သခင်မ
Vol. 10 Ch. 147
လူငယ်အားလုံး လေဟာနယ်အက်ကွဲကြောင်း အတွင်းဝင်ရောက်သွားပြီးနောက် မုခ်ဝ၏ အပြာရောင်အလင်းတန်းများသည် မှိန်လျသွား၏။ မုခ်ဝအား ပိတ်ဆို့လိုက်သည့်အလားပင်။
သို့သော် ချီလုံဟန်နှင် ထျယ်ကျင်းတုန်တို့၏ တပည့်များသည် လေဟာနယ်စစ်တလင်းအတွင်း မိနစ်ပိုင်းလေးအတွင်း သူတို့၏ အသက်များနှင့်ချိတ်ဆက်ထားသည့် ကျောက်ပြားငယ်များသည် ကွဲကြေကုန်၏။ ချီလုံဟန်နှင့် ထျယ်ကျင်းတုန်တို့သည့် မယုံနိုင်အောင်ပင် မျက်လုံးများပြူးကျယ်ကုန်သည်။ ထိုအရာသည် သူတို့၏ တပည့်များ သေဆုံးသွားသည်ကို ဖော်ပြနေခြင်းပင်။ ထို့အပြင် နောက်ထပ်မိနစ်အနည်းငယ်သာကြာလိုက်၏။ ချန်ယီဟယ်၏ ကျောက်ပြားငယ်လည်း ကွဲကြေသွားသည်။
“ခင်ဗျားတပည့်တွေက ကျုပ်တပည့်တွေကို သတ်လိုက်တာလား”
ချီလုံဟန်သည် ဒေါသတကြီးရေရွတ်လိုက်၏။ ချန်ယီဟယ်၏ ကျောက်ပြားငယ်ကွဲကြေသွားပြီးနောက်တွင် သူ၏ ဒေါသများ ပေါက်ကွဲသွားသည်။
“ခင်ဗျား ပြန်ပေးဆပ်ရမယ်”
ထျယ်ကျင်းတုန်၏ မျက်နှာပင် ဒေါသများကြောင့် နီရဲလာခဲ့သည်။ သို့သော် သူတို့သည် တိုက်ရန်မစဉ်းစားချေ။ ထိုလူအား အံမတုနိုင်မှန်းသိထားသောကြောင့် ထွက်ပြေးရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုနှစ်ဦးသည် အလျှင်အမြန်နှင့် သူတို့၏သင်္ဘောထံသို့ ပြေးထွက်သွား၏။ သို့သော် ထိုအချိန်တွင် ညို့ယူဖမ်းစားလိုသည့် အသံတစ်ခုကို ကြားလိုက်ရ၏။
“ပုံရိပ်ယောင်စက်ဝန်း..”
ထိုအချိန်တွင် ချီလုံဟန်နှင့် ထျယ်ကျင်းတုန်တို့၏ ရှေ့တွင် ပုံရိပ်ယောင်တိုက်ခိုက်မှုများထွက်ပေါ်လာသည်။
“မင်း..သစ္စာဖောက်..”
ချီလုံဟန်သည် ဝမ်မုန့်ယွင်ကို ကြည့်ကာ ဒေါသတကြီး ဟစ်အော်လိုက်၏။ သူသည် အဆင့်ငါးဖြစ်နေခြင်းကြောင့် အဆင့်လေးတစ်ဦး၏ တိုက်ခိုက်မှုကို ချက်ချင်းဖျတ်သီးလိုက်နိုင်သည်။ သို့သော်ထျယ်ကျင်းတုန်သည် ထင်မှတ်မထားသည့် တိုက်ခိုက်မှုဖြစ်သည်မို့ ထိုပုံရိပ်ယောင်များအား ဖျတ်စီးရန် အချိန်ယူလိုက်ရ၏။
“ကျွန်မက အသက်ရှင်ချင်ရုံပါ..”
ဝမ်မုန့်ယွင်သည် တိုးလျသည့်လေသံနှင့်ဆိုလိုက်သည်။ သူမ၏ နယ်မြေသားများကို မတိုက်ခိုက်ချင်ပေ။ သို့သော် ထိုသို့မလုပ်လျှင်လည်း သူမသေဆုံးသွား မည်ဖြစ်သည်။ ဟွမ်းသည် ရှယီကုန်းမြေသားများအား အလွတ်ပေးမည်မဟုတ်ကြောင်းကို သတိထားမိခဲ့၏။
ထို့ကြောင့် ဟွမ်းယွီအိမ်တော်တွင် ဟွမ်းအား သူမ၏ အသက်ကို သက်ညှာပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်၏။ လေဟာနယ်စစ်တလင်းတွင်လည်း သူမ၏ တပည့်များကို မစေလွှတ်ကြောင်းနှင့် ဤကုန်းမြေမှ အသက်ရှင်လျက်ထွက်ခွာလိုကြောင်း ပြောဆိုခဲ့သည်။ သို့သော် ထိုသို့ဆိုရုံနှင့် ဟွမ်းသည် ယုံကြည်မည့်သူမဟုတ်သောကြောင့် ချီလုံဟန်တို့အား အတိအလင်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
“ဟေးယန်..၊ မင်းရဲ့စွမ်းအင်တွေပြန်ဖြည့်ဖို့ အချိန်ကျပြီ”
ဟွမ်းသည် အနက်ရောင်မီးတောက်ကို အမိန့်ပေးလိုက်၏။ ထိုအချိန်တွင် သူ၏မျက်ခုံးနှစ်ခုကြားမှာ အရိပ်တစ်ခုသည် အလျှင်မြန်ပြေးထွက်သွားပြီး ချီလုံဟန်တို့သင်္ဘောအတွင်းဝင်ရောက်သွားသည်။
“ဒါကဘာလဲ”
“အား...”
ထိုအချိန်တွင် သင်္ဘောအတွင်းရှိ ကျန်ရှိနေသည် ရှယီနယ်မြေသားများကို အနက်ရောင်မီးတောက်သည် လောင်ကျွမ်းသွားစေသည်။ သူတို့သည့် ခနအတွင်းပင် အစအနမကျန်အောင် ဝါးမြိုခံလိုက်ရ၏။
“မင်း..”
ချီလုံဟန်သည် ဝမ်မုန့်ယွင်၏ တိုက်ခိုက်မှုကို ထပ်မံ တိုက်ခိုက်ခံလိုက်ရသောကြောင့် သူ့တပည့်များထံ မသွားနိုင်တော့ချေ။ ထို့ကြောင့် ဝမ်မုန့်ယွင်ကို တိုက်ခိုက်ရန် လုပ်ဆောင်လိုက်ရ၏။
“ဂိုဏ်းချုပ်ဝမ် အကောင်းအဆိုး ကိုခွဲခြားနိုင်ရင် ရှေ့ကဖယ်လိုက်၊ ခင်ဗျားတို့ဂိုဏ်းမှာ ခင်ဗျားတစ်ယောက်ပဲ အင်အားရှိတာမဟုတ်လား”
ထျယ်ကျင်းတုန်သည်လည်း သူမ၏ ပုံရိပ်ယောင်တိုက်ခိုက်မှုမှ လွှတ်မြောက်လာကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် ခြိမ်းခြောက်လိုက်ခြင်းပင်။ ဝမ်မုန့်ယွင်သည် အရိပ်တိမ်တိုက်ဂိုဏ်းတွင် သူမတစ်ယောက်သာ အင်အား အကြီးဆုံးဖြစ်၏။ သူမဂိုဏ်း၏ အကြီးအကဲများပင် အဆင့်သုံး မရောက်သေးကြချေ။ ထို့အပြင် အရိပ်တိမ်တိုက်ဂိုဏ်းသည် အမျိုးသမီးများနှင့်သာ တည်ထောင်ထားသည့် ဂိုဏ်းတစ်ခုဖြစ်သည်။ ရှယီကုန်းမြေတွင်လည်း သူမ၏ ခွန်အားကြောင့်သာ အဆင့်တစ်ခုသို့ရောက်ရှိနေခြင်းဖြစ်၏။
“ဒီလိုမှ မလုပ်ရင် ကျွန်မ ဒီနေရာမှာပဲ သေဆုံးသွားလိမ့်မယ်၊ အဲ့ဒီအချိန်ကျ ကျွန်မဂိုဏ်းက တကယ်ပြိုလဲသွားမှာ”
ဝမ်မုန့်ယွင်သည် ဝမ်းနည်းသည့်လေသံနှင့် ဆို၏။ သူမသာ သေဆုံးသွားလျှင် အရိပ်တိမ်တိုက်ဂိုဏ်းသည် ရှယီကုန်းမြေရှိ အင်အားစုများ၏ ဝါးမြိုမှုကို ခံရမည်ဖြစ်သည်။
“ငါတို့သေသွားရင်ရော မင်းကို အလွတ်ပေးမယ်ထင်နေလား..”
ချီလုံဟန်သည် ဇဝေဇဝါဖြစ်သွားစေရန် ရည်ရွယ်လိုက်သည်။ သို့သော် ဟေးယန်သည် အလျှင်အမြန်ရောက်ရှိလာပြီး ချီလုံဟန်နှင့် ထျယ်ကျင်းတုန်၏ ခန္ဓာကိုယ်တွင် အနက်ရောင် မီးတောက်များနှင့် ဖုံးလွှမ်းလိုက်၏။
“အား...”
ချီလုံဟန်နှင့် ထျယ်ကျင်းတုန်သည် အနက်ရောင်မီးတောက်၏ ဝါးမြိုမှုအောက်တွင် အသည်းအသန်ရုန်းကန်နေသော်လည်း အချည်းအနှီးပင်။ အနက်ရောင်မီးတောက်များသည် ထိုနှစ်ဦးအား မည်သို့မျှ အခွင့်အရေးပေးမည့်ပုံမပေါ်ချေ။
“ကျုပ်တို့ အညံ့ခံပါ့မယ်..”
ထျယ်ရှင်းတုန်သည် အလျှင်အမြန် အော်ဟစ်လိုက်သည်။ သို့သော် အနက်ရောင်မီးတောက်များသည် သူ၏ ခန္ဓာကိုယ်တွင် ပို၍ ယုတ်ရင်းကြမ်းတမ်းစွာ လောင်ကျွမ်းသွား၏။
“ရောင်းရင်း..ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်ကို တစ်ဒီကြိမ်ခွင့်လွှတ်ပေးပါ”
ချီလုံဟန်သည် သူ၏ လက်ကျန်အားအင်များကို လည်ချောင်းအတွင်းပို့လွှတ်ကာ အသံထုတ်ဖော်လိုက်ရ၏။ သို့သော် ဤသည်က နတ်ဘုရားလောကကြီးတွင် သူပြောနိုင်ခဲ့သည့် နောက်ဆုံးစကားပင်။ ဟေးယန်၏ ဝါးမြိုမှုအောက်တွင် သူတို့နှစ်ဦးလုံးသည် အပြီးတိုင်ကွယ်ပျောက်သွားရတော့သည်။
ဟွမ်းသည် ထိုဖြစ်စဉ်ကို အေးအေးဆေးဆေးပင် ကြည့်ရှုနေသည်။ ဝမ်မုန့်ယွင်သည် ချွေးစေးများပင် ကျဆင်းနေရ၏။ သူမ၏ ခန္ဓာကိုယ်လည်း တုန်ယင်နေသည်။
ထိုအချိန်တွင် ဟွမ်းအနီးသို့ အနက်ရောင်အရိပ်တစ်ခုချည်းကပ်လာသည်။ ထိုအရိပ်သည် တဖြေးဖြေး လူသားတစ်ဦးအသွင်ပြောင်းလဲသွားလေသည်။ သို့သော် သူ၏ အသားအရည်သည် မီးခိုးရောင်ဖြစ်နေပြီး ကတ္တရာစေးများကို လူသားအသွင် ပြုလုပ်ထားသည့်အလားပင်။ ထို့နောက် ဟွမ်း၏ ရှေ့တွင်ရပ်ကာ ဆိုလိုက်၏။
“သခင် ဒီမိန်းမလှလေးသုံးယောက်ကိုရော ဝါးမြိုရမှာလား၊ နှမြောစရာပဲဗျာ”
ဝမ်မုန့်ယွင်နှင့် တပည့်မ နှစ်ဦးတို့သည် ထိုအသံကြောင့် လိပ်ပြာလွင့်လုမတက်ဖြစ်သွားသည်။
လူသားအသွင် ပြောင်းလဲသွားသည့် ဟေးယန်၏ စကားကြောင့် ဟွမ်းသည် ဝမ်မုန့်ယွင်ကို ကြည့်လိုက်၏။
“အကြီးအကဲ၊ ကျွန်မအသက်ကို သက်ညှာပေးဖို့ တောင်းဆိုပါတယ်”
ဝမ်မုန့်ယွင်သည် အလျှင်အမြန်ပြောလိုက်ရ၏။
“ထွက်သွားတော့..”
ဟွမ်းသည် သူမ၏ စိတ်ရင်းမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ဤကုန်းမြေတွင် သူမသည် ဒုက္ခပေးခြင်းမရှိခဲ့သောကြောင့် လွှတ်ပေးလိုက်သည်။
ဝမ်မုန့်ယွင်သည် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိတော့၏။ သူမသည် ထိုစကားမကြားရမချင်း အသက်ပဲရဲရဲမရှုရဲချေ။ သို့သော် သူမသည် ထပ်မံတောင်းဆိုလိုက်၏။
“အကြီးအကဲ၊ ကျွန်မ အဆင့်နဲ့ ရှယီကုန်းမြေကိုတိုက်ရိုက် မပြန်နိုင်သေးဘူ၊ ဒါ့ကြောင့် အကြီးအကဲ ထွက်သွားမဲ့အချိန် ကျွန်မကို ရှယီကုန်းမြေ နားအထိ ပို့ဆောင်ပေးလို့ရမလား”
ဝမ်မုန့်ယွင်သည် မချင့်မရဲ တောင်းဆိုလိုက်၏။ သူမသည် အဆင့်ငါးသို့ မရောက်ရှိသေးသောကြောင့် ထိုမျှဝေးလံသည့်ခရီးကို ဤကုန်းမြေမှ လေဟာနယ်သင်္ဘောမပါပဲ ထွက်ခွာမသွားနိုင်ပေ။
“ကောင်းပြီ..”
ဟွမ်းသည် ထိုအရာကို နားလည်သောကြောင့် သဘောတူလိုက်သည်။
“စီနီယာအစ်ကို၊ အဲ့ဒီအမျိုးသမီးကို ဒီကုန်းမြေမှာ ထားလို့ ဖြစ်ပါ့မလား”
ချုးယွီဟွာသည် အလိုမကျစွာ ပြောလိုက်၏။ သူမအနေနှင့် ဝမ်မုန့်ယွင်ကို တစ်စက်မှ မယုံကြည်ချေ။ ဝမ်မုန့်ယွင်သည် သူမနယ်မြေမှ လူများကိုပင် သစ္စာဖောက်ထားခဲ့ပြီဖြစ်ရာ မကောင်းသည့် လုပ်ရပ်များ မလုပ်နိုင်စရာအကြောင်းမရှိဟုပင် တွေးလိုက်မိသည်။
“အဆင့်လေးတစ်ယောက်က ဒီကုန်းမြေက ထွက်ချင်ရင်တောင် ထွက်ခွာနိုင်စွမ်းမရှိဘူး၊ ပြီးတော့ သူမ တစ်ခုခုကြံစည်ရဲရင် ဒီနေရာမှာပဲ အဆုံးသတ်ပေးလိုက်မယ်”
ဟွမ်းသည် ချုးယွီဟွာအား ရှင်းပြသည့် ပုံစံပေါက်နေသော်လည်း ဝမ်မုန့်ယွင်ကို သတိပေးနေချင်းပင်။
“အကြီးအကဲ စိတ်ချပါ၊ ကျွန်မ အကြီးအကဲတို့ မထွက်ခွာသေးသ၍ တိတ်တိဆိတ်ပဲနေမှာပါ”
ဝမ်မုန့်ယွီသည် အလျှင်အမြန်ကတိပေးလိုက်၏။ ထို့နောက် ချုးယွီဟွာအား လှောင်ပြောင်လိုသည့် မျက်နှာပေးနှင့်ကြည့်လိုက်၏။ ချုးယွီဟွာ၏ သိမ့်မွေ့သည့် မျက်နှာထက်တွင် တင်းမာလာပြီး နှာမှုတ်လိုက်၏။ထိုမိန်းကလေးနှစ်ဦးသည် အဆင်ပြေလာမည့် အရိပ်အယောင် မမြင်ရချေ။ ဟွမ်းသည် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“သခင်မ ကျုပ်က ဟေးယန်ပါ၊ သခင့်ရဲ့ ပထမဆုံး အစေခံလေးပါ..”
ထိုတင်းမာနေသည့် လေထုတွင် စိတ်လှုပ်ရှားနေသည့် အသံတစ်ခုထွက်ပေါ်လာသည်။