တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်
Vol. 10 Ch. 137
ဟွမ်းသည် အချိန်တံခါးကို ဝိညာဉ်စွမ်းအင်များနှင့် အရှိန်ဟုန်ပြင်းပြင်း လည်ပတ်နေစေသည်မှာ လေးလနီးပါးပင် ကြာမြင့်သွားခဲ့သည်။ ဟွမ်း၏ ပုံစံသည်လည်း အားနည်းလာဟန်ရှိသည်။ သို့သော် သူသည် လုံလောက်မှု မရှိသေးဟု ထင်ဟန်ရှိသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များစွာကို ထပ်တိုးမြင့်ကာ တရစပ်လည်ပတ်စေခဲ့သည်။ ထိုသို့ အချိန်ကာလအထိ ဝိညာဉ်စွမ်းအင်များ ဖြုန်းတီးနိုင်သည်မှာ အလွန်ပင် အံ့ဩစရာကောင်းလွန်း၏။ ဝိညာဉ်စွမ်းအင်များ သာမန် များပြားရုံနှင့် ထိုသို့လုပ်နိုင်မည်မဟုတ်ချေ။
‘မလုံလောက်သေးဘူး..’
ထိုအချိန်တွင် ဟွမ်း၏ မျက်ခုံးနှစ်ခုကြားမှ အနက်ရောင်မီးတောက်သည် ပေါ်ထွက်လာခဲ့သည်။ ဟေးယန် ပေါ်ထွက်လာပြီးနောက် ဟွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်မီးတောက်များနှင့် လွှမ်းခြုံလိုက်၏။
အနက်ရောင်မီးတောက်၏ စွမ်းအင်များနှင့် စုပေါင်းကာ အချိန်တံခါး၏ ဗဟိုချက်ကို ထပ်မံစီးဆင်းစေလိုက်သည်။ သို့သော် နှစ်လနီးပါးခန့်ကြာပြီးနောက်တွင် ဟွမ်း၏ခန္ဓာကိုယ်တွင် တောက်လောင်နေသည့် အနက်ရောင်မီးတောက်များသည် ပျောက်ကွယ်သွား၏။ ဟေးယန်၏ အသွင်သည် ငြိမ်းသက်သွားတော့မည့်အလားပင်။ မီးတောက်၏ မူလအသွင်အပြင်သည်လည်း သေးငယ်သွားသည်။ ထို့နောက် ဟွမ်း၏ မျက်ခုံးနှစ်ခုကြားသို့ ပြန်လည်ဝင်ရောက်သွားသည်။
‘နဲနဲလိုသေးတယ်..’
မော့ရွှယ်အာသည် ဟွမ်း၏ ခန္ဓာကိုယ်ရှိ အနက်ရောင်မီးတောက်များ ပျောက်ကွယ်သွားချိန်တွင် အလွန်အမင်း စိုးရိမ်လာသည်။ ဟွမ်းပုံစံသည် အဆင်ပြေသေးဟန်ပေါက်နေသော်လည်း ပင်ပန်းနွယ်နယ်မှုကို ကြည့်ရှုနေသည့် မော့ရွှယ်အာပင် ခံစားမိနိုင်၏။
သူမသည် အတွေးများနှင့် ရောက်ယက်ခက်နေစဉ် သူမ၏ ဝိညာဉ်သည် အေးစက်မှုများကို ခံစားမိလိုက်သည်။ ထို့ကြောင့် ဟွမ်းကို ကြည့်လိုက်ရာ သူမ၏ မြင်ကွင်းကြောင့် မှင်သက်သွားသည်။
“ဒါဘယ်လိုစွမ်းအားမျိုးလဲ..”
ဟွမ်း၏ နက်မှောင်သည့် ဆံနွယ်များသည် တဖြေးဖြေးအနီရောင်သို့ ပြောင်းလဲလာသည်။ သူ၏ ခန္ဓာကိုယ်မှလဲ ကြောက်စရာကောင်းသည့် အေးစက်မှုများထွက်ပေါ်လာ၏။ ထိုအေးစက်မှုများသည် ယွဲ့ဝူယောင်၏ အအေးစွမ်းအင်နှင့် မတူညီပဲ သတ်ဖြတ်ချင်စိတ်ကြောင့် ထွက်ပေါ်လာသည့် အေးစက်မှုမျိုးပင်။ ဝိညာဉ်ကိုပင် တိုက်ရိုက် ဖိအားပေးနိုင်စွမ်းရှိနေသည်။ ထိုစွမ်းအင်ဖိအားများသည် မော့ရွှယ်အာကိုရည်ရွယ်ကာ ထုတ်လွှတ်ထားခြင်းမဟုတ်သောကြောင့် သူမသည် သက်သာရာရနေခြင်းဖြစ်သည်။ သူမထံ ထိုဖိအားများသည် သက်ရောက်နေသော်လည်း အနည်းငယ်မျှသာ ဖြစ်သောကြောင့် အဆင်ပြေနေ၏။
သို့သော် ရက်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဟွမ်း၏ မျက်ဝန်းများသည် ရုတ်တရက် ပွင့်ဟလာသည်။ ထို့နောက်တွင် ကျောက်ရုပ်သဖွယ် ဖြစ်သွားသည့်အလား အချိန်ကြာမြင့်စွာ လှုပ်ရှားမှုမရှိတော့ချေ။ သူ၏ မျက်ဝန်းများ ပွင့်ဟနေပြီး အသိကင်းမဲ့စွာ ရပ်တန့်နေသည့်အလားပင်။ သူ၏ အချိန်တံခါးအတွင်း စေလွှတ်နေသည့် ဝိညာဉ်စွမ်းအင်များလည်း ပြတ်တောက်သွား၏။
“ဟွမ်း..ဟွမ်း..”
မော့ရွှယ်အာသည် ဆက်တိုက်ပင် ခေါ်နေသော်လည်း ဟွမ်းသည် မလှုပ်မယှက်ပင်။ ဟွမ်း၏ ခန္ဓာကိုယ်မှ အသက်ရှုသံသည်လည်းပျောက်ကွယ်သွားသည်။ သူမသည် အလွန်ပင် ထိတ်လန့်ကာ ပြာယာခပ်သွား၏။
ထို့နောက် မည်သည့်အရာမျှပင် မတွေးတော့ချေ။ သူမ၏ ဝိညာဉ်စွမ်းအင်များကို ချက်ချင်း ထုတ်ဖော်လိုက်ကာ ဟွမ်းအပေါ် စီးဆင်းစေလိုက်တော့သည်။
‘ဘာဖြစ်တာလဲ..’
မော့ရွှယ်အာသည် ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်၍မရတော့ချေ။ သူမ၏ ခန္ဓာကိုယ်မှ စုပ်ယူခြင်းခံလိုက်ရသည့်အလားပင်။ ထိုအခြေအနေတွင် သူမ၏ လက်ကို ပြန်လည်ရုတ်သိမ်း ရန်စိတ်ကူးမရှိချေ။ သို့သော် ဟွမ်း၏ ခန္ဓာကိုယ်သည် ထိုစွမ်းအင်များကို ကြမ်းကြမ်းတမ်းတမ်းစုပ်ယူသွား၏။ မော့ရွှယ်အာသည် နတ်အင်ပါယာ အဆင့်ရောက်ရှိနေပြီဖြစ်သောကြောင့် သူမ၏ စွမ်းအင်များသည် အလွန်ပင်များပြားနေပြီဖြစ်သည်။ သို့သော် ဟွမ်း၏ စုပ်ယူမှုကြောင့် စက္ကန့်ပိုင်းအတွင်း သူမ၏ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားကာ သတိလစ်သွားရ၏။
အချိန်အနည်းငယ်ကြာပြီးနောက်တွက် ဟွမ်း၏ မျက်ဝန်းများသည် အနည်းငယ်လှုပ်ခပ်သွားပြီး အသိပြန်ဝင်လာသည့်အလားဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်လည်း အနည်းငယ်လှုပ်ရှားလာပြီးနောက် အေြခအနေကို ဆန်းစစ်ကြည့်လိုက်၏။
သူ၏ဝိညာဉ်စွမ်းအင်များ အလွန်အကျွံသုံးစွဲမှုကြောင့် ခန္ဓာကိုယ်၏ စွမ်းအင်စေလွှတ်မှု ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ထိုသို့အရာများပြုလုပ်ခြင်းကြောင့် မသေဆုံးသွားနိုင်သော်လည်း ပြန်လည်ကောင်းမွန်လာရန် လွယ်ကူတော့မည်မဟုတ်ပေ။ ထို့အပြင် ဝိညာဉ်ပင်လယ်ပြိုကွဲကာ ဒုက္ခိတပင်ဖြစ်သွားနိုင်၏။ သို့သော် ဟွမ်းသည် ခဏတာ သတိလစ်သွားခြင်းသာ ဖြစ်ခဲ့သည်။
“ဒီလောက်ဆို လုံလောက်သင့်ပါပြီ”
အချိန်တံခါး၏ အခြေအနေကို စစ်ဆေးပြီးနောက် ကျေနပ်သွား၏။ အချိန်စီးဆင်းမှု မည်မျှအထိ မြန်ဆန်သွားသည်ကို အတိအကျ မသိသော်လည်း ခန့်မှန်းချက်အရ နှစ်ပေါင်းကိုးဆယ်ခန့်အထိ ရှိသင့်သည်ဟု တွက်ချက်မိလိုက်သည်။ ကျန်သည့်နှစ်ဝက်တွင်တော့ အချိန်တံခါး၏ မူလမြန်ဆန်မှုနှုန်းနှင့်သာ လည်ပတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ခန့်မှန်းချက်အရ သည်အချိန်တံခါးအတွင်း စုစုပေါင်း ကိုးဆယ့်ငါးနှစ်ဝန်းကျင်ခန့်ရရှိသွားမည်ဖြစ်သည်။
“ရွှယ်အာ..”
သူ၏အတွေးများပြီးဆုံးပြီးနောက်တွင် လဲကျနေသည့် မော့ရွှယ်အာကို သတိထားမိပြီးနောက် အလျင်အမြန် စစ်ဆေးကြည့်ရာ သူမသည်လည်း ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
“ဒီမိန်းကလေးကတော့..”
သက်ပြင်းသာ ချလိုက်တော့သည်။ သူမအား ထိုသို့မလုပ်ရန် သတိပေးခဲ့သော်လည်း နားမထောင်ခဲ့ချေ။ အခန့်မသင့်လျှင် သူမသည် ဒုက္ခရောက်သွားနိုင်ပေ၏။ သို့သော် လဲကျနေသည့် မော့ရွှယ်အာကို နွေးထွေးစွာကြည့်လိုက်သည်။ သူသည် ခရမ်းလမျိုးနွယ်ဖြစ်ရပ်တွင် ဝေးလံလွန်းလှသည့် နေရာမှ သူ၏စွမ်းအင်များစွာသုံးစွဲ၍ ပြန်လာခဲ့ပြီးနောက် စွမ်းအင်များကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့် ဆယ်နှစ်ခန့်ပင် အိပ်စက်သွားရ၏။ သို့သော် ယခုတွင် အလွန်အားနည်းနေသော်လည်း ခဏနှင့် ပြန်လည်းနိုထလာရခြင်းသည် မော့ရွှယ်အာကြောင့်ပင် ဖြစ်သည်။
လက်ရှိအချိန်တွင် မော့ရွှယ်အာသတိရလာပြီးနောက် အလွန်ပင် ဝမ်းနည်းနေသည်။ ထို့ကြောင့် ဟွမ်းသည် အခြားလက်တစ်ဖက်နှင့် သူမ၏ ခေါင်းလေးကို အသာယာပုတ်ပေးကာ နှစ်သိမ့်စကားဆိုလိုက်၏။
“အဲ့ဒီလိုကိစ္စမျိုးရှိလာမှာ မဟုတ်လို့ စိတ်မပူနဲ့”
“ကတိပေးလား..”
မော့ရွှယ်အာသည် ကလေးငယ်တစ်ယောက်အလား ပြုမှုလိုက်၏။
“ကောင်းပြီ..”
ဟွမ်းသည် ခေါင်းအသာညိတ်ပြလိုက်သည်။ ထိုအခါမှ သူမ၏ ဝမ်းနည်းနေသည့် အမူအယာသည် ပြေလျော့သွားခဲ့၏။
နောက်နေ့တွင် ဟွမ်းသည် နတ်အင်ပါယာများအား အချိန်တံခါးကို စောင့်ကြည့်ရန်သာ ညွှန်ကြားလိုက်သည်။ ဟွမ်းသည် အပြင်ရောက်ရှိလာသည့်အပြင် မော့ရွှယ်အာ၏ အစီအရင်လည်း တည်ရှိနေသောကြောင့် အရမ်းတင်းကြပ်ရန်မလိုတော့ချေ။
အချိန်တံခါးအခြေအနေကို ဟွမ်းပြောကြားလိုက်သောကြောင့် အလွန်ပင် တုန်လှုပ်သွားကြသည်။ မယုံနိုင်ဖွယ်ရာ အတိပင်ဖြစ်နေ၏။ သို့သော် ဟွမ်း၏စကားကြောင့် မယုံနိုင်စရာအကြောင်း မရှိတော့ပေ။
မော့ရွှယ်အာသည် နှစ်လခန့် အနားယူနေချိန်တွင် မော့ယီနှင့် မော့ရှဲချန်ရစ်ခဲ့သည် ဝိညာဉ်စက်လုံးကိုအကုန်အစင်စုပ်ယူခဲ့လိုက်သည်။ ထို့ကြောင့်ပင် သူမသည် အဆင့်နှစ်နတ်အင်ပါယာတစ်ဦးအဖြစ်ရောက်ရှိသွားခဲ့၏။ ထို့နောက် သူမသည် နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်ကို စိတ်နှစ်ကာလေ့လာလိုက်၏။
“ဟွမ်း ဒီအစီအရင်ပြားက တည်နေရာကူးပြောင်းရေးမှာ အသုံးပြုလို့ရနိုင်တယ်”
မော့ရွှယ်အာသည် သစ်သားနှင့် ထွင်းထုထားသည့် အစီအရင်ပြားကို ပြလိုက်၏။ ထိုအစီအရင်ပြားသည် သူမ အရိပ်တောင်ကြားတွင်ရှိစဉ်က မော့ယီနှင့် မော့ရှဲ့ သူမအား ကာကွယ်ရန်အသုံးပြုခဲ့သည့် အစီအရင်ရေးဆွဲထားသည့် သစ်သားပြားဖြစ်သည်။ ထိုအကာအကွယ်အား ဖြေရှင်းပြီးနောက် သူမသည် ထိုအစီအရင်ပြားကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
“ဒါက ကာကွယ်ရေး အစီအရင်ထွင်းထုထားတဲ့ အရာမဟုတ်ဘူးလား”
ဟွမ်းသည် စဉ်းစားကာပြောလိုက်၏။ သူသိ သည်မှာ အစီအရင်ပြားတစ်ခုတွင် အမျိုးအစားတစ်ခုသာ ရေးထွင်း၍ရသည်ဟုပင်။
“ကျွန်မ သေချာ လေ့လာပြီးတဲ့နောက်မှာ ဒီမှာရေးထိုးထားတဲ့ သင်္ကေတတွေက တည်နေရာရွေ့ပြောင်းနိုင်တဲ့ သင်္ကေတတွေပဲ၊ အဲ့ဒီအချိန်က ကျွန်မ အစီအရင်အပေါ်မှာ နားလည်မှု မလုံလောက်သေးလို့ သေချာမကြည့်နိုင်ခဲ့တာ”
မော့ရွှယ်အာသည် ရှင်းပြလိုက်၏။ ထိုအစီအရင်ပြား၏ အစစ်အမှန်အသုံးဝင်ပုံမှာ တည်နေရာရွှေ့ပြောင်းခြင်းသာ ဖြစ်သည်။ ထိုစဉ်က သူမအား ဖုံးကွယ်ထားသည့် အကာအကွယ်သည် ထို အစီအရင်ပြား၏ တစ်စိတ်တစ်ပိုင်းသာဖြစ်နေ၏။ မော့ယီနှင့် မော့ရှဲ့၏ ရည်ရွယ်ချက်မှာ သူမ နတ်အင်ပါယာအဆင့်သို့ရောက်ချိန်တွင် သူတို့သတ်မှတ်ထားသည့် တည်နေရာတစ်ခုသို့ အလိုလျောက်ပို့ဆောင် ပေးနိုင်ရန်ဖြစ်သည်။ ထိုသို့ ပို့ဆောင်ချိန်တွင် အမှားအယွင်း မဖြစ်စေရန် အကာအကွယ်အစီအရင်နှင့် ဖုံးကွယ်ထားနိုင်ရန်ဖြစ်၏။
သို့သော် သူတို့မတွေးခဲ့မိသည်မှာ ဟွမ်းရောက်ရှိလာပြီးနောက် သူတို့၏ အစီအစဉ်များသည် အနည်းငယ် ချွတ်ချော်သွားသည်ကိုပင်။