← Chapters

အကြံအစည်ကျရှုံးခြင်း

Vol. 10 Ch. 146

အကြံအစည်ကျရှုံးခြင်း

Vol. 10 Ch. 146

မော့ရွှယ်အာသည် ကြီးမားသည့် ကျောက်စိုင်ကြီး တစ်ခုအထက်မှ ချန်ယီဟယ်တို့အား ငုံကြည့်နေသည်။ သူမ၏ အနီရောက်မျက်ဝန်းများကြောင့် နတ်ဆိုးဆန်မှုကို ပိုမိုပေါ်လွင်နေစေ၏။ လုရှင်းယန်တို့သည်လည်း သူမ၏ နောက်တွင်ရှိနေကြ၏။

“မင်းတို့က ပုန်းရှောင်မနေပဲ စောင့်နေတာဆိုတော့ ငါလဲ အလုပ်ရှုပ်သက်သာသွားပြီ၊ မိန်းမလှလေးတွေကို သတ်ပစ်ရမှာ နှမြောစရာပဲ”

ချန်ယီဟယ်သည် စိတ်မကောင်းဖြစ်သည့်လေသံနှင့်ဆိုလိုက်သော်လည်း သူ၏ အမူအယာသည် ဆိုးယုတ်မှုကို ပြသနေ၏။

“သေတော့မယ့်သူက စကားများနေသေးတယ်”

မော့ရွှယ်အာသည် သူမ၏ အနက်ရောင်တံစဉ်းကို ထုတ်ယူလိုက်ကာ ဆင်းသက်လာ၏။

“ခရမ်းရောင်ဆံနွယ်နဲ့ မိန်းကလေးလဲ မတွေ့ပါလား၊ သူမကမှ အေးစက်စက်နဲ့ လှလွန်းတယ်”

ချန်ယီဟယ်သည် လျှာသပ်ကာ ဆိုလိုက်၏။ သို့သော် သူ၏စကားဆုံးချိန်တွင် ‌သူကိုယ်တိုင် အေးစက်မှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သူ၏ နောက်ကျောမှ ထွက်ပေါ်လာခဲ့သောကြောင့် လှည့်ကြည့်လိုက်၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ..”

ချန်ယီဟယ်သည် ထိတ်လန့်သွား၏။ အကြောင်းမှာ သူ၏ နောက်ရှိလူများသည် ခရမ်းရောင်ရေခဲများနှင့် ဖုံးလွှမ်းနေပြီး ရေခဲရုပ်ထုများ ဖြစ်ကုန်သောကြောင့်ပင်။ ထိုလူငယ်များသည် နတ်ဘုရင် အဆင့်များကို ထည့်မတွက်လျှင်တောင် အဆင့်တစ်နတ်အင်ပါယာ လေးဦးရှိနေ၏။ သို့သော် မည်သည့် စွမ်းအင်လှုပ်ရှားမှုမျှ မထွက်ပေါ်ပဲ တိတ်တဆိတ်တိုက်ခိုက်ခံခဲ့ရသည်။ ထိုလူများတုန့်ပြန်ဖို့ မဆိုနှင့် သူကိုယ်တိုင်ပင် သတိမထားလိုက်ချေ။

လေထုပင် အေးခဲနေပြီး ချန်ယီဟယ် အနီးတစ်ဝှိုက်တွင် ဖုံးလွှမ်းနေ၏။ ယွဲ့ဝူယောင်သည် သူမ၏ လက်ကို ရေခဲရုပ်တုများဖြစ်နေသည့် လူငယ်များကို ဦးတည်ကာ ဆန့်တန်းထားသည်။ သို့သော် သူမ၏ အေးစက်သည့် မျက်ဝန်းများနှင့် ချန်ယီဟယ်အား အထင်အမြင်သေးစွာ ကြည့်နေသည်။

“ဒီအမှိုက်ကို အစ်မရွှယ်အာကို လွှဲပေးလိုက်တော့မယ်”

ထိုသို့ပြောပြီးနောက် သူမ၏ လက်သည် စက္ကူတစ်ခုအား ခြေမွသည့်အသွင် ပြုလုပ်လိုက်၏။

“မင်းလုပ်ရဲလား..”

ချန်ယီဟယ်သည် ယွဲ့ဝူယောင်၏ ရည်ရွယ်ချက်ကို သိရှိသွား၏။ လျှင်မြန်သည့် အရှိန်နှင့် ယွဲ့ဝူယောင်ထံ ဦးတည်ကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် သူ၏ အနောက်တွင် ကြမ်းတမ်းသည့် အရှိန်အဝါတစ်ခုပေါ်ထွက်လာ၏။

“ချွမ်..”

မော့ရွှယ်အာသည် သူမ၏ တံစဉ်းနှင့် မြန်ဆန်စွာ ချန်ယီဟယ်ကို ခုတ်ပိုင်းခဲ့သည်။ ချန်ယီဟယ်သည် သူ၏ ဓားနှင့် တားဆီးလိုက်နိုင်၏။ သို့သော် ကြမ်းတမ်းလှသည့် မော့ရွှယ်အာ၏ ခုတ်ချက်ကြောင့် အကွာအဝေးတစ်ခုအထိလွင့်စင်သွားရသည်။

“ခွမ်း..”

“မဟုတ်ဘူး..”

ချန်ယီဟယ်သည် ဟစ်အော်လိုက်ရ၏။ ယွဲ့ဝူယောင်သည် ရေခဲရုပ်တုများအား ဖြိုခွဲလိုက်သောကြောင့်ပင်။ အဆင့်တစ်နတ်အင်ပါယာများနှင့် နတ်ဘုရင်များသည် ထိုသို့ပင် လွယ်လွယ်ကူကူ သေဆုံးသွားကြရသည်။ ချန်ယီဟယစိတ်သည် ပူလောင်လာပြီး ဒေါသများ လောင်ကျွမ်းလာသည့်အလာပင်။

“အဆင့်နှစ်နတ်အင်ပါယာတွေလား..”

ချန်ယီဟယ်သည် ယခုမှပင် မော့ရွှယ်အာနှင့် ယွဲ့ဝူယောင်၏ အဆင့်ကို မြင်တွေ့လိုက်ရ၏။ သူတို့သည် လှည့်စားဖုံးကွယ်ထားသည်လား။ မဟုတ်ပေ တစ်ချိန်က ဟွမ်းသင်ပေးခဲ့သည့် နည်းစနစ်ကြောင့်သာဖြစ်သည်။ သူတို့၏ အရှိန်အဝါကို မထုတ်ဖော်သ၍ ကျင့်ကြံမှု အစစ်အမှန်ကို မြင်တွေ့ရမည်မဟုတ်ချေ။ မော့ရွှယ်အာပင် ထိုနည်းစနည်ကို လေ့လာခဲ့၏။

“ဟားဟား..”

ချန်ယီဟယ်သည် ရူးသွပ်စွာရယ်မောလိုက်မိသည်။ သူတို့သည် မော့ရွှယ်အာတို့အား သတ်ဖြတ်ရန် ကြံစည်ထားခဲ့သော်လည်း မောရွှယ်အာတို့မှ လက်ဦးမှုယူကာ သတ်ဖြတ်မည်ဟု မတွေးထားခဲ့ချေ။ ထို့အပြင် အစစ်မှန် ကျင့်ကြံမှုကို မမြင်ခဲ့သောကြောင့် လျော့တွက်ခဲ့ခြင်းလည်းပါပေသည်။

ဟွမ်းသည် မော့ရွှယ်အာတို့အား လေဟာနယ်စစ်တလင်းအတွင်း ရောက်ရှိသည်နှင့် တပြိုင်နက် ချန်ယီဟယ်တို့ကို ချက်ချင်းသတ်ဖြတ်စေရန် မှာကြားခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် ချန်ယီဟယ်တို့ မတွေးခဲ့မိသည့် အကြောင်းအရာပင်။

“ဝုန်း..”

မော့ရွှယ်အာသည် အဝေးတွင်ရှိနေသည့် ချန်ယီဟယ်ထံ သူမ၏ တံစဉ်းနှင့် ခုတ်ပိုင်းသည့်ပုံစံပြုကာ စွမ်းအင်အလင်းတန်းများ ထုတ်လွှတ်လိုက်၏။

ချန်ယီဟယ်သည် အလွန်အကျုးဒေါသထွက်နေပြီဖြစ်သည်။ စွမ်းအင်အလင်းတန်းကို ဖျတ်စီးကာ မော့ရွှယ်အာထံ တဟုန်ထိုး ဝင်ရောက်သွား၏။ ကောင်းကင်ထက်တွင် သတ္ထုခြင်း ထိခက်သံများ တရစပ် ထွက်ပေါ်နေသည်။ ချန်ယီဟယ်သည် တဟုန်ထိုး တိုက်ခိုက်နေသော်လည်း မော့ရွှယ်အာသည် အသာအယာပင် ခုခံနေ၏။ အဆင့်တူနှစ်ဦးဖြစ်သော်လည်း တိုက်ပွဲတွင် မော့ရွှယ်အာ အသာစီးရယူထားသည်။

“အစ်မရွှယ်အာ အချိန်မဖြုန်းနဲ့တော့..”

ပိုင်ကျန့်ယွီသည် လှမ်းအော်လိုက်၏။

ထိုအသံကြောင့် မော့ရွှယ်အာသည် စိတ်ပျက်သွားဟန်ရကာ သူမ၏ အနက်ရောင်တံစဉ်းကို အားမာန်အပြည့်နှင့် လွှဲယမ်းလိုက်သည်။ ချန်ယီဟယ်သည် အဆင့်တူဖြစ်သော်လည်း မော့ရွှယ်အာ၏ အားအပြည့် ရိုက်ချက်ကို မခုခံနိုင်ချေ။

အကွာအဝေးတစ်ခုကို လွင်စင်သွားပြီးနောက် သူ၏ ဓားတွင် ဝိညာဉ်စွမ်းအင်များကို တဟုန်ထိုး စီးဆင်းစေလိုက်ကာ ပြင်းထန်သည့် ဓားချက်တစ်ခုကို ထုတ်ဖော်လိုက်၏။

“သေလိုက်စမ်း..”

ကြီးမားသည့် ဓားသဏ္ဌာန် စွမ်းအင်လှိုင်းထွက်ပေါ်လာပြီး မော့ရွှယ်အာထံ ဦးတည်သွားသည်။

မော့ရွှယ်အာသည် သူမ၏ ကြီးမားသည့်အနက်ရောင်တံစဉ်းကို အသာယာဆော့ကစားလိုက်ပြီးနောက် ထိုဓားစွမ်းအင် ကို ခုတ်ပိုင်းလိုက်၏။

“ဝုန်း..”

ကောင်းကင်ထက်တွင် ရှုပ်ထွေးသည့် စွမ်းအင်လှိုင်းများပြည့်နှက်သွားသည်။

“ဘာမှ မဖြစ်သွားဘူးလား”

ချန်ယီဟယ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ ဓားချက်သည် အဆင့်နှစ်နတ်အင်ပါယာများကို များစွာ ဖိအားပေးနိုင်သည့် တိုက်ခိုက်မှုဖြစ်သည်။ စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးဆန်သည့် ပုံရိပ်တစ်ခုပေါ်ထွက်လာ၏။ ချန်ယီဟယ်သည် ထိတ်လန့်သွားသည်။ အကြောင်းမှာ မော့ရွှယ်အာသည် လခြမ်းသဏ္ဌာန်စွမ်းအင်လှိုင်းကို ထုတ်လွှတ်လိုက်ခြင်းကြောင့်ပင်။

“နတ်ဆိုးနတ်ဘုရားရဲ့ ဒေါသခုတ်ပိုင်းချက်”

“ဝှီး..”

လေဟာနယ်ပင် ဖောက်ခွဲလုမတက်စွမ်းအင်များနှင့် အရှိန်ဟုန်ပြင်းပြင်း ချန်ယီဟယ် ထံရောက်ရှိသွား၏။။

“ဝုန်း..”

ချန်ယီဟယ်သည် ချက်ချင်းပင် ခုခံ လိုက်သော်လည်း ထိုနည်းစနစ်၏ ကြမ်းတမ်းမှုကြောင့် အဆုံးထိမကာကွယ်နိုင်ခဲ့ပေ။ လခြမ်းသည် သူ့၏ခန္ဓာကိုယ်အား ဖောက်ထွင်းသွားသည်။

‘အဆင့်တူနှစ်ယောက်ဖြစ်နေတာတောင် ဘာလို့စွမ်းအားကွာခြားချက်ကြီးမားနေရတာလဲ’

“အား..”

ချန်ယီဟယ်သည် နာကျင်စွာဟစ်အော်လိုက်၏။ သူသည် ဤနေရာတွင် ဆက်လက်တိုက်ခိုက်ပါက သေဆုံးတော့မည်မှာ အမှန်ပင် ထို့ကြောင့် အလျှင်အမြန် ထွက်ပြေးရန်ပြင်ဆင်လိုက်သည်။ သူအထင်သေးခဲ့သည် မိန်းကလေးသည် အဆင့်တူဖြစ်နေသော်လည်း စွမ်းအားချင်း မညီမျှနေပေ။ သူသည် မော့ရွှယ်အာနှင့် ဆန့်ကျင်ဘက်ကိုဦးတည်၍ထွက်ပြေးလိုက်သည်။ အဆင့်နှစ်ဖြစ်သောကြောင့် သူထွက်ပြေးချင်လျှင် မော့ရွှယ်အာပင် တားဆီးနိုင်ခြင်းမရှိဟု တွေးမိလိုက်၏။

“ရွှပ်..”

ချန်ယီဟယ်သည် သူ၏ ဝမ်းဗိုက်မှ အေးစက်စက် အရာတစ်ခုကို ခံစားမိလိုက်သည်။ သူသည် ငုံကြည့်ချိန်တွင် အနက်ရောင်တံစဉ်းတစ်ခုသည် ကန့်လန့်ဖြတ် အနေအထားနှင့် သူ၏ဝမ်းဗိုက်တွင် စိုက်ဝင်နေသည်ကို သိလိုက်ရ၏။

မော့ရွှယ်အာ၏ခန္ဓာကိုယ်သည် ချန်ယီဟယ်၏ ခန္ဓာကိုယ်နှင့် မျက်စောင်းထိုးအနေအထားတွင်ရှိနေကာ သူမ၏ တံစဉ်းကို အလျားလိုက် ကိုင်ဆောင်ထားပြီး ချန်ယီဟယ်၏ ဝမ်းဗိုက်ကို ထိုးစိုက်ထားခြင်းဖြစ်သည်။

ချန်ယီဟယ်သည် တုန်တုန်ရီရီနှင့် ပြောလိုက်၏။ မော့ရွှယ်အာ၏ နတ်ဆိုးစွမ်းအင်များသည် သူ၏ ဝမ်းဗိုက်မှတစ်ဆင့် စီးဝင်နေပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်စားနေသည်။ သွေးများ ဆက်တိုက်အန်နေရ၏။ သူ၏ အသက်ကိုပင် မနည်းရှုသွင်းနေရပြီး အသက်ရှုသံသည် တဖြည်းဖြည်း အားနည်းလာသည်။

“ချီကျင်းဂိုဏ်းက မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး”

မော့ရွှယ်အာ၏ တုန့်ပြန်မှုသည် သူမ၏ အနက်ရောင်တံစဉ်းကြီးကိုသာ ဆွဲထုတ်လိုက်ခြင်းဖြစ်၏။ သို့သော် အနက်ရောင်တံစဉ်ကြီးတွင် မည်သည့်သွေးစက်များတင်ကျန်ခြင်း မရှိသည့်အလား ပြောင်လက်နေဆဲပင်။

ချန်ယီဟယ်သည် လဲကျကာသေဆုံးသွားသည်။ သူတို့သည် ဆိုးယုတ်သည့်စိတ်နှင့် မော့ရွှယ်အာတို့ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း တစ်ဖက်ကပင် ကြိုတင်၍ သတ်ဖြတ်ရန်စောင့်ဆိုင်းနေခဲ့ကြ၏။ ထို့အပြင် မော့ရွှယ်အာတို့ကို မည်သည့်ဖိအားမျှပင် မပေးနိုင်ပဲ သူတို့ကိုယ်တိုင်သာ အဆုံးသတ်ခဲ့ရသည်။

“အားနည်းလိုက်တာ..”

မော့ရွှယ်အာသည် အနက်ရောင်တံစဉ်ကြီးကို သိမ်းဆည်းလိုက်ပြီးနောက် အထင်အမြင် သေးစွာဆိုလိုက်၏။ သူမသည် တိုက်ခိုက်ရသည်ကို မကျေနပ်သေးသည့်ပုံပင်။

“ဆရာရှာ ခိုင်းထားတဲ့ ရတနာသုံးကို သွားရှာကြမယ်”

ယွဲ့ဝူယောင်သည် ကိစ္စများပြီးသည့်နောက်တွင် ပြောလိုက်သည်။ အားလုံးသည် ခေါင်းညိတ်လိုက်ကာ အတူတကွ ထွက်ခွာသွားကြ၏။

ထျန်းယွမ်ကုန်းမြေ၏ အရှေ့ပိုင်းနယ်မြေတွင် ချီလုံဟန်သည် ဒေါသတကြီး ဟစ်အော်လိုက်သည်။

“ကျုပ်တို့တပည့်တွေသေကုန်ပြီ၊ ခင်ဗျား ဘာလုပ်လိုက်တာလဲ”

All Chapters