဝဲပျံနေသည်။ ဖြူဖွေးသည့် သူ့ခြေသလုံးသားများ အနည်းငယ်ပေါ်လာသည်။
မသေမျိုးတစ်ဝက်ဆိုသည်မှာ မသေမျိုးအစစ်မဟုတ်။
ရှေးဟောင်းခေတ်က မသေမျိုးတစ်ဝက်အဆင့်စွမ်းအားရှင် များစွာရှိခဲ့သည်။ သို့သော် သူတို့ငါးယောက်သာ မသေမျိုးအစစ်ဖြစ်လာသည်။
"ဒုလက်ထောက်၊ နင်အရိယဖလတစ်ခုလိုချင်လား။ ငါပေးမယ်လေ"
"အရိယဖလဆိုတာ ကူးဖြတ်ခြင်းအဆင့်ရောက်မှ ဖန်တီးနိုင်တာမဟုတ်လား"
လုယန် အံ့အားသင့်သွားသည်။ သူသိထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
"ငါရှိနေတာပဲလေ။ နင့်ကို အရိယဖလသန္ဓေတစ်ခု ငါအတင်းပေးလို့ရပါတယ်"
နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် အာမခံသည်။
လုယန်က အခိုင်အမာ ခေါင်းခါငြင်းသည်။ သူ့စိတ်ထဲတွင် တော်လှန်ချင်သည့် ရည်ရွယ်ချက်များရှိသည်။ ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ချင်သည်။ ထာဝရမျိုးဆက်ထဲမှ ရုန်းထွက်ချင်သည်။
"မသေမျိုးတစ်ဝက်ဆိုတော့...နည်းနည်း ဒုက္ခများမှာပဲ"
ယွမ်ကျိ တီးတိုးပြောသည်။ ပွဲတော်ထဲတွင် ပုန်းခိုနေသည့် မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် ရုတ်တရက်လှုပ်ရှားလျှင်၊ သူ့ကိုချက်ချင်းဖမ်းချုပ်နိုင်ခဲ့လျှင်ပင် ထိခိုက်ပျက်စီးမှုတော့ ရှိလာမည်။
"ဒါပေမယ့် မစိုးရိမ်ကြပါနဲ့။ ကျွန်မတို့ဂိုဏ်းမျာ မသေမျိုးတစ်ဝက်အဆင့် အလစ်တိုက်ခိုက်တာတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်"
ယွမ်ကျိက အာမခံသည်။
"တာအိုလမ်းစဉ်ဂိုဏ်းမှာ မသေမျိုးတစ်ဝက်တစ်ယောက် ရှိတယ်ပေါ့"
လူပါချန်း အကဲစမ်း၍မေးသည်။
ယွမ်ကျိက အေးစက်စက်သာစိုက်ကြည့်နေသည်။
အားလုံး မင်သက်မိနေသည်။ ဂိုဏ်းတွင် မသေမျိုးတစ်ဝက်အဆင့်မရှိလျှင်ပင် ရင်ဆိုင်ဖို့ နည်းလမ်းများရှိကြောင်း နားလည်သွားသည်။
"ကျုပ်တို့ဂိုဏ်းကနေ ရတနာတစ်ခုသွားယူပြီး ကူညီရမလား"
ချိုးကျင်အန်းက မေးသည်။ မသေမျိုးငါးဂိုဏ်းသည့် အရေးကြီးသည့်အချိန်တွင် အတော်စည်းလုံးနေကြဆဲဖြစ်သည်။
ယွမ်ကျိခေါင်းခါသည်။
"ရတနာတိုင်းက သူ့နေရာနဲ့သူသုံးနေရတာ။ ဂိုဏ်းကနေ ချက်ချင်းသွားထုတ်လာဖို့ မလိုပါဘူး"
"ကောင်းပါပြီ"
ယွမ်ကျိက မလိုဟုပြောလျှင် တကယ်မလို၍ဖြစ်သည်။ သိက္ခာထိန်းရုံပြောနေခြင်းမဟုတ်ဘဲ တကယ်ယုံကြည်ချက်ရှိကြောင်း ချိုးကျင်အန်း ရိပ်စားမိသည်။
"ဒီမဟာယုကျင့်ကြံသူတွေကို ဘယ်လိုလုပ်မလဲ"
"လောလောဆယ် ဒီသေတ္တာထဲမှာပဲ ပိတ်ထားလိုက်ပါ။ သူတို့ကိုနှိပ်ကွပ်ဖို့ ကူညီခဲ့တဲ့ အကြီးအကဲတွေအားလုံးကို ပွဲတော်ပြီးရင် ပါဝင်လှုပ်ရှားခဲ့တဲ့ အတိုင်းအတာကိုလိုက်ပြီး ဆုချီးမြှင့်ပေးပါ့မယ်"
မည်သို့ဆိုစေ သူတို့သည် တိုက်ခိုက်ဖို့နှင့် မေးမြန်းစုံစမ်းဖို့ ကူညီခဲ့သဖြင့် သူ့အတွက် အတော်လေးအချိန်ကုန်သက်သာသွားသည်။
အားလုံး၏မျက်လုံးများ အရောင်လက်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ပွဲတော်သို့လာတက်သည်မှာ ဆုံးဖြတ်ချက်မှန်သွားသည်ဟု တွေးနေကြသည်။ အရိုက်အနှက်ခံခဲ့ရသော်လည်း ထိုက်တန်သည်။
မဟာယုကျင့်ကြံသူများသည် လူပုဂ္ဂိုလ်အားဖြင့် တန်ဖိုးမရှိ။ တန်ဖိုးရှိသည်က သူတို့သိထားသည့် သတင်းအချက်အလက်များ၊ အထူးသဖြင့် ရတနာရှိသည့် တည်နေရာများသာဖြစ်သည်။
ထိုရတနာများထဲတွင် ပျောက်ကွယ်သွားသည့် သဘာဝရတနာ များစွာပါသည်။ သူတို့တန်ဖိုးက တိုင်းတာ၍မရ။
ထိပ်သီးဂိုဏ်းတစ်ချို့ ရတနာတည်နေရာတစ်ခုသိ၍ အတူခွဲယူလျှင်ပင် အကျိုးအမြတ်များစွာ ရနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းက အကျိုးရှိခဲ့ပြီးဖြစ်သည်။ ယွမ်ကျိက ကပ်ဆိုးအရှင် ၊ စန်းလဲ့အရှင်နှင့် တစ်ခြားလူများကို အကြမ်းနည်းဖြင့် စစ်ဆေးမေးမြန်း၍ ရတနာတို့၏ တည်နေရာများကို ဖော်ထုတ်ခဲ့သည်။
ဟန်ရွှေ့မှ လုယန်ပြန်လာချိန်တွင် မစ်ရှင်ခန်းမ၌ တိုင်ပုဖန်မရှိဘဲ အကြီးအကဲချင်ရှိနေသည်မှာ တိုင်ပုဖန်ကို ယွမ်ကျိက ရတနာများတူးဖေါ်ယူရန် စေလွှတ်ထားသောကြောင့်ဖြစ်သည်။
သူတို့ ရတနာသေတ္တာထဲမှထွက်၍ လမ်းပေါ်သို့ ပြန်ရောက်လာသည်။
ပြိုင်ပွဲဝင်ရန် ရောက်လာသည့် ပါရမီရှင်များ ထိုမြင်ကွင်းကိုကြည့်၍ မင်သက်မိနေသည်။ အားလုံးက အဆင့်မြင့်စွမ်းအားရှင်များဖြစ်သည်။ ဘာကြောင့် ထိုပုဂ္ဂိုလ်အားလုံး သေတ္တာထဲမှ ထွက်လာကြသည်မသိ။
သူတို့သည် တကယ်ပါရမီထူးပါသည်။ သို့သော် ထိုပုဂ္ဂိုလ်ကြီးများနှင့် တန်းတူအဆင့်ရောက်ဖို့ နာမည်ကျော်ဖို့ များစွာလိုသေးသည်။ မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခုကြောင့် သူတို့ကျင့်စဉ်လမ်းလည်း ပိတ်ဆို့သွားနိုင်သည်။
ထိုလူများသည် စုစည်းခြင်းအဆင့်ချည်းသာမဟုတ်။ ဒဏ္ဍာရီ ကူးဖြတ်ခြင်းအဆင့်များလည်းပါသည်။
ကူးဖြတ်ခြင်းအဆင့်များသည် အနေကျစ်လျစ်သည်။ တစ်သက်တစ်ခါ မြင်ရဖို့မလွယ်။
ပါရမီရှင်များ စိတ်လှုပ်ရှားလာပြီး တီးတိုးပြောကြသည်။
"ဟိုလူကိုကြည့်။ အဲဒါ ချီထိန်းချပ်ဂိုဏ်းက ချီတစ်ခုအရှင် မဟုတ်လား။ ငါတို့ဂိုဏ်းက ချီတစ်ခုအရှင်ဆီကနေ အကူအညီတစ်ခါတောင်းဖူးတယ်။ သူ့ပုံတူပန်းချီ ငါတို့မှာရှိတယ်"
"ပြီးတော့ ရုပ်သေးအရှင်လည်းပါတယ်။ စွမ်းအားအကြီးဆုံး ရုပ်သေးသခင်ပဲ။ သူ့ရုပ်သေးကြိုးတွေက လူတွေကို ရုပ်သေးလိုထိန်းချုပ်နိုင်စွမ်းရှိတယ်ပြောကြတယ်"
"ဟိုလူက ကူးဖြတ်ခြင်းအဆင့်တက်စ လူပါချန်းပဲ"
"ဘုရားရေ၊ ကူးဖြတ်ခြင်းကျင့်ကြံသူတွေ အများကြီးပါလား"
"ဂိုဏ်းချုပ်လုကိုတွေ့လား။ ဟိုပုဂ္ဂိုလ်ကြီးတွေနဲ့ ရယ်ရယ်မောမောစကားပြောနေတယ်။ စိတ်လှုပ်ရှားတဲ့အရိပ်လုံးဝမရှိဘူး"
"သူ့ကို နောက်တက်မယ့်ဂိုဏ်းချုပ်အဖြစ် ယာထားတာ အံ့ဩစရာမရှိတော့ပါဘူး။ ငါသာဆိုရင် စိတ်လှုပ်ရှားလွန်းလို့ စကားတောင်ပြောနိုင်မှာမဟုတ်ဘူး"
လုယန်သည် စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်များသာမဟုတ်။ မသေမျိုးများနှင့် စကားပြောလျှင်ပင် စိတ်မလှုပ်ရှားပါ။
ချီတစ်ခုအရှင်က ကိစ္စတစ်ခု ရုတ်တရက်တွေးမိသည်။
"နေဦး...သေတ္တာထဲမှာ ကူးဖြတ်ခြင်းသုံးယောက်နဲ့ စုစည်းခြင်းအဆင့်သုံးဆယ်လောက်ရှိတယ်။ အားလုံးကို သေတ္တာက ထိန်းထားနိုင်မှာမဟုတ်ဘူး"
ရတနာသေတ္တာ ပြင်းထန်စွာ တုန်ခါလာသည်။ အထဲမှလူများ ရုန်းထွက်ရန်ကြိုးစားနေပုံရသည်။
"စိတ်မပူပါနဲ့"
ယွမ်ကျိက လက်ညှိုးကိုကိုက်၍ သေတ္တာပေါ်တါင် သွေးတံဆိပ်တစ်ခု ညင်သာစွာရေးဆွဲလိုက်သည်။ သေတ္တာက ချက်ချင်းတုန်ခါမှုရပ်သွားသည်။
ချီတစ်ခုအရှင် ယွမ်ကျိကို ထူးဆန်းသည့်အမူအရာဖြင့်ကြည့်သည်။ သူနှင့်ပြောဆိုခဲ့သည့် အကြောင်းအရာများကို ပြန်သတိရလာသည်။
တာအိုလမ်းစဉ်ဂိုဏ်းမှာ မသေမျိုးတစ်ဝက်အဆင့်တွေကို ရင်ဆိုင်နိုင်တဲ့နည်းလမ်းရှိတယ်လို့ မင်းပြောခဲ့တယ်။ အဲဒါ မင်းကိုယ်တိုင်လား....
ယွမ်ကျိ ရတနာသေတ္တာကို လော်ဟုန်ရှားထံ ပြန်ပေးသည်။
"အထဲမှာ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ရှိတယ်။ သေချာဂရုစိုက်ပါ နန်းတော်သခင်"
လော်ဟုန်ရှား သေတ္တာကို လွတ်ကျမတတ်ဖြစ်သွာသည်။
"စိတ်မပူပါနဲ့ မိတ်ဆွေလော်၊ ယွမ်ကျိက သေတ္တာပေါ်မှာ တံဆိပ်တစ်ခု ထပ်ဖြည့်ပြီးပြီ။ ပြဿနာမရှိနိုင်ပါဘူး"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ပြဿနာရှိလာရင်တောင် ကျုပ်တို့အားလုံး ခင်ဗျားကို ကူညီပေးမှာပါ"
လူအားလုံး လော်ဟုန်ရှားနားသို့ ဝိုင်းအုံလာကြသည်။ အမှန်တော့ သေတ္တာကို ဝိုင်းအုံခြင်းဖြစ်သည်။ အထဲတွင်ရှိနေသည့် အကျိုးအမြတ်က အလွန်ကြီးမားသည်။
ညွှန်ကြားချက်များပေးပြီးနောက် ယွမ်ကျိ ဝိညာဉ်အာရုံဖြန့်လိုက်သည်။ ပထမဆုံး မဟာယုကျင့်ကြံသူများပြောခဲ့သည့် 'စုရပ်'နေရာကိုကြည့်သည်။ သို့သော် နိုင်ငံ့ဆရာကို မတွေ့ရ။ ထို့နောက် သူ့အာရုံကို တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေအတွင်း ဖြန့်လိုက်သည်။ သို့သော် နိုင်ငံ့ဆရာကို ရှာမတွေ့"
"မဟာယုနိုင်ငံ့ဆရာကို ရှာတွေ့လား အမယွမ်"
ယွမ်ကျိ လေးပင်စွာ ခေါင်းခါသည်။
"မတွေ့ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ သူရှိနေသေးရင် ငါအာရုံမခံနိုင်တာ ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ သူ့အရိယဖလစွမ်းအားကြောင့်ဖြစ်မယ်။ ဒါမှမဟုတ် သူက ယာယီလေဟာနယ်တစ်ခု ဖွင့်ထားလို့ဖြစ်မယ်။
သူ့သဲလွန်စကို ငါဆက်ရှာမယ်။ ပွဲတော်ကိုပုံမှန်အတိုင်း ဆက်သွားပါ"
*****************************************