← Chapters

နတ်ဆိုးစစ်တပ် တိုက်ခိုက်လာခြင်း

Vol. 24 Ch. 305

နတ်ဆိုးစစ်တပ် တိုက်ခိုက်လာခြင်း

Vol. 24 Ch. 305

တိုက်ပွဲအပြီးတွင် လှိုဏ်ဂူပတ်ဝန်းကျင်၌ မွစာကြဲသွားကာ သစ်တောများ လဲပြိုသွားပြီး မြေပြင်၌ အက်ကြောင်းကြီးများ ထင်ဟပ်နေသည်။ ချန်ရှီနှင့် ကုန်းရန်ရှန်းသည် မြောက်ဘက်မှ ပြန်လည်ရောက်ရှိလာကာ လက်ထဲတွင် လှပသော မိန်းမနှစ်ယောက်၏ ခေါင်းပြတ်များကို ဆံပင်ရှည်မှတဆင့် ဆွဲကိုင်လာကြသည်။ ကုချင်လန်နှင့် ဖုန်းရှသည် လင်းချန် လွတ်မြောက်ရေးအတွက် ဓားစာခံဖြစ်သွားခဲ့ပြီး ​လေးယောက်နှစ်​ယောက် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရသော်လည်း ကုန်းရန်ရှန်း၏ ဘယ်ဘက်နံစောင်းတွင် သေလောက်သော ဓားချက်တစ်ခု ချန်ထားရစ်နိုင်ခဲ့သည်။ သူက သွေးထွက်မလွန်စေရန် ဆေးများအဆက်မပြတ် စားသုံး၍ ဒဏ်ရာကို ဖျက်ဆီးနေသော ဓားအရှိန်အဝါကို ထိန်းချုပ်ထားရ၏။

"လင်းချန်ကို မမိခဲ့ဘူးလား"

စစ်မင်းသမီးက မကျေမနပ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒီကောင့်မှာ လှည့်ကွက်တွေ ရှိနေတယ်။ လေဟာနယ်ကို ဓားနဲ့ ထိုးဖောက်ပြီး လွတ်မြောက်သွားတယ်"

ချန်ရှီ၏ အဖြေစကားကြောင့် ရုန်းကျင့်ကြံသူများ စိတ်ပျက်သွားကြပြီး လင်းချန်၏ နောက်လိုက်တိုင်းကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင် တကယ့်တရားခံ လွတ်မြောက်သွားရာ သုတ်သင်ခံရနိုင်ချေရှိသည်။ လင်းချန်က တစ်ကိုယ်တော် ဖြစ်သွားသောကြောင့် လိုက်လံသတ်ဖြတ်နိုင်မည်ဟု ကိုယ့်ကိုကိုယ် အားတင်းလိုက်ကြပြီး မြေပြင်တစ်နေရာတွင် သူတို့ သတ်ဖြတ်ခဲ့သော ဓားကျင့်ကြံသူများ၏ ခေါင်းပြတ်များကို စုပုံလိုက်ကြ၏။ တန်ပြန်တိုက်ခိုက်မှုကြောင့် ရုန်းကျင့်ကြံသူများဘက်တွင် အကျအဆုံး အနည်းငယ်ရှိ၍ ဒဏ်ရာများ ရထားကြသော်လည်း မိစ္ဆာများက အကောင်းပကတိ ရှိနေသောကြောင့် အစွမ်းကုန်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ကြောင်း သိသာနေသည်။ သို့ရာတွင် မိစ္ဆာမျိုးနွယ်အနေဖြင့် အသက်စွန့်တိုက်ခိုက်ပေးစရာ အကြောင်းလည်း မရှိသောကြောင့် ကုန်းရန်ရှန်းအနေဖြင့် သဘောပေါက်သည့်တိုင်အောင် မျက်ကွယ်ပြုလိုက်ရသည်။

"နောက်ထပ် ဘာဆက်လုပ်ကြမလဲ ခြင်္သေ့အမတ်"

သူက ချန်ရှီကို အကြံတောင်းလိုက်သည်။

"အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်မှာ တစ်ယောက်က အားနည်းသွားပြီ။ နတ်ဆိုးတိုက်ကြီးနဲ့ ထာဝရဓားအကျဥ်းထောင် ဆက်သွယ်ထားတဲ့ ဝင်ပေါက်မှာ စောင့်ပြီး သတ်ပစ်ကြမယ်"

ချန်ရှီ၏ အကြံကို မည်သူမျှ မကန့်ကွက်ဘဲ ထွက်ခွာရန် ပြင်ဆင်လိုက်သောအခါတွင်မှ ပတ်ဝန်းကျင်ကို သတိထားမိခဲ့ကြသည်။ နတ်ဆိုးသန်းပေါင်းများစွာက မူလအသွင်ဖြင့် ဟိန်းဟောက်ရင်း သူတို့ကို ဘက်ပေါင်းစုံမှ ဝန်းရံထားကြသော်လည်း အားနည်းလွန်းသဖြင့် ဂရုမစိုက်မိခဲ့ကြပေ။ မြေပြင်ရော ဝေဟင်ပါ နတ်ဆိုးများ ပြည့်နှက်နေပြီး အနိမ့်ဆုံး နတ်ဆိုးသွေးကြော နယ်ပယ် ကျင့်ကြံသူများချည်း ဖြစ်သော်လည်း တာအိုနှလုံးသားနယ်ပယ် တစ်ယောက်ပင် မပါဝင်သောကြောင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများ၏ စွမ်းအားကို နားလည်မည်မဟုတ်ရာ သူတို့က အထင်သေးနေကြ၏။ လက်ရှိအခြေအနေကို ကြွက်တစ်အုပ်က တိုက်ခိုက်ရန် ဝန်းရံလာသကဲ့သို့ ထင်မှတ်ထားကြပြီး သူတို့သည် လှောင်ရယ်နေကြသည်။

"တိုက်ကွက်တစ်ခုတည်းက လေးငါးထောင်လောက်ကို သတ်ပြလိုက်ရင် ကြောက်လန့်ပြီး ထွက်ပြေးသွားကြလိမ့်မယ်"

ရုန်းကျင့်ကြံသူ တစ်ယောက်က ပြောပြောဆိုဆိုနှင့် အသက်တံဆိပ်ကို အသုံးပြုကာ ရှည်လျားသော ခရမ်းရောင်မိုးကြိုးတစ်စင်းဖြင့် ကောင်းကင်သို့ ပစ်ခတ်လိုက်သောအခါ ဘုန်းခနဲ မြည်သံအောက်တွင် နတ်ဆိုးထောင်ချီ အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။ သို့ရာတွင် နတ်ဆိုးများက ကြောက်လန့်သွားရမည့်အစား ပို၍ ကြမ်းကြုတ်စွာ ရှေ့တိုးလာနေသဖြင့် အားကိုးတစ်ခုခု ရှိနေပုံပေါ်သည်။ သူက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်ကာနီးတွင် အဖြူရောင် မြေခွေးတစ်ကောင် ရုတ်တရက် ရောက်ရှိလာကာ နဖူးကို လက်ဝါးဖြင့် ရိုက်ချသွားသောကြောင့် အသံတစ်ချက်ပင် မထွက်နိုင်ခင် ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသည်။

"ဘယ်သူလဲ"

ကံပင်လယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်၍ ပေါ့ပေါ့ပါးပါး ပြန်လည်ထွက်ခွာသွားသော နတ်ဆိုးကြောင့် သူတို့အားလုံး ရင်ထိတ်သွားကြသည်။ အသတ်ခံလိုက်ရသူမှာ နောက်ပိုင်းအဆင့် ကံပင်လယ် နယ်ပယ်ဖြစ်သောကြောင့် အခြေတည်အဆင့်မဟုတ်လျှင် သတ်နိုင်စရာ အကြောင်းမရှိပေ။ အဝေးရှိ တောင်ထိပ်တစ်ခုတွင် မြေခွေးက ငွေရောင်ဆံပင် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ အမြှီးလေးချောင်းမှာ ကျောဘက်၌ ဝေ့ယမ်းနေသည်။

"ဒီလိုနေရာမှာ အစွမ်းထက် နတ်ဆိုးတစ်ကောင် ဘယ်လိုလုပ်ရှိနေတာလဲ"

ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများအားလုံး မျက်နှာပျက်သွားကာ ဝင်ပေါက်မှာ နှစ်ခုတည်းရှိသောကြောင့် ရှေးဟောင်းနတ်ဆိုးငရဲမှ ရောက်လာသူလည်း မဖြစ်နိုင်ပါချေ။

"နတ်ဆိုးတိုက်ကြီးမှာ မင်းလို ပါရမီရှင်တစ်ယောက် ရှိနေတာကို မသိလို့ ငါတို့ ရိုင်းပြမိပါတယ်။ စိတ်မရှိပါနဲ့။ နားလည်မှု မလွဲပါနဲ့။ ငါတို့က အမည်ခံ ဓားအင်မော်တယ်တွေကို သတ်ချင်ရုံပါ။ စကားနဲ့ ဆွေးနွေးကြမယ်"

ချန်ရှီက ရှေ့တက်လာ၍ ပြေလည်ရာပြေလည်ကြောင်း စကားစလိုက်သော်လည်း လနတ်သား၏ တုံ့ပြန်ပုံသည် နတ်ဆိုးစစ်သည် သန်းခုနစ်ဆယ်ကျော်ကို ဒေါသထွက်သွားစေသည်။

"မင်းတို့က ငါတို့ရဲ့ အမိမြေကို ကျူးကျော်လာပြီး နတ်ဆိုးတွေကို သတ်ထားတယ်။ ဒီပြစ်မှုက ခွင့်လွှတ်လို့မရနိုင်ဘူး။ သွေးကြွေးကို သွေးနဲ့ ပေးဆပ်ရမယ်"

"မောက်မာလိုက်တာ"

ကုန်းရန်ရှန်းက အေးစက်စက် နှာခေါင်းရှုံ့၍ ချန်ရှီအနားကပ်ကာ တီးတိုးသတိပေးလိုက်သည်။

"ဒီနတ်ဆိုးက နည်းနည်း ထူးခြားတယ်။ ဒီလို နိမ့်ကျတဲ့ လောကအလွှာထဲမှာတောင် ကျင့်ကြံဆင့်မြင့်မားနေရင် ရှေးဟောင်းနတ်ဆိုးငရဲကို ရောက်သွားရင် ငါတို့အတွက် ပြဿနာဖြစ်လာနိုင်တယ်။ တစ်ခါတည်း အပြတ်ရှင်းလိုက်ရအောင်"

မျောက်သူတော်စင်သည် ကျူးကျော်လာသူများ၏ ခွန်အားကို အတိအကျ မသိသောကြောင့် သံသယဝင်နေသော်လည်း လနတ်သားက အလွယ်တကူ သတ်ပြလိုက်သောကြောင့် အရေအတွက်ဖြင့် အနိုင်ယူနိုင်မည်ဟု ဦးနှောက်ဆေးခံလိုက်ရသည်။ မီးသူတော်စင်သည်လည်း လနတ်သားကို အလွန်ယုံကြည်နေသောကြောင့် တိုက်ခိုက်လိုစ်တ် ပြင်းပြနေပြီး ဤကျူးကျော်သူများကို ရှင်းလင်းပြီးလျှင် နတ်ဘုရားတိုက်ကြီးကို သိမ်းပိုက်ရန် မစောင့်နိုင်တော့ပေ။

"ဒီကောင်တွေကို သတ်ပြီးရင် နတ်ဘုရားတိုက်ကြီးကို သိမ်းပိုက်ကြမယ်"

လနတ်သား၏ ကြေညာချက်က လူသားမျိုးနွယ်အပေါ် အခဲမကြေသော နတ်ဆိုးများကို လှုံ့ဆော်ပေးနိုင်ခဲ့ပြီး နတ်ဘုရားတိုက်ကြီးကို လက်စားချေလိုစိတ်မှာ ပျောက်ပျက်မသွားသေးပေ။ နတ်ဆိုးဧကရာဇ်ငါးယောက် သေသွားသည့်တိုင်အောင် နတ်ဆိုးစစ်တပ်က စိတ်အားထက်သန်နေဆဲဖြစ်ကာ လနတ်သားသည်လည်း ပုံရိပ်ယောင်စွမ်းရည်ဖြင့် သူတို့ကို သတ္တိရှိလာစေရန် ဖြားယောင်းနေသည်။

"ကျူးကျော်သူတွေကို သတ်ပြီး အမိမြေကို ကာကွယ်ကြ"

သူက အမိန့်ပေးလိုက်သောအခါ နတ်ဆိုးများ သေရမည်ကို မကြောက်ဘဲ တရကြမ်း ချီတက်သွားသော​ကြောင့် မြေပြင်တစ်ခုလုံး တုန်ခါနေသည်။

"ဒီကောင်က တကယ်တိုက်ခိုက်ချင်နေတာလား။ ရွေးစရာမရှိဘူး။ အကုန်သတ်ပစ်ပြီး ဖောက်ထွက်မယ်"

"အကောင်းဆုံးက မြွေသတ်ရင် မြွေခေါင်းကို ဖြတ်ရမယ်။ ငါက ဒီမြေခွေးကို တိုက်ခိုက်မယ်"

နတ်ဆိုးစစ်တပ်၏ မောက်မာမှုသည် အစွမ်းထက်ကျင့်ကြံသူ အုပ်စုကို ဒေါသထွက်သွားစေခဲ့ပြီး ကုန်းရန်ရှန်းနှင့် ချန်ရှီက တိုက်ခိုက်ရန် အစီအစဥ်ဆွဲလိုက်သည်။ နတ်ဆိုးစစ်တပ်က အရေအတွက် သန်းခုနစ်ဆယ်ကျော်သော်လည်း သူတို့အတွက် တို့ဟူးပမာ အားနည်းလှပြီး လျင်လျင်မြန်မြန် တုံ့ပြန်ကာ နတ်ဆိုးစွမ်းရည်များ ရောက်မလာခင် အသက်တံဆိပ်များ ကြီးမားကျယ်ပြန့်လာကာ ဒိုင်းသဖွယ် မိစ္ဆာများနှင့် ရုန်းကျင့်ကြံသူများကို ကာကွယ်ပေးထားသည်။ ထို့အပြင် ၎င်းက အသားကြိတ်စက်ပမာ တဝီဝီ လည်ပတ်နေပြီး ကျရောက်လာသော နတ်ဆိုးစွမ်းရည်များကိုသာမက ရှေ့တန်းမှ နတ်ဆိုးများကို အသားစဖြစ်အောင် ချေမွပစ်လိုက်သည်။

"ဘန်း ဘန်း ဘန်း"

အသက်တံဆိပ်များ ရောက်လေရာတွင် နတ်ဆိုးများ အသက်ပျောက်ကုန်သော်လည်း နောက်တန်းရှိ နတ်ဆိုးများမှာ အခြေအနေမှန်ကို မမြင်နိုင်သောကြောင့် ဆက်လက်တိုးဝင်လာနေကြသည်။

"ငါတို့ ကာကွယ်မယ်။ မင်းတို့က တိုက်ခိုက်ကြ"

ကုန်းရန်ရှန်းက မိစ္ဆာများကို အမိန့်ပေးလိုက်သောအခါ ဒိုင်းအပြင်သို့ သွေးပညာရပ်များ ပြေးထွက်သွားကာ ရွေ့လျားနေသော သွေးစက်လုံးကြီးသည် မြင်လေရာရာ နတ်ဆိုးများကို ဝါးမျိုပစ်လိုက်သည်။ သို့ရာတွင် အားနည်းသည့်အပြင် အသိဉာဏ်နည်းပါးသော နတ်ဆိုးများမှာ ​ခန္ဓာကိုယ်နှင့် အသက်ကို ရင်း၍ ရန်သူ၏ ချီစွမ်းအင် ကုန်ခမ်းစေရန် ဆက်တိုက် တိုးဝင်လာနေကြသည်။

"ဒီတိရစ္ဆာန်ကောင်တွေက အားနည်းလွန်းတယ်။ အရေအတွက်သာတာနဲ့ ငါတို့ကို သတ်နိုင်မယ်လို့ တကယ်ထင်နေတာလား"

ထိုအခိုက်အတန့်တွင် ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများသည် ပေါ့ပေါ့ပါးပါး တိုက်ခိုက်၍ နတ်ဆိုးများကို အလွယ်တကူ သတ်ဖြတ်နေကြရင်း ရယ်ပွဲဖွဲ့နေကြသည်။

"လနတ်သား ပြောတာက ကျူးကျော်သူတွေက အစွမ်းမထက်ဘူးဆို အခု ဘာတွေဖြစ်နေတာလဲ"

အခြေအနေကို ရိပ်စားမိသောအခါ မျောက်သူတော်စင်မှာ ဒေါသထွက်သွားခဲ့ပြီး ကျူးကျော်လာသူများနှင့် နတ်ဆိုးစစ်တပ်မှာ ခွန်အားချင်း မိုးနှင့်မြေပမာ ကွာခြားကြောင်း သဘောပေါက်သွားခဲ့သည်။ သွေးပညာများနှင့် အသက်တံဆိပ်များထံ သူကိုယ်တိုင် ဝင်ရောက်သွားလျှင်ပင် ချက်ချင်း အငွေ့ပျံသွားပေလိမ့်မည်။

"လနတ်သား"

မျောက်သူတော်စင်က ဒေါသတကြီးဖြင့် လိုက်လံရှာဖွေနေစဥ် ငွေရောင်အလင်းတန်းသည် ဓားတစ်စင်းအလား အသက်တံဆိပ်များနှင့် ဖွဲ့စည်းထားသော ဒိုင်းအပေါ် ဆင်းသက်သွားခဲ့သည်။

"ဘုန်း"

ပေါက်ကွဲမှုကြောင့် အသက်တံဆိပ်များ လွင့်ထွက်သွားကာ ဒိုင်း၏ ကာကွယ်မှုအောက်တွင် စုစည်းနေကြသော ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများအားလုံး တစ်နေရာစီ ပြန့်ကြဲကုန်သည်။ ဤအခြေအနေကို အခွင့်ကောင်းယူ၍ နတ်ဆိုးသန်းပေါင်းများစွာက သတ်ဖြတ်လိုစိတ် ပြင်းထန်စွာ ချီတက်လာကြပြီး ကျူးကျော်လာသူတစ်ယောက်ချင်းစီကို ဝန်းရံထားလိုက်ကြသည်။ သူတို့က လနတ်သား၏ အမည်ကို ကြွေးကြော်ရင်း ဒီရေတိုးလာသည့်ပမာ ချက်ချင်း တိုးဝင်လာသဖြင့် ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများမှာ ခဏအတွင်း တစ်ယောက်ချင်းစီ ခွဲထုတ်ခံလိုက်ရလေသည်။

All Chapters