← Chapters

ဆင်းခဲ့စမ်း

Vol. 10 Ch. 142

ဆင်းခဲ့စမ်း

Vol. 10 Ch. 142

“စီနီယာ ဘာကပ်ဘေးကို ပြောတာလဲ”

ထိုက်ဟုန်ကျွင်းသည် စိတ်ရှုပ်ထွေးသွား၏။ သို့သော် ထိုအချိန်တွင် သူတို့အနားရှိ လေထုသည် လှုပ်ရှားသွားကာ လေဟာနယ်အက်ကွဲကြောင်းကြီးပေါ်ထွက်လာ၏။ ထိုလေဟာနယ်အတွင်းမှ အလွန်ပင်ကြီးမားလွန်းသည့် သင်္ဘောကြီးတစ်စင်းထွက်ပေါ်လာခဲ့သည်။

ထိုသင်္ဘောသည် အရှေ့ပိုင်းနယ်မြေ၏ လေဟာနယ်စစ်တလင်း မုခ်ဝနှင့် မဝေးလှသည့် နေရာတွင် ရပ်တန့်သွား၏။ ထိုသင်္ဘောထိပ်ဦးတွင် လူအိုကြီးတစ်ဦး၊ ရုပ်ရည်ချောမောဟန်ရှိသည့် လူရွယ်တစ်ဦးနှင့် ခန္ဓာကိုယ်အချိုးအစားသည် စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦး တို့သည် ဆွေးနွေးနေဟန်ရှိ၏။

“ဂိုဏ်းချုပ်ချီ၊ ကျုပ်တို့ မုခ်ဝကို ရှာတွေ့ပြီ၊ ဒီတစ်ခေါက် တော်တော်အဆင့်နိမ့်တဲ့ နယ်မြေလေးမှာ ထွက်ပေါ်လာတာပဲ”

ချောမောဟန်ရှိသည့် လူရွယ်သည် ထျန်းယွမ်ကုန်းမြေကို ကြည့်ကာ ရှုံချပြောဆိုလိုက်၏။ ထိုလူရွှယ်သည် ထျယ်ကျင်းတုန် ဖြစ်ပြီး သွေးသံမဏိဂိုဏ်းချုပ်ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ရှယီကုန်းမြေနဲ့ နီးတဲ့ နယ်မြေတစ်ခုမှာ ပေါ်လာတာကကောင်းတာပဲလေ၊ အချိန်ကုန်သက်သာသွားတာပေါ့”

ခန္ဓာကိုယ်အမို့အမောက်များနှင့် ဖွံ့ဖြိုးနေသည့် အမျိုးသမီးသည် ရယ်သွေးသွမ်းကာ ဆိုလိုက်၏။ သူမသည် ဝမ်မုန့်ယွင်ဖြစ်ပြီး အရိပ်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းတစ်ဦးဖြစ်နေသည်။

“ဂိုဏ်းချုပ်ဝမ် ပြောတာမှန်တယ်၊ အချိန်ကုန်သက်သာတာပေါ့၊ လေဟာနယ်စစ်တလင်းက ဒီအကြိမ် ကျုပ်တို့ကို မျက်နှာသာပေးပြီပဲ”

လူအိုကြီးသည် ဆိုလိုက်၏။ ထိုလူအိုကြီးသည် ရှယွမ်ကုန်းမြေ၏ ထိပ်သီးဂိုဏ်းဖြစ်သည့် ချီကျင်းဂိုဏ်း၏ ဂိုဏ်းချုပ်ချီလုံဟန် ဖြစ်သည်။

“တစ်ခြားနယ်မြေက ဂိုဏ်းအဖွဲ့အစည်းတွေ ရောက်မလာခင် ကျုပ်တို့ ပြင်ဆင်ထားသင့်တယ်”

ထျယ်ကျင်းတုန်သည် စဉ်းစားကာပြောလိုက်၏။ လေဟာနယ်စစ်တလင်းသို့ ဝင်ရောက်နိုင်ရန် ကုန်းမြေများစွာရှိ အင်အားကြီး အဖွဲ့အစည်းများလည်း မုခ်ဝကို ရှာဖွေနေကြခြင်းဖြစ်သည်။ ထို့သို့ ထိပ်တိုက်တွေ့ဆုံပါက တိုက်ပွဲများဖြစ်လာမည်မှာ မလွဲမသွေပင်။

“ကျွန်မတို့ လက်ဦးမှု ရယူပြီး အစီအရင်ကို အမြန်တည်ဆောက်ကြမယ်”

ဝမ်မုန့်ယွင်လည်း ထောက်ခံလိုက်၏။ သို့မှသာ တိုက်ပွဲဖြစ်လာလျှင်လည်း အသာစီးယူနိုင်မည်ဖြစ်သည်။

“ဒါပေမဲ့ အောက်မှာ အိမ်ရှင်တွေရှိနေတဲ့ပုံပဲ”

ရှင်းဝေ့ကျန်းတို့ကိုကြည့်ကာ ချီလုံဟန်သည် ဆိုလိုက်၏။

“ဟမ့်..အဆင့်တစ် သုံးယောက်ပဲရှိတဲ့ နုံချာတဲ့ နယ်မြေလေးပါ၊ ဂရုစိုက်စရာမလိုဘူး၊ ကျုပ်တို့နဲ့ရှုပ်ဖို့စဥ်းစားနေရင် အကုန်သတ်ပစ်လိုက်မယ်”

ထျယ်ကျင်းတုန်သည် ရှင်းဝေ့ကျန်းတို့အား အထင်သေးသည့် အကြည့်နှင့်ကြည့်လိုက်၏။

“စီနီယာ အဲ့ဒီသင်္ဘောကြီးပေါ်က လူတွေရဲ့ အဆင့်ကို ကျုပ်တို့ မခန့်မှန်းနိုင်ဘူး၊ သူတို့က လေဟာနယ်စစ်တလင်းအတွက်လာခဲ့ကြတာလား”

ထိုက်ဟုန်ကျွင်းသည် ဟွမ်းပြောသည့် ကပ်ဘေးဆိုသည့် စကားကို နားလည်သွားလိုက်၏။ ပြင်ပကုန်းမြေများမှ လာရောက် ကျုးကျော်မှုပင်။ ရှင်းဝေ့ကျန်းနှင့် ဟေးချုံးသည်လည်း တုန်လှုပ်သွားသည်။ ရွှယ်လင်းကျွင်းထက်ပင် ပို၍ အစွမ်းထက်သည့် အရှိန်အဝါများကို ခံစားမိသောကြောင့်ပင်။

“ဒီကွင်းပြင်မှာ ငါတို့လုပ်စရာကိစ္စရှိတယ်၊ မထွက်သွားရင် ငါ့ရဲ့ ရက်စက်မှုကို အဆိုးမဆိုနဲ့”

ထျယ်ကျင်းတုန်သည် ရှင်းဝေ့ကျန်းတို့၏ ရှေ့တွင် ရုတ်တရက်ပေါ်လာကာ မောက်မောက်မာမာပြောလိုက်၏။

“ဒီကရောင်းရင်း၊ ဒါကျုပ်တို့ရဲ့ နယ်မြေပါ၊ ခင်ဗျားတို့က ကျုးကျော်ဝင်ရောက်လာတာမဟုတ်ဘူးလား”

ရှင်းဝေ့ကျန်းသည် ပြေပြေလည်လည် ပြောလိုက်သော်လည်း သူ၏လေသံသည် ချိုသာမနေပေ။

“မင်းတို့အဆင့်နဲ့ ငါ့ကိုရောင်းရင်းလို့ ခေါ်ရဲတယ်လား..”

ထျယ်ကျင်းတုန်သည် ဒေါသထွက်သွားပြီး တိုက်ခိုက်ရန်ပြန်လိုက်၏။ သို့သော် သူ၏ပုခုံးပေါ်တွင် လက်တစ်ဖက်ရောက်လာကာ တားဆီးလိုက်သည်။

“မင်းတို့က ဒီနယ်မြေရဲ့ အကြီးအကဲတွေထင်တယ်၊ ငါတို့ ဒီနယ်မြေမှာ လုပ်စရာကိစ္စအချို့ရှိနေလို့ ထွက်သွားပါ”

လူအိုကြီးချီလုံဟန်သည် အေးဆေးစွာပင် ဆိုလိုက်၏။ သို့သော် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သောကြောင့် ထိုက်ဟုန်ကျွင်းတို့သည် ဒူးလောက်ကျလုမတက်ပင် ဖြစ်သွားသည်။ သူတို့သည် ထိုဖိအားအောက်တွင်ပုရွက်ဆိတ် တစ်ကောင်အလားပင်။

သို့သော် ချီလုံဟန်သည် မျက်မှောင်ကြုတ်သွား၏။ ချောမောသည့် လူငယ်လေးသည် သူ၏ ဖိအားအောက်တွင် တည်ငြိမ်နေပြီး သူတို့အားဂရုမစိုက်သည့်အလားပင်။

ခဏအကြာတွင် ရှင်းဝေ့ကျန်းတို့သည် ဖိအားမခံစားရတော့ချေ။ သို့သော် သူတို့တွင် ချွေးစေးများစွာ ထွက်ရှိနေပြီး ခြေထောက်များပင် ပျော့ခွေတော့မည့်အလား ခံစားနေရသည်။

“ဒီကရောင်းရင်းက ဘယ်သူလဲ သိပါရစေ”

ချီလုံဟန်၏ မျက်ဝန်းများသည် မှေးကျဉ်းသွား၏။ ထိုလူငယ်သည် သူ၏ ဖိအားကို မခံစားရသည့်အပြင် တစ်ခြားသုံးဦးကိုပါ ဖိအားအောက်မှ ကာကွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လျော့မတွက်ရဲတော့ချေ။

“ထွက်သွားစမ်း..”

ဟွမ်းသည် တုန့်ပြန်လိုက်၏။ သူ၏လေသံသည် တည်ငြိမ်နေသည်။ သို့သော် ထိုနှစ်ဦး၏ နားတွင် မိုးကြိုးပစ်ချခံရသည့်အလား ထုံကျဉ်သွား၏။

“ရောင်းရင်းက ဘယ်သူလဲ..”

ချီလုံဟန်သည် သူ၏ နှလုံးခုန်နှုန်းသည် မြန်ဆန်နေမှုကို ထိန်းချုပ်ကာ မေးလိုက်၏။ သူ၏ နားများထုံထိုင်းသွားသည်ကို ခံစားနေရသည်။

“ဝုန်း..”

“ဝုန်း..”

ဟွမ်းသည် စိတ်မရှည်တော့ချေ။ ထို့ကြောင့် ထိုနှစ်ဦးအား လျှင်မြန်သည့် အရှိန်နှင့် တစ်ချက်စီရိုက်နှက်လိုက်၏။

‘ဘာတုန်းဟ’

ချီလုံဟန်သည် အဆင့်ငါးတွင်ရှိနေပြီး ထျယ်ကျင်းတုန်သည် အဆင့်လေးတွင်ရှိနေကြ၏။ သို့သော် သူတို့ရိုက်နှက်ခံလိုက်ရချိန်တွင် မည်သို့မျှပင် မတုန့်ပြန်နိုင်ခဲ့ချေ။ ဟွမ်း၏ ရိုက်နှက်မှုကြောင့် အရှေ့ပိုင်းနယ်မြေ တစ်ဝက်ခန့်အထိပင် လွင့်စင်သွားကြသည်။

ထိုက်ဟုန်ကျွင်းသည် ခေါင်းခါယမ်းလိုက်၏။

‘စီနီယာရှေ့မှ မောက်မာပြရဲရသလား’

ရှင်းဝေ့ကျန်းသည် သက်ပြင်းချလိုက်၏။ ဟွမ်းရှိ၍ တော်သေးသည်။ မဟုတ်လျှင် ထိုလူများကြောင့်ပင် ထျန်းယွမ်ကုန်းမြေသည် မတွေးရဲစရာပင်။ ဟေးချုံးသည်လည်း စိတ်အေးသွားခဲ့ပြီဖြစ်သည်။ ဟွမ်းရှိနေသောကြောင့် ထျန်းယွမ်ကုန်းမြေအတွက် စိုးရိမ်စရာမလိုတော့ချေ။

ဝမ်မုန့်ယွင်သည် ကောင်းကင်ထက်တွင်ရှိနေ၏။ သူမသည်လည်း အောက်သို့ ဆင်းရန်ပြင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ဟွမ်း၏ တိုက်ခိုက်လိုက်မှုကြောင့် သူမ၏ ကောင်းကင်ထက်ရှိခြေလှမ်းများသည် ရပ်တန့်သွားခဲ့သည်။ သို့သော် သူမ၏ နားတွင်း အသံလှိုင်းတစ်ခု ထပ်မံ ဝင်ရောက်လာသောကြောင့် ကောင်းကင်ထက်မှပင် ပြုတ်ကျသွား၏။

“ဆင်းခဲ့စမ်း..”

“ဘုန်း..”

ဝမ်မုန့်ယွင်သည် သေလုမြောပါး ထိတ်လန့်သွား၏။ အသံလှိုင်းတစ်ခုနှင့်ပင်ကောင်းကင်ထက်မှ ပြုတ်ကျမည်ဟုမထင်ထားခဲ့ပေ။ သူမပြုကျရာနေရာတွင် ချိုင့်ခွက်ကြီးပင် ဖြစ်သွားခဲ့၏။ သို့သော် သူမသည် အဆင့်လေးနတ်အင်ပါယာ ဖြစ်နေသောကြောင့် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ချေ။

“အကြီးအကဲ တစ်ဦးရှိနေတာ မသိလို့ပါ၊ ကျွန်မတို့ရဲ့ ကျုးကျော်မှုကို ခွင့်လွှတ်ပေးပါ”

ဝမ်မုန့်ယွင်သည် ချိုင့်ခွက်ထဲမှ ရုန်းကန်ထလာကာ ဒူးထောက်ထား၍ တောင်းပန်မှုပြုလိုက်၏။ ထို့ကဲ့သို့ လုပ်နိုင်သူသည် သာမန်အဆင့်ဖြစ်နေမည်မဟုတ်ဟု ချက်ချင်းတွေးလိုက်မိသည်။ ထို့အပြင် သူမထက် အဆင့်မြင့်သည့် ချီလုံဟန်ပင် မတုန်ပြန်နိုင်အောင် အရိုက်ခံခဲ့ရသည်။

“သေစမ်း..”

သို့သော် ထျယ်ကျင်းတုန်သည် လွင့်စင်သွားရာမှ အလျှင်အမြန်ပြန်ရောက်လာပြီး ဟွမ်းကို တိုက်ခိုက်လိုက်၏။ အလျှင်အမြန်နှင့် သူ၏ ဓားကို ထုတ်ကာ ခုတ်ပိုင်းမှုပြုလုပ်လိုက်သည်။

ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းကြီးသည် ထျန်းယွမ်ကုန်းမြေအား ပိုင်းဖြတ်သွားမည့်အလားပေါ်ထွက်လာသည်။ ထိုစွမ်းအင်လှိုင်းသည် ဟွမ်းထံ အလျှင်အမြန် ဦးတည်လာနေ၏။

ဟွမ်းသည် လာနေသည့် စွမ်းအင်လှိုင်းကို သူ့ထံ ရောက်မည်အချိန်ကို စောင့်မနေချေ။ အလျင်အမြန်နှင့် ထိုစွမ်းအင်လှိုင်းထံ ရောက်ရှိသွားကာ ထိုးခွဲလိုက်၏။

“ဘုန်း..”

ထိုစွမ်းအင်လှိုင်းသည် ချက်ချင်း ချိုးဖြတ်ခံလိုက်ရသည်။ ထိုလှိုင်းမှ ထွက်ပေါ်လာသည့် စွမ်းအင် အကျွင်းအကျန်များသည် အရှေ့ပိုင်းနယ်မြေပေါ်တွင် ကျဆင်းသွားကာ မြေလွှာများ ပြိုကွဲကုန်၏။

“မဟုတ်သေးဘူး”

ထျယ်ကျင်းတုန်သည် ထိတ်လန့်သွား၏။ အကြောင်းမှာ ဟွမ်းသည် သူ၏ ရှေ့တွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

“ဘုန်း...”

ဟွမ်းသည် မည့်သည်စကားမျှ မဆိုချေ။ ထျယ်ကျင်းတုန်အား ရက်ရက်စက်စက်ရိုက်နှက်မှု ပြုလုပ်လိုက်သည်။

ထျယ်ကျင်းတုန်သည် ဟွမ်း၏ လက်အောက်တွင် မည်သို့မျှမတုန့်ပြန်နိုင်တော့ချေ။ တစ်ဖက်သတ်သာ အရိုက်ခံနေရတော့သည်။ သူ၏ပုံစံသည် ခြင်္သေ့ဂူအတွင်း လမ်းမှားကာရောက်ရှိလာသည့် သမင်ပျိုလေးအလားပင်။

ချီလုံဟန်သည် ထလာပြီးနောက် ထျယ်လင်းတုန် ‘တဘုန်းဘုန်း’ နှင့် ရိုက်နှက်ခံနေရသည်ကို ကြည့်ကာ တုန်လှုပ်နေ၏။ သူတို့သည် သာမညများမဟုတ်ပေ။ အဆင့်လေးနတ်အင်ပါယာများပင်ဖြစ်၏။ သို့သော် ထိုလူ့၏ လက်အောက်တွင် တုန့်ပြန်နိုင်စွမ်းမရှိချေ။

“ဘယ်လို ငရဲကို လမ်းမှားလာမိတာလဲ”

All Chapters