← Chapters

ကန့်လန့်ကာနောက်ကွယ်မှ လက်တစ်စုံ

Vol. 24 Ch. 306

ကန့်လန့်ကာနောက်ကွယ်မှ လက်တစ်စုံ

Vol. 24 Ch. 306

ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများက လုံးဝဒေါသထွက်သွားကာ စုစည်းမနေတော့သော်လည်း ခပ်ကြမ်းကြမ်း ပြန်လည်တိုက်ခိုက်လိုက်ကြသည်။ ရုန်းကျင့်ကြံသူများ၏ ပတ်လည်တွင် ရှိနေသော အသက်တံဆိပ် အသီးသီးက ချဥ်းကပ်လာသော နတ်ဆိုးတိုင်းကို သတ်ဖြတ်၍ တာအိုဂါထာတစ်ခု ပစ်ခတ်လိုက်တိုင်း မြောက်များစွာ သေဆုံးကုန်သည်။ ညအမှောင်အောက်တွင် နတ်ဆိုးလှိုင်းလုံးကြီးအတွင်း သူတို့က တစ်ဖက်သတ် အနိုင်ယူနေသော်လည်း တစ်ဖက်ရန်သူမှာ ကြောက်စိတ်ကင်းမဲ့၍ အဆုံးမရှိ ချီတက်လာနေသောအခါ စိတ်လေးစပြုလာသည်။ ဓားကျင့်ကြံသူများနှင့် တိုက်ပွဲတွင် အနည်းနှင့်အများ ဒဏ်ရာရထားသောကြောင့် မောပန်းနေပြီဖြစ်ရာ နတ်ဆိုးများကို သတ်ဖြတ်ရင်း ခြေကုန်လက်ပန်းကျလာသည်။

"ဘုန်း ဘုန်း ဘုန်း"

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး နတ်ဆိုးများ ကြောက်စိတ်ဝင်လာတိုင်း လနတ်သား ထွက်ပေါ်လာကာ ရုန်းကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်သွားသောကြောင့် တိုက်ခိုက်လိုစိတ် ရိုက်သွင်းပေးနေခဲ့သည်။ မျှော်လင့်ချက်နှင့် ဒေါသ၏ သက်ရောက်မှုကြောင့် နတ်ဆိုးတိုင်းက အသက်စွန့် စတေးနေကြပြီး မြင်လေရာရာ အလောင်းများ တောင်လိုပုံနေပြီး သွေးများ မြစ်ပမာ စီးဆင်းနေသည်။

"ဘာတွေဖြစ်နေတာလဲ။ ဒီမြေခွေးက မိစ္ဆာတွေကို မတိုက်ခိုက်ပါလား"

ချန်ရှီသည် ပရမ်းပတာ တိုက်ပွဲအတွင်း ထူးခြားချက်တစ်ခုကို သတိပြုလိုက်မိချိန်တွင် အနားသို့ ငွေရောင်မြေခွေး ရုတ်တရက် ရောက်ရှိလာသဖြင့် အကြည့်ချင်းဆုံသွားခဲ့သည်။

"ကျုပ် ခင်ဗျားနဲ့ ပူးပေါင်းချင်တယ်"

"ဘယ်လို ပူးပေါင်းမှာလဲ"

"မိစ္ဆာတွေကို အသက်ရှင်လျက် လွှတ်ပေးမယ်။.အပြအလှန်အနေနဲ့ ကျုပ်ကို ရှေးဟောင်းနတ်ဆိုးငရဲဆီ ခေါ်သွားပေးရမယ်။ ရုန်းကျင့်ကြံသူတွေကိုတော့ အကုန်သတ်ပစ်လိုက်မယ်"

"ကောင်းပြီ။ ငါလည်း ဒီလူသားတွေကို ဂရုမစိုက်ဘူး"

"ဒါဆိုရင် အကျိုးရှိတဲ့ ပူးပေါင်းမှု ဖြစ်သွားတာပေါ့"

လနတ်သားနှင့် ချန်ရှီက တိုက်ပွဲအတွင်း ချက်ချင်း သဘောတူညီချက်ရသွားကာ အရူးတစ်ယောက်ပင် မိစ္ဆာမျိုးနွယ်သည် လူသားများအပေါ် အလေးမထားကြောင်း မြင်နိုင်သည်။ လနတ်သား၏ ရည်ရွယ်ချက်က ရှေးဟောင်းနတ်ဆိုးငရဲသို့ အဆုံးမဲ့ငရဲပြည်မှ တရားဝင်သွားရောက်လိုခြင်းဖြစ်ကာ မိစ္ဆာမျိုးနွယ်မှ ပူးပေါင်းလျှင် မသတ်ဟု စစ်မင်းသမီးကို ကတိပေးထားခဲ့သည်။ အဆုံးမဲ့ငရဲပြည်ကို သူမ အုပ်ချုပ်၍ ယွမ်ရှောင်ကို အမှုထမ်းလျှင် အစွမ်းထက်နောက်လိုက်မျိုးနွယ်တစ်ခု ပိုင်ဆိုင်မည်ဖြစ်ရာ ငြင်းပယ်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် လနတ်သားက မိစ္ဆာများနှင့် သူသေကိုယ်သေတိုက်ခိုက်ရန် မလိုအပ်ဘဲ နတ်ဆိုးများကို အမိန့်ပေးကာ မိစ္ဆာများအတွက် မသိမသာ လမ်းဖွင့်ပေးခဲ့သည်။

"ခြင်္သေ့အမတ် ကျုပ်က လူသားတွေကို မုန်းတီးပေမယ့် မိစ္ဆာမျိုးနွယ်နဲ့ ရန်သူ မဖြစ်ချင်ဘူး။ ကတိတည်ပါ။ ကိုယ့်သေတွင်းကိုယ် မတူးချင်နဲ့"

"မစိုးရိမ်ပါနဲ့"

လနတ်သားက လေးနက်စွာ စိုက်ကြည့်၍ သတိပေးလာသောအခါ ချန်ရှီသည် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ အသက်တံဆိပ်များ ပေါင်းစပ်ထားသော ဒိုင်းကို တစ်ချက်တည်း ဖြိုခွဲလိုက်သော အစွမ်းအရ အမည်ခံဓားအင်မော်တယ်များထက်ပင် ပို၍ ထူးချွန်နိုင်ချေရှိသော နတ်ဆိုးပါရမီရှင်ကို သူက ဆန့်ကျင်လိုစိတ် မရှိပေ။ ထို့အပြင် မိစ္ဆာမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ဆိုသည်မှာလည်း ရန်ငြှိုးရန်စ မရှိသောကြောင့် ပူးပေါင်းမှုက ပို၍ ချောမွေ့သွားခဲ့သည်။

"ငါ့ဆီ လာခဲ့ကြ။ ဖောက်ထွက်မယ်"

မိစ္ဆာများသည် ပတ်ဝန်းကျင်၌ နတ်ဆိုးအရေအတွက် လျော့နည်းသွားကြောင်း သတိထားမိသည်နှင့်တပြိုင်နက် ချန်ရှီ၏ အမိန့်သံ ထွက်ပေါ်လာသည်။ သူတို့က စစ်မင်းသမီးကို ကာကွယ်ရင်း ခေါင်းဆောင်ဖြစ်သူထံ စုဝေးသွားကာ ရုန်းကျင့်ကြံသူများသည် တာအိုဂါထာများ အစွမ်းထက်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အားနည်းကြပြီး ရုပ်ခန္ဓာပိုမို သန်မာသော မိစ္ဆာများအနေဖြင့် စုစည်းနေလျှင် စစ်မြေပြင်၌ အန္တရာယ်မရှိနိုင်ပေ။ လနတ်သား၏ ကူညီမှုဖြင့် မိစ္ဆာများနှင့် ချန်ရှီသည် အလွယ်တကူ စုစည်းသွားကြပြီး ဖြည်းဖြည်းချင်း ဆုတ်ခွာနေစဥ် ရုန်းကျင့်ကြံသူများမှာမူ အမှောင်ထုအောက်တွင် နတ်ဆိုးများအတွင်း ပိတ်မိနေကြသည်။

"သွားကြစို့"

ချန်ရှီက မိစ္ဆာအုပ်စုကို ဦးဆောင်၍ နတ်ဆိုးစစ်တပ်မှ ဖောက်ထွက်သွားကာ ရုန်းကျင့်ကြံသူများကို သေသေရှင်ရှင် ပစ်ထားခဲ့သည်။ ကောင်းကင်တာအိုဆေးလုံး ပိုင်ဆိုင်ထားသည့် ယွမ်ရှောင်မှလွဲလျှင် မည်သူမှ ရေရှည်တိုက်ပွဲတစ်ခု၌ စွမ်းအင်ပြတ်လပ်ခြင်းကို မဖြေရှင်းနိုင်ချေ။ ထို့ကြောင့် ခြေကုန်လက်ပန်းကျနေသော မိစ္ဆာများသည် ချက်ချင်း ဆုတ်ခွာထွက်ပြေးလိုက်ကြ၏။

"ခြင်္သေ့အမတ် ငါတို့ကို ကယ်ပါဦး"

နတ်ဆိုးများအကြား ပိတ်မိနေသော ကုန်းရန်ရှန်းက ထိုအုပ်စုကို သတိပြုမိ၍ အကူအညီတောင်းလိုက်သည်။

"စိတ်မကောင်းပါဘူး။ ကိုယ့်ကိုကိုယ် အားကိုးရမယ့် အချိန် ရောက်နေပြီ။ အဆုံးမဲ့ငရဲပြည်ကို မြန်မြန်ပြန်ကြစမ်း။ ပြီးရင် ဝင်ပေါက်ကို ပိတ်ထားပြီး ရုန်းကျင့်ကြံသူတစ်ယောက်မှ ထွက်မလာစေနဲ့"

ချန်ရှီက ချက်ချင်း ငြင်းပယ်ကာ လက်အောက်ငယ်သားများကို တင်းကြပ်စွာ အမိန့်ပေးလိုက်သည်။ ရုန်းကျင့်ကြံသူများက ဉာဏ်များသောကြောင့် ကပ်ဘေးတံဆိပ်ငရဲသည် သူတို့အပေါ် ပစ်မှတ်ထားလာနိုင်သဖြင့် တတ်နိုင်သမျှ သတင်းဖုံးထားရပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးတိုက်ကြီးသို့ ရောက်လာသော ရုန်းကျင့်ကြံသူများ သေဆုံးရသည်မှာလည်း နတ်ဆိုးစစ်တပ်၏ တိုက်ခိုက်မှုကြောင့်သာဖြစ်၍ မိစ္ဆာမျိုးနွယ် မပတ်သက်ချေ။

"အားနည်းရင်တောင်မှ အရေအတွက်များလွန်းပြီး ကြောက်စိတ်မရှိရင် အတော်အစွမ်းထက်တာပဲ"

"နတ်ဆိုးတွေက ဘာမှမဟုတ်ဘူး။ ခေါင်းဆောင် မြေခွေးနတ်ဆိုးတစ်ယောက်တည်းက ကြောက်စရာကောင်းနေတာပဲ"

"မြန်မြန်သွားကြ။ လှည့်ကြည့်မနေနဲ့"

စစ်မြေပြင်နှင့် ဝေးရာသို့ ရောက်သောအခါတွင်မှ မိစ္ဆာများက သက်ပြင်းချလိုက်မိပြီး နောက်သို့လှည့်ကြည့်လိုက်သောအခါ သွေးချောင်းစီးနေသည့် စစ်​မြေပြင်ကို မြင်နေရသဖြင့် ကျောစိမ့်သွားကြသည်။

ကုန်းရန်ရှန်းသည် အမှောင်ထုအတွင်း ငယ်သားများကို တကြော်ကြော် အော်ခေါ်နေသော်လည်း မည်သည့်တုံ့ပြန်သံမှ ထွက်ပေါ်မလာဘဲ တိတ်ဆိတ်နေခဲ့သည်။ သူက ကမ်းမမြင်လမ်းမမြင် ပင်လယ်အတွင်း ကူးခတ်​နေရသကဲ့သို့ မွန်းကြပ်လာပြီး ထွက်ပြေးချင်သော်လည်း အရေအတွက်များလွန်းသော နတ်ဆိုးအုပ်ကြီးအပြင် လနတ်သားပါ ရှိနေသောကြောင့် မစွမ်းဆောင်နိုင်ခဲ့ပေ။ ပတ်ပတ်လည်တွင် နတ်ဆိုးအလောင်းကောင်များသာ ပြည့်နှက်နေပြီး ရုန်းကျင့်ကြံသူအားလုံး သေဆုံးကာ တစ်ယောက်တည်း ကျန်ရစ်ကြောင်း သိလိုက်ရသဖြင့် ရင်ထိတ်သွားခဲ့သည်။ လင်းချန်နှင့် ဓားကျင့်ကြံသူများ၊ ဖုလုံရှန်းနှင့် ရုန်းကျင့်ကြံသူများ အားလုံး ဤနေရာတွင် ချောင်ပိတ်ခံရသည်အထိ တိုက်ခိုက်ခံခဲ့ရကြောင်း စဥ်းစားမိသောအခါ နောက်ကွယ်၌ လက်တစ်စုံမှ ထိန်းချုပ်နေကြောင်း သူက နားလည်သွားသည်။

"ကျူးကျော်သူ မင်းက နတ်ဆိုးသန်းငါးဆယ်ကျော်ကို သတ်ခဲ့တယ်"

ငွေရောင်မြေခွေးက ရုတ်တရက် ထွက်ပေါ်လာပြီး ကုန်းရန်ရှန်းကို ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်ကာ စွပ်စွဲလိုက်သည်။ နတ်ဆိုးများနှင့် ယှဥ်လျှင် ကံပင်လယ်နယ်ပယ် ရုန်းကျင့်ကြံသူများက အစွမ်းထက်လွန်းပြီး သူတို့ကို သတ်နိုင်ရန်အတွက် နတ်ဆိုးသန်းငါးဆယ်ကျော် စတေးလိုက်ရသော်လည်း ကျန်နတ်ဆိုးများမှာ လနတ်သားအပေါ် မျက်ကန်းယုံကြည်နေဆဲပင်။

"သေစမ်း။ ဒါက နတ်ဆိုးတိုက်ကြီးကို ကျူးကျော်လို့ ပေးဆပ်ရတဲ့ အဖိုးအခပဲ"

လနတ်သားက တိုက်ခိုက်ရလွန်းသဖြင့် လက်ပန်းကျနေသော ကုန်းရန်ရှန်းကို အဆုံးသတ်ပေးလိုက်ပြီး နတ်ဆိုးစစ်တပ်လက်ချက်ဖြင့် အလောင်းမှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။

"ဧကရာဇ် ဒီလောက်အထိအဆုံးအရှုံးများနေတာ နတ်ဘုရားတိုက်ကြီးကို ဘယ်လို တိုက်ခိုက်ကြမှာလဲ"

မီးသူတော်စင်က ချဥ်းကပ်လာ၍ မေးခွန်းထုတ်လိုက်သည်။

"ကျူးကျော်သူတွေက ငါထင်ထားတာထက် ပိုပြီး အစွမ်းထက်နေတယ်။ အခု အနားယူထားကြ။ ငါက နတ်ဘုရားတိုက်ကြီးရဲ့ ခေါင်းဆောင်တွေကို လုပ်ကြံထားမယ်"

လနတ်သားက သက်ပြင်းချ၍ နှစ်သိမ့်လိုက်သော်လည်း ဉာဏ်ကောင်းသော မျောက်သူတော်စင်က အရာရာကို နားလည်သွားပြီဖြစ်သည်။

"ဟား ဟား လနတ်သား မင်းက ရုန်းကျင့်ကြံသူတွေကိုရော နတ်ဆိုးစစ်တပ်ကိုပါ ဖျက်ဆီးဖို့ ကြံစည်ထားတာပဲ"

သူက အရူးတစ်ယောက်ပမာ အော်ဟစ်ရယ်မောရင်း လက်ညှိုးငေါက်ငေါက်ထိုး၍ သွေးမျက်ရည်အချို့ စီးကျလာသည်။

"အဓိပ္ပါယ်မရှိတာ မပြောနဲ့။ ကျူးကျော်သူတွေက သန်မာလွန်းလို့ ငါတို့ ထိခိုက်ရတာပါ"

မီးသူတော်စင်က အခြေအနေအမှန်ကို သဘောမပေါက်သေးချေ။

"သူ ပြောတာ မှန်ပါတယ်။ ငါက နတ်ဆိုးမျိုးနွယ်ကို သုတ်သင်ချင်နေတာပဲ"

လနတ်သားက အမှန်အတိုင်း ဝန်ခံလိုက်သောကြောင့် မီးသူတော်စင်မှာ တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွားသည်။

"ဘာကြောင့်လဲ"

"တကယ့်ကို အကြောင်းအရင်းက ဘာလဲ။ ငါတို့က နတ်ဆိုးတွေ မဟုတ်ဘူးလား"

"ငါက ယွမ်ရှောင်ရဲ့ ကိုယ်ပွားပဲ။ နတ်ဆိုးမျိုးနွယ်က နတ်ဘုရားတိုက်ကြီးကို အလွတ်မပေးချင်ဘူးဆိုမှတော့ ရွေးချယ်စရာ မရှိတော့ဘူး။ နတ်ဘုရားတိုက်ကြီးရဲ့ လူသားမျိုးနွယ်အပေါ် အန္တရာယ်ပေးခွင့် မပြုနိုင်ဘူး"

လနတ်သားက သက်ပြင်းတစ်ချက်၍ အမြှီးလေးချောင်းကို ယမ်းလိုက်ရာ နတ်ဆိုးသူတော်စင်နှစ်ယောက်၏ လည်မျိုကို ဖောက်ထွက်သွားကာ အဆုံးသတ်ပေးလိုက်သည်။ ယွမ်ရှောင်အနေဖြင့် နတ်ဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ရသော နတ်ဘုရားတိုက်ကြီးမှ အပြစ်မဲ့လူသားများအကြောင်း တစ်ရက်မှ မေ့မရခဲ့ပေ။

အဝေးတစ်နေရာရှိ တောင်ထိပ်တွင် လင်းချန်သည် ပုန်းအောင်းနေကာ မိစ္ဆာများနှင့် ရုန်းကျင့်ကြံသူများက နတ်ဆိုးစစ်တပ်နှင့် တိုက်ခိုက်နေသော မြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သူ၏ နောက်လိုက်များ အသတ်ခံရခြင်း၊ ရုန်းကျင့်ကြံသူများ လုပ်ကြံခံရခြင်းနှင့် မိစ္ဆာများ လွတ်မြောက်သွားခြင်း စသော ဖြစ်ရပ်များမှာ ခဲတစ်လုံးဖြင့် ငှက်များစွာ အပစ်ခံလိုက်ရသည်နှင့် မခြားပေ။ သူကိုယ်တိုင် ထိမှန်ခံလိုက်ရသော ငှက်တစ်ကောင် ဖြစ်နေသည်မဟုတ်ပါလော။

"ကောင်းကင်မြေ"

သူက ခြေထောက်အောက်ရှိ ခရမ်းရောင်သလင်းကျောက်သားကို ငုံ့ကြည့်ကာ ဓားဝိညာဥ်ဖြင့် ထိုးဖောက်လိုက်သော်လည်း အရာမထင်ပေ။

"ဘယ်သူလဲ"

လင်းချန်သည် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကြောင့် မျက်နှာပျက်သွားကာ စဥ်းစားခန်းဝင်နေစဥ် ကျောရိုးတလျှောက် အေးစိမ့်သွားခဲ့၏။ သူက ချက်ချင်း နောက်လှည့်ကြည့်လိုက်သောအခါ အမှောင်ထဲမှ တစ်လှမ်းချင်းထွက်လာသော အဖြူရောင်ပုံရိပ်၏ အပြုံးမျက်နှာကို မြင်လိုက်ရလေသည်။

All Chapters