တိုးတက်လာသည့်လူငယ်များ
Vol. 10 Ch. 138
“ဒီအစီအရင်ပြားကို နယ်ပယ်ဖြတ်ကျော်ခြင်းအစီအရင်မှာ ထည့်သုံးနိုင်လား”
ဟွမ်းသည် မော့ရွှယ်အာကို မေးလိုက်၏။
“သုံးလို့ရနိုင်တယ်၊ ဒါပေမဲ့ တည်နေရာတွေက ကျွန်မ မရောက်ဖူးတော့ အတိအကျ ပို့ဆောင်နိုင်အောင် လုပ်ဖို့ခက်ခဲတယ်”
မော့ရွှယ်အာသည် စိတ်ပျက်သည့်လေသံနှင့် ပြောလိုက်၏။ ထိုအချိန်က ဤအစီအရင်အား ဖြေရှင်းခဲ့သောကြောင့် မော့ယီနှင့် မော့ရှဲ သတ်မှတ်ထားခဲ့သည့် တည်နေရာသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် သူမသည် ထျန်းယွမ်ကုန်းမြေ၏ ပြင်ပ သို့်မရောက်ဖူးသောကြောင့် အခက်တွေ့နေ၏။
“ဒါအတွက်တော့ မပူနဲ့တော့၊ ထျန်းယွမ်ကုန်းမြေနဲ့ အနီးစပ်ဆုံးဖြစ်မဲ့ ကုန်းမြေတစ်ခုကို လေဟာနယ်လှိုင်ခေါင်းဖောက်ပြီးပြီ၊ ရွှယ်အာ အစီအရင်တည်ဆောက်ပြီးတာနဲ့ ချိတ်ဆက်လိုက်ရုံပဲ”
ဟွမ်းသည် လက်ရှိတွင် စွမ်းအင်များ လျော့နည်းနေသောကြောင့် လေဟာနယ်လှိုင်ခေါင်းကို သူသွားလိုသည့် တည်နေရာအထိ မဖောက်နိုင်ခဲ့ပေ။ သို့သော် အဆင့်သုံးနယ်မြေကို သွားရန်တော့ လုံလောက်နေသေး၏။ သူတို့သည် အဆင့်သုံးနယ်မြေရောက်သည်နှင့် နတ်ဘုရားကုန်းမြေ၏ ပိုင်နက်အတွင်းရောက်ရှိပြီဖြစ်သည်။
“ဒါဆို ကျွန်မ အစီအရင်ကို အမြန်ဆုံးတည်ဆောက်လိုက်မယ်”
မော့ရွှယ်အာသည် ချက်ချင်း စိတ်အားထက်သန်သွား၏။
“အလောတကြီး အပင်ပန်းမခံနဲ့”
ဟွမ်းသည် သတိပေးလိုက်၏။ သို့သော် မော့ရွှယ်အာသည် အစီအရင်တည်ဆောက်ရန် ထွက်ခွာသွားပြီဖြစ်သည်။ ထို့ကြောင့် ဟွမ်းသည် ခေါင်းသာ အသာခါယမ်းလိုက်မိ၏။
ယနေ့တွင် လူငယ်များ အချိန်တံခါး အတွင်းသို့ ဝင်ရောက်သွားကြသည်မှာ တစ်နှစ်တိတိပင် ရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဟွမ်းနှင့် မော့ရွှယ်အာအပြင် နတ်အင်ပါယာလေးဦးသည် အချိန်တံခါးရှိသည့် ခန်းမအတွင်းစောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
“မိန်းကလေးမော့ရဲ့ စွမ်းအားက..”
ရှင်းဝေ့ကျန်းသည် မော့ရွှယ်အာကို ကြည့်ကာ တုန်လှုပ်သွား၏။ သူမ နတ်အင်ပါယာအဆင့်တက်ရောက်ပြီးချိန်တွင် ရှင်းဝေ့ကျန်းသည် သူ့ထက်ပင် စွမ်းအားကောင်းနေသည်ကို ခံစားခဲ့ရသည်။ သို့သော် သူမ၏ စွမ်းအားသည် သူခန့်မှန်းနိုင်သည့် အတိုင်းအတာတွင် ရှိနေ၏။ ယခုတွင် သူမ၏ စွမ်းအားကို ခန့်မှန်းနိုင်ခြင်း မရှိတော့ချေ။
“ကျွန်မ အဆင့်နှစ်နတ်အင်ပါယာဖြစ်သွားပြီ”
မော့ရွှယ်အာ၏ အတည်ပြုပေးမှုကြောင့် နတ်အင်ပါယာလေးဦးလုံး တုန်လှုပ်သွားရသည်။ သူတို့သည် မည်သည့်မှတ်ချက်ပေးရမည်ကိုပင် မသိတော့ချေ။
‘အဆင့်တက်ပြီးတာ ဘယ်လောက်ကြာသေးလို့တုန်း၊ တစ်နှစ်ကြာပြီး နောက်တစ်ဆင့်ထပ်တက်သွားတာလား’
ထိုလူများ စွံ့အနေချိန်တွင် မော့ရွှယ်အာသည် အချိန်တံခါးတွင် ကာကွယ်ထားသည့် အစီအရင်ကို ရုတ်သိမ်းလိုက်၏။
နေ့ဝက်ခန့်ကြာပြီးနောက်တွင် အချိန်တံခါးအတွင်း ရှိသည့် စိမ်းပြာရောင် အလွှာသည် အနည်းငယ်တုန်ခါလာ၏။
ထိုအချိန်တွင် ရှောင်ထျန်း၊ ချီလင်းယီနှင့် ကျီရှောင်းရှောင်းတို့သည့် ဦးစွာထွက်လာခဲ့ကြသည်။ ရှောင်ထျန်းသည် အချိန်တံခါးအတွင်း မဝင်ရောက်မှီက သူတော်စင်အလယ်လတ်အဆင့်သာရှိသော်လည်း ယခုတွင် ကောင်းကင်နတ်ဘုရားအဆင့်ပင်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
“မင်းရဲ့ဆရာသာ မြင်ရင်တော့ ဂုဏ်ယူလွန်းပြီး ဝမ်းသာလုံးဆို့နေတော့မှာပဲ”
ထိုက်ဟုန်ကျွင်းသည် ရှောင်ထျန်း၏ ပုခုံးကိုပုတ်ကာ အားရဝမ်းသာချီးကျုးလိုက်၏။ သူကိုယ်တိုင်ပင် အလွန်ကျေနပ်နေပြီဖြစ်သည်။
ချီလင်းယီနှင့် ကျီရှောင်းရှောင်းသည်လည်း အလားတူပင် ကောင်းကင်နတ်ဘုရားအဆင့်ရောက်ရှိနေပြီဖြစ်သည်။ ချီမင်ယောင်နှင့် ဟေးချုံးသည်လည်း သူတို့၏ တပည့်မလေးများကို ချီးကျုးဂုဏ်ပြုလိုက်ကြသည်။
အချိန်တံခါးအတွင်းရှိတည်နေရာသည် ဆန်းကြယ်လှပြီး ဝိညာဉ်စွမ်းအင်များ အလွန်ပင် ပေါကြွယ်ဝ၏။ ထို့အပြင် သူတို့သည် ၎င်းနေရာ၌ နှစ်တစ်ရာနီးပါး ကျင့်ကြံခဲ့ကြရခြင်းဖြစ်သည်။ ထို့ကြောင့် ဤအဆင့်သို့ရောက်ရှိသွားကြသည်မှာ မထူးဆန်းပေ။
ခဏအကြာတွင် စိမ်းပြာရောင် အလွှာသည် ထပ်မံ လှုပ်ရှားသွားကာ ပုံရိပ်နှစ်ခုပေါ်ထွက်လာခဲ့သည်။ ရှင်းဝမ်ကျဲနှင့် လင်းယိုဟန်ပင်။ ရှင်းဝမ်ကျဲသည် နတ်ဘုရင်အဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း သူတော်စင်အထွတ်ထိပ်အဆင့်မှ နတ်ဘုရင်အဆင့်အထိ တက်ရောက်နိုင်သည့် လင်းယိုဟန်သည် ပို၍အံ့အားသင့်စရာပင်ကောင်းနေ၏။
“ထျန်းယွမ်ကုန်းမြေမှာတော့ သွေးသစ်တွေ ထပ်ပြီး ပေါ်ထွက်လာပြီပဲ”
ရှင်းဝေ့ကျန်းသည် သူတို့အား ဝမ်းမြောက်ဝမ်းသာ ချီးကျုးလိုက်၏။ အချိန်တံခါးအတွင်း ထျန်းယွမ်ကုန်းမြေမှ လူငယ်ငါးဦးသာ ဝင်ခွင့်ရခဲ့သော်လည်း ပြန်လည်ရရှိခဲ့သည့် အကျိုးအမြတ်သည် ပို၍ပင် များပြားလွန်းနေသည်။ ထိုသို့သာမဟုတ်လျှင် အချိန်တံခါး၏ ပုံမှန်စီးဆင်းမှုကြောင့် ဆယ်နှစ်တာမျှသာ ကျင့်ကြံခွင့်ရရှိမည်ဖြစ်ပြီး နတ်ဘုရင်နှစ်ဦးနှင့် ကောင်းကင်နတ်ဘုရားသုံးဦး ပေါ်ထွက်လာနိုင်မည်မဟုတ်သေးချေ။
“ကျေးဇူးတင်ပါတယ်စီနီယာ၊ စီနီယာကြောင့်မဟုတ်ရင် ကျုပ်တို့ ဒီလိုအဆင့်မျိုးရောက်နိုင်သေးဦးမှာမဟုတ်ဘူး”
လူငယ်လေးငါးဦးသည် ဟွမ်းကို ကြည့်ကာ ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။
“ရပါပြီ..”
ဟွမ်းသည် မလိုအပ်ကြောင်း အမူအယာပြလိုက်၏။ သူသည် ကျေးဇူးအတင်ခံချင်၍ မဟုတ်ပေ။ ပေးခဲ့သည့် ကတိအား တည်အောင်လုပ်ခဲ့ရုံမျှသာဖြစ်၏။ ထိုအချိန်တွင် စိမ်းပြာရောင်အလွှာသည် အပြင်းထန် လှုပ်ယမ်းသွားသည်။
“နတ်အင်ပါယာသုံးဦးလား...”
ရှင်းဝေ့ကျန်းအပါအဝင် အားလုံးသည် တုန်လှုပ်သွားကြ၏။ ဟွမ်းသည်တော့ တည်တည်ငြိမ်ငြိမ်နှင့်ပင် လုရှင်းယန်၊ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့ကို ကြည့်ကာ ကျေနပ်သည့်အလား သုံးကြိမ်မျှခေါင်းအသာညိတ်လိုက်သည်။
“ဆရာ..”
ဟွမ်းအတွက် တစ်နှစ်မျှသာ ရှိသေးသော်လည်း သူတို့အတွက် နှစ်တစ်ရာနီးပါးကြာရှည်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူတို့၏ ဆရာကို လွမ်းဆွတ်နေကြသည်။
လျှိုမင်ယွမ်သည် ယခင်ကကဲ့သို့ လူငယ်လေးဆန်ဆန် ချောမောနေဆဲပင်။ သူ၏ မျက်ဝန်းများသည် ကြည်လင်နေသော်လည်း အသေအချာကြည့်လိုက်လျှင် မှောင်မိုက်လွန်းသည့် တွင်းနက်နှစ်ခုရှိနေသည့်အလားပင်။ ထို့အပြင် သူ၏ အရှိန်အဝါသည် ထျန်းယွမ်ကုန်းမြေ၏ နတ်အင်ပါယာများထက်ပင် ကြီးမားနေသည်။
“အစ်ကိုမင်ယွမ် ဂုဏ်ပြုပါတယ်”
လင်းယိုဟန်သည် လျှိုမင်ယွမ်အားကြည့်ရင်း သူမ၏ စိတ်လှုပ်ရှားမှုများသည် ထိန်းချုပ်နိုင်စွမ်း လွတ်မြောက်သွား၏။ လင်းယိုဟန်သည် ထိုသို့ပြောပြီးမှ တစ်စုံတစ်ရာ မှားယွင်းသွားမှန်းသိလိုက်ရသည်။ ထို့ကြောင့် သူမသည် ရှက်သွားကာ မျက်နှာလေးသည် နီရဲသွား၏။ သူမ ခေါင်းပင် မဖော်ရဲတော့ချေ။
“ခယ်မလေး ကျုပ်တို့ကိုကျ ဂုဏ်မပြုဘူး”
ပိုင်ကျန့်ယွီသည် မျက်နှာသေနှင့် ဝင်ရောက်ပြောဆိုလိုက်၏။ ထိုစကားကြောင့် လျှိုမင်ယွမ်သည် သူ့တတိယအစ်ကို၏ လည်ပင်းအား ပြေး၍ ညစ်ချင်စိတ်ပင် ဖြစ်ပေါ်သွားသည်။ ခေါင်းမဖော်ရဲသည့် လင်းယိုဟန်သည် ပို၍ပင် ရှက်ရွံ့သွားကာမည်သည့်စကားသံမျှ ထွက်မလာတော့ချေ။
ပိုင်ကျန့်ယွီ၏ ရုပ်ရည်သည် တိုးတက်လာခြင်းမရှိခဲ့သော်လည်း သူ၏ စွမ်းအားသည်လျှော့တွက်၍ မရချေ။ သူနှင့် အဆင့်တူများသည် သူ၏ စူးရှလွန်းသည့် မျက်ဝန်းများအား အချိန်ကြာကြာ စိုက်ကြည့်ရန် ဝံ့ရဲမည်မဟုတ်ပေ။ သူ၏ အကြည့်နှင့်တင် ဝိညာဉ်များ ခုတ်ပိုင်းခံရသည့်အလား နာကျင်မှု ခံစားသွားနိုင်ပေသည်။ သူ့အောက် အဆင့်နိမ့်သူများအတွက်တော့ သူ၏ စူးရှသည့် မျက်ဝန်းများကြောင့် နာလန်ထူနိုင်မည်မဟုတ်တော့ပေ။
“ကျန့်ယွီ၊ ငါတို့ မတိုက်ခိုက်ရတာကြာပြီ လက်ရည်စမ်းကြည့်မလား”
မော့ရွှယ်အာသည် တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည့်အလားပြောလိုက်၏။ ပိုင်ကျန့်ယွီသည် သူမအားကြည့်ကာ ထိတ်လန့်သွားသည်။
“အစ်မရွှယ်အာက အဆင့်နှစ်နတ်အင်ပါဖြစ်နေပြီလေ၊ ကျုပ်တစ်ဖက်သတ်အရိုက်မခံချင်ပါဘူး”
သူသည် ယခုမှ အဆင့်တက်လာခြင်းဖြစ်ကြောင်း မနည်းတောင်းပန်လိုက်ရ၏။
အားလုံးသည် ရှေ့ဆုံးတွင် ရပ်နေသည့် လုရှင်းယန်၏ ခန္ဓာကိုယ်မှ လောင်ကျွမ်းနေသည့် မီးတောင်တစ်ခုအလား ပူပြင်းမှုကို ခံစားလိုက်ရသည်။ လုရှင်းယန်သည် ယခင်ကကဲ့သို့ လူငယ်အသွင်ထက် ပိုမို့ရင့်ကျတ်တည်ငြိမ်သည့် အသွင်မျိုးဖြစ်လာခဲ့သည်။ သူ၏မျက်ဝန်းများသည်တော့ နွေးထွေးမှု ပေးစွမ်းနေမြဲပင်။ သို့သော်သူ၏အရှိန်အဝါသည် လောင်ကျွမ်းလုမတက်ပင်ဖြစ်နေ၏။
ထို့နောက်တွင် သူ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ကောင်းကင်ကျား ချီဟူသည် ထွက်ပေါ်လာခဲ့၏။ သူပင် နတ်အင်ပါယာအဆင့်သားရဲဖြစ်နေပြီဖြစ်သည်။ လုရှင်းယန်နှင့် ပဋိညာဉ်ဆက်သွယ်ချက်ကြောင့် အပြန်အလှန်ပင် အကျိုးများခဲ့ကြသည်။
“တပည့်တို့ ပြန်ရောက်ပါပြီ”
သူတို့သုံးဦးသည် ပြိုင်တူပင် ဟွမ်းကို ဦးညွတ်လိုက်ကြသည်။ သူတို့သည် သူတော်စင်အဆင့် အထွတ်ထိပ်နှင့်သာ ဝင်ရောက်သွားခဲ့ကြသော်လည်း နတ်အင်ပါယာအဆင့်ထိရောက်ရှိခဲ့ခြင်းဖြစ်၏။ သူတို့ကျင့်ကြံသည် နည်းစနစ်ကြောင့် ပါရမီများပင် တိုးတက်လာဟန်ရှိသည်။
နတ်အင်ပါယာများသည် တုန်လှုပ်မှု ပြေလျော့သွားဟန်မရသေးချေ။ သူတို့၏တပည့်များပင် ထူးချွန်လှပြီဟု ယူဆခဲ့သော်လည်း ဟွမ်း၏ တပည့်သုံးဦးနှင့် နှိုင်းယှဉ်၍မရသေးချေ။
သူတို့တုန်လှုပ်နေမှုကြောင့် စိမ်းပြာရောင် အလွှာ၏ လှုပ်ယမ်းမှုကို သတိပြုမိဟန်မရချေ။ ခန်းမအတွင်း တဟုန်ထိုး ဝင်ရောက်လာသည့် အေးစက်သည့် လေထုကြောင့် ထိတ်လန့်မှုများနှင့် အချိန်တံခါးကို ကြည့်လိုက်ကြသည်။