← Chapters

နတ်ဆိုးမျိုးနွယ်နိမ့်ကျသွားသည့် အကြောင်းအရင်း

Vol. 10 Ch. 149

နတ်ဆိုးမျိုးနွယ်နိမ့်ကျသွားသည့် အကြောင်းအရင်း

Vol. 10 Ch. 149

မော့ရွှယ်အာသည် သူမကြုံတွေ့ခဲ့ရသည့်အရာများနှင့် သူမ၏ဝိညာဉ်ပင်လယ်အတွင်း မြင်ခဲ့ရသည့် ပုံရိပ်ယောင်များအကြောင်းကို သေးစိတ်ရှင်းပြလိုက်သည်။ နတ်ဆိုးဘိုးဘေး၏ အတ္တကြောင့် နတ်ဆိုးမျိုးနွယ်သည် ပျက်သုန်းသွားရပြီးဖြစ်၏။ သူမသည် နတ်ဆိုးမျိုးနွယ်၏ နောက်ဆုံး ရှင်ကျန်သူသာဖြစ်နေသည်။

ထိုအကြောင်းအရာများကို ပြောရင်း သူမသည် ခံစားချက်များကို မထိန်းနိုင်တော့ချေ။ သူမတောင် အဖြစ်ပျက်များကို ပြောရုံနှင့် ဝမ်းနည်းနေပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်ဆိုလျှင် ပို၍ ဆိုးရွှားပေမည်ဟု တွေးမိလိုက်၏။ ထို့ကြောင့် မဝံ့မရဲနှင့် နတ်ဆိုးဧကရီကို ကြည့်လိုက်သည်။

“ဒီလိုလား..”

နတ်ဆိုးဧကရီသည် ထိုအကြောင်းအရာများကို တွေးထားပြီးသည့် မျက်နှာပေးနှင့်ပြောလိုက်၏။ သူမ၏ ပုံစံသည် ဒေါသထွက်ရန်မဆိုထားနှင့် အံ့ဩဟန်ပင်မရချေ။

မော့ရွှယ်အာ “???”

‘နတ်ဆိုးမျိုးနွယ်ပျက်သုန်းသွားပြီလေ၊ တုန့်ပြန်မှုက ဒီလောက်ပဲလား၊ ရှင်ကနတ်ဆိုးမျိုးနွယ်ကရောဟုတ်ရဲ့လား’

မော့ရွှယ်အာ၏ စိတ်အတွင်း မေးခွန်းများနှင့် ပြည့်နှက်သွား၏။ နတ်ဆိုးဧကရီ၏ သဘောထားကို သူမ မည်သို့မျှ လိုက်မမှီနိုင်သောကြောင့် စိတ်ရှုပ်ထွေးသွားသည်။ နတ်ဆိုးဧကရီသည် သူမ၏ အမူအယာကို တွေ့မြင်ပြီးနောက် ရှင်းပြလိုက်၏။

“ငါတို့က နတ်ဆိုးမျိုးနွယ်ဆိုတာ မမေ့နဲ့..၊ အရင်ခေတ်တွေကတည်းက နတ်ဆိုးမျိုးနွယ်ဆိုတာ အခြားမျိုးနွယ်တွေအပေါ် အနိုင်ကျင့်ဗိုလ်ကျခဲ့ကြတာ၊ ဒါပေမဲ့လည်း များပြားလွန်းတဲ့ မျိုးနွယ်တွေကြားမှာ နတ်ဆိုးမျိုးနွယ်ကလဲ အချိန်အကြာကြီး မတောင့်ခံနိုင်ခဲ့ဘူး..၊ ဒါကြောင့် လူသားတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့ သဘောတူခဲ့ရတာပေါ့၊ နတ်ဆိုးမျိုးနွယ်ရဲ့ ဗီဇတောင် ပျောက်ကွယ်သွားရတဲ့အထိ အချိန်ဘယ်လောက်ကြာသွားမှန်းမသိတော့ဘူး၊ နတ်ဆိုးမျိုးနွယ်ရဲ့ ဗီဇမပျောက်ကွယ်တဲ့ လူအချို့လည်း မွေးဖွားလာကြပေမဲ့ အေးအေးချမ်းချမ်းနေထိုင်ချင်တဲ့ မျိုးနွယ်ဝင်တွေကများတာကြောင့် သူတို့ကဖီဆန်ခွင့်မရှိတော့ဘူး၊ ဒါ့ကြောင့် မျိုးနွယ်စာရင်းထဲကနေ ထုတ်ပယ်ခံခဲ့ရတဲ့နတ်ဆိုးမျိုးနွယ်တွေလည်းရှိခဲ့တယ်၊ သူတို့က လူသားမျိုးနွယ်တွေကို အရိုးထဲထိစွဲနေအောင် မုန်းတီးကြတယ်”

“ဒီလိုအကြောင်းအရင်းတွေကြောင့် တစ်ချိန်မှာ နတ်ဆိုးမျိုးနွယ်က ပျက်စီးခြင်းကပ်ဘေးနဲ့ ကြုံရမယ်ဆိုတာ ဒီဧကရီက တွေးထားပြီးသားပဲ”

“နတ်ဆိုးဧကရာဇ်ကရော လူသားတွေကို မုန်းတီးတဲ့ဘက်ကလား..”

မော့ရွှယ်အာသည် အတည်ပြုချင်သည့်အလား မေးလိုက်၏။ နတ်ဆိုးဧကရီသည် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီဧကရီသာ ဆိုးယုတ်တဲ့ ဗီဇပါရင် ဘယ်လိုလုပ် ဒီလိုနေရာမျိုးကို ရောက်နေမှာလဲ”

“နတ်ဆိုးဧကရီက ဆိုးယုတ်တဲ့ဗီဇပါလို့ ဒီနေရာမှာ အကျဉ်းချထားခံရတယ်ထင်နေတာ”

မော့ရွှယ်အာသည် သူမတွေးမိသည့်အရာကိုသာထုတ်ပြောလိုက်၏။ သူမမျက်နှာလေးသည် ဘာမျှမသိသည့် ဖြူစင်သည့်ကလေးတစ်ယောက်၏ အမူအယာနှင့်ပင်။

နတ်ဆိုးဧကရီ “...”

‘ငါ့မျိုးဆက်ဆိုပြီး ရိုက်မသတ်ရဲဘူးထင်နေလား’

နတ်ဆိုးဧကရီသည် မော့ရွှယ်အာကို ရိုက်နှက်ချင်စိတ်ပေါက်သွား၏။ သို့သော် စိတ်ထိန်းကာ အကြောင်းရင်းအမှန်ကို ပြောပြလိုက်သည်။

“လူသားတွေနဲ့ ငြိမ်းချမ်းရေးကို သဘောတူခဲ့တာ ဒီဧကရီကိုယ်တိုင်ပဲလေ၊ အံ့ဩစရာကောင်းတာက မျိုးနွယ်ဝင်ငါးပုံသုံးပုံက ကန့်ကွက်ခဲ့ကြတာ၊ တစ်ပုံက ဆိုးဆိုးဝါးဝါးကန့်ကွက်လို့ မျိုးနွယ်ထဲကနေ ထုတ်ပစ်လိုက်တယ်လေ၊ ဒီဧကရီက ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရုံပါ၊ နှစ်အတော်ကြာအထိ မျိုးနွယ်တိုက်ပွဲတွေက မပြီးဆုံးခဲ့ဘူး၊ မတက်သာတဲ့ အဆုံး ဒုတိယမျိုးဆက် ကောင်းကင်ဧကရာဇ်ရဲ့ အကူအညီကို ယူပြီးတော့ ဆိုးယုတ်တဲ့ ဗီဇနဲ့ မျိုးနွယ်တွေကို ဒီနေရာကို ပို့ဆောင်ပစ်ခဲ့တာပဲ၊ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးအနေနဲ့ကတော့ ဒီဧကရီရဲ့ အသက်ပေါ့၊ ပိုပြီးဆိုးတာက ဒီဧကရီရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် နတ်ဆိုးမျိုးနွယ်က ဆုတ်ယုတ်သွားတာပဲ”

မော့ရွှယ်အာသည် အလွန်ပင် အံ့ဩသွားသည်။ နတ်ဆိုးဧကရီသည် ထိုသို့ လူမျိုးဟုမထင်ထားခဲ့ပေ။ လောကကြီးအေးချမ်းစေဖို့ ကိုယ့်မျိုးနွယ်ဝင်များကိုပင် ဖိနှိပ်ခဲ့သူဖြစ်သည်။ သူမသည် နတ်ဆိုးဧကရီအား လူကောင်းလား၊ လူဆိုးလားပင် မခွဲခြားနိုင်တော့ချေ။

“စိတ်မရှုပ်ထွေးနဲ့ ကလေးမလေး၊ ငါက ငါ့ရဲ့နှလုံးသားစေရာနောက်ကို လိုက်ခဲ့တာ၊ မင်းလဲနတ်ဆိုးမျိုးနွယ်မို့ ငါ့ခြေရာနောက်လိုက်စရာမလိုဘူး၊ မင်းနှလုံးသားနဲ့မင်းဆုံးဖြတ်”

နတ်ဆိုးဧကရီသည် မော့ရွှယ်အာကို သင်ကြားပေးလိုက်၏။ သူမသည် နတ်ဆိုးသဘာဝကို တွန်းလှန်ခဲ့သူဖြစ်သည်။ ယခုတွင် သူမ၏ဆုံးဖြတ်ချက်ကြောင့် နတ်ဆိုးမျိုးနွယ်သည် အတိတ်တွင်သာကျန်ရစ်တော့မည်ဖြစ်ပြီး ဆက်ခံသူတစ်ဦးသာလျှင်ရှိတော့၏။

သို့သော် မော့ရွှယ်အာကို သူ၏လမ်းစဉ်နောက် လိုက်လုပ်ရန်မလိုအပ်ချေ။ သူမလောကကြီးအပေါ် ဆိုးရွားသည့် လုပ်ရပ်များ လုပ်ချင်ရင်လည်း လုပ်နိုင်သည်။ လူသားများနှင့် သင့်တင့်စွာ နေလိုပါကလည်း နေနိုင်၏။ မည်သို့ လုပ်ပါဟူ၍ မပြောချေ။ မော့ရွှယ်အာ၏ ဆုံးဖြတ်ချက်ကိုလည်း တားမြစ်မည်မဟုတ်ပေ။

“နတ်ဆိုးဧကရီက သေဆုံးသွားခဲ့ပြီပေါ့..”

မော့ရွှယ်အာသည် နတ်ဆိုးဧကရီ၏ စကားများကို မှတ်သားပြီးနောက် မေးလိုက်သည်။

သူမသည် အတည်ပြုခေါင်းညိတ်ပြလိုက်ပြီးနောက် သူရှိနေသည့်အကြောင်းအရင်းကို ပြောလိုက်၏။

“ဝိညာဉ်အဖြစ်နဲ့ ဒီနေရာမှာ ရှိနေခဲ့တာ အနှစ်ပေါင်း ဘယ်လောက်ဆိုတာကို ရေတွက်နိုင်ခြင်းမရှိတော့ဘူး၊ သေဆုံးပြီးသား နတ်ဆိုးဧကရီတစ်ပါးက ဧကရာဇ်စွမ်းအားတွေကို သိမ်းယူထားပိုင်ခွင့်မရှိဘူး၊ ဒါကြောင့် လွှဲပြောင်းပေးဖို့စောင့်နေခဲ့တာ၊ ဒါပေမဲ့ ဒီနေရာကို မင်းကလွဲရင် ဘယ်နတ်ဆိုးမျိုးနွယ်မှ ရောက်လာနိုင်ခြင်းမရှိသေးဘူး”

“နတ်ဆိုးဧကရီပြောချင်တာက..”

မော့ရွှယ်အာ၏ စကားမဆုံးခင် နတ်ဆိုးဧကရီသည် ဖြတ်ပြောလိုက်သည်။

“မျိုးနွယ်မှာ တစ်ယောက်တည်းရှိနေရင်တောင် ဧကရာဇ်စွမ်းအားကို ပိုင်ဆိုင်ထားရင် ဧကရာဇ်ပဲ၊ ဒီနေ့မှာ မင်းအဲ့ဒီအရာကို ပိုင်ဆိုင်သွားပြီ”

နတ်ဆိုးဧကရီသည် ထိုသို့ပြောပြီးနောက် လက်သဏ္ဌာန်တစ်ခု ပြုလုပ်လိုက်၏။ သူမ၏ ထိုင်နေခဲ့သည့် ပုလ္လင်ထိပ်မှ သရဖူတစ်ခု ထွက်ပေါ်လာသည်။ ထိုငွေရောင်သရဖူလေးသည် မည်သည့် အရှိန်အဝါမျှပေါ်ထွက်မနေသော်လည်းတင့်တယ်ခမ်းနားမှုကို မြင်တွေ့နေရ၏။

“ဒါကနတ်ဆိုး သရဖူလို့ခေါ်တယ်၊ ဒီသရဖူကိုပိုင်ဆိုင်တဲ့နတ်ဆိုးမျိုးနွယ်ဝင်တိုင်းက ဧကရာဇ်စွမ်းအားကိုရရှိလိမ့်မယ်၊ ဒါကို မင်းနဲ့ပေါင်းစပ်လိုက်..”

“ကျွန်မ..”

“ဒါကိုလက်ခံလိုက် ဒါမှ ငါလွှတ်မြောက်သွားမှာ”

နတ်ဆိုးဧကရီသည် သက်ပြင်းချကာဆိုလိုက်၏။ ဤသရဖူ ပေးအပ်ရန်မှာ သူမ၏ တာဝန်ဖြစ်ပေသည်။ ထိုအရာကို လွဲပြောင်းပေးအပ်ရမည့်သူကိုစောင့်နေခဲ့ခြင်းကြောင့် သူမ၏ဝိညာဉ်သည် ကွယ်ပျောက်နိုင်ခြင်းမရှိသေးချေ။

“ကောင်းပြီ..”

မော့ရွှယ်အာသည် ထိုသရဖူကို လက်ခံလိုက်သည်။ ထို့နောက်ပေါင်းစပ်ရန်ပြင်လိုက်ချိန်တွင် နတ်ဆိုးဧကရီကို တောင်းဆိုလိုက်၏။

“နတ်ဆိုးဧကရီ ဒီရဲတိုက်ရဲ့ အပြင်ဘက်မှာ၊ ကျွန်မနဲ့ သွေးချင်းနီးစပ်တယ်လို့ ခံစားရတဲ့သူတစ်ဦးရှိတယ်၊ သူမ နတ်ဆိုးမျိုးနွယ်ကဖြစ်နေမလားကို အတည်ပြေပေးလို့ရလား”

“ဟုတ်လား..”

နတ်ဆိုးဧကရီသည် သူမ၏ အာရုံကို ဖြန့်ကျတ်လိုက်ပြီးနောက် ရဲတိုက်အပြင်ဘက်ရှိ ချီမင်ယောင်ကို တွေ့လိုက်၏။

ထို့နောက် သူသည် လက်ပုံစံတစ်ခုလုပ်လိုက်ချိန်တွင် ချီမင်ယောင်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး နတ်ဆိုးဧကရာဇ်ရှိရာ အခန်းတွင်းသို့ရောက်ရှိလာသည်။

“အင်း သူမက နတ်ဆိုးမျိုးနွယ်ရဲ့ ထုတ်ပယ်ခံထားရတဲ့ မျိုးဆက်မဟုတ်ဘူး၊ သူမမှာ နတ်ဆိုးသွေး အနည်းငယ်ပဲရှိတယ်၊ ဒါကြောင့် သူမက နတ်ဆိုးမျိုးနွယ်ဝင်လို့ဆိုလို့ရပေမဲ့ မသန့်စင်တဲ့မျိုးနွယ်ဝင်ပဲ၊ နောက်မျိုးဆက်အနည်းငယ်လောက်ဆိုရင် နတ်ဆိုးသွေးမျိုးဆက်က လုံးဝပျောက်ကွယ်သွားမှာ”

နတ်ဆိုးဧကရီသည် ချီမင်ယောင်ကို စေ့စေ့စပ်စပ်ကြည့်ကာ မှတ်ချက်ပေးလိုက်၏။ ချီမင်ယောင်၏ ယခင်မျိုးဆက်များတွင် နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးနှင့် အခြားမျိုးနွယ်ဝင်တစ်ဦး ဆက်နွယ်သွားသောကြောင့် ဖြစ်နိုင်ချေရှိသည်။

သူမသည် ဤနေရာသို့ မည်သို့ရောက်ရှိလာမှန်းမသိချေ။ ထိုသို့ မှင်သက်နေသောကြောင့် မော့ရွှယ်အာသည် ရှင်းပြလိုက်ရသည်။ သို့မှသာ သူမသည် နားလည်သွား၏။ ထို့နောက်မော့ရွှယ်အာသည် နတ်ဆိုးဧကရီကို ထပ်မံမေးမြန်းလိုက်သည်။

“အစ်မမင်ယောင်ရဲ့ နတ်ဆိုးသွေးကို သန့်စင်ပေးလို့ရမဲ့ နည်းလမ်းရှိလား..”

“အရင်က နတ်ဆိုးမျိုးနွယ်ရဲ့ အနေအထားနဲ့ဆိုရင်တော့ နည်းလမ်းအချို့ရှိပေမဲ့ အခုကမဖြစ်နိုင်တော့ဘူး”

နတ်ဆိုးဧကရီသည် ခေါင်းခါယမ်းကာပြောလိုက်၏။ သူသည် ဝိညာဉ်အဖြစ်သာရှိတော့သည့် နတ်ဆိုးဧကရီဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ချီမင်ယောင်အတွက် သူလုပ်ပေးနိုင်သည့်အရာမရှိတော့ချေ။ အခန်းအတွင်းရှိ အမျိုးသမီးသုံးဦးသည် စိတ်ပျက်သွားကြ၏။ သို့သော် နတ်ဆိုးဧကရီသည် တစ်စုံတစ်ခုကို သတိရသွားသည်။

All Chapters