← Chapters

လူသားတီကောင်

Vol. 24 Ch. 298

လူသားတီကောင်

Vol. 24 Ch. 298

အဖြူရောင်ဝတ်ရုံနှင့် လူငယ်က သွေးစက်များ ကင်းစင်၍ သန့်ရှင်းစင်ကြယ်သော ဟန်ပန်ဖြင့် ခန်းမအပြင်သို့ ထွက်လာသောအခါ မဟာကျောင်းတော် တပည့်များ သောင်းသောင်းဖြဖြ အားပေးနေကြသည်။ ဖုလုံရှန်းသည် ဒေါသကြောင့် မျက်လုံးများနီရဲ၍ လက်တစ်ဖက်တစ်ချက်တွင် ဓားနှင့် တံဆိပ်ဆွဲကိုင်ကာ ရှူးရှူးရှားရှား ဖြစ်နေခဲ့၏။ သူ၏ ဘဝတလျှောက် ရှုံးပွဲမရှိသောကြောင့် ယွမ်ရှောင်အတွက် ထိုက်တန်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်နေသည်။ ဖုလုံရှန်းအတွက်မူ အခြားလူများ၏ အထင်သေးသော အကြည့်အောက်တွင် သည်းမခံနိုင်ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာအရ တစ်ပန်းရှုံးခဲ့သည်။ သူက ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းဟု ထင်မှတ်ထားပြီး တံဆိပ်နှင့် ဓား နှစ်မျိုးလုံးကျွမ်းကျင်သူဟု သွေးနားထင်ရောက်နေကာ ကပ်ဘေးတံဆိပ်ငရဲတွင် လေးစားခံရသူလည်း ဖြစ်၏။ သို့ရာတွင် လက်ရှိ၌ ငရဲကိုးထပ်၏ လောကအလွှာတစ်ခုတွင် အားနည်းသူများရှေ့မှောက်တွင် မရှုမလှ ဖိနှိပ်နေရသည်။

"သေစမ်း"

ဖုလုံရှန်းသည် အော်ဟစ်ကြုံးဝါး၍ စွမ်းအားမြှင့်တင်လိုက်သော်လည်း မသိစိတ်မှ သိမ်ငယ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အားနည်းနေခဲ့သည်။ သူက ယွမ်ရှောင်ထံ ပြေးဝင်သွားသည်နှင့်တပြိုင်နက် တံဆိပ်ရော ဓားပါ လှုပ်ရှားလာကြပြီး လှိုင်းနက်အမည်ဟု တာအိုဂါထာ အသက်သွင်းလိုက်သောကြောင့် ထောင်ချီတံဆိပ်တစ်ခုလုံး မည်းနက်သွားသည်။ အနက်ရောင် အလင်းတန်းများက ယွမ်ရှောင်ကိုသာမက မဟာကျောင်းတော်တပည့်များကိုပါ ချိန်ရွယ်ထားပြီး ကောက်ကျစ်သော လှည့်ကွက်တစ်ခုပင်။ အကယ်၍ ယွမ်ရှောင်သည် ထိုလူငယ်များကို ကာကွယ်မပေးလျှင် ဤဂါထာ၏ စွမ်းအင်က အားလုံးကို သတ်ပစ်နိုင်ပေလိမ့်မည်။ ထို့နောက် သူက ကပ်ဘေးဓားဖြင့် ဝိညာဥ်ဓားသိုင်း၊ ကြာပန်းဓားချက်ဖြင့် ထပ်မံပိုင်းချလိုက်ပြီး အမြစ်မဲ့မြက် ဓားကွက်ကဲ့သို့ သေခြင်းတရားစွမ်းအင်များ ပါဝင်နေသည်။ ကပ်ဘေးဓား၏ စွမ်းအင်က ယွမ်ရှောင်၏ ဦးခေါင်းအထက်တွင် ကြာပန်းပမာ စုဝေးလာပြီး လက်နက်တစ်ခုထက် မကောင်းဆိုးဝါးတစ်ကောင်နှင့် ဆင်တူလာခဲ့သည်။

"တံဆိပ်ကတော့ အစစ်အမှန်ဆိုပေမယ့် ဓားကတော့ ဝိညာဥ်မရှိတဲ့ အတုပဲ"

ယွမ်ရှောင်က အေးစက်စက် မှတ်ချက်ပေးလိုက်ပြီး သေခြင်းတရား ချဥ်းကပ်လာသည့်တိုင်အောင် မဟာကျောင်းတော် တပည့်များသည် သူ့ကို ယုံကြည်သဖြင့် တုတ်တုတ်မျှမလှုပ်ဘဲ အားပေးနေဆဲပင်။ နတ်ဘုရားတိုက်ကြီး၏ အရှင်သခင်ဖြစ်လာသော ယွမ်ရှောင်သည် ဘယ်လက်ကို တစ်ချက်ယမ်းလိုက်သောအခါ အနက်ရောင်ဝဲတစ်ခု ဖြစ်တည်လာကာ လှိုင်းနက်ဂါထာကို ချက်ချင်း ဝါးမျိုပစ်လိုက်သည်။

"ဘာကြီးလဲ"

၎င်းသိုင်းကွက်တွင် ဝူကျိတာအိုသိုင်းနှင့် လှိုင်းနက်ဂါထာကို ပူးပေါင်းထားသဖြင့် နားလည်နိုင်စွမ်းမရှိသော ဖုလုံရှန်းမှာ ရင်ထိတ်သွားသည်။ ၎င်းဂါထာသည် ကပ်ဘေးတံဆိပ်ငရဲ၏ မူပိုင်ဖြစ်သော်လည်း ဓားအပျက်အစီးနယ်မြေ၏ အမည်ခံ ဓားအင်မော်တယ်က တတ်မြောက်နေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်၏။ ထို့ကြောင့် သူက ဇဝေဇဝါဖြစ်နေပြီး စွမ်းအင်အားလုံးကို ဓားဝိညာဥ်တိုင်း ပျက်စီးစေနိုင်သော ကပ်ဘေးဓားအပေါ် စုဝေးလိုက်ရ၏။ ၎င်းက ရုန်းကျင့်ကြံသူတိုင်း၏ ယုံကြည်ချက်ဖြစ်ကာ ဓားကျင့်ကြံသူများအပေါ် အထင်သေးနေသော အကြောင်းအရင်းလည်း ဖြစ်သည်။ သူက ထောင်ချီတံဆိပ်၏ စွမ်းအားကို ဓားထံ ပို့လွှတ်၍ ကြာပန်းဓားချက်ကို မြှင့်တင်လိုက်၏။

"ဝိညာဥ်မရှိတဲ့ ဓားက အလကားပဲ။ လက်နက်အပေါ် အားကိုးနေရင် ဓားသမား အစစ်မဟုတ်ဘူး"

ယွမ်ရှောင်က နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင်သင်္ချိုင်းဓားဖြင့် ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သောအခါ သေခြင်းချီများ လွင့်ပျံလာသည်။ ၎င်းကို ဗဟိုပြု၍ ဓားစက်ကွင်းခုနစ်ခုနှင့် ဓားအော်ရာတစ်သောင်းကျော် ပါဝင်သည့် ကြာပန်းနက်ပုံရိပ်ကြီး ဖြစ်တည်သွားခဲ့သည်။ ဓားချက်အရှိန်အဝါသည် ကောင်းကင်နယ်မြေတစ်ခုလုံးကို မြေအောက်ဘုံရောက်သွားသည့်အလား ထင်မှတ်စေကာ ကလေးငယ်များ အလန့်တကြား ငိုကြွေးကုန်သည်။ ၎င်းက အနုပညာလက်ရာတစ်ခုပမာ လှပနေကာ ဖုလုံရှန်း၏ ကြာပန်းထံ ဘုန်းခနဲ ပစ်ဝင်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ မရေမတွက်နိုင်သော ဓားအလင်းများ လွင့်ပျံလာပြီး မဟာကျောင်းတော်မြေပြင်ကို နက်ရှိုင်းသော ဓားရာများ ဖြစ်ပေါ်လာစေခဲ့သည်။

"အား"

ကပ်ဘေးဓားကို ကိုင်ဆောင်ထားသော ဖုလုံရှန်းသည် ရထားလုံးတစ်စင်း ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ နောက်လွင့်သွားကာ ကြာပန်းပုံရိပ်လည်း ပျက်စီးကြေမွသွား၏။ ဓားနှင့်လူ၏ ဆက်သွယ်ချက်မှာ ပင်လယ်အတွင်း ကျောက်တုံး နစ်မြုပ်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး ကပ်ဘေးတံဆိပ်ငရဲ၏ အဖိုးတန်ရတနာသည် ယွမ်ရှောင်၏ လက်အတွင်း ရောက်သွားခဲ့သည်။ ထိုအခိုက်တွင် သူ၏ စိတ်ဓာတ်ပျက်ပြားသွားကာ မျက်လုံးများပြူးထွက်၍ မယုံနိုင်သော မျက်နှာထားဖြစ်ပေါ်နေ၏။ ဘဝတလျှောက်လုံး ကိုယ့်ကိုကိုယ် အထင်ကြီးနေခဲ့သော်လည်း အစစ်အမှန် ပါရမီရှင်ဟူသော အဓိပ္ပါယ်ကို တစ်ဖက်လူမှ ပြသသွားခဲ့သဖြင့် စိတ်ရောကိုယ်ပါ ချုံးချုံးကျသွားခဲ့သည်။

"နောက်ဘဝရောက်ရင် ငါ့ရှေ့မှာ မောက်မာဖို့ မလုပ်နဲ့"

ယွမ်ရှောင်က ကပ်ဘေးဓားကို မြေကြီးပေါ် ပစ်ချ၍ တက်နင်းလိုက်သောအခါ ငိုညည်းသံအချို့ ထွက်လာသဖြင့် ဖုလုံရှန်းကို ထပ်မံကြောက်လန့်စေသည်။

"မဟုတ်ဘူး"

သူက ကောက်ရိုးတစ်မျှင်အဖြစ် ရလိုရငြား ထောင်ချီတံဆိပ်ဖြင့် သွေးရူးသွေးတန်း တိုက်ခိုက်လာသောအခါ ယွမ်ရှောင်၏ ကန်ချက်တွင် လွင့်ပျံလာသော ကပ်ဘေးဓားနှင့် ရင်ဆိုင်လိုက်ရ၏။

"ရွှစ်"

ကပ်ဘေးဓားမှာ ယွမ်ရှောင်အလိုကျ ဖုလုံရှန်း၏ ခြေလက်များကို ခုတ်ပိုင်းပစ်လိုက်သောကြောင့် နာကျင်မှုအရ မျက်လုံး ပြူးကျယ်နေခဲ့သည်။

"အား အား အား"

"နားညီးတယ်"

ယွမ်ရှောင်က အဆက်မပြတ်အော်ဟစ်နေသော ဖုလုံရှန်း၏ ပါးစပ်အတွင်း ကပ်ဘေးဓား ထိုးစိုက်၍ လျှာကို အပိုင်းပိုင်းဖြတ်ပစ်လိုက်ရာ ဝူးဝူးဝါးဝါး အသံများသာ ထွက်နိုင်တော့သည်။ သို့ရာတွင် သူသည် မာန်မလျှော့လိုသော အမူအရာဖြင့် ယွမ်ရှောင်ကို စိုက်ကြည့်နေကာ သတ်ရဲလျှင် ကပ်ဘေးတံဆိပ်ငရဲက လက်စားချေလိမ့်မည်ဟု အကြည့်ဖြင့် သတိပေးလိုက်ပြန်သည်။

"မောက်မာနေတုန်းလား"

ဓားနှစ်ချက် ထပ်မံရောက်ရှိလာကာ မျက်စိနှစ်လုံး ကော်ထုတ်ခံလိုက်ရသောကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီသွားကာ တိတ်ဆိတ်သွားစေသည်။

"မင်းက နတ်ဘုရားတိုက်ကြီးရဲ့ မိန်းကလေးတွေကို မုဒိန်းကျင့်ချင်တယ်ပေါ့"

လူသားမျိုးနွယ်အချင်းချင်းအပေါ် တဏှာရာဂကြီးစွာဖြင့် ရက်စက်ချင်သော အဆောင်မင်းသားအပေါ် ယွမ်ရှောင်က သနားညှာတာစိတ်မရှိပေ။ ထို့နောက် သူက တစ်ဖက်လူ၏ နားရင်းကို လက်နှစ်ဖက်ဖြင့် ညှပ်ရိုက်ကာ ဆွံ့အ နားမကြား မျက်ကန်း လူသားတီကောင်အဖြစ် ပြောင်းလဲပေးလိုက်ကာ အသိစိတ်တစ်ခုလုံး ချာချာလည်သွားစေခဲ့သည်။ အဝတ်စတစ်ခုဖြင့် ဖုလုံရှန်းကို ရစ်ပတ်ကာ ကပ်ဘေးဓားကို ဂရုမစိုက်သော်လည်း ထာဝရဓားအကျဥ်းထောင်အတွက် အဖိုးတန်သောကြောင့် ကောက်ယူလိုက်၏။

"အရှင်ယွမ်"

အော်ဟစ်အားပေးသံများ တခဲနက်ထွက်ပေါ်လာကာ လူတိုင်း၏ မျက်ဝန်း၌ သူ့ကို လေးစားအားကျနေကြ၏။

"အစ်ကိုကြီးယွမ်က တကယ့်ကို အစွမ်းထက်တာပဲ"

"ဟား ဟား အစ်ကိုလန့် မတွေ့ရတာတောင် ကြာပြီ"

ယွမ်ရှောင်က နောက်လှည့်ကြည့်လိုက်သောအခါ လူအုပ်အကြားတွင် လန့်ကော်ကို တွေ့လိုက်ရသဖြင့် ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်၏။

"ဘာဖြစ်လို့လဲ။ ပြဿနာ မရှိတော့ပါဘူး"

ဝမ်းသာမျက်ရည်များ ကျဆင်းနေသည့် အဒေါ်သုံးယောက်ကို သူက စနောက်လိုက်သည်။

"လူဆိုးလေး နောက်တစ်ကြိမ်ကျရင် အချိန်ကောင်းကို စောင့်မနေနဲ့။ မြန်မြန်ကယ်စမ်းပါ။ ကြောက်စရာကောင်းလွန်းတယ်"

စုလန်လန်က သူ၏ ပခုံးကို ထုရိုက်၍ ငေါက်ငမ်းနေသည်။

"ဘာလို့ သူ့ကို မသတ်တာလဲ"

နန်းကုန်းရှီက စပ်စုသည်။

"ဒီကောင့်ကို အသုံးချစရာ ရှိသေးတယ်"

သူက နတ်ဆိုးတိုက်ကြီးသို့ လှမ်းကြည့်ကာ တစ်ချက်ပြုံးလိုက်၏။

"သူ့နောက်ခံက အစွမ်းထက်တယ်မလား။ မင်းအတွက် အန္တရာယ်ရှိလောက်လား"

ရောင်ယွဲ့က စိုးရိမ်စွာ မေးမြန်းလာသည်။

"ကျုပ်ကသာ လူတိုင်းအတွက် အန္တရာယ်ပါ။ ဒါပေမယ့် နောက်တစ်ခါ မဖြစ်စေရပါဘူး။ စိတ်ချထားပါ"

ယွမ်ရှောင်၏ လေးနက်သော ကတိစကားကြောင့် မဟာကျောင်းတော်တစ်ခုလုံး စိတ်အေးသွားရသည်။

"ကျုပ် လုပ်စရာရှိသေးတယ်။ အားလပ်ပြီဆိုရင် ဒေါ်လေးတို့ကို ထာဝရဓားအကျဥ်းထောင်ဆီ ခေါ်သွားပြီး ဓားပညာသင်ပေးမယ်။ ဓားအပျက်အစီးနယ်မြေရဲ့ အမွေအနှစ်ကို ဆက်ခံလိုက်ကြပါ"

"ဒါကရော ရုန်းကျင့်ကြံသူတွေလို ပြဿနာရှိမှာလား"

"မရှိပါဘူး။ အချင်းချင်း နှစ်သက်တယ်ဆိုရင် ကိစ္စမရှိဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်က မိန်းကလေးတွေကို အတင်းအကြပ် လုပ်ရဲရင် ကျုပ်ကိုယ်တိုင် သတ်ပစ်မယ်"

ယွမ်ရှောင်က လေးလေးနက်နက် အာမခံချက်ပေးခဲ့ပြီး မုတလုံ ရှိနေသဖြင့် အဒေါ်သုံးယောက်အတွက် စိုးရိမ်စရာမရှိချေ။ သူ၏ အကြံမှာ နတ်ဘုရားတိုက်ကြီး၏ ဓားကျင့်ကြံသူများကို လောကသစ်တစ်ခုထံ အဆင့်မြှင့်တင်ပေးရန် ဖြစ်ကာ ဓားအပျက်အစီးနယ်မြေ၊ ကောင်းကင်နယ်မြေ၊ ဓားပင်လယ်နှင့် အသူရာဓားဂိုဏ်းကို ဆက်သွယ်ပေးလိုခြင်း ဖြစ်ကာ ဓားသမားတိုင်းအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။

"ဟိုတဏှာရူးကောင်ကို သူက ဘယ်လိုလုပ်ဖို့ ကြံစည်ထားတာလဲ"

ယွမ်ရှောင် ထွက်ခွာသွားသောအခါ နန်းကုန်းရှီသည် ညီအစ်မများနှင့် စကားစလိုက်သည်။

"ဘာမှကောင်းတာ မဟုတ်လောက်ဘူး။ ဒီကလေးက ရုပ်ချောပေမယ့် ရန်သူအပေါ် ရက်စက်တဲ့နေရာ နှစ်ယောက် မရှိဘူး"

စုလန်လန်က ကောက်ချက်ချသည်။

"သူက ရက်စက်ပေမယ့် မတရားတာမျိုး မလုပ်တတ်ပါဘူး"

ရောင်ယွဲ့က ထောက်ပြလိုက်၏။

"ဒါပေမယ့် ယောကျ်ားတွေနဲ့ ပတ်သက်လို့ ငါ့အတွေ့အကြုံတွေအရ မိန်းကလေးတွေအမြင်မှာ သူက လူဆိုးလေးပဲ"

စုလန်လန်က နှုတ်ခမ်းဆူ၍ ရေရွတ်လိုက်ပြန်သည်။

"လျှောက်ပြောမနေနဲ့။ နင်က ဘယ်ယောကျ်ားနဲ့ အတွေ့အကြုံရှိဖူးလို့လဲ"

ရောင်ယွဲ့က မျက်စောင်းထိုးကြည့်၍ ငေါက်ငမ်းလိုက်လေသည်။

All Chapters