ခေါင်းဆောင်မှားသော နောက်လိုက်များ
Vol. 24 Ch. 303
ကပ်ဘေးဓားကို မထင်မှတ်ဘဲ ရှာတွေ့လိုက်ခြင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေကာ ကင်းစောင့်နေသော ဓားကျင့်ကြံသူများပင် ဂူအတွင်း ရောက်ရှိနေသောကြောင့် ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများ ချီတက်လာကြောင်း မည်သူမှ သတိမထားမိခဲ့ပေ။ ဂူအတွင်း ဝင်ရောက်လာသော ခြေသံများကြောင့်သာ သူတို့က စိုးထိတ်သွားကြပြီး လှည့်ကြည့်လိုက်သောအခါ အမှောင်ထုအတွင်းမှ ကံပင်လယ် နယ်ပယ် ကျင့်ကြံသူတစ်ရာကျော် ထွက်ပေါ်လာ၍ ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ ထိုအချိန်တွင် လင်းချန်သည် ကိုးရောင်ခြယ် အာကာသနတ်ဓားဝိညာဥ်ဖြင့် ကပ်ဘေးဓားကို စုပ်ယူရန်ကြိုးစားနေသောကြောင့် ရုန်းကျင့်ကြံသူများ၏ မျက်နှာ မည်းနက်ကုန်သည်။ စစ်မင်းသမီး လှုံ့ဆော်ပေးခဲ့သည့်အတိုင်း ကပ်ဘေးဓား လက်ဝယ်ရှိသူသည် တရားခံဖြစ်သည်ဟူသော စကားလုံးများကို ပြန်လည်ကြားယောင်လာသည်။ ရုန်းကျင့်ကြံသူများနှင့် ဆက်ဆံရေးကောင်းမွန်သော ကုမျိုးနွယ် နောက်ကျောဓားနှင့်ထိုးခြင်းမှာ သည်းခံနိုင်စရာ မရှိချေ။
ရုန်းကျင့်ကြံသူနှင့် မိစ္ဆာများ ပူးပေါင်းပိတ်ဆို့ထားခြင်းသည် ကုချင်လန်နှင့် ဖုန်းရှကို ကျောစိမ့်သွားစေကာ ကုချင်ကန်အပေါ် သံသယဝင်လာကြသည်။
"ရုန်းကျင့်ကြံသူတွေက ဘာလာလုပ်တာလဲ"
အခြေအနေကို ရိပ်စားမိပုံမရသော လင်းချန်သည် ကုချင်လန်ကို မေးခွန်းထုတ်လိုက်၏။
"ကုချင်လန် ရက်စက်တဲ့မိန်းမ။ ဒီလိုဆိုမှတော့ ငါတို့ကို အပြစ်မတင်နဲ့။ မင်းတို့အားလုံးရဲ့ ခေါင်းကို ကပ်ဘေးတံဆိပ်ငရဲအတွက် ဆက်သလိုက်ကြ"
သူမ ပြန်မဖြေနိုင်ခင်မှာပင် ကုန်းရန်ရှန်းက ဖြတ်ပြောလိုက်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။
"ဘာကို ပြောချင်တာလဲ"
ကုချင်လန်က နားမလည်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"သက်သေနဲ့ လက်ပူးလက်ကြပ်မိနေတာတောင် လိမ်ချင်သေးတာလား"
ချန်ရှီက နှာခေါင်းရှုံ့လိုက်သည်။
"ကပ်ဘေးဓားကို ငါတို့က မတော်တဆရှာတွေ့ခဲ့တာပဲ။ ဘာသက်သေလဲ"
ဖုန်းရှက အလျင်အမြန် စကားဆိုလိုက်သော်လည်း ကပ်ဘေးတံဆိပ်ငရဲ၏ အဖိုးတန်ရတနာကို မတော်တဆရှာတွေ့ရန် မဖြစ်နိုင်ဟု ကုန်းရန်ရှန်း ယူဆထားသည်။ တစ်ယောက်ယောက်မှ အကောက်ကြံခြင်းဖြစ်သည်ဟု ဖုန်းရှက ဖြေရှင်းချင်သော်လည်း စစ်မင်းသမီး ရှေ့ထွက်လာကာ ဖုလုံရှန်းကို အနိုင်ယူ၍ ကပ်ဘေးဓားကို လုယူသွားကြောင်း သက်သေခံလိုက်သည်။
"ဖုလုံရှန်း ဘယ်နေရာရောက်နေလဲတောင် ငါ မသိဘူး"
ဖုန်းရှန်က အေးစက်စက် ငြင်းဆန်သည်။
"နင့်လက်ချက်ကြောင့် ဒဏ်ရာပြင်းထန်လို့ ကပ်ဘေးတံဆိပ်ငရဲကို ပြန်ပို့လိုက်ပြီ"
"စစ်မင်းသမီး နင်က ငါတို့ကို ရုန်းကျင့်ကြံသူတွေနဲ့ ရန်တိုက်ပေးချင်နေတာလား။ ဖုလုံရှန်း ဒဏ်ရာရတယ်ဆိုတာ အလိမ်အညာ မဟုတ်လား"
ကုချင်လန်က နှာခေါင်းရှုံ့၍ ဖြတ်ပြောလာသည်။
"ငါတို့ ပစ်မှတ်က အမည်ခံဓားအင်မော်တယ်တွေမလား။ အခု တစ်ယောက်ကို တွေ့နေပြီ။ ဘာကြောင့် အချိန်ဖြုန်းပြီး စကားပြောနေမှာလဲ။ မင်းတို့ မတိုက်ဘူးဆိုရင် ငါတို့ လုပ်မယ်"
စစ်မင်းသမီးက သူမကို လျစ်လျူရှု၍ ကုန်းရန်ရှန်းဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်၏။
"ကုမျိုးနွယ်က သခင်မကို သစ္စာဖောက်ပြီး ကပ်ဘေးဓားကို လုယူခဲ့တယ်။ လင်းချန် ဒီနေ့ သေရမယ်"
ကုန်းရန်ရှန်းက ကပ်ဘေးဓားကို တစ်ချက်စိုက်ကြည့်၍ အမိန့်ပေးလိုက်သောအခါ ရုန်းကျင့်ကြံသူများသည် သတ်ဖြတ်လိုစိတ်ဖြင့် ရှေ့တိုးလာကြသည်။ တရားခံမှာ လယ်ပြင်၌ ဆင်သွားသလို ထင်ရှားနေပြီဖြစ်ရာ အရေအတွက်အသာစီးဖြင့် သုတ်သင်ရပေလိမ့်မည်။ ကုချင်လန်၏ အမြင်တွင် အစ်မဖြစ်သူသည် အမည်ခံဓားအင်မော်တယ်ကို သတ်ဖြတ်လိုသောကြောင့် မိစ္ဆာမျိုးနွယ်နှင့် ပူးပေါင်းကာ တိုက်ခိုက်ရန် ဆင်ခြင်တစ်ခုရှာလာခြင်းဟု မှတ်ယူလိုက်သည်။
"ငါတို့က သခင်လေးလင်းကို ကာကွယ်ရမယ်။ ဖောက်ထွက်ကြ"
ကုချင်လန်နှင့် ဖုန်းရှသည် လင်းချန် အင်မော်တယ် အစစ်အမှန်ဖြစ်သွားလျှင် သူတို့ကို ပစားပေးမည်ဟု အထင်ရောက်နေသဖြင့် အမုန်းတရားကိုယ်စီဖြင့် တိုက်ပွဲတစ်ခု နီးကပ်လာခဲ့သည်။ လင်းချန်မှာ တိတ်ဆိတ်နေခဲ့ပြီး သူ့အသက်မသေသရွေ့ မည်သူကိုမျှ ဂရုစိုက်တတ်သူမဟုတ်ချေ။
"ငါ့ကို ကာကွယ်ပေးရင် မင်းတို့ရဲ့ မျိုးနွယ်တွေ မြင့်တက်လာစေရမယ်"
သူက ကပ်ဘေးဓားကို မလွတ်တမ်းဆုပ်ကိုင်၍ မက်လုံးပေးလိုက်သောအခါ ချောင်ပိတ်မိနေသော ဓားကျင့်ကြံသူများမှာ ရွေးချယ်စရာ မရှိတော့ပေ။ ကျန်တစ်ဖက်တွင် ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများ ပူးပေါင်းထားသော အုပ်စုသည် အားသာချက်ရှိနေပြီး ကုန်းရန်ရှန်းနှင့် ချန်ရှီ၏ အမိန့်အောက်တွင် ဂူအတွင်း တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ တာအိုဂါထာများနှင့် ချီစွမ်းအင်များ ပေါက်ကွဲနေပြီး တောင်ကြားတစ်ခုလုံး တုန်ခါသွားကာ မိစ္ဆာများက အနီးကပ်တိုက်ခိုက်ရန် တရကြမ်း ပြေးဝင်လာကြ၏။
"ဖောက်ထွက်ကြ"
ကုချင်လန် ခေါင်းဆောင်၍ ဂူမျက်နှာကျက်ကို ထိုးဖောက်လိုက်ပြီး ဖုန်းရှနှင့်အတူ လင်းချန်ကို ကာကွယ်၍ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြသည်။ ကျန်ဓားကျင့်ကြံသူများမှာမူ ဒေါသတကြီးဖြစ်နေသော ရုန်းကျင့်ကြံသူများ၏ လက်ချက်ဖြင့် ဂူအမိုးမှ ဖောက်မထွက်နိုင်ခင် ဘဝပြောင်းကုန်၏။ အဆောင်မင်းသားကို မကာကွယ်နိုင်ခဲ့သော ပြစ်မှုအတွက် ဤဓားကျင့်ကြံသူများ၏ ခေါင်းများဖြင့် ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ထားသောကြောင့် ရုန်းကျင့်ကြံသူများသည် မိစ္ဆာများထက်ပို၍ ခက်ထန်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည်။
"တစ်ယောက်မှ မလွတ်စေနဲ့"
လှိုဏ်ဂူက ဓားကျင့်ကြံသူများအတွက် ငရဲတစ်ခုအလား ပြောင်းလဲသွားကာ ဘက်ပေါင်းစုံမှ တိုက်ခိုက်နေသော အရေအတွက်သာလွန်သည့် ရန်သူများလက်ချက်ဖြင့် အတုံးအရုံး သေဆုံးသွားခဲ့ကြ၏။ ချန်ရှီ၊ ကုန်းရန်ရှန်းနှင့် ကံပင်လယ် နယ်ပယ် ကျင့်ကြံသူမိစ္ဆာနှစ်ယောက်က လင်းချန်ကို အမြစ်ဖြတ်ရန် လိုက်ပါလာကြပြီး ဓားကျင့်ကြံသူများမှာ လျင်မြန်သော်လည်း အဆင့်နိမ့်သော ကျင့်ကြံသူတစ်ယောက်ကို သယ်ဆောင်ထားရသောကြောင့် ကုချင်လန်နှင့် ဖုန်းရှသည် ထင်သလောက် ခရီးမတွင်ခဲ့ပေ။ ထိုအချိန်၌ မရေမတွက်နိုင်လောက်အောင် များပြားသော နတ်ဆိုးများသည် လှိုဏ်ဂူထံ စုဝေးလာနေကြသော်လည်း တိုက်ခိုက်နေသူများမှာ သတိမပြုမိခဲ့ကြပေ။
"ငါ သူတို့ကို တားလိုက်မယ်"
ချန်ရှီသည် သွေးပညာရပ်တစ်ခု အသက်သွင်း၍ ပစ်ခတ်လိုက်သောအခါ ကုချင်လန်နှင့် ဖုန်းရှ၏ လမ်းတွင် အနီရောင် ခြင်္သေ့ခေါင်းကြီးတစ်ခု လမ်းပိတ်သွားခဲ့သည်။ ကုချင်လန်က ၎င်းကို ဓားဖြင့် ဖျက်ဆီးနိုင်ခဲ့သော်လည်း အရှိန်နှေးသွားသဖြင့် ရန်သူများ လိုက်မီလာခဲ့ပြီး ဖုန်းရှရော သူမပါ မျက်နှာပျက်သွားကြသည်။ ကုမျိုးနွယ်က လင်းချန်နှင့် ကောင်းကင်မြေအပေါ် ပုံအပ်ကာ လောင်းကြေးထပ်ထားသောကြောင့် လင်းချန်သည် ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ရန်အတွက် တစ်ကိုယ်ကောင်းဆန်စွာ ကြံစည်နေသည်။
"ငါတို့နောက်က လိုက်လာတာ လေးယောက်တည်းလား"
"ဒါပေမယ့် သူတို့က အခြေတည်အဆင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူတွေပါ။ အထူးသဖြင့် ချန်ရှီရဲ့ ခွန်အားက ကြီးကြပ်သူတွေအောက် မနိမ့်ဘူး"
သူ၏.မေးခွန်းကို ဖုန်းရှက လေးစားစွာ ဖြေလိုက်သည်။
"သူတို့ကို တားလိုက်။ ငါဘာသာ ထွက်ပြေးနိုင်တယ်"
သူက တင်းမာပြတ်သားစွာ အမိန့်ပေးလိုက်၏။
"သူတို့ကို တားဖို့ အစွမ်းအစ မရှိပါဘူး"
ကုချင်လန်က စောဒကတက်သည်။
"အချိန်ဆွဲထားလိုက်။ လွတ်မြောက်ဖို့အတွက် ငါ ကိုယ်တိုင် ပြေးနိုင်တယ်"
ပြန်လည်မွေးဖွားလာခဲ့သော လင်းချန်က ဤမိန်းမနှစ်ယောက်နှင့်အတူ သေဆုံးရန် မလိုလားပေ။
"ငါ့အမိန့်ကို နာခံကြ။ ငါသာ အင်မော်တယ်ဖြစ်လာရင် မင်းတို့ကို အသက်သွင်းပေးနိုင်တယ်။ အချိန်တစ်ခုကြာရင် ကုမျိုးနွယ်ကလည်း ငရဲကိုးထပ်ကို အုပ်စိုးနိုင်လိမ့်မယ်"
လင်းချန်က မက်လုံးပေးလိုက်သဖြင့် မျက်ကန်းယုံကြည်သူများဖြစ်သော ကုချင်လန်နှင့် ဖုန်းရှသည် အကြည့်ချင်းဖလှယ်ကာ လိုက်ပါလာသူများကို တားဆီးရန် နောက်ပြန်လှည့်သွားကြ၏။ သူတို့က ဓားအော်ရာသုံးထောင်စီ ပိုင်ဆိုင်ထားသောကြောင့် ရုတ်တရက် တန်ပြန်တိုက်ခိုက်လာခြင်းသည် ချန်ရှီတို့လူစုကို ရပ်တန့်သွားစေသည်။
"ကောင်းတယ်။ ကောင်းတယ်"
လင်းချန်က ကျေနပ်စွာ ရယ်မော၍ ဓားဝိညာဥ်ကို ထုတ်ဖော်ကာ လေဟာနယ် စွမ်းအင် ဖန်တီးလိုက်သည်။ ကပ်ဘေးဓားမှ လေဟာနယ်စွမ်းအင်များကို စုပ်ယူထားသောကြောင့် ၎င်းသည် သူ့ကို အကွာအဝေးတစ်ခုအထိ တည်နေရာ ရွှေ့ပြောင်းပေးနိုင်စွမ်းရှိသည်။ သူက ဓားဝိညာဥ်ဖြင့် လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သောအခါ လေဟာနယ်စွမ်းအင်ကြောင့် ဝင်ပေါက်တစ်ခုအလား ထင်မှတ်ရသည်။ အနောက်ဘက်တွင် ကုချင်လန်နှင့် ဖုန်းရှသည် လေးယောက် နှစ်ယောက် တိုက်ခိုက်နေရသဖြင့် ချန်ရှီမှာ ဖောက်ထွက်လာကာ လင်းချန်ထံ ချဥ်းကပ်လာနေခဲ့သည်။
"ရုန်းကျင့်ကြံသူတွေနဲ့ မိစ္ဆာတွေ တစ်လကြာရင် မင်းတို့ကို အဆတစ်ထောင် လက်စားပြန်ချေမယ်"
လင်းချန်က အေးစက်စက် ကြုံးဝါး၍ လေဟာနယ်ဝင်ပေါက်အတွင်း ခုန်ဝင်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့လေသည်။