နတ်ဆိုးဧကရီ
Vol. 10 Ch. 148
“ကျွန်မ..ကျွန်မက သခင်မ မဟုတ်သေးပါဘူး..”
ချုးယွီဟွာသည် ရှက်ကိုးရှက်ကန်းနှင့် စကားများ ထစ်အကုန်၏။ အနက်ရောင်အသားအရည်နှင့် ဟေးယန်သည် သူမစကားများကို မကြားဟန်နှင့် သူပြောချင်ရာပြောလိုက်၏။
“ကျုပ်သခင်ကို တစ်သတ်လုံး အထီးကျန်ပြီး သေသွားလိမ့်မယ်ထင်ထားတာ၊ အခုလိုတွေ့တော့ ကျုပ်ဝမ်းသာမိ..”
“ဘုန်း..”
ဖုန်မှုန့်များ တထောင်းထောင်းထနေပြီး အရှေ့ပိုင်းနယ်မြေတစ်ခုလုံးပင်တုန်ခါသွား၏။ ချုးယွီဟွာလည်း ထိတ်လန့်သွားလေသည်။ ဝမ်မုန့်ယွင်လည်း အလားတူ ဘာဖြစ်သွားမှန်း မသိလိုက်ရချေ။
ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် ဟေးယန်ရှိခဲ့ရာနေရာတွင် ကြီးမားသည့် ချိုင့်ကြီးဖြစ်နေခဲ့သည်။ ထို့အပြင် ဟေးယန်သည် ထိုချိုင့်အတွင်း လဲကျနေပြီး သတိလစ်နေပြီဖြစ်၏။ သူသည် အဆင့်လေးတစ်ဦးနှင့် အဆင့်ငါး တစ်ဦးအား ဝါးမြိုပြီးနောက်တွင် အတန်သင့် စွမ်းအားများပြန်လည်ရရှိလာဟန်ရှိသည်။ ထို့ကြောင့် လူသားအသွင်ပင် ပြန်လည်ပုံဖော်လာနိုင်၏။ သို့သော် သူ၏ ပါးစပ်သည် ထိန်းသိမ်းရခက်ခဲဟန်ရှိသည်။ ဟွမ်း၏ ရိုက်နှက်မှုကြောင့် ထပင် မထနိုင်တော့ချေ။
“ဒီကောင့်အချိုးက ပြောင်းလဲမလာဘူး”
ဟွမ်းသည် သတိလစ်နေသည့် ဟေးယန်ကို ဦးခေါင်းမှကိုင်ကာ ဖျစ်ညှစ်လိုက်သည်။ ထိုအချိန်တွင် ဟေးယန်သည် မီးတောက်တစ်ခုအသွင်ပြောင်းသွားပြီးနောက် ဟွမ်း မျက်ခုံးနှစ်ခုအကြားပြန်လည်ဝင်ရောက်သွား၏။
ထိုအချိန်တွင် ဝမ်မုန့်ယွင်သည် တစ်စုံတစ်ရာကို သတိပြုမိသည့်အလား တုန်လှုပ်နေသည်။ ထို့နောက် ခက်ခက်ခဲခဲနှင့် အတည်ပြုရန် ကြိုးစားလိုက်၏။
“အကြီးအကဲက..အဲ့ဒီ..”
“ရွှီး..”
ထိုအချိန်တွင် လေဟာနယ်စစ်တလင်း၏ မုခ်ဝသည် တုန်ခါမှုများ ထွက်ပေါ်လာသောကြောင့် ဝမ်မုန့်ယွီ၏ စကားသည်ပြတ်တောက်သွား၏။
ထိုအချိန်တွင် မုခ်ဝသည် ပြင်းပြင်ထန်ထန်ခါယမ်းသွားကာ ပုံရိပ်တစ်ခု ပြုတ်ကျလာ၏။ ထိုပုံရိပ်အား စစ်တလင်းအတွင်းမှ အတင်းကြပ်ထုတ်ပယ် ခံရသည့်အလားပင်။
“ရွှယ်အာ..”
ချုးယွီဟွာသည် ထိတ်လန့်သွားပြီးနောက် မော့ရွှယ်အာကို အလျှင်မြန် ဖမ်းထိန်းလိုက်သည်။ သူမတို့သည် လေဟာနယ်စစ်တလင်းအတွင်း ဝင်ရောက်သွားသည်မှာ နေ့ဝက်ခန့်သာရှိသေး၏။ ထို့ကြောင့် ပြန်လည်ထွက်ရှိလာမှုကို နားမလည်နိုင်တော့ချေ။
“ရွှယ်အာ ဘာဖြစ်ခဲ့တာလဲ... ပြီးတော့ကျင့်ကြံမှုအဆင့်က”
မော့ရွှယ်အာသည် မောပန်းနေပုံရကာ အသက်ရှုသံသည် မြန်ဆန်နေ၏။ ခဏအကြာတွင် သူမ၏ အသက်ရှုနှုန်းကို ထိန်းနိုင်သွားပြီးနောက် ဖြစ်ခဲ့သမျှကို ဒေါသတကြီး ရှင်းပြလိုက်သည်။ ဟွမ်းလည်း စိတ်ဝင်တစား နားထောင်လိုက်၏။
လေဟာနယ်စစ်တလင်းအတွင်းတွင် မော့ရွှယ်အာတို့သည် ချန်ယီဟယ်တို့အား ဖြေရှင်းပြီးနောက် ဟွမ်းပေးအပ်သည့်တာဝန်ကို လုပ်ဆောင်ရန် ထွက်ခွာသွားကြသည်။
“အစ်မရွှယ်အာ ဒီနေရာရဲ့ အငွေ့အသက်တွေက မကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းနေတယ်”
ယွဲ့ဝူယောင်သည် ရဲတိုက်ငယ်သဏ္ဌာန်ရှိသည့် အဆောက်အဦးတစ်ခုကို ညွှန်ပြလိုက်၏။
“ငါက ရင်းနှီးတဲ့ ခံစားချက်မျိုးရနေတယ်”
မော့ရွှယ်အာသည် ထိုရဲတိုက်ကို ကြည့်ကာ ပြောလိုက်သည်။
ယွဲ့ဝူယောင် “ကျွန်မတို့ စူးစမ်းကြည့်ကြမလား”
“ထူးဆန်းတာက ဒီနားကို အခြားနယ်မြေကကျင့်ကြံသူတွေလဲမလာဘူး၊ သားရဲတွေလဲ မရှိဘူး”
မော့ရွှယ်အာသည် အခြေအနေကိုသုံးသပ်ပြီးနောက် ပြောလိုက်၏။
“ကျုပ်တို့ သေချာသွားအောင် သွားကြည့်ကြမယ်လေ”
လုရှင်းယန်လည်း သဘောတူလိုက်၏။ မည်သို့ပင်ဖြစ်စေသူတို့သည် အင်အားကောင်းသည့် အဖွဲ့တစ်ဖွဲ့ဖြစ်နေသောကြောင့် တော်ရုံအန္တရာယ်ကို စိတ်ပူရန်မလိုချေ။ ထို့နောက်တွင် ထျန်းယွမ်ကုန်းမြေမှလူငယ်ကိုးဦးသည် ထိုရဲတိုက်ဆီသို့ ဦးတည်သွားကြတော့သည်။
“အစ်မရွှယ်အာ ဒီနေရာမှာ အတားအဆီးချထားတယ်”
ပိုင်ကျန့်ယွီသည် ထိုရဲတိုက်အနားတွင် မမြင်နိုင်သည့် အကာအရံတစ်ခုရှိနေသည်ကိုတွေ့လိုက်ရ၏။ သူ၏ လက်နှင့် တွန်းကြည့်သော်လည်း ထိုအကာအရံသည် ရော်ဘာဘောလုံးကဲ့သို့ပင် ပြန်လည်တွန်းကန်သွားသည်။
“အစ်မရွှယ်အာက ဝင်လို့ရတယ်လား..”
လျှိုမင်ယွမ်လည်း အံ့ဩသွား၏။ သူသည် ထိုအကာအရံကို တွန်းကြည့်သော်လည်း ပိုင်ကျန့်ယွီကဲ့သို့ပင် ပြန်လည်တွန်းကန်ခံရ၏။ သို့သော် မော့ရွှယ်အာသည် အတားအဆီးမရှိသည့်အလားပင် ထိုနေရာကို ကျော်ဖြတ်သွားနိုင်သည်။
“ထူးဆန်းလိုက်တာ..”
မော့ရွှယ်အာသည် ထိုအကာအရံအတွင်းမှ ရေရွတ်နေရင်းနောက် တစ်စုံတစ်ခုကို သတိရသွား၏။
“အစ်မမင်ယောင် ဝင်ကြည့်ပါလား..”
ချီမင်ယောင်သည် ရှေ့တက်လာပြီးနောက် ထိုအတားအဆီးအတွင်းဝင်ရောက်ရန် ကြိုးစားလိုက်၏။ သို့သော် ထိုအတားအဆီးသည် ငြင်းဆန်သည့်အလားပင်။
မော့ရွှယ်အာလည်း မျက်မှောင်ကြုတ်သွား၏။ သူမသည် ချီမင်ယောင်နှင့် အနည်းငယ် ရင်းနှီးသည် သွေးမျိုးဆက်များရှိကြသော်လည်း ယခုတွင် ထိုသို့ဟုတ်ပုံမရချေ။
“အစ်မရွှယ်အာ..ရဲတိုက်ထဲ စစ်ဆေးကြည့်ပါ့လား ကျုပ်တို့က ဝင်မရတော့ အပြင်ကစောင့်မယ်”
မော့ရွှယ်အာ တွေဝေနေစဉ် လုရှင်းယန်သည် အကြံပေးလိုက်၏။
“ကောင်းပြီ”
မော့ရွှယ်အာသည် ရဲတိုက်အတွင်းသို့ဝင်ရောက်သွား၏။ ရဲတိုက်၏ တံခါးပေါက်သည် တစ်ပြင်လုံးသည် မဲနက်နေသော်လည်း တံခါးရွက်များ မရှိပေ။ ထိုမဲနက်နေသည့် မျက်နှာပြင်သည် ရဲတိုက်အတွင်းသို့ ဝင်ရောက်မည့်သူများအား တားစီးထားသည့်အလားပင်။ သို့သော် မော့ရွှယ်အာသည် သက်တောင့်သက်သာနှင့်ပင် ဝင်ရောက်သွား၏။
“နတ်ဆိုးစွမ်းအင်တွေ သိပ်သည်းနေတယ်”
မော့ရွှယ်အာသည် ရဲတိုက်အတွင်း တအံ့တဩနှင့် လှည့်လည်၍ စူးစမ်းနေသည်။ ဤနေရာသည် သူမ၏ အိမ်အလား ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းနေ၏။ သို့သော် ရဲတိုက်၏ အလယ်တွင် လှေခါးထစ်များစွာနှင့် မြင့်မားသည့် စင်မြင့်တစ်ခုရှိနေသည်။
“ဒါကဘာလဲ..”
သူမသည် လှေကားတစ်ထစ်ချင်းတက်ကာ စင်မြင့် အလယ်သို့ တက်သွား၏။ ထိုစင်မြင့်တွင် စက်ဝန်းများစွာနှင့် ရေးဆွဲထားသည့် အစီအရင်များရှိနေသည်ကို တွေ့လိုက်ရ၏။ သူမသည် အံ့ဩသွားပြီး အစီအရင်ကျွမ်းကျင်မှုရှိသည့် သူမပင် ထိုအရာသည် မည့်သည့်အစီအရင်ဖြစ်မှန်း မသိချေ။
“ကျွီ..”
သူမသည် အံ့ဩနေစဉ်တွင် ထိုအစီအရင်မျဉ်းကြောင်းများတွင် အလင်းတန်းများထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် တောက်ပလာပြီးနောက် သူမကို စုပ်ယူခံရသည့်အလား စင်မြင့်ပေါ်မှပျောက်ကွယ်သွားလေ၏။
“ဒါက ဘယ်နေရာလဲ..”
သူမသည် တည်နေရာတစ်ခုသို့ ရွှေ့ပြောင်းခံလိုက်ရသည်ကို သတိထားမိလိုက်သည်။ သူမသည် ထိုနေရာ၏ ဖွဲ့စည်းပုံကို ကြည့်ကာ အံ့ဩနေမိပြန်၏။
ထူထည်းလွန်းသည့် ကျောက်စိုင်ကျောက်သားများနှင့် အလုံပိတ်တည်ဆောက်ထားသည့်ပုံစံမျိုးပင်။ ထွက်ပေါက်များလည်းမရှိပေ။
“မင်းက ဘယ်မျိုးဆက်ကလဲ..”
မော့ရွယ်အာသည် အံ့ဩမှုများပြည့်နှက်နေစဉ် ရှေးကျသည့် အသံတစ်ခုထွက်ပေါ်လာ၏။ သူမသည် အသံလာရာသို့ လှည့်ကြည့်လိုက်ချိန်တွင် သွေးနီရောင်ပုလ္လင်ပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရ၏။ ထိုအမျိုးသမီးသည် မော့ရွှယ်အာကဲ့သို့ အနီရောင်မျက်ဝန်းများရှိနေပြီး သူမ၏ အကြည့်နှင့်ပင် မော့ရွှယ်အာ၏ ခြေထောက်များ ပျော့ခွေသွားပြီး ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့၏။
“မဆိုးဘူး ဖျတ်ဆီးခြင်းနတ်ဆိုးနှလုံးသားနဲ့ မွေးဖွားလာတဲ့သူပဲ၊ ကြည့်ရတာ ငါတို့နတ်ဆိုးမျိုးနွယ် တိုးတက်လာပုံပဲ”
ထိုအမျိုးသမီးသည် ပုလ္လင်ပေါ်မှ ဆင်းလာကာ မော့ရွှယ်အာကို စေ့စေ့စပ်စပ်ကြည့်ကာ စူးစမ်းနေ၏။
“အကြီးအကဲက ဘယ်သူလဲ..”
မော့ရွှယ်အာသည် တုန်လှုပ်နေသည့် သူမ၏ စိတ်ကို ထိန်းချုပ်ကာ မေးလိုက်၏။ ထိုအချိန် အလုံပိတ်အခန်းတွင် မည်သည့်နေရာမှ တိုက်ခတ်မှန်းမသိရသည် လေများကြောင့် ထိုအမျိုးသမီး၏ ဆံနွယ်များသည် လှုပ်ယမ်းသွား၏။ သူမ၏အရှိန်အဝါကို အဆုံးထိမြှင့်တင်လိုက်ကာ လက္ခဏာကို ထုတ်ဖော်လိုက်သည်။ သူမ၏ပုံစံသည် မော့ရွှယ်အာနှင့် တူညီဟန်ရှိသော်လည်း မော့ရွှယ်အာကဲ့သို့ ကလေးမဆန်ချေ။ သူမ၏ အနီရောင်မျက်ဝန်းများသည် သေခြင်းတရားများကိုဖုံးလွှမ်းထားသည့်အလားပင်။
“ငါကနတ်ဆိုးမျိုးနွယ်ရဲ့ ဧကရီပဲ..”
မော့ရွှယ်အာသည် ပို၍ပင်ထိတ်လန့်သွား၏။ ထိုအမျိုးသမီး၏ အရှိန်အဝါသည် သူမနှင့် ထပ်တူကျနေပြီး သူမထက် များစွာသာလွန်နေသည်။ ထိုအရှိန်အဝါကြောင့် ဦးညွှတ်လုနီးပါးပင်ဖြစ်သွားခဲ့၏။ နတ်ဆိုးမျိုးနွယ်၏ ဧကရီသည် ယခုအချိန်ထိ ရှိနေဦးမည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူမသည် နတ်ဆိုးမျိုးနွယ်နှင့်ပတ်သတ်သည့်အရာများကို ရေရေရာရာမသိချေ။
“ကလေးမလေး၊ အဲ့ဒါတွေထားလိုက်ဦး.. နတ်ဆိုးမျိုးနွယ် ဘယ်လောက်ထိတိုးတက်လာလည်း ပြောပါဦး..”
နတ်ဆိုးဧကရီသည် သူ၏ ဟန်ပန်အမူအရာနှင့်အရှိန်အဝါများသည် ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ဒါက..”
မော့ရွှယ်အာသည် နတ်ဆိုးဧကရီ၏ အမူအရာကို ကြည့်ကာ မည်သို့မည်ပုံပြောပြရမည်မှန်းမသိတော့ချေ။ သူမ၏ အနီရောင်မျက်လုံးများတွင် မျှော်လင့်နေသည့် အရိပ်အယောင်များစွာထွက်ပေါ်နေသည်။
သို့သော် နတ်ဆိုးမျိုးနွယ်၏ အဖြစ်အပျက်ကိုသာ သိပါက သူမ၏ ဒေါသများ အလွန်ပေါက်ကွဲလာမည်ဖြစ်၏။ ထို့ကြောင့် မော့ရွှယ်အာသည် ပြောသင့်မပြောသင့်တွေဝေသွားသည်။ သို့သော် အမှန်အတိုင်းပြောရန်သာ ဆုံးဖြတ်လိုက်၏။
“နတ်ဆိုးဧကရီ..ဒီလိုပါ..”