အရင်ရိုက်ဦးမယ် ပြီးမှစကားပြော
Vol. 10 Ch. 143
ချီလုံဟန်သည်လည်း ပြန်လည်တိုက်ခိုက်ရန် စိတ်ကူးလိုက်သေး၏။ သို့သော် လျှင်မြန်သည့် ထျယ်ကျင်းတုန်ကြောင့် သူ၏ တိုက်ခိုက်လိုစိတ်ကို မြိုသိပ်လိုက်သည်။ သူသည် ကျင်းမုန့်ယွမ်ကိုကြည့်လိုက်သော်လည်း သူမသည် ချိုင့်ခွက်ထဲတွင် ဒူးထောက်နေရ၏။ သူမ၏ စွဲမက်ဖွယ်အသွင်သည် မှေးမှိန်သွားသည်။
ဟွမ်းသည် ထျယ်ကျင်းတုန်အား စိတ်လိုလက်ရရိုက်နှက်ပြီးနောက် ချီလုံဟန်ထံ ဦးတည်လာသည်။
“ရောင်းရင်းစိတ်လျော့ပါဦး..၊ ကျုပ်တို့ စကားအရင်ပြောရအောင်”
ချီလုံဟန်သည် အလျင်စလိုပြောလိုက်ရ၏။ မဟုတ်လျှင်သူသည်လည်း ထျယ်ကျင်းတုန်နည်းတူ သမခံရတော့မည်ဖြစ်သည်။ ထျယ်ကျင်းတုန်သည် ထပင် မထနိုင်တော့ချေ။
‘ဘယ်လောက်တောင် စိတ်မြန်လိုက်တဲ့လူပါလိမ့်၊ တိုက်ခိုက်မယ်ဆိုရင်တောင် အကျိုးသင့်အကြောင်းသင့် အရင်ပြောကြတာ သာမန်ပဲမဟုတ်ဘူးလား’
ထိုက်ဟုန်ကျွင်းသည် ဟွမ်း၏ ကြီးစိုးမှုကို အားကျသွား၏။ ထိုလူများသည် မောက်မာစွာ ကျုးကျော်လာသော်လည်း အရိုက်အနှက်ခံရပြီးနောက်တွင် မောက်မာခဲ့မှုသည် သူတို့မဟုတ်တော့သည့်အတိုင်းပင်။
“ဒီနယ်မြေက ရောင်းရင်းသိမ်းပိုက်ထားတာဆိုရင် ကျုပ်တို့ ထွက်သွားပေးပါ့မယ်”
ချီလုံဟန်သည် မနည်းပင် အားတင်းကာပြောလိုက်ရ၏။ အစောပိုင်းတွင် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို ခံရပြီဟု ထင်ခဲ့သော်လည်း သူတို့အတွက်ဟုတ်ပုံမရပေ။ သူသည် အလျှင်အမြန်ပင် ထွက်သွားချင်နေပြီဖြစ်သည်။
“မင်းတို့ အသက်ရှင်လျှက်ထွက်သွားချင်ရင်တော့ မဖြစ်နိုင်ဘူး..”
ဟွမ်းသည် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။
“ရောင်းရင်း ကျုပ်တို့က ကျီယွမ်မဟာမိတ်ရဲ့ လက်အောက်က အဆင့်သုံးနယ်မြေတစ်ခုပါ၊ ကျုပ်တို့ကို သတ်ဖို့ကြိုးစား...”
“ဘုန်း..”
ထျယ်ကျင်းတုန်နှင့် အလားသဏ္ဌာန်တူသည့် ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်သွား၏။ ချီလုံဟန်သည် စကားပင်ဆုံးအောင် ချိန်းခြောက်ခွင့်မရခဲ့ချေ။ ကျင်းမုန့်ယွမ် မှင်သက်နေပြီး အလွန်ပင် ကြောက်ရွံ့စိတ်ဝင်လာခဲ့သည်။ ချီလုံဟန်ကဲ့သို့ အဆင့်ငါး တစ်ယောက်ပင် ပယ်ပယ်နယ်နယ်ရိုက်နှက်ခံနေရ၏။ သူမသည် အပြောအဆို ဆင်ခြင်ရန် ဆုံးဖြတ်လိုက်သည်။
“ရောင်းရင်း..ရောင်းရင်း..ရပ်ပါတော့..”
ချီလုံဟန်သည် အသည်းသန်ပင် တောင်းဆိုလိုက်ရ၏။ သူသည် အဆင့်ငါးတစ်ဦးဖြစ်နေသည်မို့ ထျယ်ကျင်းတုန်ထက် ခံနိုင်ရည်ရှိသော်လည်း ထပ်၍အရိုက်ခံကလျှင် ထျယ်ကျင်းတုန်ကဲ့သို့ မှောက်အိပ်နေရတော့မည်ဖြစ်သည်။ သူသည် ချိန်းခြောက်ရန်ပင် မတွေးရဲတော့ချေ။
‘ဒီလူက ဘယ်သူများလဲ၊ ဒီလောက်အင်အားကောင်းနေတာအအဆင့်နှစ်နယ်မြေတွေကလာတဲ့ အဆင့်ခြောက်နတ်အင်ပါယာတစ်ဦးများလား’
ဝမ်မုန့်ယွင်သည် ချွေးစေးများ ပြန်လာသလိုခံစားလိုက်ရ၏။
“မင်းကိုကြည့်ရတာ ဒီအုပ်စုလေးထဲမှာ ခေါင်းဆောင်ဖြစ်နေပုံရတယ်”
ဟွမ်းသည် ချီလုံဟန်ကို ရိုက်နှက်မှုရပ်တန့်ပြီးနောက် ဆိုလိုက်၏။
“ခေါင်းဆောင်တော့မဟုတ်ပေမဲ့..ကျုပ်က ရှယီကုန်းမြေရဲ့ သက်တမ်းရင့်ဂိုဏ်းချုပ်တစ်ဦးပါ”
ချီလုံဟန်သည် တုန်တုန်ရီရီနှင့်ဖြေလိုက်ရ၏။ ရှယီကုန်းမြေသည် အဆင့်သုံးနယ်မြေတစ်ခုဖြစ်ပြီး ထိုနယ်မြေတွင် ချီကျင်းဂိုဏ်းသည် အင်အားကြီးဂိုဏ်းတစ်ခုဖြစ်၏။ ထို့အပြင် အဆင့်သုံးနယ်မြေများ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် ကျီယွမ်မဟာမိတ်အဖွဲ့ကို ထုတ်ပြောခဲ့သော်လည်း ဂရုစိုက်ဟန်မရချေ။ ထို့ကြောင့် ထပ်မံ ဆန့်ကျင်ရန် မစဉ်းစားတော့ချေ။
“မင်းတို့ကို ဒီမှာနေခွင့်ပေးမယ်၊ ပြီးတော့ မင်းတို့ထဲက လူငယ်အချို့ကိုလဲ လေဟာနယ်စစ်တလင်းမှာဝင်ခွင့်ပေးမယ်”
ဟွမ်းသည် တည်တည်ငြိမ်ငြိမ်နှင့် ဆိုလိုက်၏။
“တကယ်ပြောတာလား..”
ချီလုံဟန်သည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွား၏။ ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ရိုက်နှက်ခဲ့ပါသနည်း။ မယုံနိုင်ပင်ဖြစ်သွားသည်။
“ပူးပေါင်းချင်စိတ်ရှိတယ်ဆိုရင် ဒီနေရာမှာကာကွယ်ရေး အစီအရင်စလုပ်တော့၊ မဟုတ်တာတွေကြံစည်ရင် အသက်ရှင်ဖို့ မတွေးနဲ့”
ဟွမ်းသည် အမိန့်ပေးသည့်အလားဆိုလိုက်၏။
ရှင်းဝေ့ကျန်းတို့ပင် ထိုသို့ အပြောင်းအလဲကြောင့် မှင်သက်သွားကြသည်။
“ကျုပ်မေးချင်တာရှိတယ်..ကျုပ်တို့ လူငယ်ဘယ်နှစ်ယောက်ဝင်ခွင့်ပေးမှာလဲ”
ချီလုံဟန်သည် စိတ်ရှုပ်ထွေးစွာမေးလိုက်၏။ အဘယ်ကြောင့် ထိုလူသည် စိတ်ပြောင်းသွားသည်မှန်း စဉ်းစားမရသေးချေ။
“ခင်ဗျားတို့နှစ်ဦးဝင်ဖို့ ဆန္ဒရှိလား”
ဟွမ်းသည် ရှင်းဝေ့ကျန်းနှင့် ဟေးချုံးကို ကြည့်ကာ မေးလိုက်သည်။ လေဟာနယ်စစ်တလင်းသည် ကျင့်ကြံမှုအဆင့်သာ ကန့်သတ်ထားပြီး အသက်အရွယ်မရွေးဝင်ရောက်နိုင်ခြင်းကြောင့်ပင်။ ရှင်းဝေ့ကျန်းသည် အနည်းငယ်တွေဝေသွားပြီးနောက် အဖြေပြန်ပေးလိုက်၏။
“ကျုပ်က အိုနေပြီ၊ ဒါကြောင့် လူငယ်တွေပဲ ဝင်ပါစေတော့”
“ကျုပ်လဲ မဝင်တော့ဘူး”
ဟေးချုံးလည်း ပြတ်ပြတ်သားသားဆိုလိုက်၏။ အကြောင်းမှာ သူတို့သည့် စွမ်းအား မြင့်တက်ချင်သော်လည်း ထိုနေရာ၏ အန္တရာယ်ရှိမှုနှင့် သူတို့၏နယ်မြေကို ကာကွယ်ပေးရန်လည်းလိုအပ်သေးသည်။ ထို့ကြောင့် ငြင်းဆန်လိုက်၏။ ထိုက်ဟုန်ကျွင်းသည် စိတ်ဓာတ်ကျသွားသည်။ သူအားဝင်ရောက်လိုသလားဟု မမေးခဲ့သောကြောင့်ပင်။
‘သိမ်ဖျင်းလွန်းတဲ့လူတွေ’
ချီလုံဟန်သည် စိတ်ထဲမှ မှတ်ချက်ချလိုက်၏။ ထိုအချိန်တွင် ဟွမ်းသည် ချီလုံဟန်ကို ကြည့်ကာ အဖြေပေးလိုက်သည်။
“ဆယ့်တစ်ယောက်ဝင်ခွင့်ပေးမယ်”
ချီလုံဟန် မျက်လုံးများပြူးကျယ်သွား၏။ ထိုမျှထိ ရက်ရောမည်ဟုမထင်ထားခဲ့ချေ။ သူတို့ဘက်မှ လူငယ်အနည်းငယ်သာ ဝင်ခွင့်ပေးမည်ဟုထင်ခဲ့သော်လည်း တစ်ဝက်ကျော်ပင် ဝင်ခွင့်ပေးနေ၏။ သို့သော် ဤကုန်းမြေ၏ အနေအထားကို စဉ်းစားမိပြီးနောက် မအံ့ဩတော့ချေ။
“ကျေးဇူးတင်ပါတယ်..ကျုပ်က ချီလုံဟန်ပါ၊ ရှယီကုန်းမြေကပါ”
ချီလုံဟန်သည် ကျေးဇူးတင်သွားပြီးနောက် မိတ်ဆက်လိုက်၏။
“အကြီးအကဲကို ကျေးဇူးတင်ပါတယ်၊ ကျွန်မက ဝမ်မုန့်ယွင်ပါ၊ အကြီးအကဲရဲ့ အမည်ကရော”
ကျင်းမုန့်ယွမ်လည်း အလောတကြီးပြေးလာကာ မိတ်ဆက်လိုက်၏။
“ဟွမ်း..”
ချီလုံဟန်နှင့် ကျင်းမုန့်ယွမ်သည် ထိုနာမည်ကို ကြားပြီးနောက် ရင်းနှီးနေသည်ဟု ခံစားမိသည်။ သို့သော် မည်သို့မျှ စဉ်းစား၍ မရချေ။ ထိုကြောင့် ထိုလူသည် ကျော်ကြားတဲ့ပညာရှင်တစ်ဦးမဟုတ်ဟု တွေးမိသွား၏။ ထို့ကြောင့် အာရုံမစိုက်ရန်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဟွမ်း၏ အင်အားကို တုန်လှုပ်နေပြီးဖြစ်၏။
ထိုအုပ်စုအား အရှေ့ပိုင်းနယ်မြေတွင်နေစေခဲ့ကာ ဟွမ်းတို့သည် ဗဟိုမြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏။
“စီနီယာ အဲ့ဒီလူတွေကို ဒီအတိုင်းထားခဲ့တာစိတ်ချရပါ့မလား”
ထိုက်ဟုန်ကျွင်းသည် မအောင့်နိုင်တော့ပဲ ထုတ်မေးလိုက်၏။
“သူတို့မဟုတ်တာ မလုပ်ရဲဘူး၊ တကယ့်ကပ်ဘေးက ခုမှစမှာ၊ ငါက ကပ်ဘေးကို သူတို့အပေါ်လွှဲပြောင်းပေးရုံသပ်သပ်ပဲ”
ဟွမ်းသည် တည်ငြိမ်စွာဆိုလိုက်၏။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလားပင်။ ထိုက်ဟုန်ကျွင်းသည် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ သို့သော်သူသည် နားမလည်သေးချေ။
“လေဟာနယ်စစ်တလင်းကို ဝင်ရောက်ဖို့ပြင်ဆင်တော့..”
ဟွမ်းသည် ထိုက်ဟုန်ကျွင်းကို ကြည့်ကာ ဆက်ပြောလိုက်၏။
“စီနီယာ..”
ထိုက်ဟုန်ကျွင်းသည် အံ့ဩသွားသည်။ ရှင်းဝေ့ကျန်းနှင့် ဟေးချုံး၏ ဆန္ဒကို မေးချိန်တွင် သူ့အားချန်လှပ်ထားခဲ့သောကြောင့် စိတ်ဓာတ်ကျနေခဲ့သည်။ သို့သော်ဟွမ်းသည် သူကို အစကတည်းက စေလွှတ်ရန် စဉ်းစားထားပြီးသားဖြစ်၏။ ထို့ကြောင့် မမေးမြန်းချင်ပင်။ ထိုက်ဟုန်ကျွင်းသည် နားလည်သွားပြီးနောက် ဟွမ်းကို အရိုအသေပေးလိုက်၏။
ဟွမ်းသည် ‘ထိုသို့ လုပ်ရန်မလိုအပ်ဘူး’ ဟုသည့်အလား ခေါင်းအသာယမ်းခါလိုက်၏။
ထို့နောက်ဟွမ်းသည် သူ၏ အိမ်တော်ရှိလူအားလုံးကို ထိုအကြောင်းရှင်းပြလိုက်သည်။
“ဂိုဏ်းချုပ်ချီ အဲ့ဒီလူဘယ်သူလဲ ခန့်မှန်းမိတာရှိလား”
ဝမ်မုန့်ယွင်သည် စိတ်ရှုပ်ထွေးစွာမေးလိုက်၏။
“သူက ဝိညာဉ်စွမ်းအင်တောင် အသုံးပြုမသွားဘူး၊ အဲ့ဒီလိုလူမျိုးကို ကျုပ်တစ်သတ် မကြုံဖူးခဲ့သေးဘူး၊ ဒါပေမဲ့ ဒီလူမှာ လှည့်ကွက်တွေရှိနေတယ်”
ချီလုံဟန်သည် သက်ပြင်းချကာပြောလိုက်၏။
“ဒါပေမဲ့ နေရာဆယ့်တစ်နေရာဆိုတော့၊ ကျွန်မတို့ လူငယ်တွေထဲက ပြန်ပြီးရွေးချယ်ရတော့မှာကြောင့်၊ ကျွန်မလက်လျော့လိုက်တော့မယ်”
ဝမ်မုန့်ယွင်သည် ဝင်မပါချင်တော့ပေ။ ဤနေရာသို့ လိုက်လာခဲ့ခြင်းကိုပင် နောင်တရနေ၏။
“ဂိုဏ်းချုပ်ဝမ် ခင်ဗျားတကယ်ပြောနေတာလား”
ချီလုံဟန်သည် မျက်မှောင်ကြုတ်သွား၏။ ထိုအမျိုးသမီး၏ အတွေးများကို လိုက်မမှီတော့ပေ။ အဖွဲ့အစည်းတိုင်း၏ ခေါင်းဆောင်များသည် လူငယ်များကို လေဟာနယ်စစ်တလင်းအတွင်း ဝင်ရောက်နိုင်ရေးကို အသည်းအသန်ကြိုးစားခဲ့ကြသည်။ ဝမ်မုန့်ယွင်လည်း ထိုနည်းတူပင်။ သို့သော် ယခုတွင် လက်လျော့ရန်ပြောနေပြီဖြစ်၏။
“တစ်ခြားအဓိပ္ပါယ်မရှိပါဘူး၊ ကျွန်မဂိုဏ်းက တပည့်နှစ်ယောက်ပဲဝင်ခွင့်ရခဲ့တာလေ၊ ခွဲတမ်းအရဆိုရင် ကျွန်မတပည့်တစ်ယောက်ကို ထုတ်ပစ်ရတော့မှာဆိုတော့ ကျန်တစ်ယောက်တည်းကို လေဟာနယ်စစ်တလင်းထဲမဝင်စေချင်တော့ဘူး”