← Chapters

နပုလ္လိင်

Vol. 24 Ch. 304

နပုလ္လိင်

Vol. 24 Ch. 304

ချန်ရှီသည် အစွမ်းကုန်တိုက်ခိုက်လိုက်ပြီး လေဟာနယ်ဝင်ပေါက်က ချက်ချင်း ပျောက်ကွယ်သွားသော်လည်း ထိခိုက်သွားပုံပေါ်သည်။ တစ်ဖက်လူက လေဟာနယ်ကို ထိုးဖောက်၍ ဖြတ်သန်းသွားလာနိုင်သောကြောင့် သူက မျက်မှောင်ကြုတ်နေပြီး ကုမျိုးနွယ် လောင်းကြေးထပ်ရသော အကြောင်းအရင်းကို နားလည်သွားသည်။ သို့ရာတွင် မည်သည့်နေရာသို့ ရောက်သွားကြောင်း မသိနိုင်တော့သဖြင့် ကုချင်လန်နှင့် ဖုန်းရှကို အရင်ဆုံး သတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။

"သခင်လေးလင်း လွတ်မြောက်သွားပြီ။ ကုန်းရန်ရှန်း ချန်ရှီ နင်တို့ကို သူ ပြန်လက်စားချေမှာ စောင့်နေကြ။ အရူးတွေ တစ်လအတွင်း ကပ်ဘေးတံဆိပ်ငရဲ နဲ့ အဆုံးမဲ့ငရဲပြည်က ပျက်စီးရလိမ့်မယ် ဟီး ဟီး"

ထိုမိန်းမနှစ်ယောက်က စိတ်ပျက်ဖွယ် ရယ်မောနေကြသဖြင့် ကုန်းရန်ရှန်းနှင့် ချန်ရှီ မျက်နှာထား တင်းမာသွားကာ အကြည့်ချင်းဖလှယ်လိုက်ပြီး အမှန်တကယ်အားဖြင့် အတွင်းစိတ်၌ စိုးရွံ့နေပြီဖြစ်သည်။

"သူတို့ကို သတ်ဦးမှာလား"

ကုန်းရန်ရှန်းက စကားစလိုက်သည်။

"သတ်လိုက်။ လင်းချန်ဆိုရင်ရော ငါတို့ကို အသက်ချမ်းသာပေးမှာလား။ ငရဲရှစ်ထပ်လုံး အေးချမ်းဖို့ အမည်ခံဓားအင်မော်တယ်တွေကို သတ်ရမယ်။ သူတို့သေမှ ငါတို့ငရဲလောကကြီး အေးချမ်းလိမ့်မယ်"

ချန်ရှီက ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး ဤမိန်းမနှစ်ယောက်ကို အလွတ်ပေးမည် မဟုတ်ချေ။ သို့ရာတွင် သူတို့က သေဘေးနှင့် ကြုံတွေ့နေရသည့်တိုင်အောင် ခနဲ့စကားများ ဆိုနေပြီး လင်းချန်မှ အသက်သွင်းပေးမည်ဟု မျက်ကန်းယုံကြည်နေကြသည်။

"နင်တို့ ကြောက်နေကြတာမလား"

"ဒီကောင်မတွေရဲ့ လျှာကို ဆွဲဖြုတ်စမ်းကွာ"

ချန်ရှီက ဒေါသတကြီးဖြစ်သွားကာ နောက်လိုက်များကို အမိန့်ပေးလိုက်ပြီး ကုချင်လန်နှင့် ဖုန်းရှ၏ ကံကြမ္မာမှာ မတွေးဝံ့စရာပင်။ ထိုအချိန်တွင် နတ်ဆိုးများ တောင်ကြားထံ ဦးတည်စုဝေးလာနေသောကြောင့် ချင်စန်းနှင့် စွန်းဟိုင်သည် ဝေးရာသို့ ပြေးထွက်လာကြ၏။ သူတို့က ဂူရှိရာသို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး စွန်းဟိုင်မှာ စိတ်ပျက်စွာ ရေရွတ်သည်။

"ဓားကျင့်ကြံသူတွေ အကုန်သေရတော့မယ်။ ငါတို့ ဘာဆက်လုပ်ကြမလဲ။ မိန်းမတွေကို ပြန်ကယ်ကြမလား"

"ရူးနေလား။ မင်းကို ဟိုကောင်မက ဘယ်လောက်ပြောဆိုလိုက်လဲဆိုတာ မေ့သွားပြီလား။ ယောကျ်ားမာန ရှိစမ်း"

ချင်စန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"မဟုတ်ဘူး။ ငါ စိုးရိမ်တာက ဒီကောင်မတွေ မသေရင် ဓားအပျက်အစီးနယ်မြေ ပြန်ရောက်တာနဲ့ ငါတို့ကို အပြစ်ပေးမှာကွ"

စွန်းဟိုင်က ရှင်းပြရန် ကြိုးစားလိုက်ပြီး တစ်ချိန်က လင်ယောကျ်ားများသည် သူတို့၏ ဇနီးများ သေဆုံးစေရန် မျှော်လင့်နေကြ၏။ သူတို့က ကလေးများ၏ မျက်နှာကို ထောက်ထား၍ ကုမျိုးနွယ်အတွင်း နှိမ့်ချသည်းခံခဲ့သော်လည်း လင်းချန်နှင့် ဖောက်ပြန်ခြင်းမှာ ခွင့်မလွှတ်နိုင်စရာပင်။

"သွားကြစို့ ညီအစ်ကို"

တောင်ကြားနှင့် ဝေးရာသို့ ထွက်ခွာလာခဲ့သော သူတို့၏ အနားတွင် လေထဲ၌ စက်ဝိုင်းသဏ္ဍာန် ဝင်ပေါက်တစ်ဖြစ်တည်လာသဖြင့် ချက်ချင်း သတိပြုမိလိုက်သည်။ အသက်တစ်ရှိုက်အကြာတွင် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် ဝင်ပေါက်အတွင်းမှ ပြုတ်ကျလာကာ လင်းချန်ဖြစ်နေခဲ့သည်။ သူက အားနည်းလွန်းနေသဖြင့် လေဟာနယ်အတွင်း ဖြတ်သန်းနိုင်ခဲ့သော်လည်း အကွာအဝေးအနည်းငယ်သာ ရောက်ရှိနိုင်ခဲ့သည့်အပြင် ချီစွမ်းအင်လည်း ကုန်ခမ်းသွားသည်။ သူက ဓားအပျက်အစီးနယ်မြေ၏ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားခဲ့ပြီး ကျင့်ကြံနေသော်လည်း အတိတ်ဘဝ စွမ်းအား၏ ခြေဖျားကိုပင် မမီနိုင်သေးချေ။ အကယ်၍ ယွမ်ရှောင်သာ ရှိမနေခဲ့လျှင် သူက ဤအခြေအနေမျိုးအထိ နိမ့်ကျသွားစရာ အကြောင်းမရှိဟု ဒေါသထွက်နေခဲ့ပြီး အငုံ့စိတ်များသူပီပီ နှစ်ကြိမ်တိုင်တိုင် အသက်ချမ်းသာပေးခဲ့သော ကျေးဇူးကို မေ့လျော့သွားပြီဖြစ်သည်။

"ဒီကောင်သာ ကံတကယ်ကောင်းနေရင် ငါ့အခွင့်အရေး ပျောက်ကွယ်သွားလိမ့်မယ်။ ဒီဘဝမှာ ယွမ်ရှောင်က ငါ့အတွက် ကျော်ဖြတ်ရမယ့် ကပ်ဘေးပဲ။ ဒါကို မကျော်နိုင်ရင် ထိပ်ဆုံးကို ဘယ်တော့မှ ပြန်ရောက်မှာ မဟုတ်ဘူး"

"သခင်လေးလင်း"

လင်းချန်က သူ့အတွေးနှင့်သူ ပတ်ဝန်းကျင်ကို မေ့လျော့နေစဥ် စကားသံ ထွက်ပေါ်လာသဖြင့် တစ်ချက်လှည့်ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်ပါလား"

"သခင်လေးလင်း လေဟာနယ်ကို ရုပ်ခန္ဓာသက်သက်နဲ့ ဘယ်လို ကျော်ဖြတ်နိုင်ခဲ့တာလဲ။ အစွမ်းထက်လိုက်တာ"

ချင်စန်းက မင်သက်သွားဟန်ဆောင်နေသော်လည်း လူသတ်လိုစိတ် တဟုန်းဟုန်း တောက်လောင်နေပြီဖြစ်၏။

"လှည့်ကွက်သေးသေးလေးပါ။ အရင်ဆုံး ငါက ကောင်းကင်မြေရဲ့ ဗဟိုချက်ကို ရှာဖွေရမယ်။.မင်းတို့လည်း လွတ်လာတယ်ဆိုတော့ ငါ့ကို ခစားကြစမ်း"

လင်းချန်က ထိုအချင်းအရာကို သတိမပြုမိဘဲ အထက်စီးဆန်ဆန် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ချင်စန်းနှင့် စွန်းဟိုင်သည် လေးစားရိုသေစွာ ဦးညွှတ်နေရာမှ အကြည့်ချင်းဖလှယ်ကာ တစ်ဖက်လူ အလွန်အားနည်းနေကြောင်း နားလည်သွားကြသည်။ ဖြူဖျော့နေသော မျက်နှာမှတဆင့် ဟန်ကိုယ့်ဖို့နေခြင်း ဖြစ်ကြောင်း သူတို့က သဘောပေါက်လိုက်ပြီး ဤမယားခိုးနှင့် သူတို့၏ မိန်းမများ ရစ်ပတ်လုံးထွေးနေသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်လာသည်။ ကောင်းကင်မှ ပေးအပ်သော အခွင့်ကောင်းကို လက်လွှတ်မခံလိုသည့်အတွက် လုပ်ကြံမည့်အကြံကို စကားတစ်ခွန်းမှ တိုင်ပင်စရာမလိုဘဲ သဘောတူခဲ့ကြ၏။

"မယားခိုး သေစမ်း"

မောက်မောက်မာမာ အမိန့်ပေးနေသော လင်းချန်ကို အရိုအသေပေးနေသည့် ပြည့်စုံခြင်းအဆင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်က ဓားဖြင့် ရုက်တရက် တိုက်ခိုက်လာကြသည်။ သူက ဓားဝိညာဥ်ကို အလျင်အမြန် ဆင့်ခေါ်၍ ချင်စန်း၏ ဓားကို တားမြစ်နိုင်လိုက်သော်လည်း ချီစွမ်းအင် ကုန်ခမ်းနေသဖြင့် အနီးကပ် ပိုင်းချလိုက်သော ဓားချက်ကို ကာကွယ်ရန် ခက်ခဲလွန်းနေသည်။ ချင်စန်း၏ ဓားက ကိုးရောင်ခြယ် ဓားဝိညာဥ်၏ ဓားသွားတလျှောက် ပွတ်ဆွဲလာကာ ဓားကိုင်လက်ရှိ လက်ချောင်း ငါးချောင်းကို ဖြတ်တောက်လိုက်၏။

"အား"

လင်းချန်မှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ မော်ပင်မကြည့်ရဲခဲ့သော ကျင့်ကြံသူတစ်ယောက်၏ ဓားချက်ဖြင့် လက်ပြတ်သွားလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ ထိုအချိန်တွင် စွန်းဟိုင်၏ ဓားကလည်း ဒန်တန်ထံ ဦးတည်ဝင်ရောက်လာကာ မသန်မစွမ်းဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိသာနေသည်။ ဇောချွေးပြန်နေသော လင်းချန်က လေဟာနယ်စွမ်းအားကို စုစည်း၍ ဓားချက်ကို အတင်းအကြပ် လမ်းကြောင်း လွှဲပစ်လိုက်သောအခါ အောက်သို့ နိမ့်ဆင်းသွား၍ ယောကျ်ားအင်္ဂါတစ်လုံး ဓားဖျားတွင် သင်းကွပ်ခံလိုက်ရ၏။

"အား"

တဏှာကြီးသော လင်းချန်မှာ လူမဆန်လွန်းသော နာကျင်မှုကြောင့် ငယ်သံပါအောင် အော်ဟစ်နေစဥ် ချင်စန်းနှင့် စွန်းဟိုင်မှာ အသေသတ်ရန် တိုက်ခိုက်လာကြပြန်သည်။ ဤမယားခိုး နာကျင်နေသော အဖြစ်ကြောင့် သူတို့ ကျေနပ်နေကြပြီး ကံကြမ္မာ တစ်ပတ်ပြန်လည်လာခြင်းပင်။

အတိတ်ဘဝတွင်လည်း လင်းချန်သည် ညီအစ်ကိုဖြစ်သူ၏ ဇနီးကို ခြေတော်တင်ခဲ့သဖြင့် လုပ်ကြံခံခဲ့ရသော်လည်း တဏှာကြီးစွာဖြင့် သင်ခန်းစာမယူခဲ့မိပေ။ မိသားစုကို ဆုံးရှုံးလိုက်ရသော ယောကျ်ားတစ်ယောက်၏ အဆုံးအစွန်ထိ လုပ်နိုင်စွမ်းကို လျှော့တွက်မိခဲ့သဖြင့် ယောကျ်ားအင်္ဂါထိခိုက်သွားသည်အထိ ဝဋ်လည်ခဲ့သည်။ ဤအဖြစ်ကြောင့် သူ့ကိုယ်သူ ကောင်းကင်နတ်ဓားဧကရာဇ်မဟုတ်ဘဲ ပြန်လည်မွေးဖွားလာသော ပါရမီရှင်တစ်ယောက် ဖြစ်နေကြောင်း အမြင်မှန်ရသွားကာ မြေပြင်တွင် လှိမ့်ချ၍ ဓားချက်များကို အသည်းအသန် ရှောင်တိမ်းလိုက်ရ၏။

"သေစမ်း"

"မယားခိုးကောင် နောင်ဘဝကျရင် ငါတို့ကို ရန်လာမစနဲ့"

ချင်စန်းနှင့် စွန်းဟိုင်သည် ရူးသွပ်နေသော ဘီလူးသဘက်များပမာ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်လာ၍ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခဲ့သည်။ ဤလောကတွင် ရှင်သန်ရသည်မှာ ထင်ထားသည်ထက် ပို၍ ခက်ခဲကြောင်း နာကျင်မှုမှ တဆင့် လင်းချန် သင်ယူခဲ့ရ၏။ ထို့ကြောင့် သေဘေးမှ လွတ်မြောက်စေရန် ယွမ်ရှောင်ကို လုပ်ကြံရန် စီစဥ်ထားသော ဝှက်ဖဲအား ရင်နာနာဖြင့် အသက်သွင်းလိုက်ရသည်။ ဓားနှစ်လက် နီးကပ်လာချိန်တွင် သူ၏ ဝတ်ရုံအတွင်းမှ ကောင်းကင်ကြေးမုံ ထွက်ပေါ်လာကာ အလင်းတန်းတစ်ချက်ဖြင့် ချင်စန်းနှင့် စွန်းဟိုင်မှာ အမှုန့်ကြိတ်ခံလိုက်ရသည်။ ထို့နောက် ကြေးမုံသည်လည်း ပေါက်ကွဲသွားကာ ငရဲကိုးထပ်၏ သမိုင်းတွင် မတည်ရှိဖူးသည့်အလား အစအနပင် ရှာမရတော့ချေ။

"ဒီလောကရဲ့ သေမျိုးတွေက ဘာကြောင့် ကိုင်တွယ်ရခက်နေတာလဲ"

လင်းချန်၏ မျက်နှာသည် ပို၍ ဖြူရော်သွားကာ မြေပြင်တွင် လဲကျရင်း မျက်လုံးများ မှေးမှိန်နေသည်။ သူ၏ အငုံ့စိတ်အရ ယွမ်ရှောင်သာ ရှိမနေလျှင် တစ်လောကလုံးကို အုပ်စိုးနိုင်မည်ဟု တွေးနေခဲ့ရင်း အမုန်းတရား ကြီးထွားလာသည်။ သူ၏ ကုန်းကုန်းဘဝမှ လွတ်မြောက်ရန်အတွက်မူ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာမှသာ အသွေးအသားကို ပြန်လည်ဖန်​တီးနိုင်ပေလိမ့်မည်။ သူက ရုန်းကန်၍ ထရပ်လိုက်သောအခါ ပတ်ဝန်းကျင်တွင် နတ်ဆိုးများ ပြေးလွှားနေပြီး ဂူထံ ဦးတည်နေကြောင်း မြင်လိုက်ရသည်။

"ဒီကောင်က ယောကျ်ားမဟုတ် မိန်းမ မဟုတ် နပုလ္လိင်ကြီးဟ"

အနားမှ ဖြတ်သန်းသွားသော နတ်ဆိုးတိုင်းက လင်းချန်ကို အထူးအဆန်း သတ္တဝါတစ်ကောင်သဖွယ် စိုက်ကြည့်သွားသည့်အပြင် မြေခွေးတစ်ကောင်မှ ပေါ်တင်လှောင်ပြောင်လိုက်သောကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားလေသည်။

All Chapters