← Chapters

ဂိုဏ်းသခင် အလိမ်ခံရခြင်း

Vol. 18 Ch. 257

ဂိုဏ်းသခင် အလိမ်ခံရခြင်း

Vol. 18 Ch. 257

အခန်း  (၂၅၇)  :  ဂိုဏ်းသခင် အလိမ်ခံရခြင်း

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်၏ မျက်နှာ၌ ခံပြင်းမှုနှင့်အတူ ဒေါသတရား ပြည့်နှက်နေသည်။ အရိုးသားဆုံးပြောရလျှင် သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ စကားများကို ဖြည်းဖြည်းချင်း အခိုင်အမာ ယုံကြည်မိသွားသည်။

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်၏ ဉာဏ်ရည်မမြင့်၍ မဟုတ်ချေ။

သူက တကယ်လည်း မမြင့်သော်ငြား …

သို့သော် သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင် ယုံမိသွားသည့် အဓိကအကြောင်းအရင်းမှာ သူ့ကျရှုံးမှုက ယုတ္တိမရှိလွန်းသောကြောင့်သာ ဖြစ်၏။

မိစ္ဆာဝိညာဉ်သခင်ကြီးကို လွှတ်ပေးမည့် သူတိုအကြံအစည်ကို ဖော်ဆောင်ရန် နှစ်တစ်ထောင်ကြာ အချိန်ယူခဲ့ရသည်။ အရာအားလုံးကိုလည်း သိုသိုသိပ်သိပ် အလျို့ဝှက်ဆုံး ဆောင်ရွက်ခဲ့သည်။

သွေးသတ်ဖြတ်ရေးဂိုဏ်းအတွင်း၌ပင် ဂိုဏ်းသားတချို့သာ သိထားကြသည်။ သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်က ကောင်းကင်နတ်ဆိုး ရက်မြတ် နီးကပ်လာသည့်အခါမှ သူတို့ကို ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ခေါ်ဆောင်လာရန်အတွက် ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။

သူတို့အကြံအစည်မှာ ဂရုတစိုက် စီစဉ်ထားလျက်နှင့် နှောင့်ယှက်ခံခဲ့ရသည်။ ဤသည်မှာ စိတ်ရှုပ်စရာ ကောင်းလွန်းလှသည်။

ဟေးယွမ်တို့အဖွဲ့ ရှန်ထျန်း လက်ချက်ဖြင့် ဖမ်းမိသွားသည်က အကျိုးအကြောင်းညီမျှသည်ဟု ယူဆနိုင်သေး၏။ သူတို့က ကိုယ့်ပြဿနာကို ရှာခဲ့ကြသည် မဟုတ်ပါလော။

သို့သော် ထိုအချိန်က  မိစ္ဆာဝိညာဉ်သခင်ကြီးကို လွှတ်ပေးမည့် လုပ်ငန်းစဉ်က စပင် မစရသေးပေ။

 ရှန်ထျန်းက သူတို့အကြံအစည်ကို ဘယ်လိုလုပ် သိသွားရတာလဲ …

ပို၍ အရေးကြီးသည်မှာ သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်သည် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ တိတ်တဆိတ် ဝင်ရောက်ပြီး အမှောင်ယင်လွင်ပြင်ဆီ သွားရောက်ခဲ့ဖူးသည်။ သူက ထိုနေရာ၌ အမှောင်ယင်စွမ်းအား မည်မျှကြောက်ဖို့ ကောင်းကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။

အမှောင်ယင်စွမ်းအားက မိစ္ဆာဝိညာဉ်သခင်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။ ထိုအရာက သူတော်စင်အရှင်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသောကြောင့် အင်မတန် ကြောက်ဖို့ကောင်းလှသည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အပြင်ဘက်မှ သက်ရှိအားလုံးကို ရွှေအမြုတေအဆင့်အထိ ကျင့်ကြံဆင့် ဖိနှိပ်ထားခံရသည်။

ထိုသို့သော အခြေအနေမျိုးအောက်၌ သူသာ ကြိုတင်မပြင်ဆင်ထားသရွေ့ ရှန်ထျန်းအနေနှင့် မိစ္ဆာဝိညာဉ်သခင်ကြီးကို မည်သို့ဖမ်းဆီးသွားနိုင်မည်နည်း။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သွေးသတ်ဖြတ်ရေး ဂိုဏ်း၏ မိစ္ဆာဝိညာဉ်သခင်ကြီးကို လွှတ်ပေးမည့် အစီအစဉ်ကို သိထားပြီးသား ဖြစ်သည်မှာ ထင်ရှားလှသည်။ ထို့ကြောင့် သူတို့က ထောင်ချောက်ကြိုဆင်ထားခြင်းသာ ဖြစ်ရမည်။

မိစ္ဆာဝိညာဉ် ဂိုဏ်းခွဲတချို့က သွေးသတ်ဖြတ်ရေးဂိုဏ်းကို ရှင်းထုတ်ပစ်ရန် မျှော်လင့်ချက်ဖြင့် သူတို့ကို ဖြစ်ရပ်တစ်ခုလုံး တိတ်တဆိတ် ထောက်ပံ့ပေးနေခြင်းသာ ဖြစ်ရမည်။ မဟုတ်လျှင် ရှန်ထျန်းက ထိုနေရာကို မည်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာမည်နည်း။

သူက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်လေ … သူ့လမ်းကြောင်း သွေဖယ်သွားစရာအကြောင်း မရှိဘူး … တကယ်လို့ မှားယွင်းသွားရင်တောင် တခြားနေရာတွေ အများကြီးရှိပါရက်နဲ့ သွေးသတ်ဖြတ်‌ရေး ဂိုဏ်းသခင် ရှိနေတဲ့ တောင်ကြားဆီ အတိအကျ ဘာလို့ ရောက်လာတာလဲ

တိုက်ဆိုင်လွန်း အားကြီးလှသည်။

ယုတ်မာတဲ့ အကြံအစည် … တမင်ကြံစည်ထားတာပဲ ဖြစ်ရမယ် …

ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းသာ ဖြစ်ရမည်။ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းက အရူးအိုကြီးက သူ့ကို သတ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်လိမ့်မည်။

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်က အံ့ကြိတ်ကာ  “ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းရဲ့ ခွေးသူခိုးက ငါ့နောက်လိုက်တွေထဲအထိ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး ”

မိစ္ဆာဝိညာဉ်ဂိုဏ်းသားများက အပေါ်ယံ၌ စည်းလုံးဟန် ပေါ်သော်လည်း ဂိုဏ်းခွဲတစ်ခုချင်းစီက တစ်ခုနှင့် တစ်ခု အင်မတန် သတိထားကြသည်။ သူတို့က ဂိုဏ်းထဲရှိ အားလုံးက ဝမ်းတွင်းဆိုးများ ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် ဒုက္ခပေးဖို့ တွေဝေနေခြင်း မရှိကြောင်း သိကြသည်။

ရလဒ်အနေနှင့် အားနည်းသော ဂိုဏ်းခွဲများ၏ ပင်မဌာနချုပ် တည်နေရာများကို လျို့ဝှက်ထားကြပြီး သူတို့က ထိုသို့သော အချက်အလက်များကို တခြားဂိုဏ်းခွဲမှ အဖွဲ့ဝင်များကိုပင် ပြောမပြကြပေ။

မဟုတ်လျှင် ကိစ္စများက ဂိုဏ်းခွဲများအတွင်း နှစ်တစ်ထောင်ကျော်ကြာ ငြိမ်းချမ်းနေမည် မဟုတ်ချေ။ အထွတ်အမြတ်မြေများမှ သူတို့ကို တစ်ခုပြီး တစ်ခု အမြစ်မှဆွဲထုတ်ကာ သုတ်သင်ခံရနိုင်သည်။

သဘောတရားအားဖြင့် ဂိုဏ်းခွဲများက ကင်းကင်းရှင်းရှင်း နေကြသည်။ သို့သော် ဂိုဏ်းခွဲတချို့သာ ထိုနိယာမကို အမှန်တကယ် ဆုပ်ကိုင်ထား၏။

နယ်မြေတူအတွင်းရှိ ဂိုဏ်းခွဲများက တစ်ယောက်နှင့် တစ်ယောက် စောင့်ကြည့်နေကြ၏။ တခါတရံ သူတို့ ပူးပေါင်းကြသလို တိုက်ပွဲများလည်း ဖြစ်တတ်ကြသည်။ သွေးသတ်ဖြတ်ရေး ဂိုဏ်းနှင့် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းတို့က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနားရှိ အကြီးဆုံး ဂိုဏ်းခွဲနှစ်ခု ဖြစ်ကြသောကြောင့် တစ်ခုနှင့် တစ်ခု အနီးအနား တည်ရှိနေသည်။

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင် အမြင်အရ မိစ္ဆာဝိညာဉ်ဂိုဏ်း၌ သူလျိုရှိနေခဲ့လျှင် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းသာ သေချာပေါက် ဖြစ်လိမ့်မည်။ ထိုကိစ္စကို ယုံမှားဖွယ် မရှိပေ။

သွေးသတ်ဖြတ်ရေးဂိုဏ်းနှင့် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းတို့ကြား ရန်ငြိုးများစွာ ရှိခဲ့ဖူးသည်။

ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းက သူ့ကို သတ်ဖို့ ရည်ရွယ်ချက် ရှိကို ရှိရမည်။

“ ဟိုလူယုတ်မာကောင် … ငါ့ကို လာလုပ်ကြံရဲတယ်ပေါ့လေ ”

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်၏ မျက်ဝန်း၌ ဒေါသတရားများ ဖုံးလွှမ်းလာသည်။ ရှန်ထျန်းက လေ့လာနေရင်း သူ့အတွက် တိတ်တဆိတ် နေပေးလိုက်သည်။

အကယ်၍ သူသာ ကိုယ်တိုင်တွေ့ကြုံခဲ့ခြင်း မဟုတ်လျှင် ဂိုဏ်းချုပ် စကားများကို ယုံမိသွားလောက်သည်။

အမှန်တကယ် တိုက်ဆိုင်လွန်းလှသည် မဟုတ်ပါလော။

ဆရာက တကယ်ကို ဉာဏ်ကောင်းတာပဲ … ဒီလိုခေါင်းမာနေတဲ့လူကို လုံးဝ လှည့်စားနိုင်ခဲ့တာပဲ

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က အနည်းငယ် လှုပ်ခတ်သွားကာ “ ရောင်းရင်း … အခုပူးပေါင်းဖို့ ပြောလို့ရပြီလား ”

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်က “ ပူးပေါင်းဖို့  … ဘယ်လိုမျိုးလဲ … ”

ဂိုဏ်းချုပ်က အေးအေးဆေးဆေး ပြောလိုက်သည်  “ ရိုးရိုးလေးပါ။ မင်းရဲ့ အသက်နဲ့ လဲလှယ်ဖို့အတွက် ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းအကြောင်း ပြောပြလိုက်လေ။ ဘယ်လိုလဲ ”

ငါ့အသက်နဲ့ လဲဖို့ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းသတင်း ပြောပြလိုက်ရုံပဲလား .. ဒီလောက်တောင် ရိုးရှင်းတယ်လား …

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်၏ အတွေးကို ဖတ်နိုင်သည့်အလား ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်  “ အဲလောက်တော့ မရိုးရှင်းဘူးပေါ့။ ငါ့အပေါ် သစ္စာဆိုဖို့လည်း လိုတယ်”

သစ္စာဆိုရမယ်တဲ့လား … မဖြစ်နိုင်တာ

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်က မဲ့ပြုံးပြုံးကာ  “ ငါက သူတော်စင်အရှင်လေ … မင်းဆီ သစ္စာဆိုရမယ်တဲ့လား။ မင်းက ထိုက်တန်လို့လား ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဘေးရှိ မုခ်ဝက တဖန်ပြန်ပွင့်လာပြန်သည်  “ အဲဆိုလည်း စိတ်ထဲ မထားပါနဲ့ ”

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်က စိတ်တက်ကြွနေသည့် မီးတောက်နီ မျောက်ဝံများကို မြင်လိုက်ရသ်ည့်အခါ ခေါင်းပင် ကျိန်းမိလာသည်။

“ အဟမ်း စိတ်အေးအေးထားပါ။ သစ္စာဆိုတာက အရမ်းများနေတယ်။ ဒါပေမဲ့ ပူးပေါင်းမဲ့အကြောင်း ပြောလို့ ရပါသေးတယ်”

မုခ်ဝက ပြန်လည် ပျောက်ကွယ်သွားလေသည်။

ဂိုဏ်းချုပ်က အေးဆေးပြောလိုက်သည်

“ ခုနှစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းအကြောင်း သိသမျှအကုန်ပြောပြပြီးတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းအတွင်း ငါ့သူလျို လုပ်ပေးဖို့ သဘောတူလိုက်။ အဲလိုဆိုရင် ပြန်လွှတ်ပေးမယ် … မဟုတ်ရင်တော့ အဲဒီမျောက်ဝံတွေနဲ့ပဲ အဖော်ပြုပေးလိုက်တော့ ”

သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်က စိတ်ပျက်အားငယ်မှုကို နက်နက်နဲနဲ ခံစားမိသွားသည်။

“ငါ  မင်းလူတွေဆီ ဖမ်းမိသွားတာ လူအများကြီး သိပြီးပြီလေ။ အခု ငါ့ကို မိစ္ဆာဝိညာဉ်ဂိုဏ်းဆီ ပြန်ပြီးတော့ သူလျိုလုပ်စေချင်နေတာလား။ ငါ့ကို သေခိုင်းနေတာနဲ့ အတူတူပဲ … ပုံရိပ်ယောင်တစ်ထောင်ဘုရင်မကို သိတယ်မလား။ သူမက ပုံရိပ်ယောင်နဲ့ လှည့်စားမှုတွေမှာ အတော်ဆုံးပဲ။ သူမ မေးမြန်းတာကို တောင့်ခံနိုင်မှာ မဟုတ်ဘူး ”

ဂိုဏ်းသခင်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။

မိစ္ဆာဝိညာဉ်ဂိုဏ်းက နှစ်တစ်သောင်းကျော် တည်ရှိခဲ့သည် မဟုတ်ပါလော။ တချို့သော ဂိုဏ်းခွဲသခင်များက တုံးအကြသော်လည်း ဂိုဏ်းအထက်ပိုင်း စီမံခန့်ခွဲမှုအဆင့်အတန်းရှိ လူများက သေချာပေါက် အရူး မဟုတ်ပေ။ သူတို့ကို အလွယ်တကူ လှည့်စားနိုင်မည် မဟုတ်ချေ။

ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က လှုပ်ရှားလာပြန်သည် “ တကယ်လို့ လိုလားရင်တော့ ကူညီပေးနိုင်မဲ့ နည်းလမ်းတွေရှိတယ်။ တခြားလူတွေကို လှည့်စားဖို့ ကိုယ်တိုင်အရင် လှည့်စားရမယ်။ ရှင်းပြမယ် … ”

ဂိုဏ်းချုပ်၏ အသံမှာ တည်ငြိမ်နေပြီး အေးဆေးလှသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းကို ဆန့်ကျင်မည့် အရှုပ်တော်ပုံ စတင်ခဲ့လေပြီ။

နှစ်နာရီကြာမြင့်ပြီးနောက် ရှန်ထျန်းနှင့် ဂိုဏ်းချုပ်လည်း မိုးကြိုးကမ္ဘာထဲမှ ထွက်လာကြသည်။

ထိုစဉ် ရှန်ထျန်းက သူ့ဆရာဖြစ်သူအပေါ် လေးစားမှုအတိ ဖြစ်နေသည်။

ဒီလိုအဆင့်မြင့်မြင့် မာဖီးယား ခေါင်းဆောင်ကို ဖမ်းပြီးတော့ သူ့အတွက် သူလျိုအဖြစ် ပြောင်းပစ်လိုက်တယ် …

သူက သူ့ဆရာဖြစ်နေ၍ ကံကောင်းသွားပေသည်။ အကယ်၍ ရန်သူသာ ဖြစ်နေခဲ့လျှင် ရှန်ထျန်းက တွေးကြည့်ရုံနှင့်ပင် ထိတ်လန့်မိ၏။

“ ထျန်းအာ … မင်းကို သွေးသတ်ဖြတ်ရေး ဂိုဏ်းသခင်နဲ့ ညှိနှိုင်းဖို့ ခေါ်သွားတာက ငါတို့တွေက သမာသမတ်ဂိုဏ်းသား ဆိုပေမဲ့ တစ်ခါတစ်ရံမှာ သာမန်ရိုးကျမဟုတ်တဲ့ နည်းလမ်း အသုံးပြုဖို့ လိုတယ်။ စွမ်းအားက ကောင်းတာနဲ့ ဆိုးတာကို မခွဲခြားပေးနိုင်ဘူး။ ကောင်းတာအတွက် ကောင်းတာဖြစ်ပြီးတော့ ဆိုးတာအတွက်ရင်တော့ မိစ္ဆာဆန်တာပေါ့။ အဓိကအချက်က စိတ်နှလုံးသားမှန်မှန် ကျန်ရှိနေဖို့ပဲ … နားလည်ရဲ့လား ”

ရှန်ထျန်းက ထိုအကြောင်းကို တွေးလိုက်မိသည်။

“ အရှက်မဲ့တဲ့လူတွေအတွက် အရှက်မရှိတဲ့ နည်းလမ်းကို သုံးသင့်တယ်လို့ ပြောတာလား။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က ကောင်းနေသရွေ့ သူတို့က အရှက်မဲ့နေတာဆိုတော့ ကျွန်တော်က သူတို့အပေါ် အားနာဖို့ မလိုဘူးပေါ့နော်။ ဆရာ ဆိုလိုချင်တာ အဲလိုမျိုးလားဟင်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ကောင်းကင်အရှိန်အဝါတို့က သိသိသာသာ လှုပ်ခတ်သွားကာ  “ အဟမ်း အဲလိုမျိုးပေါ့ … ဒါပေမဲ့ ဒီနေ့ပြလိုက်တာက နမူနာပဲ ရှိသေးတယ်။ နောင်ကျရင် လုံးဝ မလိုအပ်လာသရွေ့ ဒီလိုနည်းလမ်းအတူတူကို သုံးဖို့ မလိုဘူးနော် …

တတ်နိုင်သမျှ လူတစ်ယောက်က တောက်ပနေတဲ့ လမ်းစဉ်ပေါ်ပဲ လျှောက်လှမ်းသင့်တယ်။ မလိုအပ်လာသရွေ့ ဒီလိုအရိပ်ဆိုးတွေ ဖြစ်စေမဲ့ လမ်းကြောင်းမျိုး သုံးတာကို ရှောင်ရမယ်။

မင်းက ကံကြမ္မာသားတော်ဆိုတော့ ဂုဏ်သတင်းကို ထိန်းဖို့ လိုတယ်။ ဆရာအတွက်တောင် ဒီလိုနည်းလမ်းမျိုးကို နှစ်တစ်ထောင်လုံး တစ်ခါ၊ နှစ်ခါပဲ သုံးခဲ့တာ … ဒါက ခဏတိုင်းသုံးဖို့ မဟုတ်ဘူး”

ရှန်ထျန်းက ခေါင်းညိတ်ကာ

“ ကျွန်တော် နားလည်ပါပြီ။ အရှက်မဲ့လွန်းတဲ့လူကိုပဲ ဒီလိုနည်းလမ်းမျိုး အသုံးပြုသင့်တာနော့ ဟုတ်တယ်မလား။ ကျွန်တော်တို့ အဆင့်အတန်းအတွက် ဂုဏ်သတင်းကိုလည်း ထိန်းထားရမယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းအား လေးလေးနက်နက် အမူအယာဖြင့် ကြည့်လိုက်သည်။

ဒီတပည့်လေးက သင်လွယ်တတ်လွယ်လေးဆိုတော့ လမ်းညွှန်ပေးဖို့ ထိုက်တန်တယ် …

ထျန်းအာရဲ့ စကားက အရမ်းတည့်တိုးဆန်လွန်းနေတာလေး တစ်ခုပဲ …

အရှက်မရှိတဲ့ နည်းလမ်းတဲ့လား … အရမ်းဗြောင်ကျလွန်းတယ်လေ

သူက အရမ်းငယ်သေးတာကိုး … စကားအသုံးအနှုန်း လေ့ကျင့်မှုများများတော့ လိုအပ်နေပြီ

All Chapters