← Chapters

နောက်ဆုံးဝှက်ဖဲ

Vol. 24 Ch. 308

နောက်ဆုံးဝှက်ဖဲ

Vol. 24 Ch. 308

"မင်းက မထိုက်တန်ဘူးဆိုတာ လက်ခံပြီလား။ ဒီလောက်ပဲ တတ်နိုင်မယ်ဆိုရင်တော့ လူဝင်စားဖြစ်လည်း အလကားပါပဲ"

ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားကို ဟန်ပါပါ ဖမ်းယူ၍ စူးစူးဝါးဝါး စိုက်ကြည့်နေသော လင်းချန်ကို သတိပေးလိုက်၏။

"ဟား ဟား ဒီလိုသေမျိုးလောကမှာ မင်းလိုပါရမီရှင်မျိုး ဘာကြောင့်ရှိနေရတာလဲ။ ငါသေရင် မင်းလည်း သေရမယ်။ ခွေးတောင်မှ ဂျောင်ပိတ်ရိုက်ခံရရင် ပြန်ကိုက်တတ်တယ်ကွ"

လင်းချန်က အရူးတစ်ယောက်ပမာ ရယ်မောရင်း လျှာကိုက်၍ အသက်သွေးစက်များကို အာကာသနတ်ဓားအပေါ် ထွေးချလိုက်သည်။ ၎င်းက တုန်ခါသွားကာ အရောင်ကိုးရောင်အပေါ် သွေးရောင်လွှမ်းခြုံသွားပြီးနောက် စိတ်ဖြင့် ထိန်းချုပ်၍ ဒန်တန်အား ရုတ်တရက် ထိုးစိုက်ချလိုက်သည်။ ၎င်းသည် ဆတ်ခနဲ တုန်ခါသွားကာ နေကိုးစင်းဒန်တန်၏ ချီများကို အကုန်အစင် ဝါးမျိုသွားသဖြင့် နဂါးနွေဦးအဆင့်အထိ ပြန်လည်ကျဆင်းသွားခဲ့သည်။

"ဒီကောင်က ဒန်တန်ကို ဖျက်ဆီးလိုက်ပြီလား"

"သူ့ကို အရူးထင်နေတာလား။ စွမ်းအားအကုန် ထုတ်သုံးဖို့ လုပ်နေရုံပါပဲ။ နောက်ကျရင် ပြန်ပြီး အသုံးချလို့ရသေးတယ်"

ကြယ်ပြာ၏ ရှင်းပြချက်ကြောင့် ယွမ်ရှောင်မှာ စိတ်အေးသွားခဲ့သည်။ လေဟာနယ်စွမ်းအားဖြင့် ထွက်ပြေးခြင်း၊ ကောင်းကင်ကြေးမုံဖြင့် လူသတ်ခြင်းနှင့် အသက်သွေးစတေးခြင်း စသဖြင့် ဝှက်ဖဲပေါင်းစုံကို လင်းချန်က ပိုင်ဆိုင်ထားပြီး အားနည်းနေလျှင်ပင် ပြန်လည်မွေးဖွားလာသော အာကာသအင်မော်တယ်တစ်ယောက် ပီသ၏။ အချိန်တိုအတွင်း အာကာသနတ်ဓားသည် ဒန်တန်၏ စွမ်းအင်အားလုံးကို စုပ်ယူသွားသော်လည်း လဲကျကာနီးနီး အားနည်းနေသည့် လင်းချန်မှာ ခေါင်းမော့၍ စိုက်ကြည့်နေဆဲပင်။

"ယွမ်ရှောင် မင်း ဘယ်လောက်အရည်အချင်းရှိရှိ အာကာသနတ်ဓားရှေ့မှာ ဖုန်မှုန့်သာသာပဲ။ ငါ့ဓားရဲ့ အစွမ်းကို စိတ်ကူးကြည့်ဖူးမှာတောင် မဟုတ်ဘူး"

ဤသို့ဖြင့် နတ်ဓားသည် အပြည့်အဝ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်သွားသောအခါ နတ်ဆိုးတိုက်ကြီးတစ်ခုလုံး တုန်ခါနေစဥ် ရုတ်တရက် အစိတ်အပိုင်း ကိုးခုအဖြစ် ကွဲထွက်သွားကာ စက်လုံးသဏ္ဍာန် လောကငယ်ကိုးခုအဖြစ် ပြောင်းလဲသွား၏။ တစ်ခုချင်းစီတွင် တောတောင်ရေ​မြေများ ပါဝင်ကာ ပတ်လမ်းကိုယ်စီဖြင့် လှည့်ပတ်နေကြပြီး ပတ်ဝန်းကျင် လေဟာနယ်ကို ပျက်စီးပြိုကျသွားစေကာ လောကအလွှာတစ်ခုလုံး ၎င်းတို့အတွင်း စုပ်ယူခံလိုက်ရသကဲ့သို့ ထင်မှတ်ရသည်။ အာကာသနတ်ဓားသည် ရှေးဟောင်းဓားတစ်လက်ပီပီ အလွန်အစွမ်းထက်ပြီး အစစ်အမှန်လောကများ ဖန်တီးနိုင်စွမ်း ရှိနေကာ ငရဲကိုးထက်ကိုပင် ကျော်လွန်နိုင်လောက်သည်။

"ဘုန်း"

စက်လုံးကိုးခုသည် သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ယွမ်ရှောင်ထံ ဆင်းသက်လာသောအခါ လောကကိုးခုဖြင့် ဖိချလိုက်သည့်အလားပင်။ ပတ်ဝန်းကျင်မှာ ဆက်တိုက်ကျယ်ပြန့်လာနေသော လောကငယ်ကိုးခုအကြားတွင် ပြိုကျသွားကာ သူကိုယ်တိုင်လည်း နောက်ဆုတ်ပေးနေရသည်။

"သေစမ်း။ ငါ့ကိုများ မထိုက်တန်ဘူးလို့ ပြောရဲတယ်။ မင်းကမှ သေဖို့ ထိုက်တန်တဲ့ သူပဲ"

အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ လင်းချန်သည် နတ်ဓားကို စွမ်းအင် ဆက်လက်ထောက်ပံ့မပေးနိုင်တော့သဖြင့် ရပ်တန့်ကာ တိုက်ခိုက်လိုက်တော့သည်။

"ဒီလိုလား"

ယွမ်ရှောင်ကမူ လက်နှစ်ဖက် နောက်ပစ်၍ ခပ်ပြုံးပြုံး မျက်နှာထားဖြင့် ရပ်တန့်သွားခဲ့သည်။ အနီရောင် စက်လုံးကိုးခုသည် ရုတ်တရက် တွင်းနက်ကြီးအဖြစ် ပေါင်းစပ်သွားကာ ပတ်ဝန်းကျင် ရှိရှိသမျှကို ဝါးမျိုပစ်လိုက်သောကြောင့် လီပေါင်းငါးရာအတွင်း တောင်တန်းများ ပြိုကျ၍ ဖုန်မှုန့်ပင် မကျန်ရစ်ချေ။ အာကာသနတ်ဓားကို အပြည့်အဝ အသက်သွင်းနိုင်လျှင် အချိန်မြစ်ကို ထိုးဖောက်၍ ခေတ်တစ်ခုကို ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်သော်လည်း လက်ရှိ၌ စွမ်းအင် မလုံလောက်ချေ။ သို့ရာတွင် ဤစွမ်းအားဖြင့် ပစ်မှတ်ကို သတ်နိုင်မည်ဟု လင်းချန်က ယုံကြည်ထားပြီး ဖိနှိပ်ခံထားရသော အခြေအနေအားလုံးကို ဟားတိုက်ရယ်မောနေခဲ့သည်။

"ဝုန်း"

တွင်းနက်သည် ယွမ်ရှောင်ကို ဝါးမျိုပြီးနောက် ဓားအသွင် ​ပြန်လည်ဖြစ်တည်လာကာ နောက်ဆုံးတွင် လေဟာနယ် တည်ငြိမ်သွား၍ လင်းချန်ရှေ့မှောက်သို့ ပြုတ်ကျလာခဲ့သည်။

"နာမည်နဲ့ စွမ်းအားက ထိုက်တန်လွန်းပါတယ်"

သူက ဓားကို ချီးကျူးလိုက်ပြီး ယွမ်ရှောင် သေဆုံးသွားပြီဟု အထင်ရောက်နေကာ ရုန်းကျင့်ကြံသူများနှင့် မိစ္ဆာများကို ဆက်လက် လက်စားချေမည်ဟု စိတ်ထဲမှ ကြုံးဝါးလိုက်၏။ ဓားအပျက်အစီးနယ်မြေမှ မုတရှုံနှင့် တုကုန်းယွမ် ဦးဆောင်လာသော ဓားကျင့်ကြံသူခုနစ်ဆယ်မှာလည်း အနားတွင် ရှိနေသည်ကို သူက သတိပြုမိခဲ့သည်။ သို့ရာတွင် ယွမ်ရှောင်ကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် သူက ယုံကြည်ချက် မြင့်တက်နေပြီး မောက်မောက်မာမာဖြင့် ရပ်နေခဲ့သည်။ ဓားကျင့်ကြံသူများမှာ အာကာသနတ်ဓား၏ အစွမ်းကြောင့် လင်းချန် မည်မျှအစွမ်းထက်ကြောင်း နားလည်သွားခဲ့သော်လည်း ခပ်တည်တည် ရပ်နေခဲ့ကြသည်။

"ယွမ်ရှောင် သေပြီ။ ငါက မင်းတို့ရဲ့ ကောင်းကင်အသစ်ပဲ။ ဒူးထောက်ကြစမ်း"

လင်းချန်က နောက်ဆုံးခွန်အားဖြင့် ရဲရဲတင်းတင်း အမိန့်ပေးလိုက်သော်လည်း ရယ်သံများသာ ထွက်ပေါ်လာခဲ့သည်။

"သောက်ရူး နောက်ကို လှည့်ကြည့်လိုက်ဦး."

သူက တစ်ကိုယ်လုံး တုန်ရီသွားကာ မျက်နှာပျက်သွားပြီး ချောက်နက်တစ်ခုအတွင်း ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခက်ခက်ခဲခဲ အားတင်း၍ နောက်လှည့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် လက်နှစ်ဖက် နောက်ပစ်၍ ရပ်ကြည့်နေသော ယွမ်ရှောင်နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။

"မင်းက ကောင်းကင်အသစ် မဟုတ်ပါဘူး။ ငါ မြင်နေရတာတော့ တော်တော်ရယ်စရာကောင်းပြီး အားနည်းနေတဲ့ ကောင်းကင်နတ်ဓားဧကရာဇ် လူဝင်စားတစ်ယောက်ပါပဲ"

ယွမ်ရှောင်က ပခုံးတွန့်၍ အေးစက်စက် ပြုံးပြလိုက်သည်။

"မင်း...မင်း ဘာကြောင့် မသေခဲ့တာလဲ"

လင်းချန်၏ စိတ်မှာ ဖန်သားပမာ ခွမ်းခနဲ ကြေမွသွားပြီး မယုံနိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။

"ငါ့မှာရော ဝှက်ဖဲတွေ မရှိဘူး ထင်နေတာလား"

တစ်ဖက်လူ၏ အဖြေကြောင့် လင်းချန်မှာ မတရားသော ကံတရားအပေါ် ယိုးမယ်ဖွဲ့ အပြစ်တင်နေပြီး အရူးတစ်ပိုင်း ရယ်မောနေခဲ့သည်။ သို့ရာတွင် ဘဝနှစ်ခုလုံးတွင် သူက သေလောက်သော ပြစ်မှုများ ကျူးလွန်ခဲ့ဖူးသည်ကိုမူ မေ့လျော့သွားခဲ့၏။

"ငါ့ကို အရူးလုပ်တယ်ပေါ့ ဟုတ်လား"

သူက ကောင်းကင်ကို မော့ကြည့်နေရာမှ အာကာသနတ်ဓားကို ငုံ့ကြည့်ကာ စိတ်ဖြင့် ထိန်းချုပ်၍ ကိုယ့်နှလုံးကိုယ် ထိုးစိုက်ပစ်၍ သတ်သေသွားခဲ့သည်။

"ယွမ်ရှောင် ငါက ကိုယ့်ကိုကိုယ် သတ်သေလိုက်တာပဲ။ မင်းကို မရှုံးဘူးကွ"

ဤသို့ဖြင့် ကောင်းကင်နတ်ဓားဧကရာဇ်မှာ မျက်လုံး အသက်မဲ့၍ နောက်တစ်ကြိမ် သေဆုံးသွားသောအခါ ခေါင်းတလားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အလောင်းကို သိမ်းဆည်းသွားခဲ့သည်။ လင်းချန်၊ ဓားဝိညာဥ်နှင့် အင်မော်တယ်ဝိညာဥ်ကိုပင် ဝါးမျိုသွားခဲ့သဖြင့် မည်သည့်အရာမှ လွတ်မြောက်မသွားသောအခါ ပြန်လည်မွေးဖွားလာစရာ အကြောင်း မရှိတော့ပေ။ လင်းချန်ကို အချိန်တိုင်း အနိုင်ယူပြခဲ့သော ယွမ်ရှောင်သည်သာ အစစ်အမှန် အင်မော်တယ်ဖြစ်ကြောင်း နားလည်သွားပြီး ဖြစ်ရပ်တိုင်း မျက်မြင်တွေ့ခဲ့ရသော ဓားကျင့်ကြံသူခုနစ်ဆယ်ကျော်မှာ ချက်ချင်း ဒူးထောက်အရိုအသေပေးလိုက်ကြသည်။

"ဘာများ အမိန့်ပေးစရာ ရှိပါသလဲ သခင်လေးယွမ်"

မုတရှုံက လျှောက်တင်လိုက်ခြင်း ဖြစ်၏။

"လင်းချန်နဲ့ ကုမျိုးနွယ်ဝင်တွေ သေကုန်ပြီ။ မင်းတို့က အဆုံးမဲ့ငရဲပြည် ဝင်ပေါက်ကို စောင့်ကြည့်ထားကြ။ ငါက ကောင်းကင်မြေကို သိမ်းဆည်းတော့မယ်"

"စိတ်ချပါ။ ရုန်းကျင့်ကြံသူဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် ဝင်ပေါက်ကထွက်လာရင် အသက်မရှင်စေရပါဘူး"

မုတရှုံက ရဲရဲကြီး အာမခံလိုက်သည်။

"မိစ္ဆာတွေနဲ့ ပြဿနာ ဖြစ်ဖို့ မလိုအပ်ဘူး။ စောင့်ကြည့်ပြီး ငါ့ကို သတင်းပို့ပါ။ တစ်ယောက်ယောက်က ဓားအပျက်အစီးနယ်မြေကို ပြန်သွားပြီး လှုပ်ရှားဖို့ အချိန်တန်ပြီလို့ ဓားအစောင့်အရှောက်ကို ပြောလိုက်။ ကုချင်ကန်နဲ့ အဘိုးကြီးကု ကြားမှာ ရန်တိုက်ပေးပြီး ကုမျိုးနွယ်ကို ရှင်းပစ်ရမယ်။ ငရဲကိုးထပ် တိုက်ပွဲ မတိုင်ခင် ဓားအပျက်အစီးနယ်မြေရဲ့ သစ္စာဖောက်တွေကို ရှင်းလင်းထားလိုက်"

ယွမ်ရှောင်က လေးနက်စွာ အမိန့်ပေးလိုက်သောအခါ ဓားကျင့်ကြံသူ ခုနစ်ဆယ်ကျော်က ပြိုင်တူ ခေါင်းညိတ်၍ အဆုံးမဲ့ငရဲပြည် ဝင်ပေါက်ကို စောင့်ကြည့်ရန် ချက်ချင်းထွက်ခွာသွားကြသည်။ ထို့နောက် သူက တစ်ချက်ပြုံး၍ လင်းချန်ကို ဝါးမျိုထားသော ခေါင်းတလားအပေါ် ခုန်တက်ကာ စီးတော်ယာဥ်ပမာ ရွေ့လျားစေ၍ နတ်ဘုရားတိုက်ကြီးထံ လျင်မြန်စွာ ဦးတည်သွားခဲ့လေသည်။

All Chapters