လက်ဆောင်
Vol. 24 Ch. 299
နတ်ဆိုးတိုက်ကြီး၏ အလယ်ဗဟို တားမြစ်မီးတောင်ဒေသအတွင်းရှိ ချောက်နက်ကြမ်းပြင်၌ မရေမတွက်နိုင်သော အနက်ရောင် ပျက်စီးပုလဲများ ပြန့်ကြဲနေခဲ့သည်။ လက်ရှိတွင် စွမ်းအင်များ စုပ်ယူခံထားရသဖြင့် မှိန်ဖျော့ခြောက်ကပ်နေပြီး ကြောက်မက်ဖွယ်အလင်းလုံးကြီးတစ်ခု ပတ်ဝန်းကျင်၌ မိုးကြိုး၊ မီးတောက်၊ ရေခဲနှင့် လေမုန်တိုင်းများ ဝန်းရံနေကာ ပျက်စီးအဆီအနှစ်များ စုဝေးရာနေရာဖြစ်သည်။ ၎င်းက ရုတ်တရက် ကျုံ့ဝင်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးစွမ်းအင်များ ပြည့်နှက်နေသည့် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ ပျက်စီးနတ်ဘုရား၏ အလိုတော်သည် လနတ်သား၏ ခန္ဓာကိုယ်ကို ပြန်လည်ထုဆစ်ပေးခဲ့ပြီး ချောမောလှပသော ရုပ်ရည်မျိုး ဖြစ်ပေါ်လာစေကာ ပျက်စီးအဆီအနှစ်များလေလေ သူ၏ အဆင့်တက်နှုန်း မြန်လေလေ ဖြစ်၏။
အမှောင်ထုအတွင်း ငွေရောင်မျက်လုံးတစ်စုံ ပွင့်လာသောအခါ အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ရုပ်ရည်မှာ ပို၍ ငယ်ရွယ်သွားကာ ကြောက်မက်ဖွယ် မြေခွေးအသွင်ထက် လှပသော မြေခွေးအသွင် ပြောင်းလဲသွား၏။ သို့ရာတွင် တိုက်ခိုက်ရာ၌ သူက အကြမ်းတမ်းဆုံး ဖြစ်ကာ အသန်မာဆုံး ဓားဝိညာဥ်ပင် ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်မည်မဟုတ်ချေ။ ထာဝရဓားအကျဥ်းထောင်တစ်ခုတည်းရှိ ပျက်စီးပုလဲများက သူ့ကို အစွမ်းထက်လာစေခဲ့ပြီး ငရဲကိုးထပ်လုံးရှိ ပျက်စီးအဆီအနှစ်အားလုံးကို စုပ်ယူနိုင်လျှင် သူ၏ နတ်ခန္ဓာသည် ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်လောက်အောင် သန်မာလာပေလိမ့်မည်။
လရောင်အောက်တွင် သူက တားမြစ်မီးတောင်အတွင်းမှ ထွက်ခွာလာခဲ့ပြီး တောင်တန်းများပေါ်တွင် ဆင်းသက်လိုက်သည်။ ၎င်းတို့အကြားတွင် များပြားလှသော နတ်ဆိုးများ စုဝေးတည်ရှိနေပြီး နီရဲတောက်လောင်သော မျက်ဝန်းများဖြင့် ငွေရောင်မြေခွေးနတ်ဆိုးထံ မော့ကြည့်လာကြ၏။
"ဧကရာဇ်ကို အရိုအသေပေးကြ"
နတ်ဆိုးတိုင်းက ဒူးထောက်၍ အော်ဟစ်လိုက်ကြသောအခါ ညအမှောင်အောက်တွင် ကျောချမ်းစရာ မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။ မျောက်သူတော်စင်နှင့် မီးသူတော်စင်က ရှေ့မှောက်သို့ ရောက်ရှိလာကာ ဒူးထောက်၍ မြှောက်ပင့်နေကြသည်။
"နတ်ဆိုးစစ်သည် သန်းခုနစ်ဆယ်ကျော်က မင်းကြီးအတွက် သေရမှာကိုတောင် မကြောက်ကြပါဘူး။ နတ်ဘုရားတိုက်ကြီးကို လက်စားချေဖို့ အသင့်ပါ"
"နတ်ဘုရားတိုက်ကြီးနဲ့ ရန်ကြွေးက ဖြေဖျောက်မရနိုင်ဘူး။ ဟုတ်တယ်မလား"
လနတ်သားက တစ်ချက်စိုက်ကြည့်၍ ရေရွတ်သည်။
"ဟုတ်ပါတယ်။ နတ်ဆိုးဧကရာဇ်ငါးယောက် အသတ်ခံလိုက်ရတာကို ကျုပ်တို့ မမေ့နိုင်ကြပါဘူး။ နတ်ဆိုးတိုက်ကြီးက ခံစားခဲ့ရပေမယ့် နတ်ဘုရားတိုက်ကြီးက စည်ပင်သာယာနေတယ်။ အနာဂတ်မျိုးဆက်သစ်တွေအတွက် မတိုက်ခိုက်ရင် သမိုင်းမှာ အရှက်ရစရာ ဖြစ်သွားပါလိမ့်မယ်"
မီးသူတော်စင်က တွေးတွေးဆဆနှင့် လျှောက်တင်လိုက်၏။
"အရှင်တစ်ယောက်တည်းက လူသားမျိုးနွယ်ကို မျိုးဖြုတ်ပစ်နိုင်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ ကိုးကောင်းကင်အင်မော်တယ် စစ်တပ် ပျက်စီးသွားရင် အနိုင်ယူဖို့ လွယ်ကူပါလိမ့်မယ်။ လောလောဆယ်မှာ အင်မော်တယ်ပြည်ထောင်တွေက စုစည်းနေကြလို့ အခုအချိန်က တိုက်ခိုက်ဖို့ အခွင့်အရေးကောင်းပါ။ နတ်ဆိုးမျိုးနွယ်က အရှင်မင်းကြီးလို အစွမ်းထက်နတ်ဆိုးဧကရာဇ်ကို စောင့်မျှော်နေတာ ကြာခဲ့ပါပြီ"
မျောက်သူတော်စင်က တက်ကြွစွာ လျှောက်တင်လိုက်၏။
"ကောင်းပြီ"
လနတ်သားက ခေါင်းတစ်ချက်ညိတ်၍ တိုက်ခိုက်လိုစိတ် ပြင်းထန်နေသော နတ်ဆိုးစစ်တပ်ကို ဝေ့ကြည့်လိုက်သည်။
"လူသားမျိုးနွယ်နဲ့ စစ်ပွဲက အခုထိ မပြီးသေးဘူး"
"လူသားတွေက အနိုင်ရပြီလို့ ထင်နေတာလား"
နတ်ဆိုးများသည် ကောင်းကင်နယ်မြေ ဝင်ပေါက်တွင် ဖြစ်ပွားခဲ့သော အရှက်ရမှုကို မမေ့နိုင်ခဲ့ကြပေ။
"အခုချက်ချင်း ချီတက်ရမလား အရှင်"
မီးသူတော်စင်က မစောင့်နိုင်တော့ဟန်ဖြင့် တိုက်တွန်းလိုက်သည်။
"အလျင်မလိုနဲ့။ နတ်ဘုရားတိုက်ကြီးကို စိတ်တိုင်းကျ တိုက်ခိုက်နိုင်ဖို့ ကိုယ့်အိမ်ကိုယ် လုံခြုံအောင် လုပ်ရမယ်။ မိစ္ဆာတွေနဲ့ လူသားတွေ နတ်ဆိုးတိုက်ကြီးမှာ ခြေရှုပ်နေကြတယ်။ အပြင်ရန်ကို တိုက်ခိုက်ဖို့ သူတို့ကို အရင်ဆုံး ရှင်းပစ်ရမယ်"
ကမ္ဘာခြားဝင်ပေါက်များက နတ်ဆိုးများကို အမှန်တကယ် ထိခိုက်စေခဲ့ပြီး နယ်ခြားကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးမှုများပင် ဖြစ်ပေါ်လာခဲ့သည်။
"ဒါပေမယ့် သူတို့ရဲ့ ခွန်အားကို အတိအကျ မသိရသေးဘူး"
မျောက်သူတော်စင်က မျက်မှောင်ကြုတ်၍ မှတ်ချက်ပေးလိုက်၏။
"သူတို့က ဘယ်လောက်အစွမ်းထက်ထက် အမိမြေကို ကာကွယ်ရမယ်"
လနတ်သားက ဒေါသတကြီးကြုံးဝါး၍ ခြေတစ်ချက် ဆောင့်နင်းလိုက်သောအခါ တောင်တန်းများ လှုပ်ခတ်သွား၍ မြေပြင်အက်ကြောင်းကြီး ဖြစ်ပေါ်လာသည်။ ဤမြင်ကွင်းကြောင့် သူ၏ စွမ်းအားအပေါ် နတ်ဆိုးစစ်သည်သန်းပေါင်းများစွာ၏ ယုံကြည်ချက် တိုးတက်လာခဲ့၏။
"နတ်ဆိုးတိုက်ကြီးမှာ ငါရှိနေရင် ဘယ်သူမှ မကျူးကျော်နိုင်စေရဘူး။ အခု နယ်ခြားကျင့်ကြံသူတွေရဲ့ တည်နေရာကို စုံစမ်းကြစမ်း"
လနတ်သားက အမိန့်ပေးလိုက်သောအခါ ကင်းထောက်နတ်ဆိုးများ ပြေးထွက်သွားကာ နယ်ခြားကျင့်ကြံသူများအနေဖြင့် သန်းပေါင်းများစွာသော မျက်လုံးများအောက်တွင် ပျောက်ကွယ်နေစရာ အကြောင်းမရှိပေ။ မျောက်သူတော်စင်နှင့် မီးသူတော်စင်လည်း စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ထွက်ခွာသွားကြပြီး အဝေးရှိ တောင်ထိပ်တစ်ခုတွင် အခြေအနေစောင့်ကြည့်နေသော ယွမ်ရှောင် ရှိနေခဲ့၏။ သူ၏ ခြေထောက်အောက်တွင် အဝတ်အိတ်တစ်ခုကို နင်းထားကာ လှုပ်ယမ်းနေသော်လည်း အသံတစ်စက်မျှ မထွက်လာချေ။ မကြာခင် အနီရောင် ပုံရိပ်တစ်ခုသည် လေဟုန်စီး၍ လှပစွာ ဆင်းသက်ရောက်ရှိလာကာ တစ်ချက်ခိုးကြည့်လိုက်သည်။
"လုံလုံခြုံခြုံ ဝတ်စားထားလို့မရဘူးလား"
ယွမ်ရှောင်က စစ်မင်းသမီး၏ ကောက်ကြောင်းများကြောင့် မျက်မှောင်ကြုတ်၍ ဆူငေါက်လိုက်သည်။
"အဲ့တာက နင်နဲ့ ဘာဆိုင်လို့လဲ"
"ငါပြောသလိုလုပ်စမ်းပါ"
သူမက ကလန်ကဆန်လုပ်ချင်သော်လည်း တစ်ဖက်လူ၏ အကြည့်စူးစူးကြောင့် ခေါင်းငုံ့သွားကာ တောင်းပန်လိုက်ရသည်။ ထိုအချိန်တွင် ယွမ်ရှောင်သည် အဝတ်အိတ်ကို သူမထံ ကန်ထုတ်ပေးလိုက်၏။
"ဘာကြီးလဲ"
"မင်းအတွက် လက်ဆောင်"
ယွမ်ရှောင်၏ စကားက စစ်မင်းသမီးကို ကျေနပ်သွားစေကာ စပ်စုလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်သောအခါ မျက်လုံး၊ နား၊ လျှာနှင့် ခြေလက်များ ဖြတ်တောက်ခံထားရသည့် လူသားတီကောင်ကြီးကို မြင်တွေ့လိုက်ရသည်။
"အား"
ရက်စက်ကြမ်းတမ်းသော မိစ္ဆာတစ်ကောင်အတွက်ပင် ဤလူသား၏ အဖြစ်က ဆိုးရွားလွန်းနေသဖြင့် သူမကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ဒီလက်ဆောင်ကို သဘောကျရဲ့လား"
ယွမ်ရှောင်က စနောက်ခြင်း အောင်မြင်သွားသည့်အတွက် ကျေနပ်စွာ ရယ်မောနေသည်။
"ဘာကိစ္စ သဘောကျရမှာလဲ။ လူဆိုးကောင်"
စစ်မင်းသမီးက ဒေါသတကြီး ဖြစ်နေသည်။
"ကြည့်ရတာ မင်းက ပိုပိုပြီး ရဲတင်းလာပုံပဲ။ ကျွန်မလေး"
ယွမ်ရှောင်၏ စကားကြောင့် သူမက မျက်စောင်းတစ်ချက်ထိုးကာ ခြေလှမ်းအတော်များများ နောက်ဆုတ်သွားခဲ့သည်။
"ငါ့မှာ မင်းနဲ့ ဆော့ကစားနေဖို့ အချိန် မရှိဘူး။ ဒါက ဘယ်သူဆိုတာ မှတ်မိလား"
ယွမ်ရှောင်က အဝတ်အိတ်ကို လက်ညှိုးထိုး၍ မေးလိုက်ခြင်းဖြစ်၏။
"သူက မျက်နှာတောင် မမြင်ရလောက်အောင် နှိပ်စက်ခံထားရတာလေ။ ငါ ဘယ်လိုလုပ် သိမှာလဲ"
စစ်မင်းသမီးက ခေါင်းတစ်ချက် ယမ်းလိုက်သည်။ လူသားတီကောင်က အဆင့်အတန်းမြင့်ပုံပေါ်သော်လည်း လူရုပ်ပင် မကျန်လောက်အောင် ရက်ရက်စက်စက် နှိပ်စက်ခံထားရသောကြောင့် ယွမ်ရှောင်အပေါ် ကြောက်စိတ်များ တိုးသထက်တိုးလာခဲ့သည်။
"ဒီဓားကိုရော မှတ်မိလား"
ယွမ်ရှောင်က နှစ်ပေရှည်သော ဓားတစ်လက်ကို ထုတ်ပြလိုက်ရာ ကပ်ဘေးဓားဖြစ်နေသောကြောင့် ဖုလုံရှန်းဆိုသော အမည်သည် သူမ၏စိတ်အတွင်း ချက်ချင်း ထွက်ပေါ်လာလေသည်။