← Chapters

အထီးကျန် အင်မော်တယ်လမ်းကြောင်းအတွက် အဖော်မွန်

Vol. 24 Ch. 310

အထီးကျန် အင်မော်တယ်လမ်းကြောင်းအတွက် အဖော်မွန်

Vol. 24 Ch. 310

အဖြူရောင်ဆေးလုံးသည် လင်းချန်၏ ကျင့်ကြံခြင်းမှတ်ဉာဏ်များကို သိမ်းဆည်းထားသော ရတနာတစ်ခု ဖြစ်ကာ အာကာသနတ်ဓားနှင့် ပတ်သက်သည့် အချက်များနှင့် ကောင်းကင်နတ်ဓားသိုင်းကွက် သုံးထောင် ပါဝင်၏။ ယွမ်ရှောင် ခိုးယူသင်ကြားခဲ့သော ဓားချက်သုံးကွက်လည်း အပါအဝင်ဖြစ်ကာ ကောင်းကင်နတ်ဓားဧကရာဇ်၏ လှည့်ကွက်များမှာ များပြားလှသော်လည်း သေဆုံးသွားပြီဖြစ်ရာ သနားစရာပင် ကောင်းသေး၏။ ယွမ်ရှောင်က ၎င်းကို စုပ်ယူလိုက်လျှင် ဓားချက်သုံးထောင်ကို သင်ယူနိုင်ချေရှိသော်လည်း အာကာသနတ်ဓား ပိုင်ရှင်လောက် မှတ်ဉာဏ်များကို ဖတ်ရှုနိုင်မည်မဟုတ်ရာ သိမ်းဆည်းထားရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ စိတ်အတွင်း ထိုရတနာနှစ်ခုအတွက် ပိုင်ရှင်ကို သတ်မှတ်ထားပြီးဖြစ်ကြောင်း ကြယ်ပြာရော လနီပါ သိရှိထားခဲ့သည်။

"မင်းက ဒီရတနာတွေကို သေမျိုးလောကမှာ ပစ်ထားခဲ့ဖို့ သူမကို အသုံးချနေတာပဲ"

ကြယ်ပြာက စုတ်တစ်ချက်သပ်၍ ရေရွတ်လိုက်၏။

အရိုးခြောက်စောင့်ရှောက်သူ အဘိုးကြီးကု သေရမည်ကို ကြောက်ရွံ့နေသော အဖြစ်သည် ယွမ်ရှောင်ကို အို နာ သေ ကံတရား၏ ဘေးသုံးမျိုးအကြောင်း သတိဝင်လာစေခဲ့သည်။ သူ့အတွက် မေ့မရနိုင်သော မိန်းကလေးနှစ်ဦး ရှိနေကာ တစ်ယောက်မှာ ဝိညာဥ်ကျောက်အဖြစ် ပြောင်းလဲသွားသော်လည်း ရှေးဟောင်းအင်မော်တယ်ဘိုးဘေး အသက်ရှင်လျက်ရှိနေသဖြင့် တစ်နည်းအားဖြင့် ထာဝရ တည်ရှိနိုင်ပေလိမ့်မည်။ ကျောက်ရန်ရန်မှာမူ သေမျိုးလောက၏ အနိမ့်ဆုံး ကျင့်ကြံသူဖြစ်နေသောကြောင့် အနာရောဂါဖြင့် သို့မဟုတ် အသက်ကြီးရင့်၍ သေဆုံးသွားမည်ကို စိုးရိမ်စရာပင်။ သူက သူမကို ကာကွယ်ပေးမည်ဟု ကတိပေးထားသည့်အတိုင်း အင်မော်တယ်လမ်းကြောင်းကို အတူတကွ လျှောက်လှမ်းချင်သည်ဖြစ်ရာ ကြယ်မျှော်စင်နှင့် အာကာသနတ်ဓားကို တွန့်တိုနေမည် မဟုတ်ချေ။

အရာအားလုံးသည် လူငယ်တစ်ယောက်က ချစ်ခင်မြတ်နိုးရသော အဖော်မွန်အတွက် ပေးဆပ်ခြင်းသာဖြစ်ကာ ဘဝ၏ အချစ်ဦးမှာ မမေ့ရက်စရာ မဟုတ်ပါလော။ ကျင့်ကြံရေးလမ်းကြောင်းတွင် အမြဲမပြတ် သတ်ဖြတ်၍ ကောက်ကျစ်မှုများအကြား ခေါက်တုံ့ခေါက်ပြန် သွားလာနေရသော ယွမ်ရှောင်အတွက် လရောင်အောက်တွင် ချစ်ရသူနှင့် သေရည်အတူ သောက်ခွင့်ရလျှင် မဟာကံထူးမှုကြီးဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း သူက အသူရာဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကာ ဓားအပျက်အစီးနယ်မြေ၏ ခမ်းနားမှုနှင့် ယှဥ်လျှင် သိမ်ငယ်ပါသော်လည်း နှလုံးသားအတွင်း ဓားပညာ၏ အလှဆုံးနယ်မြေ ဖြစ်ပေသည်။ အသူရာဓားဂိုဏ်း၊ ဓားစံအိမ်အတွင်းရှိ တိမ်ခြံဝန်းထံ အဖြူရောင်ပုံရိပ်က ဆင်းသက်လာကာ ဤရက်များအတွင်း ပန်းပင်ကြီးထက်တွင် ပန်းများစွာ ပွင့်လန်းနေသကဲ့သို့ ရေကန်ငယ်အတွင်း ကျက်စားနေသော ငါးများလည်း အရွယ်အစား ကြီးမားလာခဲ့သည်။ အသက်ဝင် နွေးထွေးသော မြင်ကွင်းသည် သူ့ကို ပန်းပင်အောက်ရှိ ကျောက်စားပွဲထံ မသိစိတ်အရ လျှောက်လှမ်းသွားစေခဲ့ပြီး အင်မော်တယ်လမ်းကြောင်းရှိ အန္တရာယ်များနှင့် ပြဿနာများထံမှ တဒင်္ဂလွတ်မြောက်သွားသည်။

"မောင်လေးယွမ်"

နူးညံ့ညှင်သာသော ခေါ်သံကြောင့် ယွမ်ရှောင် နောက်လှည့်ကြည့်လိုက်သောအခါ အခန်းတံခါးကို မှီလျက် ရပ်နေသော အနက်ရောင်ဝတ်ရုံဖြင့် ကျောက်ရန်ရန်ကို မြင်လိုက်ရသည်။

"အစ်မကျောက် တစ်ရက်မတွေ့ရတာ သုံးရာသီလောက် ခွဲခွာရသလိုပါပဲ။ ငါ မင်းကို လွမ်းတယ်"

သူက ချစ်မြတ်နိုးစွာပြုံး၍ ပြောလိုက်ပြီး ကောင်းကင်မှ ဖြာကျနေသော ကြယ်ရောင်အောက်တွင် တောင်စောင်းတစ်ခုထံ ချစ်ရသူနှင့်အတူ ရောက်ရှိသွားခဲ့သည်။ အိပ်မက်ဆန်ဆန် ငြိမ်းချမ်းသော လရောင်သည် ချစ်သူနှစ်ဦးအပေါ် ဖြာကျနေကာ အနားတွင် သေရည်အိုးအချို့ ပြန့်ကြဲသွားပြီး မိတ်ဆွေကောင်းတစ်ယောက်နှင့်အတူ သောက်ရလျှင် ခွက်တစ်ထောင်ပင် မတင်းတိမ်နိုင်ဟု အဆိုရှိ၍ ချစ်သူနှင့်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ ချန်ရီနှင့် ဆက်ဆံရေးမှအစ ဖန်ဆင်းရှင်အင်မော်တယ်အကြောင်း အရာအားလုံးကို ယွမ်ရှောင်က ကျောက်ရန်ရန်အား မချွင်းမချန် ပြောပြခဲ့ပြီး သူမသည်လည်း တိတ်တဆိတ်နားထောင်ပေးနေခဲ့သည်။

ယွမ်ရှောင်က သေရည်ခွက်ကို မော့သောက်လိုက်ပြီး လည်ချောင်းတလျှောက် ပူဆင်းသွားကာ အနာဂတ်အကြောင်း စိုးရိမ်စိတ်များ လွင့်ပြယ်ကုန်သည်။ သူက ဖန်ဆင်းရှင်အင်မော်တယ် အစွမ်းကို မတော်တဆ ရရှိခဲ့သော သေမျိုးတစ်ယောက်ဖြစ်သောကြောင့် ဤလောကကြီးတွင် မိသားစုလည်း မရှိတော့သည်ဖြစ်ရာ ဤလျှို့ဝှက်ချက်များ ထိန်းသိမ်းထားရသည်မှာ လေးလံနေ၏။ သားရဲလေးသည် သေမျိုးဘဝ၏ ခံစားချက်ကို နားမလည်နိုင်သကဲ့သို့ ချန်ရီသည်လည်း ရှေးဟောင်းအင်မော်တယ်ဘိုးဘေးနတ်ဘုရား၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသောအခါ ပြော၍ မရနိုင်ပေ။ ဤလောကတွင် ကျောက်ရန်ရန်တစ်ဦးတည်းသာ သူ့အပေါ် နားလည်၍ နားထောင်ပေးနိုင်စွမ်းရှိသူဖြစ်သည်။ သူရဲကောင်းတစ်ယောက်ပင် ရှေ့ဆက်ရန် အားပေးသူတစ်ဦး လိုအပ်ပြီး သို့မဟုတ်လျှင် ကျင့်ကြံနေရင်း အထီးကျန်လာကာ ဒေါသနှင့် သတ်ဖြတ်ခြင်းကိုသာ သိသော အင်မော်တယ်အဖြစ် စိတ်နတ်ဆိုးက ပြောင်းလဲပစ်လိုက်ပေလိမ့်မည်။ သူမ၏ ရှေ့မှောက်တွင် သူက ကလေးငယ်တစ်ယောက်ပမာ ပွင့်လင်းစွာ နေနိုင်ပြီး မည်မျှ ကလေးဆန်ပါစေ၊ လက်ခံပေးနိုင်သူလည်း ဖြစ်သည်။

"အစ်မကျောက်"

"ငါ ရှိပါတယ်။ မင်းနဲ့အတူ အခြားလောကတွေကို မလိုက်နိုင်ပေမယ့် အမြဲတမ်း ရှိနေပေးပါမယ်။ အိမ်ပြန်ချင်တဲ့ အချိန်တိုင်း ပြန်လာခဲ့ပါ"

ကျောက်ရန်ရန်သည် ယွမ်ရှောင်၏ ပခုံးအပေါ် မှီချလိုက်ရင်း အသူရာတောင်တန်းကို ငေးကြည့်ကာ ရေရွတ်လိုက်သည်။

"အိမ်။ ငါ့မှာ အခု အိမ်ရှိပြီပေါ့"

ယွမ်ရှောင်၏ မျက်ဝန်းများ တောက်ပလာခဲ့၏။

"ယောက်ျားတစ်ယောက်အတွက် ဒါက အိမ်မဟုတ်လို့ ဘာဖြစ်ရမှာလဲ"

သူမက ခစ်ခနဲ ရယ်မောရင်း ချစ်ရသူကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။

"ဒီတစ်ကြိမ်ရော ဘယ်လောက်ကြာကြာ နေမှာလဲ"

"အရုဏ်တက်ရင် ငါ သွားရတော့မယ်"

ယွမ်ရှောင်၏ အဖြေစကားကြောင့် သူမ၏ လက်ချောင်းလေးများ အားလျော့သွားခဲ့သည်။

"စိတ်ချပါ။ ဘယ်နေရာကို ရောက်ရောက် အိမ်ကိုတော့ အချိန်မှန် ပြန်လာပါမယ်"

ယွမ်ရှောင်က သူမ၏ လက်ကလေးကို ဆုပ်ကိုင်၍ အကြည့်ချင်းဆုံကာ ချစ်ခင်စုံမက်စွာ ကတိပေးလိုက်သည်။ သူမက သူ့ကို တင်းသထက် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သောအခါ ရန်သူများနှင့် သတ်ဖြတ်လိုစိတ်များ အားလုံး ရေဖြင့်ဆေးချလိုက်သည့်အလား ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အချိန်တစ်ခုအကြာတွင် သူမက အိပ်ပျော်သွားပြီး ရှည်လျားသော အိပ်မက်တစ်ခုအတွင်း လှပသော အခိုက်အတန့်များ ပိုင်ဆိုင်နေခဲ့သည်။ ကျောက်ရန်ရန်က ယွမ်ရှောင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘဲ အင်မော်တယ်များ အတူတကွဖြစ်လာကြပြီး လောကပေါင်းစုံ လှည့်လည်သွားလာနေကြသည်။ ဤသို့ဖြင့် သူမသည် ချစ်ရသူအတွက် နွေးထွေးသော အိမ်ဖြစ်လာကာ ရူးမိုက်သော သေမျိုးနှလုံးသားအတွက် ခံစားချက်များ ကို လက်ခံနားလည်ပေးခဲ့သည်။ တစ်ယောက်ကို တစ်ယောက် လိုအပ်သော သူရဲကောင်းနှင့် မိန်းမလှမှာ သေရည်ကို အဖော်ပြုရင်း တစ်ညတာ ကုန်ဆုံးခဲ့ကြသည်။

ကောင်းကင်တွင် နေမင်းကြီး ထွက်ပေါ်လာသော အခါတွင်မှ ကျောက်ရန်ရန် နိုးလာခဲ့ပြီး ကျောက်စားပွဲပေါ်ရှိ အဖြူရောင် ဆေးလုံးကို လှည့်ပင်မကြည့်ဘဲ ခြံဝန်းအပြင်ဘက် အလျင်စလို ပြေးထွက်လာခဲ့သည်။ သို့ရာတွင် အဖြူရောင်ပုံရိပ်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

"အမြဲတမ်း နှုတ်မဆက်ဘဲ ထွက်သွားတယ်။ ဒီကလေးနဲ့တော့ ခက်ပါတယ်"

သူမက ကျောက်စားပွဲတွင် ထိုင်ချလိုက်ပြီး မျက်ရည်လေးများ ဝေ့သီနေသည့်ကြားမှ ရေးထွင်းထားသော စာတစ်ကြောင်းကို ရုတ်တရက် သတိပြုမိခဲ့သည်။

"အရူးတစ်ယောက်ရဲ့ လက်ဆောင်"

သူမက ကြယ်မျှော်စင်အကြောင်း သတိရသွားသဖြင့် ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်ရာ တစ်ခုခု ​ပြောင်းလဲနေ၍ ဓားဝိညာဥ်အား ဆင့်ခေါ်လိုက်သောအခါ ကိုးရောင်ခြယ် အာကာသနတ်ဓား ထွက်ပေါ်လာခဲ့လေသည်။

All Chapters