← Chapters

တပည့်များအတွက်တာဝန်များ

Vol. 10 Ch. 144

တပည့်များအတွက်တာဝန်များ

Vol. 10 Ch. 144

“ဂိုဏ်းချုပ်ဝမ်ရဲ့ ဆုံးဖြတ်ချက်လဲ မမှားပါဘူး”

ချီလုံဟန်၏ အမူအယာသည် ပြေလျော့သွား၏။ လေဟာနယ်စစ်တလင်းသို့ ဝင်ရောက်ရန် လူငယ်များရွေးချယ်ရာတွင် အရိပ်တိမ်တိုက်ဂိုဏ်းမှ လူငယ်နှစ်ဦးသာ ဝင်ရောက်ခွင့်ရခဲ့သည်။ ကနဦးတွင် လူငယ်နှစ်ဆယ်ရွေးချယ်ထားခဲ့ခြင်းကြောင့် ယခုဆယ့်တစ်ယောက်သာ ဝင်ခွင့်ရတော့မည့်အချိန်တွင် လျော့ချရတော့မည်ဖြစ်၏။ ထို့အတွက် ပြိုင်ပွဲလုပ်ရန် အချိန်မရှိတော့ပေ။ ပါဝင်ထားသည့် လူငယ်များကိုသာ အညီအမျှ လျော့ချရတော့မည်ဖြစ်သည်။

အရိပ်တိမ်တိုက်ဂိုဏ်းက လူငယ်နှစ်ဦးသာ ပါရှိသောကြောင့် ကျိန်းသေ တစ်ဦးလျော့ရတော့မည်ဖြစ်၏။ လေဟာနယ်စစ်တလင်းကဲ့သို့ နေရာမျိုးတွင် တစ်ယောက်တည်း စေလွှတ်ရန်မှာ လွန်စွာ အန္တရာယ်များလွန်းသည်။ အခြားဂိုဏ်းမှ လူငယ်များ ပါရှိသော်လည်း ဂိုဏ်းတူအချင်းချင်းလောက် အပြန်အလှန်အထောက်အကူပြုမှု ပေးကြမည်မဟုတ်ပေ။ ဂိုဏ်းတူအချင်းချင်းတောင် မျက်လုံးစုံမှိတ် ယုံကြည်ရန်ခက်ခဲသည့် လောကကြီးဖြစ်သည်။ ထို့ကြောင့် ဝမ်မုန့်ယွင်သည် လက်လျော့ရန်သာ ရွေးချယ်လိုက်၏။

“ဒါဆို ကျုပ်တို့ရဲ့ဂိုဏ်းတပည့်တွေပဲ ရွေးချယ်ရုံပေါ့”

ထျယ်ကျင်းတုန်သည် ဂရုမစိုက်စွာပြောလိုက်၏။ သူ၏ မျက်နှာသည် ဖူးယောင်နေသောကြောင့် ကြောက်စရာကောင်းနေသည်။ အားခြင်းမတန်၍ မာန်လျော့ထားခဲ့ရသော်လည်း ဟွမ်းအပေါ် အငြိုးတရားများရှိနေသေး၏။

“ဂိုဏ်းချုပ်ဝမ် လက်လျော့ခဲ့ပေမဲ့ ကျုပ်တို့ကို အကူအညီပေးဖို့ တောင်းဆိုချင်တယ်”

ချီလုံဟန်သည် တောင်းဆိုသည်ဟုဆိုသော်လည်း လေသံသည် မြင့်နေ၏။

“ဘာကိုလဲ..ဂိုဏ်းချုပ်ချီ ကျွန်မက အစီအရင် ဖွဲ့စည်းတဲ့နေရာမှာတော့ အကူအညီပေးမှာပါ”

ဝမ်မုန့်ယွင်သည် ချီလုံဟန်၏ ဆိုလိုရင်းကို နားမလည်ခဲ့ပေ။ သူမသည် လိုက်ပါလာခဲ့သည်မို့ အစီအရင်ဖွဲ့စည်းရာတွင် ကူညီမှု မပေးပဲ မနေချေ။

သို့သော် ထိုအချိန်တွင် လေဟာနယ်များ လှုပ်ယမ်းကာ လေဟာနယ်သင်္ဘော သုံးစင်းပေါ်ထွက်လာခဲ့၏။ ထိုသင်္ဘောသုံးစင်းပေါင်းလျှင်တောင် သူတို့သင်္ဘော၏ကြီးမားပုံကို မမှီနိုင်သော်လည်း အစွမ်းထက်ကျင့်ကြံသူများ၏ အရှိန်အဝါကို ခံစားမိနေကြသည်။

“အဲ့ဒီလူက ကျုပ်တို့နဲ့ ပူးပေါင်းတဲ့ ပုံစံမျိုးပုံမျိုးသက်ရောက်စေခဲ့ပေမဲ့ တကယ်တမ်းဒီနယ်မြေကို ကျရောက်လာမဲ့ အန္တရာယ်ကို တားဆီးခိုင်းတာပဲ”

ချီလုံဟန်သည် ဒေါသထွက်စွာပြောလိုက်၏။ ဟွမ်းသည် သူတို့အား သတ်ဖြတ်လိုက်ခဲ့လျှင်တောင် အခြားနယ်မြေမှ လူများ ရောက်ရှိလာခဲ့မည်ကို တွက်ချက်မိခဲ့သည်။ ထို့ကြောင့် ချီလုံဟန်တို့အား ရက်ရောလွန်းသည့် တန်ဖိုးနှင့် အသုံးချခဲ့သည်။ ဝမ်မုန့်ယွင်တို့သည် ချက်ချင်းနားမလည်ခဲ့သော် ချီလုံဟန်သည် ရိပ်စားမိခဲ့၏။ သို့သော် ဟွမ်းပေးအပ်သည့် ဆယ့်တစ်ယောက်စာဝင်ခွင့်အား လွန်ဆန်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ချီလုံဟန်သည် မျက်စိမှိတ်ကာလက်ခံခဲ့ရသည်။ သူ့တွင်ရွေးချယ်စရာမရှိပေ။

ထို့အတွက်နှင့် မုခ်ဝကို လာရောက်လုယူမည်သူများအား တိုက်ခိုက်ပေးရတော့မည်ဖြစ်သည်။

‘ငါ ရှယီကုန်းမြေကို ပြန်ရောက်ရင် ဒီလူ့ကို သေချာပေါက်သတ်ဖို့ စီစဉ်ရမယ်’

ချီလုံဟန်သည် တိတ်တဆိတ်တွေးလိုက်၏။ ချီကျင်းဂိုဏ်းတွင် သူသည် အစွမ်းထက်ဆုံးမဟုတ်သေးပေ။ ထို့အပြင် သူ၏နောက်တွင် ကျီယွမ် မဟာမိတ်လည်းရှိနေသေးသည်။

ထို့နောက်တွင် ထျန်းယွမ်ကုန်းမြေသို့ လာရောက်ကျုးကျော်သူများအား သူတို့ သုံးဦးသည် ဦးဆောင်၍ဖြေရှင်းနေရတော့၏။ သူတို့သည် အဖွဲ့ပေါင်းများစွာကို လဝက်ကျော်နီးပါ ရင်ဆိုင်ရတော့မည်ဖြစ်သည်။

“ဂိုဏ်းချုပ်ဝမ်.. အဲ့ဒီလူကို သွားရှာ”

ချီလုံဟန်သည် မောပန်းစွာ ပြောလိုက်၏။ သူ၏ အသက်ရှုနှုန်းသည်လည်း မြန်ဆန်နေသည်။ ထျယ်ကျင်းတုန်နှင့် ဝမ်မုန့်ယွင်လည်း အလားတူပင်။ သူတို့သည် ဤလဝက်အတွင်း လာရောက်လုယက်သည့် အဖွဲ့အစည်းများကို တိုက်ခိုက်ခုခံခဲ့ရသည်။ တော်သေးသည်များ ထိုအဖွဲ့များတွင် အဆင့်လေးများသာ ပါဝင်ပြီး အဆင့်ငါးတစ်ဦးမျှမပါဝင်ချေ။ သို့သော် တိုက်ပွဲများစွာ ဆင်နွဲခဲ့ရသောကြောင့် အလွန်ပင်မောပန်းနေကြ၏။ ယခုတွင် လေဟာနယ်စစ်တလင်း ပွင့်ရန် ရက်အနည်းငယ်သာလိုတော့သောကြောင့် ဟွမ်းကို အသိပေးရန် စေလွှတ်လိုက်သည်။ အကြောင်းမှာ ဟွမ်းသည် လေဟာနယ်စစ်တလင်းမုခ်ဝတွင် မော့ရွှယ်အာကို ခေါ်လာကာ အတားအဆီးချထားခဲ့ခြင်းကြောင့်ပင်။

အဆင့်နှစ်တစ်ဦး၏ အတားအဆီးကို အဆင့်ငါးပင် မချိုးဖြတ်နိုင်ရသည့်အကြောင်းအရင်းမှာ ထိုအတားအဆီးတွင် ဟွမ်း၏ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းထားခဲ့သောကြောင့်ပင်။

“ကောင်းပြီ..”

ဝမ်မုန့်ယွင်သည် ဤသုံးဦးတွင် သက်တမ်းသည် ငယ်သေးလွန်းပြီး ထိုလူများထက် အင်အားပိုင်းနိမ့်ကျသေး၏။ ထို့ကြောင့်ပင် ဂိုဏ်းချုပ်နှစ်ဦးသည် သူမအား ကိစ္စများကိုခိုင်းစေညွန်ကြားနေသည်။

“စီနီယာ...ကျုပ် ဒီအခွင့်အရေးကို သေချာပေါက် လက်မလွတ်ပါဘူး”

ရှင်းဝမ်ကျဲသည် ဟွမ်း၏ ရှေ့တွင် ကြွေးကျော်လိုက်၏။

“အကြီးအကဲ..ကျွန်မလဲ အတက်နိုင်ဆုံးကြိုးစားကြည့်ချင်ပါတယ်”

လင်းယိုဟန်လည်း စိတ်အားထက်သန်နေ၏။

ဟွမ်းသည် သူတို့နှစ်ဦးအပြင် ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်ကိုလည်း လေဟာနယ်စစ်တလင်းအတွင်း ဝင်ရောက်စေခဲ့သည်။ ချုးယွီဟွာသည် သူမ၏အဆင့်ကြောင့် လေဟာနယ်စစ်တလင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိတော့ချေ။ ထို့ကြောင့် မော့ရွှယ်အာနှင့် သူ၏တပည့်လေးဦးတို့ကိုသာ ဝင်စေလိုက်၏။

ရှင်းဝေ့ကျန်းတို့သည်လည်း ဟွမ်း၏ ဆုံးဖြတ်ချက်အတိုင်းလိုက်နာခဲ့ကြသည်။ ဟွမ်းသည် သူတို့၏ ဆန္ဒများကိုလည်း မေးမြန်းခဲ့ဖူး၏။ သူတို့တွင် အထွန့်တက်စရာအကြောင်းမရှိပေ။ သူတို့ရွေးချယ်သည့်လမ်းပင်။

“လေဟာနယ်စစ်တလင်းမှာ ဆရာက မင်းတို့ကို တာဝန်သုံးခု ပေးစရာရှိတယ်”

ဟွမ်းသည် မော့ရွှယ်အာနှင့် သူ၏တပည့်များကို ကြည့်ကာပြောလိုက်၏။

“ဟုတ်ကဲ့ဆရာ၊ တပည့်တို့လိုက်နာမှာပါ”

ယွဲ့ဝူယောင်တို့သည် အလေးနက်ပြောလိုက်၏။ ဟွမ်းသည် ခေါင်းညိတ်ကာဆိုလိုက်၏။

“ဆရာလဲ အဲ့ဒီထဲမရောက်ဖူးလို့ အတိအကျမသိပေမဲ့ ပွင့်ဖက်ခုနှစ်ခုပါတဲ့ ကြာပန်းတစ်မျိုးရှိတယ်လို့ ကြားဖူးတယ်၊ အဲ့ဒီရတနာကို ရှာတွေ့ရင် ရအောင်ယူခဲ့”

ယွဲ့ဝူယောင်တို့သည် အလေးအနက် မှတ်သားလိုက်၏။

“ဒုတိယတစ်ခုက နယ်မြေရဲ့စွမ်းအင်ဗဟိုချက်ပဲ ရှာတွေ့ဖို့ခက်ခဲပေမဲ့ ရှာတွေ့ခဲ့ရင် သိမ်းဆည်းခဲ့”

ဟွမ်းသည် နယ်မြေတစ်ခု အသက်သွင်းရန်အတွက် ထိုအရာကို လိုအပ်နေကြောင်း တပည့်များသည် နားလည်သွား၏။

“တတိယတစ်ခုက ကျောက်စိမ်းခေါင်းတလားတစ်ခုပဲ၊ ကောလဟာလအရ အင်အားကြီး အဖွဲ့အစည်းတစ်ချို့တောင် အဲ့ဒီအရာကို လိုချင်နေကြတာ၊ ဒါပေမဲ့ ဘယ်သူမှ ယူနိုင်စွမ်းမရှိသေးဘူး”

ထိုအရာကို မက်မောခြင်းကြောင့်မဟုတ်ပေ။ ဘာမှန်းမသိသည့်အရာကို လိုအပ်ခြင်းလည်း မရှိပေ။ ထို့အတွက်များ ဘာကြောင့် ယူခိုင်းရသနည်း။ အကြောင်းရင်းသည်တော့ ထိုအရာကို လူတိုင်း လိုချင်နေကြသောကြောင့် လုယူတိုက်ခိုက်ကြမည့် တိုက်ပွဲများ ဖြစ်ပွားပေလိမ့်မည်။ ထိုတိုက်ပွဲများတွင် သူ၏တပည့်များ ပျော်ရွှင်မှုရစေရန် ရည်ရွယ်လိုက်ခြင်းဖြစ်သည်။ သို့သော် ကျေးဇူးတင်မခံချင်သောကြောင့် ထုတ်မပြောတော့ပေ။

“ဟုတ်ကဲ့ပါဆရာ.. တပည့်တို့ဆရာ့ကို စိတ်မပျက်စေရပါဘူး”

ယွဲ့ဝူယောင်တို့သည် အလေးနက်ကတိပေးလိုက်၏။

“စီနီယာ ကျုပ်တို့လဲ အစွမ်းကုန်ကူညီပေးပါ့မယ်”

ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်လည်းဝင်ရောက်ပြောဆိုလိုက်၏။

“အကြီးအကဲ ကျွန်မတို့က အကူအညီသိပ်ရမှာမဟုတ်ပေမဲ့ အစ်မရွှယ်အာတို့ကို အတက်နိုင်ဆုံးကူညီပေးပါ့မယ်”

လင်းယိုဟန်သည်နတ်ဘုရင်အဆင့်တွင်သာရှိနေသောကြောင့် များစွာအကူအညီရမည်မဟုတ်ပေ။ သို့သော် ထို့အတွက်နှင့်လည်း လျှော့တွက်ထားဖို့မသင့်လျော်ချေ။ ဟွမ်းသည် ခေါင်းအသာယာညိတ်ကာ ထပ်ပြောလိုက်၏။

“မင်းတို့အားလုံး လေဟာနယ်စစ်တလင်းထဲကိုရောက်ရောက်ချင်း အရေးတကြီးလုပ်ရမဲ့ ကိစ္စရှိသေးတယ်၊ အဲ့ဒါက..”

“ဘယ်သူလဲ..”

“ဝုန်း...”

ချုးယွီဟွာသည် ဟွမ်းယွီအိမ်တော်၏ ကောင်းကင်ထက်ရှိလေထုသည် တုန်ခါသွားသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် သူမ၏ ဟွာ့လင်စုတ်တံကို ဝှေ့ယမ်းလိုက်ကာ ထိုနေရာသို့ ဦးတည်၍ စွမ်းအင်များလှိုင်းပစ်လွှတ်လိုက်၏။

“ဒီကုန်းမြေကလူတွေက အရမ်းသတိကြီးတာပဲ”

ချုးယွီဟွာ၏ စွမ်းအင်လှိုင်းထိမှန်သွားပြီးနောက် လေဟာနယ်သည် အက်ကွဲသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် ဝမ်မုန့်ယွင်ပင် ဖြစ်ပေသည်။ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများနှင့် ဝတ်ဆင်ထားသည့် ပန်းရောင်ဝတ်စုံကြောင့် ဆွဲဆောင်မှုရှိနေ၏။ သူမ၏ အမို့အမောက်များနှင့် ပါးလွှာသည့် ခါးကျဉ်းကျဉ်းလေးသည် သူမ၏ ဆွဲဆောင်မှုပို ပိုမိုတိုးပွားစေသည်။

ထို့သို့ပြီးပြည့်စုံသည့် ခန္ဓာကိုယ်နှင့် ညို့ငင်နိုင်စွမ်းရှိသည့် မျက်နှာနှင့် ပေါင်းစပ်မှုသည် ယောက်ျားသားများအတွက် အန္တရာယ်များသည့် လှပမှုပင်ဖြစ်နေ၏။ သူမ၏ ညို့ယူနိုင်သည့် မျက်နှာသည် ချီမင်ယောင်ထက်ပင် အန္တရာယ်များသေးသည်။

ချုးယွီဟွာသည် မျက်မှောင်ကြုတ်သွား၏။

All Chapters