← Chapters

နိုင်ငံ့ဆရာ၏ အရိယဖလသန္ဓေ

Vol. 33 Ch. 483

နိုင်ငံ့ဆရာ၏ အရိယဖလသန္ဓေ

Vol. 33 Ch. 483

နိုင်ငံ့ဆရာ၏ အပြင်ပန်းဟန်ပြ ကျင့်စဉ်စွမ်းအားက စုစည်းခြင်းအဆင့်ဖြစ်သည်။ သို့သော် ထိုဟန်ဆောင်မှုသည် ကူးဖြတ်ခြင်းအဆင့် သို့မဟုတ် စုစည်းခြင်းအဆင့်များကိုသာ လှည့်စားနိုင်သည်။ အဆင့်တူချင်းကို မလှည့်စားနိုင်ပေ။

သူတကယ်အလေးအနက် ကြိုးစားဟန်ဆောင်မည်ဆိုလျှင်တော့ အဆင့်တူခြင်းကို လှည့်စားနိုင်ခြေရှိပါသည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်နှင့် တွေ့ရမည်ဟု သူထင်မထား။

နိုင်ငံ့ဆရာ ရင်ထိတ်လာသည်။ ယခုမှ မသေမျိုးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းသာရှိသေးသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ချို့တွေ့ရသည်ပင် အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။ ဘာကြောင့် မသေမျိုးတစ်ဝက်အဆင့် ရှိနေရသနည်း။

ထာဝရအရှင် နိုင်ငံ့ဆရာကို ခပ်တင်းတင်းကြည့်သည်။

အဆင့်တူကျင့်ကြံသူနှစ်ယောက်ကြား ထူးခြားသည့်ပညာရပ်မျိုးမရှိလျှင် တစ်ဘက်လူ၏ ကျင့်စဉ်စွမ်းအားကို ထိုးဖောက်သိဖို့ မဖြစ်နိုင်။

ထိုးဖောက်မသိလျှင် ဖြစ်နိုင်စရာအကြောင်း နှစ်ခုသာရှိသည်။ ပြိုင်ဘက်က ကိုယ့်ထက်စွမ်းအားကြီး၍ သို့မဟုတ် ကိုယ်နှင့်တန်းတူစွမ်းအားရှိ၍ဖြစ်သည်။

ကျယ်ပြန့်သည့်ဤလောကတွင် မသေမျိုးတစ်ယောက်ကို တွေ့နိုင်ဖို့က အလွန်တရာခဲယဉ်းသည်။

ထို့ကြောင့် တစ်ဘက်လူသည် မသေမျိုးတစ်ဝက်အဆင့်သာဖြစ်ရမည်။

အရိယဖလပုံရိပ်(သန္ဓေ) ပိုင်ဆိုင်ထားသူများကို မသေမျိုးတစ်ဝက်အဆင့်ဟု သတ်မှတ်နိုင်သည်။

ရန်သူလား...မိတ်ဆွေလား...

နိုင်ငံ့ဆရာ သတ္တိမွေးလိုက်သည်။ တစ်ဘက်လူက မသေမျိုးတစ်ဝက်ဖြစ်လျှင်ပင် ယခု ဝိညာဉ်ခန္ဓာသာရှိသည်။ သူ့တိုက်ခိုက်စွမ်းအား များစွာလျော့ပါးနေမည်။ မြန်မြန်အနိုင်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်။

ဆုံးဖြတ်ချက်ချ၍ သူနှစ်သုံးထောင်ကြာအောင် သန့်စင်ထားသည့် မသေမျိုးတစ်ဝက်အဆင့် ရှစ်မြှောင့်ပန်းကန်ပြားကို ထုတ်လိုက်သည်။ ပန်းကန်ပြားကို ကြမ်းပြင်ပေါ် ရိုက်ခွဲလိုက်သည်။ ကွဲသွားသည့် အပိုင်းအစများက အလုံပိတ်လေဟာနယ်တစ်ခု ဖန်တီးသည်။

နှစ်ယောက်လုံးကို ပိတ်လှောင်ထားသည်။ ထို့နောက် အရိယဖလစွမ်းအားဖြင့် ထာဝရအရှင်၏ အပြင်လောကနှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

(**နိုင်ငံ့ဆရာ၏ အရိယဖလစွမ်းရည်သည် အကြောင်းအကျိုးအဖြစ်အပျက်များကို မေ့လျော့စေသည့် ကံကြမ္မာအဆက်ဖြတ်ခြင်းစွမ်းအားမျိုးဖြစ်သည်)

......

"ဒီနေ့ရောင်းကောင်းတယ်ဟေ့။ မသေမျိုးအရှင်ကတော့..."

ဂိုဏ်းချုပ်က အသားတံစို့ထိုးရင်းပြောသည်။

ရုတ်တရက် သူစကားရပ်သွားသည်။

မသေမျိုး....ဘာမသေမျိုးလဲမသိ...

ဂိုဏ်းချုပ် ဖောက်သည်များပြည့်ကြပ်နေသည့် ဆိုင်လေးထဲသို့ မျက်လုံးဝေ့ကြည့်သည်။ သခင်ကောင်းနှင့် သခင်လျိုတို့ အလုပ်များနေသည်။ အကြီးအကဲများက အသားကင်ပန်းကန်များ ချပေးနေသည်။ သိမ်းဆည်းဆေးကြောနေသည်။ သရဲမသုံးယောက်က တံခါးဝတွင် ဖောက်သည်များကို ကြိုဆိုနေသည်။

"လောင်ကောင်း၊ လောင်လျို၊ တစ်ယောက်ယောက် ပျောက်နေသလို မခံစားရဘူးလား"

သခင်ကောင်းနှင့် သခင်လျိုက အူတူတူဖြင့် ဆိုင်ထဲသို့ မျက်လုံးဝေ့ကြည့်သည်။

"မ‌ပျောက်ပါဘူး။ အားလုံးရှိနေတာပဲမဟုတ်လား"

"ဟုတ်လား"

ဂိုဏ်းချုပ် မျက်မှောင်ကျုံ့သည်။ ထိုနောက် တဖြေးဖြေးပြန်လည်ပြေလျော့သွားသည်။

"ငါစိတ်ထင်လို့ပဲဖြစ်မှာပါလေ"

.....

"ရန်သူ"

ထာဝရနတ်မယ် နိုင်ငံ့ဆရာလက်ချက်ကြောင့် အငိုက်မိပြီး ကျဉ်းမြောင်းသည့်လေဟာနယ်ထဲတွင် ချက်ချင်းပိတ်မိသွားသည်။ တစ်ဘက်လူက သူ့ကိုသတ်ဖို့ရည်ရွယ်ထားကြောင်း ထင်ရှားနေသည်။

သူ့ကိုအနိုင်ကျင့်ဖို့ ထိုမျှလွယ်မည်ထင်နေသလားမသိ...

စူးရှစွာ သူတစ်ချက်အော်လိုက်သည်။ ရွှေရောင်အလင်းမျှင်များ ထိုးထွက်လာသည်။ လေဟာနယ်တုန်ခါသွားသည်။ ကောင်းကင်ဓားက အသက်ရင်းမြစ်အားလုံး ဖြတ်တောက်လိုက်သလိုရှိသည်။

"ကောင်းကင်ဓားသုံးလည်း ဘာအရေးလဲ။ ကံကြမ္မာက မဟာယုနဲ့အတူရှိတယ်ကွ။ ....ကပ်ဆိုးတော်ဝင်ကြာပန်း"

နိုင်ငံ့ဆရာ ခပ်တိုးတိုးအော်ဟစ်လိုက်သည်။ ကပ်ဆိုးမြူများလွှမ်းခြုံနေသည့်ကြာပန်းတစ်ပွင့် သူ့မျက်ခုံးနှစ်ခုကြားမှ လွင့်ပျံထွက်လာသည်။

ပွင့်ချပ်များမှ အဖြူရောင်အလင်းစက်ဝန်းတစ်ခု ပြန့်ထွက်လာပြီး နေရာစုံကို ဖုံးလွှမ်းသွားသည်။

ရွှေရောင်ချည်မျှင်များ ကြေမွပျက်စီးသွားသည်။

"ကပ်ဆိုးတော်ဝင်ကြာပန်းလား"

ထာဝရအရှင် အံ့အားသင့်သွားသည်။ ထိုပစ္စည်းသည် ထိပ်တန်းကူးဖြတ်ခြင်းအဆင့် ရတနာဖြစ်သည်။ ကပ်ဆိုးစွမ်းအင်များက ကောင်းကင်လျှပ်စီးကို ချေဖျက်နိုင်သည်။ ကူးဖြတ်ခြင်းအဆင့်သို့ တက်ကြသည့် ကျင့်ကြံသူများ အဓိကသုံးကြသည်။

ထိုပစ္စည်းမျိုးကို ဒဏ္ဍာရီရတနာဟု အမြဲတမ်းယူဆခဲ့ကြသည်။ ပိုင်ဆိုင်သူတစ်ယောက်ရှိသည်ဟု သူတစ်ခါမှမကြားဖူး။

"မင်းက ဗဟုသုတတော့ နည်းနည်းရှိသားပဲ။ ဒါကို မြောက်ပိုင်းနယ်မြေအတွင်းပိုင်းမှာ ငါတွေ့ခဲ့တာ။ ကပ်ဆိုးတောင်တန်းကြီးတစ်ခုလုံးရဲ့ စွမ်းအားရင်းမြစ်၊ ကံကြမ္မာရဲ့သင်္ကေတပဲ"

"သောက်ရေးမပါတာပြောမနေနဲ့။ ကံကြမ္မာ ထာဝရမျိုးဆက်နဲ့အတူရှိတာကွ"

"ထာဝရမျိုးဆက်..."

နိုင်ငံ့ဆရာ မျက်မှောင်ကျုံ့သွားသည်။ ထိုမျိုးဆက်အကြောင်း သူမကြားဖူး။

"ဘာမှမသိတဲ့ကောင်ပဲ။ ထာဝရမျိုးဆက်ဟာ အဓိပဓိစွမ်းအားမျိုးရှိတယ်။ ငါတောင် အဲဒီ့မျိုးဆက်မှာ တတိယနေရာပဲရတာ"

ထာဝရအရှင် လှောင်ပြုံးပြုံးနေသည်။ နိုင်ငံ့ဆရာ ရင်ထိတ်သွားသည်။

မသေမျိုးတစ်ဝက်စွမ်းအားရှင်က တတိယအဆင့်။ သူ့အထက်ကနှစ်ယောက်သည် ဘယ်လိုလူမျိုးဖြစ်မည်နည်း။

အနည်းဆုံးတော့ မသေမျိုးတစ်ဝက်အဆင့်ရှိမည်။

"မီးလောင်တိုက်သွင်းကွပ်မျက်ခြင်းစွမ်းအား"

နိုင်ငံ့ဆရာ သူ့မှော်လက်စွပ်အတွင်းမှ ကြေဝါချောင်းရှစ်ခုထုတ်လိုက်သည်။ ချက်ချင်းကြီးထွားလာပြီး ကြေးဝါတိုင်လုံးကြီးများဖြစ်လာသည်။

"ချုပ်နှောင်စမ်း"

ထာဝရအရှင်ကို နိုင်ငံ့ဆရာ လက်ညှိုးထိုးလိုက်သည်။ ကြေဝါတိုင်လုံးရှစ်ခုမှ သံကြိုးများစွာ ဆန့်ထွက်လာသည်။ ထာဝရအရှင် ရှောင်တိမ်းရန် ကြိုးစားသည်။ သို့သော် သူတစ်ကိုယ်လုံး သံကြိုးများနှင့် အလိုလိုချိတ်ဆက်နေသလို ခံစားရသည်။

လုံးဝရုန်းထွက်မရသည့် မှော်ကျိန်စာစွမ်းအားဖြစ်သည်။

ထာဝရအရှင် သံကြိုးများရစ်ပတ်ဆွဲခေါ်ခံရပြီး ကြေးဝါတိုင်ရှစ်ခုအလယ်တွင် တန်းလန်းဖြစ်နေသည်။

"ဂျိန်း"

အထက်မှ မိုးခြုန်းသံရုတ်တရက် ပေါ်လာပြီး လေထုတုန်ခါသွားသည်။ လျှပ်စီးတန်းက ထာဝရအရှင်ကို ဦးတည်ထိုးဆင်းလာသည်။

"အိပ်မက်လိပ်ပြာစွမ်းအား"

ထာဝရအရှင် မျက်လုံးမှိတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး မရေမတွက်နိုင်သည့် ကောင်းကင်လိပ်ပြာများအဖြစ် ပြောင်းလဲသွားပြီး သံကြိုးများကြားမှ ရုန်းထွက်သည်။ ထို့နောက် ခန္ဓာကိုယ်ပြန်တည်ဆောက်ပြီး ကြေးဝါတိုင်တစ်ခုထိပ်တွင်ရပ်လျက် သူရှိနေခဲ့သည့်နေရာကို ရိုက်ခတ်လာသည့် လျှပ်စီးတန်းကိုကြည့်သည်။

"ပင်လယ်ပြောင်းပြန်လှန်တံဆိပ်"

နိုင်ငံ့ဆရာ လက်ဝါးကို ဖျတ်ခနဲခါလိုက်သည်။ ပင်လယ်လေပြေသယ်ဆောင်လာသည့် အပြာရောင်တံဆိပ်တစ်ခု အော်ဟစ်မြည်ဟိန်း၍ ထာဝရအရှင်ဆီ လွင့်ပျံသွားသည်။

မဟာယုခေတ်တွင် ပင်လယ်ပြောင်းပြန်လှန်တံဆိပ်သည် အလွန်တရာစွမ်းအားကြီးသည်။ ကူးဖြတ်ခြင်းအဆင့် စစ်သူကြီးတစ်ယောက်က ထိုတံဆိပ်ကိုသုံး၍ ကျူးကျော်လာသည့် ပင်လယ်မျိုးနွယ်တစ်သန်း တစ်ချက်တည်းရိုက်ချခဲ့သည်။ ပင်လယ်ပြင် သွေးချင်းချင်းနီသွားသည်။

သို့သော် အသုံးပြုသူက ကူးဖြတ်ခြင်းအဆင့်သာဖြစ်သည်။ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်သုံးလျှင် စွမ်းအားက ထိုထက်ပိုကြီးမားပေလိမ့်မည်။

"မဟာလွတ်လပ်ခြင်းလက်ဝါး"

လက်ဝါးနှင့်တံဆိပ် ရင်ဆိုင်တွေ့သည်။ နားကွဲမတတ် ပေါက်ကွဲသံပေါ်လာသည်။ သွေးနှင့်အသားစများ လွင့်ပျံထွက်သွားသည်။ ဝိညာဉ်များ ထိခိုက်ကြေမွသွားသည်။

နိုင်ငံ့ဆရာ လက်တစ်ဘက်ပြတ်သွားပြီး သွေးများစီးကျနေသည်။ ကျယ်ပြန့်သည့် သွေးအိုင်တစ်ခု ဖြစ်လာသည်။

သူနှာခေါင်းတစ်ချက်ရှုံ့သည်။ ရှားပါးဆေးမြစ်တစ်ထောင်ဖြင့် သန့်စင်ထားသည့် အားဖြည့်ဆေးတစ်လုံးသောက်လိုက်သည်။ ဒဏ်ရာက ချက်ချင်းပျောက်ကင်းသွားသည်။ အရိုးများ ဆန့်ထွက်လာသည်။ ကြွက်သားများ တွယ်ဆက်သွားသည်။ အရေပြားဖုံးလွှမ်းလာသည်။ သူ့လက်မောင်း ပြန်ပေါ်လာသည်။

"ရုပ်ခန္ဓာဒဏ်ရာတွေကိုတော့ ချက်ချင်းကုနိုင်ပါတယ်။ ဒါပေမယ့် ဝိညာဉ်ဒဏ်ရာကို မင်းဘယ်လိုကုမလဲကြည့်ရသေးတာပေါ့"

ဝိညာဉ်ပျက်စီးသွားသည့် ထာဝရအရှင်ကို သူကြည့်နေသည်။ အနိုင်ရတော့မည်ဟု ယုံကြည်လာသည်။ နောက်တစ်ကြိမ် ပင်လယ်တံဆိပ်ထပ်သုံး၍ တစ်ချက်တည်းအသေသတ်ရန်ပြင်သည်။

ဝိညာဉ်သည် အရေးအကြီးဆုံးဖြစ်သည်။ တစ်ခါပျက်စီးသည်နှင့် မဟာဆေးများပင် အလွယ်တကူ မကုသနိုင်တော့။

"အဲဒွကို မင်းစိုးရိမ်ဖို့မလိုပါဘူး။ ...မဟာလွတ်လပ်ခြင်းလက်ဝါး"

ထာဝရအရှင်နှင့် ရင်ဆိုင်ပြီးနောက် တစ်ခုခုမူမမှန်ကြောင်း နိုင်ငံ့ဆရာ ရိပ်မိသည်။ ပြိုင်ဘက်၏ဝိညာဉ် ထိခိုက်သွားသည်။ ကျင့်စဉ်စွမ်းအားကို ခုနစ်ဆယ်ရှစ်ဆယ်ရာနှုန်းသာ ထုတ်သုံးနိုင်ရမည်။

သို့သော်ယခု ထာဝရအရှင်၏စွမ်းအားက ပြည့်ဝဆဲအနေအထား ဖြစ်နေသည်။

ထာဝရအရိယဖလသန္ဓေရှိလျှင် ဝိညာဉ်ထိခိုက်မှုသည် စိတ်ပူစရာမရှိကြောင်း နိုင်ငံ့ဆရာမသိ။ ပျက်စီးသွားသည့်ဝိညာဉ် ချက်ချင်းပြန်ကောင်းသွားသည်။

အချိန်တိုအတွင်း အကြိမ်ပေါင်းရာချီ ရငဆိုင်တိုက်ခိုက်ကြသည်။ နည်းလမ်းစုံသုံးသည်။ စွမ်းအင်ရောင်များ တောက်ပစူးရှနေသည်။

"အဟွတ်"

နိုင်ငံ့ဆရာ သွေးချောင်းဆိုးနေရသည်။ အရေးနိမ့်လာသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။

ပြိုင်ဘက်၏စွမ်းအားက သူထင်ထားသည်ထက် ကျော်လွန်နေသည်။

ထာဝရအရှင်သည် ထာဝရနတ်မယ်၏ အရိယဖလကိုယ်ပွားအဖြစ် အမြဲတမ်းစွမ်းအားကြီးခဲ့သူဖြစ်သည်။ သို့သော် သူရှင်သန်စအချိန်မှာပင် လုယန်၊ ထာဝရနတ်မယ်နှင့် ယွမ်ကျိတို့က အနိုင်ယူခဲ့သည်။ ဖမ်းဆီးခဲ့သည်။ သူ့စွမ်းအားကိုထုတ်ပြခွင့် ဘယ်တုန်းကမှမရခဲ့။

"ကောင်းပြီလေ၊ ကောင်းပြီ။ ငါမင်းကို လျှော့တွက်ခဲ့မိတာပဲ"

တိုက်ရိုက်ရင်ဆိုင်လျှင် အသာစီးမရနိုင်ကြောင်း သူသိသည်။ ထို့ကြောင့် အရိယဖလကို အသက်သွင်းသည်။ သူနှင့်ထာဝရအရှင်ကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

ထာဝရအရှင်မြင်ကွင်းမှ နိုင်ငံဆရာ တဖြေးဖြေးပျောက်ကွယ်၍ လေဟာနယ်နယ်နှင့်ပေါင်းစပ်သွားသည်။

အန္တရာယ်ကြီးသည့်ရန်သူရှိနေကြောင်း ထာဝရအရှင်အာရုံခံမိသည်။ သူ့ဝိညာဉ်အာရုံကိုဖြန့်၍ ရန်သူ့တိုက်ခိုက်မှုကို သတိဖြင့်စောင့်ကြည့်နေသည်။

ထို့နောက် သူရုတ်တရက် အာရုံလွင့်သွားသလိုခံစားရသည်။ ဇဝေဇဝါမျက်နှာမျိုးပေါ်လာသည်။

"ငါဘာလုပ်နေတာလဲ"

သူမျက်မှောင်ကျုံ့နေသည်။ သူ့မှတ်ဉာဏ်တွင် နေရာလွတ်သွားသယောင်ရှိသည်။ အဖြစ်အပျက်ကို ဆက်စပ်စဉ်းစားမရ။

နိုင်ငံ့ဆရာက လေဟာနယ်ထဲတွင် ပုန်းအောင်းရင်း တိုက်ခိုက်ဖို့ အချိန်ကောင်းကိုစောင့်နေသည်။

သူကျင့်ကြံခဲ့သည်က ကြောင်းကျိုးဆက်စပ်မှု(ကံကြမ္မာ) အရိယဖလဖြစ်သည်။ လက်ရှိတွင် သန္ဓေပုံရိပ်အဆင့်ဖြစ်သည်။

ထိုအရိယဖလသည် အကြောင်းအကျိုးဆက်စပ်မှုကို အလိုရှိသလို ထိန်းချုပ်နိုင်သည်။ လောကမှ အရာအားလုံးသည် အကြောင်းအကျိုးဆက်စပ်မှုဖြင့် ဖြစ်ပေါ်နေသည်။ လူတို့၏ ခင်မင်ရင်းနှီးမှု၊ ဆက်သွယ်မှု၊ မုန်းတီးမှု အားလုံးက အကြောင်းအကျိုးဆက်စပ်မှု၏ အစိတ်အပိုင်းများဖြစ်သည်။

လူများကြားမှ အကြောင်းအဆိုးဆက်စပ်မှုကို ဖြတ်တောက်လိုက်လျှင် တစ်ယောက်အကြောင်း တစ်ယောက်မေ့သွားသည်။

မြစ်ဝိညာဉ် နိုင်ငံ့ဆရာတို့လူစုကို သတိမပြုမိခဲ့။ ထာဝရဂိုဏ်း၏ထိပ်သီးဂိုဏ်းဝင်များ မသေမျိုးအရှင်အကြောင်း မေ့သွားသည်။ ထာဝရအရှင်က နိုင်ငံ့ဆရာအကြောင်း မေ့သွားသည်။..အားလုံးက ကြောင်းကျိုးဆက်စပ်မှုအရိယဖလ၏ သက်ရောက်မှုကြောင့်ဖြစ်သည်။

နိုင်ငံ့ဆရာက ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက်ကို သတ်ခဲ့သည်ကလည်း သူ့ဖြစ်တည်မှုကို ပြိုင်ဘက်များမေ့လျော့အောင်လုပ်ပြီး တစ်ယောက်ချင်းသတ်ခဲ့ခြင်းဖြစ်သည်။

*****************************************

All Chapters