← Chapters

ယွမ်ရှောင်၏ အစစ်အမှန် ရည်ရွယ်ချက်

Vol. 24 Ch. 309

ယွမ်ရှောင်၏ အစစ်အမှန် ရည်ရွယ်ချက်

Vol. 24 Ch. 309

တစ်ချိန်က အစွမ်းထက်ခဲ့ဖူးသော နတ်ဆိုးတိုက်ကြီး၏ ဧရာမစစ်တပ်ကြီးမှာ အလောင်းပုံများနှင့် သွေးများအဖြစ် ပြောင်းလဲခံလိုက်ရပြီး သမိုင်းအတွင်း မေ့ဖျောက်ခံရပေတော့မည်။ အားနည်းသော နတ်ဆိုးများသာ ကျန်ရစ်သောကြောင့် နတ်ဘုရားတိုက်ကြီးအတွက် စိုးရိမ်စရာ မရှိတော့ဘဲ တောတောင်ရေမြေများအတွင်း လေလွင့်ဝိညာဥ်များ၏ ငိုကြွေးသံများသာ ကျန်ရစ်ခဲ့၏။ အကယ်၍ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်သာ အသက်ရှင်လျက်ရှိနေလျှင် ဤစစ်မြေပြင်သည် သုခဘုံတစ်ခုပမာ ဖြစ်ပေလိမ့်မည်။ များပြားလှသော သွေးပမာဏကြောင့် မြေပြင်အောက်ရှိ ခရမ်းရောင်သလင်းကျောက်ပင် အနီရောင် စွန်းထင်းသွားသည်။

ထိုအချိန်၌ သွေးများသည် တောင်ကြားတစ်ခုထံ ရုတ်တရက် စီးထွက်သွားပြီး မူလတွင် နှေးကွေးသော်လည်း ဖြည်းဖြည်းချင်း မြန်ဆန်လာကာ ခဏအတွင်း သွေးကန်ကြီးတစ်ခု ဖြစ်တည်လာ၏။ ၎င်း၏ အလယ်ဗဟိုတွင် ဆံပင်ဖားလျားချထားပြီး သွေးရောင်နဂါးများ ရစ်ပတ်နေသည့် လှပသော ပုံရိပ်တစ်ခု ရှိနေကာ အစွမ်းထက်ကြောင်း အဝေးမှပင် မြင်နိုင်သည်။ စစ်မင်းသမီးသည် နတ်ဆိုးသွေးများကို စုပ်ယူ၍ သန့်စင်ပစ်လိုက်သောအခါ ကပ်ဘေးသွေးနှင့် ပေါင်းစပ်သွား၏။ ကံပင်လယ်နယ်ပယ်တွင် မိစ္ဆာနှလုံးသားသည် မိစ္ဆာနှင့် တစ်သားတည်းကျသွားကာ လောက၏ စွမ်းအင်နိယာမများနှင့် ပဲ့တင်ထပ်လာနိုင်သောကြောင့် သူက ကျေနပ်စွာ ပြုံးနေခဲ့သည်။

"တကယ်ကျင့်ကြံနေတာက ငါ ဆိုတာကို သတိပေးရမလား"

အသံတစ်ခုက စိတ်အတွင်း ထွက်ပေါ်လာခဲ့သဖြင့် သူမသည် သက်ပြင်းချကာ ခန္ဓာကိုယ်အား စစ်ဆေးလိုက်မိသည်။ လျင်မြန်စွာ စွမ်းအား မြင့်တက်လာသော်လည်း ခန္ဓာကိုယ်တွင်းရှိ သွေးကြောများနှင့် မိစ္ဆာနှလုံးသားမှာ သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီး အလိုအလျောက်ကျင့်ကြံနေသဖြင့် ထူးဆန်းသော ခံစားချက်ပင်။ သူမအနေဖြင့် ယွမ်ရှောင်က မိစ္ဆာနှလုံးသားဖြင့် စိတ်တိုင်းကျ ကျင့်ကြံနေသည်ကို လက်မှိုက်ချ၍ ကြည့်နေရပြီး နတ်ဆိုးသွေးများကို ရွေးချယ်စရာမရှိဘဲ စုပ်ယူနေရသည်။ တစ်ချိန်က အနီရောင် လွှမ်းနေသော မြေပြင်မှာ မူလအရောင်အဆင်း ပြန်လည်ဖြစ်ပေါ်လာကာ နတ်ဆိုးအလောင်းများ၌ပင် သွေးများ တစ်စက်မကျန် ဝါးမျိုခံခဲ့ရ၏။

"ကြောက်စရာကောင်းလိုက်တာ"

အလိုအလျောက် ကျင့်ကြံ၍ ကံပင်လယ်နယ်ပယ်သို့ ရောက်သွားသောအခါ စစ်မင်းသမီးမှ ကျောစိမ့်နေခဲ့သည်။ ယွမ်ရှောင်သည် ကပ်ဘေးသွေးဖြင့် နတ်ဆိုးသွေးအားလုံးကို သန့်စင်ပစ်လိုက်ပြီး တစ်ချိန်က အားနည်းခဲ့သော မိစ္ဆာမျိုးနွယ် မင်းသမီးမှာ ငရဲကိုးထပ်၏ ထိပ်တန်း ပါရမီရှင်များနှင့် ကျင့်ကြံဆင့် တူညီလာရုံသာမက တိုက်ခိုက်ရေးစွမ်းအားပင် သာလွန်လာသည်။

"ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့။ ဒါက ငါ့အပိုင် စွမ်းအားပဲ"

"သိပါတယ်"

နတ်သားတစ်ပါးပမာ ချောမောလှပသော ရုပ်ရည်အောက်တွင် ကြမ်းတမ်းရက်စက်၍ ပြတ်သားသော အကျင့်စရိုက် ပိုင်ဆိုင်ထားသည့် သခင်ဖြစ်သူကို သူမ ကလန်ကဆန် မလုပ်ဝံ့ချေ။

"အခု မင်း အဆုံးမဲ့ငရဲပြည်ကို ပြန်နိုင်ပြီ။ ငရဲကိုးထပ်မှာ ဆက်ပြီး လှုပ်ရှားကြမယ်။ မိစ္ဆာမျိုးနွယ်မှာ.အစွမ်းပြချင်တယ်မလား။ ဒီလောက်အစွမ်းနဲ့ဆိုရင် ကောင်းကောင်း သောင်းကျန်းလို့ ရပါပြီ"

ယွမ်ရှောင်က ညွှန်ကြားချက် ပေးလိုက်သောအခါ စစ်မင်းသမီးမှာ ခေါင်းညိတ်လိုက်ရသည်။

"ဟုတ်ကဲ့။ နင့်ကို ဘယ်အချိန် ပြန်တွေ့ရမှာလဲ"

"သိပ်မကြာခင် ငရဲကိုးထပ်ကို ငါ လိုက်လာမယ်။ ဒါက ငါတို့အတွက် နယ်မြေအသစ်ပဲ။ ပြီးတော့ အဆုံးမဲ့ငရဲပြည် ဝင်ပေါက်ကနေ ဘယ်သူမှ ပေးမထွက်နဲ့"

"ကောင်းပါပြီ။ သခင့်ရဲ့ ရည်ရွယ်ချက်က ငရဲကိုးထပ်ကို အုပ်စိုးဖို့လား"

"ရိုးရိုးသားသား ပြောရရင် ငါ စိတ်မဝင်စားဘူး။ ငါ့ ရည်ရွယ်ချက်က ပိုပြီး အစွမ်းထက်လာဖို့ပဲ။ ဒါပေမယ့် အမြဲတမ်း ငါ့လမ်းမှာ ဝင်ရှုပ်ပြီး သေတွင်းတူးနေတဲ့ အုပ်စုတွေကြောင့် အလုပ်ရှုပ်ရတယ်။ ဒါကြောင့် ငါက သူတို့ကို ရှင်းပစ်ရလိမ့်မယ်"

ယွမ်ရှောင်က အေးအေးဆေးဆေး ကျင့်ကြံချင်သော်လည်း အခြားသူများမှာ ကြောက်စိတ်ကြောင့် ခွင့်မပြုရဲပေ။ သူက ပို၍ အစွမ်းထက်လေလေ ငရဲကိုးထပ်၏ ကျင့်ကြံသူများမှာ ပို၍ သတ်ချင်လေလေဖြစ်ကာ ချွင်းချက်မရှိပေ။ ဤကား ကျင့်ကြံရေး လောက၏ ရှုပ်ထွေးမှု တစ်ခုဖြစ်ကာ လူတိုင်းသည် စွမ်းအားအတွက် ယှဥ်ပြိုင်နေရပြီး အချို့မှာ မျိုးနွယ်ကိုပင် သစ္စာဖောက်ရန် ဝန်မလေးကြချေ။

"အင်မော်တယ်လမ်းကြောင်းက ခက်ခဲတယ်။ ပါရမီရှင်ဆိုရင်တောင် ဘယ်သူမှ လျစ်လျူရှုမထားရဲဘူး"

စစ်မင်းသမီးက သူ့စကားကို ထောက်ခံလိုက်သည်။

"အထူးသဖြင့် ကိုယ့်ထက်သာရင် မနာလိုကြတော့ ပိုဆိုးတာပေါ့"

ယွမ်ရှောင်က ထပ်မံဖြည့်စွက်ပေးလိုက်၏။

"မိစ္ဆာမျိုးနွယ်က နင့်ကို မဆန့်ကျင်ဖို့ ငါ အစွမ်းကုန်ကြိုးစားမယ်။ ဓားအပျက်အစီးနယ်မြေနဲ့ ပူးပေါင်းပြီး ငရဲကိုးထပ်ကို အုပ်စိုးကြတာပေါ့"

စစ်မင်းသမီးက ယွမ်ရှောင်၏ နောက်လိုက်ဖြစ်ရသည်ကို ပို၍ ပို၍ ကျေနပ်လာခဲ့သည်။

"ကောင်းပြီ"

"နားလည်ပါပြီ ကိုကို"

"တော်စမ်း။ သခင်လို့ပဲခေါ်"

စစ်မင်းသမီးက ချိုမြိန်စွာ စနောက်လိုက်သော်လည်း ငေါက်ငမ်းခံလိုက်ရပြီး ယွမ်ရှောင်သည် ခေါင်းတလားနှင့်အတူ အဓိကဦးတည်ရာဖြစ်သော အသူရာဓားဂိုဏ်းသို့ ထွက်ခွာသွားခဲ့သည်။ လင်းချန်၏ နေကိုးစင်းဒန်တန်ကို ထုတ်ယူ၍ ပေါင်းစပ်လိုက်သောအခါ သူ၏ ဒန်တန်မှာ ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်၏ မြင့်မြတ်ချီများအကြား အလျှံတညီးညီး တောက်လောင်နေသည့် အလင်းလုံး ကိုးခု ဖြစ်ပေါ်လာကာ ဝတ်ရုံဖြူကိုပင် ဖောက်ထွင်းမြင်ရလောက်အောင် တောက်ပနေသည်။ နေကိုးစင်းဒန်တန်၏ အစွမ်းကြောင့် သူ၏ တစ်ကိုယ်လုံး ထိန်ထိန်လင်းနေသဖြင့် မိုင်ပေါင်းများစွာ အဝေးမှပင် မြင်နိုင်ပေသည်။ ဖုလုံရှန်း၏ ဖန်ဆင်းရှင်မျိုးစေ့ဖြစ်သော သွေးကြောများမှာ ကြယ်သွေးကြောများအောက် နိမ့်ကျသဖြင့် စုပ်ယူခံလိုက်ရသောအခါ ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်ရှိ ကြယ်ကွန်ယက်ပမာ ချိတ်ဆက်စပြုလာ၍ ခန္ဓာကိုယ်တစ်ခုလုံး ဖြန့်ကျက်သွားခဲ့၏။

သက်ဆိုင်ရာ ဇာတ်လမ်းများတွင် ဇာတ်လိုက်များဖြစ်သော ရဲရှင်းချန်နှင့် လင်းချန်၏ ဖန်ဆင်းရှင်မျိုးစေ့များသည် ငရဲကိုးထပ်ရှိ မည်သည့် ဖန်ဆင်းရှင်မျိုးစေ့ထက်မဆို သာလွန်နိုင်ချေရှိရာ ဆက်လက်စုပ်ယူသမျှ နေကိုးစင်းဒန်တန်နှင့် ကြယ်သွေးကြောများကို အဆင့်မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

"စကားမစပ် မင်း ကောင်းကင်နတ်ဓားဧကရာဇ်ကို သန့်စင်ပြီးပြီလား"

လင်းချန် ထွက်ပြေးနိုင်ခြင်း မရှိစေရန် သားရဲလေးမှ ဝါးမျိုထားသောကြောင့် ယွမ်ရှောင်က ခေါင်းတလားထံ မေးလိုက်ခြင်းဖြစ်သည်။

"ဓားအရိုးနဲ့ ဝိညာဥ်ကို သန့်စင်ပြီးပြီ"

ခေါင်းတလားအထက်တွင် ထိုင်နေသော သူကိုယ်တိုင်ပင် လင်းချန်၏ ညည်းသံများကို ဝိုးတဝါး ကြားနေရသဖြင့် မကြာခင် လုံးဝ အဆုံးသတ်သွားပေလိမ့်မည်။ အချိန်တစ်ခုအကြာတွင် ခေါင်းတလားက သားရဲလေးအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ကြယ်ပြာသည် မျက်နှာရှုံ့မဲ့၍ အရာနှစ်ခုကို အန်ထုတ်ပေးလာခဲ့ပြီး ကိုးရောင်ခြယ်ဓားငယ်တစ်လက်နှင့် အဖြူဖျော့ဖျော့ ဆေးလုံးသဏ္ဍာန် တစ်ခု ဖြစ်နေ၏။

"အာကာသနတ်ဓားကို ငါက သန့်စင်ပြီး လင်းချန်နဲ့ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ပြီ။ ဒါကြောင့် ဘယ်သူမဆို စုပ်ယူနိုင်တဲ့ ဓားဝိညာဥ်တစ်ခု ဖြစ်လာတယ်"

ကြယ်ပြာက ရှင်းပြလိုက်သည်။

"စုပ်ယူလိုက်ရင် လင်းချန်လိုမျိုး အစွမ်းထက်လာမှာပေါ့"

ယွမ်ရှောင်က ကျေနပ်စွာ ပြုံးလိုက်သည်။

"ဟုတ်တယ်။ ဒါသာ အပြည့်အဝ နိုးထလာရင် လောကတွေကိုတောင် ဖျက်ဆီးနိုင်လိမ့်မယ်။ ဒါပေမယ့် ကြယ်မျှော်စင်လိုမျိုး အဆုံးသတ်ရမယ် ထင်ပါတယ်"

ကြယ်ပြာက သက်ပြင်းချ၍ ရေရွတ်လိုက်၏။

အာကာသနတ်ဓားကို ကောင်းကင်သင်္ချိုင်းဓားဖြင့် စုပ်ယူရန် စဥ်းစားနေသော ယွမ်ရှောင်က ထိုစကားကြောင့် ရွေးချယ်စရာတစ်ခု တိုးလာခဲ့သည်။

"ဒါကရော ဘာလဲ"

သူက အဖြူရောင် ဆေးလုံးကို မြှောက်ပြ၍ ထပ်မံ မေးခွန်းထုတ်လိုက်လေသည်။

All Chapters