← Chapters

လင်းချန်အတွက် လက်ဆောင်မွန်

Vol. 24 Ch. 300

လင်းချန်အတွက် လက်ဆောင်မွန်

Vol. 24 Ch. 300

စစ်မင်းသမီးသည် ဖုလုံရှန်း ထွက်သွားကြောင်း ယွမ်ရှောင်ထံ သတင်းပို့ခဲ့သော်လည်း အဘိုးကြီးချူ၏ ကာကွယ်မှုအောက်တွင် လူသားတီကောင် ဖြစ်သွားမည်ဟု လုံးဝထင်မထားပေ။

"နင် ဘယ်လိုလုပ်လိုက်တာလဲ"

သူမက မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးလေးများ ဝိုးစက်နေသည်။

"ကြက်သတ်ရတာလောက်တောင် မခက်ဘူး"

ယွမ်ရှောင်၏ အဖြေစကားကြောင့် သူမ ဆွံ့အသွားကာ ငရဲကိုးထပ်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်မှာ အဖြစ်ဆိုးနှင့် နိဂုံးချုပ်သွားရသည်။

"ဘာလို့ သူ့ကို မသတ်တာလဲ။ နင် ဘာတွေ ကြံစည်နေပြန်ပြီလဲ"

"အနားလာခဲ့"

"မင်းရဲ့ ကိုယ်သင်းနံ့က အတော်ပြင်းတာပဲ"

စစ်မင်းသမီးသည် ယွမ်ရှောင်အနား ချဥ်းကပ်သွားသောအခါ ကပ်ဘေးသွေး၏ လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ဖိန်းတိန်းတိန်းဖြစ်သွားသည်။

"မိစ္ဆာတွေက စိုးရိမ်စိတ်များရင် အနံ့တစ်ခု ထွက်တတ်တယ်"

"မဆိုးပါဘူး။ အနံ့က မွှေးသားပဲ"

ယွမ်ရှောင်က သူမ၏ မျက်နှာအနီး တိုးကပ်၍ တီးတိုးပြောလိုက်သောအခါ တစ်ကိုယ်လုံး ပိုးကောင်များ တွယ်ကပ်နေသကဲ့သို့ ကြက်သီးမွေးညှင်းထသွားစေခဲ့သည်။

"ငါပြောသလိုလုပ်လိုက်"

"နင်က အတော်ဉာဏ်များတာပဲ"

"ဉာဏ်များတယ် ဟုတ်လား။ မင်းကို အဆုံးမဲ့ငရဲပြည် ပေးထားတာကတောင် အတော်ရက်ရောရာကျနေပြီ ကျွန်ကလေးရေ"

ယွမ်ရှောင်က သူ၏ အကြံတစ်ခုလုံးကို ပြောပြလိုက်သောအခါ စစ်မင်းသမီးမှာ မျက်နှာထားမျိုးစုံ ပြောင်းလဲနေသည်။

"ငါ့မှာ နာမည်ရှိတယ်"

"ငါ့အတွက် အရေးမကြီးဘူး"

"ဟုတ်ကဲ့ပါ"

ယွမ်ရှောင်က ဖြတ်ပြောလိုက်သောကြောင့် သူမကို မကျေမနပ်ဖြစ်သွားစေသော်လည်း ခွန်းတုံ့မပြန်ရဲချေ။

"ငါ ဒီလိုခစားနေရင် တစ်ချိန်ကျရင် ကျွန်ဘဝကနေ အဆင့်အတန်း ပြောင်းလဲနိုင်မှာလား"

သူမသည် ဖုလုံရှန်းကို ထုတ်ပိုးထားသော အဝတ်အိတ်ကို ကောက်ယူ၍ ထွက်သွားကာနီးတွင် အသံတုန်တုန်ယင်ယင်နှင့် မေးခွန်းထုတ်လာခဲ့သည်။

"မရဘူး"

ယွမ်ရှောင်က ခပ်ပြတ်ပြတ် တုံ့ပြန်သည်။

"အကန့်အသတ်ကို ကျော်မလာနဲ့။ အသက်ရှင်နေတာကိုပဲ ကျေးဇူးတင်နေလိုက်။ ငါက မင်းကို မျက်နှာသာပေးနေလို့ ရောင့်တက်မလာစမ်းနဲ့"

"နားလည်ပါပြီ"

စစ်မင်းသမီးက အသက်ကို ပြင်းပြင်းရှူ၍ ခေါင်းငုံ့ကာ နှုတ်ခမ်းကိုင်ရင်း ဖုလုံရှန်းကို ဒရွတ်ဆွဲပြီး မိစ္ဆာမျိုးနွယ်နှင့် ရုန်းကျင့်ကြံသူများ ယာယီစခန်းချရာသို့ ထွက်ခွာသွားခဲ့သည်။ ဖုလုံရှန်းသည် မူလက အလွန်မောက်မာခဲ့သော်လည်း လက်ရှိတွင် ဒန်တန်ဖျက်ဆီးခံထားရသော လူသားတီကောင်ဖြစ်နေသောကြောင့် ယွမ်ရှောင်အပေါ် မကျေနပ်သော်လည်း သူမကို ကျေနပ်စေခဲ့၏။ သူမက စခန်းအနီးရောက်သောအခါ တစ်ကိုယ်လုံးကို ဝတ်ရုံရှည်ကြီးဖြင့် ခြုံလွှမ်း၍ ကောက်ကြောင်းများ ဖုံးကွယ်လိုက်ပြီး မြင့်မြတ်သော မင်းသမီးတစ်ပါးအသွင် ပြောင်းလိုက်သည်။

"ဦးလေး တစ်ခုခု ဖြစ်သွားတယ်။ ရုန်းကျင့်ကြံသူတွေ ထွက်လာကြစမ်း"

စစ်မင်းသမီးသည် လျှိုတစ်ခုအတွင်း ဝင်သွားလိုက်ပြီး အသံကုန်ဟစ်အော်လိုက်သည်။ ဖုလုံရှန်းမှာ ဆွံ့အ နားမကြား မျက်မမြင်ဖြစ်နေသောကြောင့် မည်သည့်နေရာသို့ ရောက်နေမှန်းမသိဘဲ ရုန်းကန်နေဆဲပင်ဖြစ်ရာ သေသည်ထက် ဆိုးရွားသော ကံကြမ္မာပင်။

"ဘာဖြစ်တာလဲ။ ဘယ်သူလဲ"

ချန်ရှီက ရုန်းကျင့်ကြံသူများနှင့် အတူ ထွက်ပေါ်လာခဲ့ပြီး ဖုလုံရှန်းကို မမှတ်မိပေ။

"မင်းသားလေး"

အလန့်တကြား အော်သံတစ်ခု ထွက်ပေါ်လာပြီး အပြာရောင်ဝတ် အကြီးအကဲတစ်ယောက် ချက်ချင်းရောက်ရှိလာကာ ဖုလုံရှန်းကို တုန်တုန်ရီရီနှင့် ပွေ့ချီလိုက်သည်။

"ဖုလုံရှန်းလား"

ချန်ရှီကိုယ်တိုင်ပင် မယုံကြည်နိုင်ဟန်ဖြင့် မျက်နှာပျက်သွားကာ အခြားမိစ္ဆာများပင် တုန်လှုပ်သွားကာ ရုန်းကျင့်ကြံသူများ ရှုံ့မဲ့ကုန်သည်။ ဒန်တန် ဖျက်ဆီးခံထားရပြီး မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းပေါက်များမှ သွေးများယိုစီးနေကာ မျှော်လင့်ချက် မရှိတော့ပေ။

"အား"

ရုန်းကျင့်ကြံသူများမှာ အခြေအနေကို မြင်လိုက်ရသည်နှင့်တပြိုင်နက် အလန့်တကြားအော်ဟစ်ကာ ဒေါသနှင့် ကြောက်စိတ်ကြောင့် လဲပြိုကျကုန်သည်။ အဆိုးအရွားဆုံးဖြစ်ရပ်မှာ အကြီးအကဲက ပွေ့ချီထားသော်လည်း မည်သူဖြစ်မှန်း မသိနိုင်သော ဖုလုံရှန်းသည် ကြောက်လန့်တကြား ရုန်းကန်နေသဖြင့် သွေးများ ထပ်မံ စီးထွက်လာခဲ့၏။

"စစ်မင်းသမီး မင်းလုပ်ခဲ့တာလား"

အကြီးအကဲမှာ ဒေါသကြောင့် ရူးသွပ်သွားပုံပေါ်ပြီး စစ်မင်းသမီးကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"ရူးနေတာလား။ ငါ့ကျင့်ကြံဆင့်နဲ့ ကံပင်လယ် နယ်ပယ် ကျင့်ကြံသူကို တိုက်ခိုက်နိုင်ပါ့မလား"

သူမက ချန်ရှီအနောက်သို့ ဆုတ်ခွာသွားကာ ဦးလေးဖြစ်သူသည်လည်း ရုန်းကျင့်ကြံသူများ ရူးရူးမိုက်မိုက် တိုက်ခိုက်လာလျှင် ကာကွယ်ပေးရန် ရှေ့တက်လာခဲ့သည်။

"ကုန်းရန်ရှန်း စိတ်ထိန်းစမ်း။ ငါ့တူမ ဘာပြောမလဲဆိုတာ နားထောင်ပေးလိုက်"

"ကောင်းပြီ။ ပြောစမ်း"

"ဒီကိစ္စကို လုပ်ခဲ့တာ မိန်းမနှစ်ယောက်ပဲ။ တစ်ယောက်က ကုချင်လန်လို့ ခေါ်တယ်။ ဖုလုံရှန်းက အဒေါ်လို့ ခေါ်ခဲ့တာတောင် အဘိုးကြီးချူကို သတ်ပစ်ခဲ့တယ်။ သူ့ကို အသက်ချမ်းသာပေးခဲ့ပေမယ့် လင်းချန်ကို စော်ကားမိလို့ ဒီလိုအပြစ်ပေးခံလိုက်ရတာပဲ"

စစ်မင်းသမီးက ယွမ်ရှောင် သင်ကြားပေးလိုက်သည့်အတိုင်း ဇာတ်ကြောင်းပြောင်းလဲလိုက်သည်။

"ကုချင်လန်က အဆောင်မင်းသားနဲ့ ဆွေမျိုးတော်စပ်တယ်။ ဘာကြောင့် ဒီလောက်ရက်စက်မှာလဲ။ မဖြစ်နိုင်ဘူး"

ကုန်းရန်ရှန်းက မင်သက်သွားကာ ခေါင်းယမ်းနေသည်။

"မယုံရင်လည်း မတတ်နိုင်ဘူး။ ငါ တကယ်လုပ်ခဲ့တာဆိုရင် သူ့ကို ကယ်တင်ပြီး သယ်လာမနေဘူး။ ခွေးစာကျွေးပစ်လိုက်မယ်။ ကံကောင်းက သူတို့ ငါ့ကို မြင်မသွားဘူး။ နောက်တစ်ခါ တစ်ယောက်တည်း အပြင်မထွက်ရဲတော့ဘူး"

စစ်မင်းသမီးက အလေးမထားဟန်ဖြင့် အေးစက်စက် နှာခေါင်းရှုံ့သည်။

"ဒီနေရာက အန္တရာယ်များလို့ မင်းကို နန်းတော်ဆီ ပြန်ခိုင်းသားပဲ။ ငါ့စကားကို နားမထောင်ချင်တာ ဘယ်သူလဲ"

ချန်ရှီသည်လည်း ဤကိစ္စတွင် စစ်မင်းသမီးသာ ထိခိုက်သွားလျှင် မိစ္ဆာဘုရင်ကို ​ဖြေရှင်းချက်ပေးရမည် ဖြစ်သောကြောင့် စိုးရိမ်မကင်းဖြစ်နေခဲ့၏။

"နေစမ်းပါဦး။ ငါတို့က အတူတူ ပူးပေါင်းလှုပ်ရှားဖို့ သဘောတူထားတယ်မလား။ ဖုလုံရှန်းက ဘာကြောင့် တစ်ယောက်တည်း ထွက်သွားတာလဲ"

"ငါ....ငါ"

ချန်ရှီ၏ မေးခွန်းကြောင့် ဖုလုံရှန်းကို ထိန်းချုပ်နိုင်စွမ်းမရှိသော ကုန်းရန်ရှန်းမှာ အဖြေရခက်နေသည်။ မိစ္ဆာများက တရားခံ မဖြစ်နိုင်ကြောင်း သေချာနေပြီး ချန်ရှီမှာ တစ်ချိန်လုံး သူနှင့်အတူ စစ်တုရင် ကစားနေသည်မဟုတ်ပါလော။

"ကုန်းရန်ရှန်း မင်းအသက်ကို မင်း ကယ်ချင်တယ်ဆိုရင် အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်ရဲ့ ခေါင်းကို ဖြတ်ယူသွားရလိမ့်မယ်"

ချန်ရှီ၏ အကြံပေးချက်ကြောင့် ဒေါသထွက်နေသော ရုန်းကျင့်ကြံသူများမှာ လှုပ်ရှားရန် မစောင့်နိုင်ကြတော့ပေ။

"စစ်မင်းသမီး တရားခံက လင်းချန်ဆိုတာ သေချာလား"

ကုန်းရန်ရှန်းက အံကြိတ်၍ မေးခွန်းထုတ်သည်။

"ကပ်ဘေးဓားကိုလည်း လင်းချန် ယူသွားတယ်။ ဘယ်သူ့ဆီ ရောက်နေတယ်ဆိုတာ သိရရင် အဖြေက ရှင်းနေတာပဲ"

စစ်မင်းသမီးက ပခုံးတွန့်၍ ပြောလိုက်သောအခါ ရုန်းကျင့်ကြံသူများ၏ ဒေါသမီးကို လောင်စာထပ်ထည့်ပေးနိုင်ခဲ့၏။

"ကပ်ဘေးဓားကို ပြန်ယူရမယ်"

ကုန်းရန်ရှန်းက ကြုံးဝါးလိုက်ပြီး ဓားအပျက်အစီးနယ်မြေတစ်ခုလုံး ပြန်လည်ပေးဆ​ပ်ရမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

"ဒီဓားကျင့်ကြံသူတွေက မောက်မာနေတာပဲ။ သူတို့ရဲ့ တည်နေရာကို သိရပြီလား"

ချန်ရှီက ကင်းထောင်တာဝန်ယူထားသော ဖုန်းယုထံ မေးလိုက်ခြင်း ဖြစ်သည်။

"ဒီနေရာက ကျယ်ဝန်းတယ်ဆိုတော့ အချိန်လိုအပ်ပါတယ်"

ဖုန်းယုက ရှင်းပြနေစဥ် ရုန်းကျင့်ကြံသူတစ်ယောက် အပြေးအလွှားရောက်ရှိလာကာ သတင်းပို့ခဲ့သည်။

"ဓားကျင့်ကြံသူတွေရဲ့ တည်နေရာကို တွေ့ခဲ့တယ်"

"ဘယ်သူတွေလဲ"

ကုန်းရန်ရှန်းက အေးစက်စက် မေးသည်။

"လင်းချန်နဲ့ နောက်လိုက်တွေပါ။ သူတို့က နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေတယ်။ သူက ကုမျိုးနွယ်နဲ့ ပူးပေါင်းထားရင်တောင် သတ်ပစ်ရမယ်မလား"

သတင်းပို့သူက စိတ်လှုပ်ရှားစွာ တင်ပြလိုက်သည်။

"နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေတယ်၊ ဟုတ်လား"

စစ်မင်းသမီး၏ စိတ်ထဲတွင် ယွမ်ရှောင်၏ အကွက်ကျကျ ကြံစည်ထားသော ခြေလှမ်းများကို ချီးကျူးနေမိသည်။

"အကုန် အမိန့်နာခံစမ်း။ ရုန်းကျင့်ကြံသူတွေကို ကူညီပြီး ဖုလုံရှန်းအတွက် လက်စားချေကြ"

ချန်ရှီက လင်းချန်၏ တည်နေရာကို သိလိုက်ရသောအခါ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူ တစ်ရာနီးပါးကို အမိန့်ပေး၍ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့လေသည်။

All Chapters