← Chapters

ဒါက ဆရာကောင်းကင်ရဲ့ ထောက်ထားမှု

Vol. 18 Ch. 258

ဒါက ဆရာကောင်းကင်ရဲ့ ထောက်ထားမှု

Vol. 18 Ch. 258

အခန်း (၂၅၈)  :  ဒါက ဆရာကောင်းကင်ရဲ့ ထောက်ထားမှု

စစ်နတ်ဘုရား မျှော်နန်းဆောင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေထဲ ရောက်နေတာ နှစ်ရက်ရှိသွားလေပြီ။

ယဲ့ချန်းခန်က ဤနှစ်ရက်အတွင်း “ နေ့စဉ် လက်ရည်စမ်းပွဲ” ကို အစပျိုးပြီးသွားပြီ ဖြစ်၏။ ပုံမှန် လောင်းကြေးမြင့်မားသော ပြိုင်ပွဲပုံစံများနှင့် ယှဉ်လိုက်လျှင် နေ့စဉ် လက်ရည်စမ်းပွဲက အတော်လေး ဈေးနည်းပေသည်။

အံ့ဖွယ်မိုးကောင်းကင် တပည့်အများစုအတွက် ကျေနပ်လောက်စရာ လက်ရည်စမ်းပွဲအတွက်  ဝိညာဉ်ကျောက်တုံးအနည်းငယ် သုံးရသည်က တန်သည်။

ထိုတပည့်များအတွက် အရေအတွက်အများစုက အဆင့်တူအတွင်း နတ်ဘုရားလောကမှ ပါရမီရှင်များနှင့် တိုက်ခိုက်နိုင်ရန်အတွက် လောင်းကြေးမြင့်သည့် ပြိုင်ပွဲပုံစံအား ရွေးချယ်ကြဆဲ ဖြစ်သည်။

သို့သော် အံ့ဖွယ်မိုးကောင်းကင် တပည့်အများစုက ကြယ်တစ်ပွင့် ဒါမှမဟုတ် ကြယ်နှစ်ပွင့် ပါရမီရှင်အဆင့်သာ တန့်နေကြသေးသည်။

ထိုပါရမီရှင်များက သာမန် လူသားလေ့ကျင့်ဖော်များ မဟုတ်ကြပေ။ သူတို့က နတ်ဘုရားလောကတွင် အဆင့်မြင့် ပါရမီရှင်များ ဖြစ်ကြသည်။ အံ့ဖွယ်မိုးကောင်းကင် တပည့်အနေနှင့် ကြယ်တစ်ပွင့် သို့မဟုတ် ကြယ်နှစ်ပွင့် ပါရမီရှင်တို့ကို လက်ရည်တူ ယှဉ်ပြိုင်နိုင်လျှင် ရှားပါးသော အောင်မြင်မှုအဖြစ် မှတ်ယူနိုင်လေပြီ။

အကယ်၍ ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေများအတွက်မူ အများစုက အဆင့်နိမ့်ဆုံး ကြယ်တစ်ပွင့် ပါရမီရှင်နှင့်ပင် မယှဉ်နိုင်ကြချေ။

“လောင်းကြေးထပ် ပြိုင်ပွဲပုံံစံ” စမ်းသပ်ကြသော ပါရမီရှင်များက ဘာမှမရရခြင်းနှင့်သာ အဆုံးသတ်မသွားပေ။ သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီမှ အတော်အတန် ရသွားကြ၏။ အချိန်တိုလေးအတွင်း အံ့ဖွယ်မိုးကောင်းကင်၏ တပည့်ရင်းများသည် သူတို့၏ အခြေခံအုတ်မြစ်နှင့် စွမ်းဆောင်ရည်တို့၌ သိသိသာသာ တိုးတက်လာကြသည်။

တစ်ချိန်တည်းတွင် အံ့ဖွယ်မိုးကောင်းကင် တပည့်များသာ အကျိုးမြတ်ရခြင်း မဟုတ်ပေ။

ကျင့်ကြံသူများအတွက် မြို့လေးတစ်မြို့ တည်ဆောက်ဖို့ မခက်ခဲချေ။

စစ်နတ်ဘုရား မျှော်နန်းဆောင် စရောက်လာသည့် နေ့ရက်ကတည်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တပည့်ရာချီကို ပို့ကာ စစ်နတ်ဘုရား မျှော်နန်းဆောင်နား မြို့လေး တည်ဆောက်စေသည်။ ထိုတပည့်များက နေ့တစ်ဝက်အတွင်း သူတို့၏ ဓာတ်ငါးပါး စွမ်းရည်များဖြင့် မြို့ငယ်လေးတစ်ခု ထူထောင်လိုက်နိုင်ကြသည်။

အံ့ဖွယ်မိုးကောင်းကင် မြို့၏ တော်ဝင်ဆန်သည့် အဆောက်အဦးများနှင့် ကွာခြားပေသည်။ သို့သော်လည်း အခြားဂိုဏ်းများမှ တပည့်များအတွက် စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ လာရောက်ရင်း သို့မဟုတ် လာပြိုင်ရင်း တည်းခိုစရာရသည်က လုံလောက်သည်ထက် ပိုနေလေပြီ။

လွန်ခဲ့သည့် ရက်ပိုင်းလေးအတွင်း စစ်နတ်ဘုရား မျှော်နန်းဆောင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ရောက်လာသည့် သတင်းက ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေများဆီ ပျံ့နေပြီ ဖြစ်၏။

အံ့ဖွယ်မိုးကောင်းကင်အပေါ် အားထားကြသော ထိုချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေတို့က လူများလွှတ်ကာ ဂုဏ်ပြုပြီးကြလေပြီ။

ထိုဂုဏ်ပြုမှုများကလည်း လက်ဆောင်ပဏာအသီးသီးဖြင့် ရောက်လာခြင်း ဖြစ်သည်။

နမူနာအားဖြင့် မက်မွန်ဥယျာဉ် ချိုင့်ဝှမ်းက ဧရာမ မက်မွန်ပြားသီးနှစ်လုံး ပေးခဲ့သည်။

(မက်မွန်သီးကိုမှ ဒိုးနစ်လို နည်းနည်းပြားတဲ့ ပုံစံမျိုးလေးပါ)

မက်မွန်ပြားသီးက သေခါနီး ကျင့်ကြံသူ၏ သက်တမ်းကို နှစ်တစ်ရာလောက် ဆွဲဆန့်ပေးနိုင်ပြီး အင်မတန် ဈေးကြီးသော ဆေးဝါးအဖြစ် ယူဆနိုင်ပေသည်။ ကျင့်ကြံဆင့် ပိတ်ဆို့ကာ အဆင့်မတက်နိုင် ဖြစ်နေကြသော ကျင့်ကြံသူများအတွက် ထိုသို့သော ဆေးဝါးက အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်သည်။

ထိုစဉ် ရွှေရောင်ချိုင့်ဝှမ်းက ထျန်းယွမ်ဓား တစ်လက်ကို ပေးခဲ့သည်။ ထိုဓားက အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် ဖြစ်ပြီး အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် တန်ပေသည်။ အင်မတန် အဖိုးတန်လှသည်။

ထို့အပြင် စိတ်ဝိညာဉ်ခြံဝန်း ကောင်းချီးနယ်မြေက သူတို့အား စုပ်ယူရေး ပုလဲကို ပေးခဲ့သည်။ ထိုသို့သော ပုလဲအမျိုးအစားက သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် ဝိညာဉ်ပစ္စည်းဖြစ်ပြီး လောကရှိ ဝိညာဉ်ချီများကို စုပ်ယူပေးကာ ကျင့်ကြံသူ၏ ကျင့်ကြံနှုန်းကို မြန်ဆန်လာစေသည်။

အမျိုးမျိုးသော ကျင့်ကြံရေးဂိုဏ်းများမှ လက်ဆောင်များက ရက်ရောမှုအကြီးကြီးအဖြစ် ယူဆနိုင်၏။

ညီလေးများဖြစ်သည့် ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေတို့က သိတတ်နေလေရာ အစ်ကိုကြီးဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကလည်း ပြန်ပေးရပေမည်။

သူတို့က ကျင့်ကြံရေးဂိုဏ်းများမှ အကြီးအကဲများနှင့် တပည့်များကို စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်နိုင်ကြောင်း ချက်ချင်း လမ်းပြပေးကြသည်။ မည်သည့် ကန့်သတ်ချက်မှ မရှိပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ရှံးနိမ့်ခြင်း၊ အောင်နိုင်ခြင်းအပေါ် တာဝန်မယူထားပေ။

အထွတ်အမြတ်မြေက ကြီးကြပ်သူမျှသာ ဖြစ်၏။ သူတို့က ကြားနေနေကာ ဘာမှတာဝန်မယူပေ။ ရလဒ်အနေနှင့် ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေ၏ ပါရမီရှင်များ တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြသည်။ ဤသည်မှာ စစ်နတ်ဘုရား မျှော်နန်းဆောင် ခရီးသွားကုန်သွယ်မှုကို စတင်ခဲ့တော့သည်။

ကံမကောင်းစွာ သူတို့အားလုံးက အထဲမဝင်ခင် စိတ်လှုပ်ရှားမှုအပြည့်၊ ယုံကြည်ချက်အပြည့် ဖြစ်နေခဲ့သော်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်ထွက်လာကြရသည်။

ထိချက်က ပြင်းလွန်းလှသည်။

ထိုပါရမီရှင်များက သူတို့ဂိုဏ်းအတွင်း ပါရမီအရှိဆုံးလူများအဖြစ် ယူဆနိုင်ပေသည်။ သူတို့က သူတို့ဘာသာ ထူးချွန်ပြောင်မြောက်ကာ ပြိုင်ဖက်ကင်းကြောင်း တွေးထားကြ၏။ မည်သို့ပင်ဆိုစေကာမူ စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ရောက်ပြီးနောက် ကြယ်သုံးပွင့် သို့မဟုတ် ကြယ်လေးပွင့် ပါရမီရှင်ကို စိန်ခေါ်ဖို့ရာ ငွေကြေးဆိုင်ရာ လုံလုံလောက်လောက် မရှိကြောင်း ခါးသီးစွာ သိလိုက်ရသည်။

ထို့နောက် သူတို့က ကြယ်သုံးပွင့် သို့မဟုတ် ကြယ်လေးပွင့် ပါရမီရှင်များကို စိန်ခေါ်ဖို့ ပိုက်ဆံမရှိသည့် အချက်ကို စိတ်ပူစရာမလိုတော့ကြောင်း သတိပြုမိသွားကြသည်။ အကြောင်းမှာ သူတို့က ကြယ်တစ်ပွင့် ပါရမီရှင်ကိုပင် မနိုင်ချေ။

အပြင်လောကကြီးက ရက်စက်လိုက်တာ …

နှစ်ရက်တာအတွင်း ကျင့်ကြံရေးဂိုဏ်းများမှ မောက်မာကြသည့် လူငယ်များစွာက ခါးသီးသည့် အတွေ့အကြုံမှတဆင့် စတင် ရင့်ကျက်လာကြသည်။

စိတ်သန်မာကြသူများသာ သူတို့မလုပ်နိုင်ကြောင်း အသိအမှတ်ပြုနိုင်ကြသည်။ ရလဒ်အနေနှင့် သူတို့က ပိုမို ကြိုးစား လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် စိတ်ပျော့သူများအတွက်မူ တိုက်ခိုက်လိုစိတ်ပါ ချက်ချင်း ပျောက်ကွယ်သွားရသည်။ ထိုသို့လူငယ်လေးမျိုး ရှိသော်လည်း အရေအတွက်အားဖြင့် နည်းပါး၏။

စစ်နတ်ဘုရား မျှော်နန်းဆောင်က ဂိုဏ်းအသီးသီးမှ တပည့်များကြား ဆွေးနွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာသည်။

တပည့်တိုင်းနီးပါးက မျှော်နန်းဆောင်အတွင်း မည်သည့်အဆင့်ကို မည်သူ အောင်မြင်ခဲ့ကြောင်း ပြောဆိုနေကြသည်။ ထိုအကြောင်းအရင်းကြောင့် ယဲ့ချန်းခန်က စစ်နတ်ဘုရား ကျောက်ပြား အပို ပြုလုပ်လိုက်သည်။ ရှန်ထျန်းနှင့် ကျန်းလုံယွမ်တို့က သူ့အား အကြံပြုခဲ့ကြခြင်း ဖြစ်၏။

စစ်နတ်ဘုရား ကျောက်ပြားအသစ်က ယခင်နှစ်တစ်ရာအတွင်းမှ တိုက်ပွဲရလဒ်များသာ ပြသထားသည်။

နှစ်တစ်ရာနောက်ပိုင်း ကျောက်ပြား၏ ပါရမီရှင် နာမည်များကို ဖျက်ထားပြီး အသစ်လေးများဖြင့် အစားထိုးထားသည်။ တခြားနည်းဖြင့်ဆိုရလျှင် ဤကျောက်ပြားက လက်ရှိမျိုးဆက်၏ ပါရမီရှင်အဆင့်ကိုသာ စူးစိုက်ထားလေ၏။

အကယ်၍ ကျောက်ပြားအသစ်ပေါ်၌ နာမည်ရေးထွင်းနိုင်ခဲ့လျှင် နှစ်တစ်ရာအတွင်း ထိပ်တန်းအယောက်တစ်ရာထဲ ပါဝင်ကြောင်း သက်သေပြပြီးသား ဖြစ်သွားမည်။

ကျင့်ကြံရေးဂိုဏ်းမှ တပည့်အများစုအတွက် ဂုဏ်ယူမှုကြီး ဖြစ်ပေသည်။ အရှေ့လွင်ပြင်က ကျယ်ပြောလွန်းသောကြောင့် ကျင့်ကြံသူများစွာ ရှိ၏။ နှစ်တစ်ရာအတွင်းမှ ပါရမီရှင်များကြား အဆင့်ဝင်ဖို့ရာ အခွင့်အရေးက သန်းတစ်ရာပုံ တစ်ပုံသာ ရှိသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း တပည့် ငါးရာမှ တစ်ထောင်လောက် ဝင်ခဲ့ကြသည်။

ကျေက်ပြားအသစ်က နာမည်များနှင့် ပြည့်နေလေပြီ။ သို့သော် ယှဉ်ပြိုင်မှုက သိပ်မမြင့်လာသေးပေ။

အခြားသော အထွတ်အမြတ်မြေများ၏ သူတော်စင်များနှင့် သူတော်စင်မများ ရောက်မလာကြသေးပေ။

ရလဒ်အနေနှင့် ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ ပါရမီရှင်များက ထိုအခွင့်အရေးကို အမိအရယူကာ ကံစမ်းကြည့်ကြသည်။ အကယ်၍ သူတို့သာ ထိပ်တန်းအယောက် ၁၀၀ ထဲ ဝင်နိုင်ခဲ့လျှင် နောင်အနာဂတ်၌ ထိုအချက်ကို ထာဝရကြွားဝါနိုင်ပေမည်။

စစ်နတ်ဘုရား ပါရမီ ကျောက်ပြားအသစ်အကြောင်း သိကြလား … အထွတ်အမြတ်မြေရဲ့ သူတော်စင်တွေ၊ သူတော်စင်မတွေ အားလုံးတောင် ထိပ်တန်း အယောက် တစ်ရာထဲ ဝင်နိုင်ကြတာ မဟုတ်ဘူး ငါကတော့ ဝင်ခဲ့တယ်လေ …

ထိုအတွေးကို စိတ်ထဲမှာထားပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်၏ စီးပွားရေးက ရက်ပိုင်းလေးအတွင်း ကြီးပွားလာသည်။

စစ်နတ်ဘုရား မျှော်နန်းဆောင်အပြင်ဘက်၊ လက်ရှိ၌ …

စုန့်ဖူကွေ့၊ လျိုထိုက်ယီ၊ ကွေ့ကုန်းကုန်း၊ ချင်ကောင်းနှင့် ကျန်လူများက တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် အခြားဂိုဏ်းများမှ တပည့်များ ဖြတ်သွားသည့်အခါ သူတို့က ထိုအုပ်စုအား အားကျတကြီး ကြည့်လိုက်ကြသည်  “ သူတို့ပဲ … သူတို့ပဲ ”

“ သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် အစ်ကိုကြီးရှန်ရဲ့ အနီးစပ်ဆုံးလူတွေလေ”

“ ငါ ကြားတာတော့ သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ လောင်းကြေးထပ် ပြိုင်ပွဲပုံစံမှာ ၅၀ ရာခိုင်နှုန်း လျော့ဈေးရတယ်ဆို … ပြီးတော့ သူတို့က နေ့စဉ် လက်ရည်စမ်းပွဲတွေအတွက် ဘာမှပေးစရာ မလိုဘူးတဲ့ ”

“အားကျလိုက်တာကွာ ”

စုန့်ဖူကွေ့၊ လျိုထိုက်ယီနှင့် ကျန်လူများက လူအုပ်ကြား ဆွေးနွေးမှုများကို လုံးဝ အရေးမစိုက်ပေ။ သူတို့က ရှန်ထျန်း၏ အနီးစပ်ဆုံးလူများ ဖြစ်သည့်အတွက် ထိုသာမန်လူများနှင့် လုံးဝကွဲပြားကြောင်း သိထားကြသည်။

အံ့ဖွယ်မိုးကောင်းကင်၏ တပည့်ရင်း ဖြစ်သော ကျန့်စန်းပင် သူတို့အား ခွေးတစ်ကောင် အစာမျှော်နေသကဲ့သို့ နောက်က တကောက်ကောက်လိုက်နေဆဲ ဖြစ်၏။

ကျန့်စန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်  “ အစ်ကိုစုန့်၊ အစ်ကိုလျို  … ကျွန်တော် သိချင်တာလေး တစ်ခုရှိလို့၊ မေးလို့ ရမလား”

စုန့်ဖူကွေ့က ပြုံးကာ  “ မင်းက ငါတို့အဖွဲ့ထဲက မဟုတ်ဘူးလား။ ကြိုက်တာသာမေး ”

ကျန့်စန်းက ဆက်ပြောလိုက်သည်  “ အစ်ကိုရှန်ထျန်းက စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ လေ့ကျင့်ဖို့ဆိုပြီး မနေ့က ဝင်သွားခဲ့တာလေ။ အခုလောက်ဆို ပြိုုင်ပွဲစင်မြင့်ကို အောင်မြင်သွားလောက်ပြီမလား။ ဒါပေမဲ့ စစ်နတ်ဘုရား ကျောက်ပြားနဲ့ ပါရမီကျောက်ပြားအသစ်မှာ ဘာလို့ သူ့နာမည် မမြင်ရသေးတာလဲ”

ကျန့်စန်း တစ်ယောက်တည်း သိချင်နေခြင်း မဟုတ်ပေ။ အရိုးသားဆုံးပြောရလျှင် တပည့်အများစုလည်း သိချင်နေကြ၏။ ခိုင်လုံသည့် သတင်း အရင်းအမြစ်အရ အစ်ကိုရှန်ထျန်းသည် စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ဆောင်ယူလာသည့်သူ ဖြစ်ကြောင်း ဆိုထားကြသည်။

စုန့်ဖူကွေ့က ကျန့်စန်းအား ပြုံးပြလိုက်ပြီးနောက် တိတ်တဆိတ်သာ နေနေလိုက်သည်။

အဆုံးသတ်၌ လျိုထိုက်ယီက အင်မတန် တိုးလျသော အသံဖြင့် ပြောလိုက်သည်  “ မင်း တကယ်သိချင်တာလား ”

ကျန့်စန်းက စိတ်လှုပ်ရှားတကြီး ခေါင်းညိတ်ကာ  “ အစ်ကိုပဲ ပြောပြပေးပါတော့။ ကျွန်တော် သေချာပေါက် လျို့ဝှက်ထားပါ့မယ်”

လျိုထိုက်ယီက ပဟေဠိဆန်ဆန် ပြောလိုက်သည်  “ စစ်နတ်ဘုရား မျှော်နန်းဆောင်က အရှေ့လွင်ပြင်ထဲ နှစ်ပေါင်းတစ်သောင်းကျော် ရှိနေပေမဲ့ ဘယ်သူကိုမှ ပိုင်ရှင်အဖြစ် အသိအမှတ်မပြုခဲ့ဘူးဆိုတာ သိတယ်မလား။ အဲဒါ ဘာကြောင့်လို့ ထင်လဲ ”

ကျန့်စန်းက နားမလည်စွာ ခေါင်းသာ ခါလိုက်သည်။

လျိုထိုက်ယီက ပြုံးလိုက်ကာ

“ အကြောင်းက ရိုးရိုးလေးပဲ။ စစ်နတ်ဘုရား မျှော်နန်းဆောင်က ထူးခြားတဲ့ပစ္စည်းလေ။ ထာဝရအဆင့် ပစ္စည်းတွေကြားမှာတောင် သူ့အထက် ဘာမှမရှိတော့ဘူး။ နှစ်တစ်သောင်းတိုင်း တစ်ခါ ပေါ်ထွက်လာလေ့ရှိတဲ့ ရှားရှားပါးပါး ကြယ်ခုနှစ်ပွင့် ပါရမီရှင်မျိုးသာ မျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုမှုကို ရမှာ ”

ကျန့်စန်းက ပြန်မေးလိုက်သည်  “ အစ်ကိုရှန်ထျန်းက ကြယ်ခုနှစ်ပွင့် ပါရမီရှင်လို့ ပြောတာလား ”

လျိုထိုက်ယီက ခေါင်းခါကာ  “ အရှင်းဆုံးပြောရရင်တော့ ငါလည်း အစ်ကိုရှန်ထျန်းက ဘယ်လောက်ပါရမီရှိမှန်း အတိအကျ မသိဘူး။ ဒါပေမဲ့ တစ်ခုတော့ အာမခံနိုင်တယ်။ ငါတို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ရှိတုန်းက အစ်ကိုစုန့်၊ အစ်ကိုကွေ့၊ အစ်ကိုချင်နဲ့ ငါတို့က မျှော်နန်းဆောင်ထဲ ပြိုင်ပွဲပြီးဖို့ စောင့်နေကြတာ … အဲဒီအချိန် အစ်ကိုရှန်ထျန်းရဲ့ နာမည်က စစ်နတ်ဘုရား ကျောက်ပြား ထိပ်ဆုံးမှာ ပေါ်လာတာ။ ပြီးတော့ သူ့အဆင့်က ကြယ်ခုနှစ်ပွင့် ပါရမီရှင်ပဲ … ”

ကျန့်စန်း မျက်နှာ၌ စိတ်လှုပ်ရှားမှုအတိ ဖြစ်နေကာ “ ဒါပေမဲ့ သူ့နာမည်ကို ဘာလို့ မမြင်ရတော့တာလဲ ”

လျိုထိုက်ယီက အသာပြောလိုက်သည် “ အဲဒါတော့ … ငါလည်း သေချာမသိဘူး ”

ဆိုင်ရှင်စုန့်က ခေါင်းအသာခါကာ

“ ငါတို့သူတော်စင် ဆရာကောင်းကင်က သိုသိုသိပ်သိပ်နေချင်လို့ဆိုတာ ရှင်းနေတာပဲ။ ဆရာကောင်းကင်ကို သိလာတာ ကြာလှနေပြီ။ သူက ထင်းထွက်နေတာမျိုးကို မကြိုက်ဘဲ အမြဲတမ်း အေးအေးဆေးဆေး သိုသိုသိပ်သိပ် လူမသိသူမသိလေးပဲ နေနေတာ … ဆရာကောင်းကင်ရဲ့ နာမည်က ကျောက်ပြားပေါ် ဘာလို့မရှိတာလဲဆိုတာ နည်းနည်းတော့ မှန်းဆမိတယ်။ မင်းတို့ကို ရှင်းပြပေးမယ်။ ဒါပေမဲ့ အားလုံး ဒီသတင်းကို ပြန်မဖြန့်ကြနဲ့နော် … ဆရာကောင်းကင် စိတ်ခုသွားလိမ့်မယ် ”

အားလုံးက ချက်ချင်း ကတိပေးလိုက်ကြသည်။

“ စိတ်မပူပါနဲ့ အစ်ကိုစုန့် … ကျွန်တော်တို့က နှုတ်လုံပါတယ် ”

“ အစ်ကိုစုန့် သိတဲ့အတိုင်း ကျုပ်လည်း နှုတ်လုံပါတယ် ”

“ ကျွန်တော်က အစ်ကိုတို့အဖွဲ့နဲ့ အရမ်းမနီးကပ်ပေမဲ့ လျှောက်ဖွမဲ့ လူစားမျိုး မဟုတ်ပါဘူး။ သေချာပေါက် နှုတ်လုံပါ့မယ် ”

“ ကျုပ်ရော ကျုပ်ရော … ”

ဆိုင်ရှင်စုန့်က အားလုံး ကတိပေးသည်ကို ခေါင်းညိတ်ပြကာ  “ တကယ်တော့ ငါ့အထင်အရ ဆရာကောင်းကင်ရဲ့ နာမည် ကျောက်ပြားပေါ် မရှိတဲ့ အကြောင်းအရင်းနှစ်ခု ရှိလိမ့်မယ်။ ပထမတစ်ခုက ဆရာကောင်းကင်က သိုသိုသိပ်သိပ်နေပေမဲ့ အံ့ဖွယ်ပါရမီရှင် ဖြစ်နေပြီးတော့ ပါရမီရှင်တစ်ယောက်ရဲ့ မငြင်းပယ်နိုင်တဲ့ ဂုဏ်မာနမျိုး ပိုင်ဆိုင်ထားတယ်။

သူ့ပါရမီက အသက်အရွယ်ကို ကျော်လွန်ပြီးတော့ အရမ်းကို ထိတ်လန့်စရာကောင်းလွန်းနေတော့ စစ်နတ်ဘုရား ကျောက်ပြားလေးနဲ့ သူ့ကို ချီးကျူးဖို့ ဘယ်လိုလောက် လုံလောက်ပါ့မလဲ … ပြီးတော့ ဆရာကောင်းကင်က စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပိုင်တာဆိုတော့ သူ့နာမည်သာ ရှိနေရင် ဝေဖန်မှုတွေ ရှိလာနိုင်တယ်။

သူက ဆရာကောင်းကင်နဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဖြစ်နေပြီဆိုတော့ တခြားသူတွေကို ရှင်းပြနေမှာတော့ မဟုတ်ဘူး။ အဲဒါကြောင့် သူ့ကို ပစ်မှတ်ထားမခံရဖို့ နာမည်ကို မထည့်ထားတာပဲ ဖြစ်ရမယ်”

အားလုံးက ဆိုင်ရှင်စုန့်အပေါ် အာရုံစိုက်ထားကြပြီး မျက်လုံးတလက်လက်ဖြင့် ကြည့်နေကြသည်။ လျိုထိုက်ယီက တစ်ခု တွေးမိကာ ကျောက်စိမ်းပေလွှာ ထုတ်လိုက်ရင်း ဂရုတစိုက် မှတ်သားလိုက်သည်။

ဆိုင်ရှင်စုန့်က ဆက်ပြောလိုက်သည်  “ ဒုတိယတစ်ခုက ဆရာကောင်းကင်က တခြားပါရမီရှင်တွေကို စိတ်မကောင်း မဖြစ်စေချင်လို့ ထင်တယ် ”

ကျန့်စန်းက ပြန်မေးလိုက်ပြန်သည်  “ အစ်ကိုစုန့်က အဲဒါက ဘာကိုပြောတာလဲ ”

စုန့်ဖူကွေ့က ပြောလိုက်သည်

“ ရှောင်စန်း … မင်း မသိသေးပါဘူး။ အရင် ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာတုန်းက ဆရာကောင်းကင်ရဲ့ နာမည်က ဒုတိယနေရာမှာ တန်းပေါ်လာခဲ့တာ။ အဲဒီအချိန်တုန်းက ဆရာကောင်းကင်က အဆင့်နှစ်လေ။ ကြယ်ခြောက်ပွင့် ပါရမီရှင် ဟွမ်ရှီထက်ပဲ နိမ့်တော့တာ … ဒါပေမဲ့ သိပ်မကြာလိုက်ဘူး သူက တန်းတက်သွားတာ … ဆရာကောင်းကင်ရဲ့ အဆင့်က ဟွမ်ရှီကို ကျော်လွန်သွားပြီးတော့ နှစ်တစ်သောင်းအတွင်းမှာ ပထမဆုံး ကြယ်ခုနှစ်ပွင့် ပါရမီရှင် ဖြစ်လာခဲ့တာပဲ ”

လျိုထိုက်ယီက ခေါင်းအသာညိတ်ကာ  “ဟုတ်တယ်  ငါလည်း အဲဒီမှာ ရှိနေခဲ့တာဆိုတော့ သက်သေလိုက်ပေးနိုင်တယ် ”

ချင်ကောင်းကလည်း ခေါင်းညိတ်လိုက်ပြီး  “ ငါရောပဲ … အကုန်ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ် ”

ရှုန်းမုန့်ကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီးနောက် “ ကျုပ်ရောပဲ ”

စုန့်ဖူကွေ့က အဆန်းတကြယ် ပြောလိုက်ပြန်သည်

“အဲဒါက ဘာကိုဆိုလိုတာလဲဆိုတာ သိလား။ အဲဒါက ဆရာကောင်းကင်က ကြယ်ငါးပွင့် ပါရမီရှင်ကို အနိုင်ယူလိုက်ကတည်းက စစ်နတ်ဘုရား မျှော်နန်းဆောင်ကနေ သူ့ကို အားအကောင်းဆုံး ကြယ်ငါးပွင့် ပါရမီရှင်လို့ တန်းအသိအမှတ်ပြုခံလိုက်ရတာပဲ။

ပြီးတော့ သူက ကြယ်ငါးပွင့် ပါရမီရှင်ကို စိန်ခေါ်ပြီးနောက် မနားဘဲ ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို ချက်ချင်း စိန်ခေါ်ခဲ့တယ်။ အချိန်တိုလေးအတွင်း ဖြစ်နိုင်တာ အကွက်တစ်ရာလောက်အတွင်း ကြယ်ခုနှစ်ပွင့် ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့တယ်။  ရလဒ်အနေနဲ့ သူက အချိန်တိုလေးအတွင်း ကြယ်ငါးပွင့် ပါရမီရှင်အဆင့်ကနေ ကြယ်ခုနှစ်ပွင့် ပါရမီရှင် တန်းဖြစ်သွားတာပဲ။

အဲဆိုတော့ ကြယ်ခုနှစ်ပွင့် ပါရမီရှင်တောင် သူ့အတွက် ပြိုင်ဖက် မဖြစ်ဘူးဆိုတဲ့အချက်ကို သက်သေပြပြီးသား ဖြစ်သွားရော … အခု ဆရာကောင်းကင်ရဲ့ နာမည်က စစ်နတ်ဘုရား ကျောက်ပြားမှာ မရှိတော့ဘူးဆိုတော့ ငါ့အမြင်အရ စစ်နတ်ဘုရား ကျောက်ပြားက ဆရာကောင်းကင်ရဲ့ ပါရမီကို မတိုင်းတာနိုင်တော့တာပဲ ဖြစ်ရမယ်။ ဆရာကောင်းကင်က ကြယ်ခုနှစ်ပွင့်အဆင့်ကို ကျော်လွန်ပြီး ကြယ်ရှစ်ပွင့်နဲ့အထက်ကို ရောက်နေလောက်ပြီ။

ဆရာကောင်းကင်က အခြားပါရမီရှင်တွေရဲ့ မာနဲ့ ယုံကြည်ချက်ကိ ကာကွယ်ပေးဖို့အတွက် သူ့နာမည်ကို ဝှက်ထားရုံအပြင် တခြားရွေးချယ်စရာ မရှိတော့ဘူးလေ ။ မဟုတ်ရင် သူသာ ပါရမီအစစ်အမှန် ထုတ်ပြလိုက်ရင် တခြားပါရမီရှင်တွေက ဘယ်လောက်တောင် စိတ်ဓာတ်ကျသွားလိုက်မလဲ။ ပါရမီရှင်မြောက်များစွာက စိတ်ထိခိုက်ပြီးတော့ လက်ကျန်တစ်ဘဝလုံး သူ့အရိပ်ထဲ နေသွားရတော့မှာလေ။ ဒါက ဆရာကောင်းကင်ရဲ့ စာနာထောက်ထားမှုပဲ …  ”

အိုး

အိုး အိုး ….

ဆိုင်ရှင်စုန့်၏ စကားများ ကျန်းကျစ်ကျား၊ ကျန့်စန်း၊ ရှုန်းမုန့်တို့အတွက် တံခါးအသစ်တစ်ချပ် ဖွင့်ဟပေးလိုက်သလိုမျိုး ဖြစ်နေသည်။ သူတို့က ချက်ချင်း ဉာဏ်အလင်းပွင့်သွားကြသည်။

လျိုထိုက်ယီ၏ ကျောက်စိမ်းပေလွှာပင် မြေပြင်ပေါ် ပြုတ်ကျမတတ် ဖြစ်သွားရှာသည်။ ဆိုင်ရှင်စုန့်၏ စကားများက အံ့ဩဖို့ ကောင်းလွန်းသည် မဟုတ်ပါလော။

သို့သော် နောက်ထပ်တွေးကြည့်လိုက်သည့်အခါ အရာအားလုံးက အကျိုးအကြောင်း သင့်သွားလေသည်။

စုန့်ဖူကွေ့က ကောင်းချီးပေးခံရသူများ အဖွဲ့၏ ခေါင်းဆောင် ဖြစ်နေသည့် အကြောင်းအရင်းကောင်း တစ်ခု ရှိပေသည်။ သူက ကိစ္စများကို ရှင်းရှင်းလင်းလင်း နက်နက်နဲနဲ သိ၍ ဖြစ်သည်။

လျိုထိုက်ယီက သူ့အနေနှင့် မပြိုင်နိုင်တော့ကြောင်း ခံစားမိလိုက်သည်။

ထိုစဉ် ကွေ့ကုန်းကုန်းက ဝင်ပြောလိုက်သည်  “ ဒါတွေက ညီလေးစုန့်ရဲ့ ကိုယ်ပိုင်ယူဆချက်တွေပါပဲ။ အားလုံး နားထောင်ပေမဲ့ စိတ်ထဲ မထားကြနဲ့။ ဒါကို ပြန်မဖြန့်ကြနဲ့နော် ”

စွမ်းရည်အရ စီမည်ဆိုလျှင် ကွေ့ကုန်းကုန်းက အဖွဲ့ထဲ အားအကောင်းဆုံး မဟုတ်ချေ။

သို့သော် ရှန်ထျန်းက သူတို့အပေါ် ဂရုစိုက်နှုန်းနှင့် ယှဉ်လျှင်တော့ စုန့်ဖူကွေ့ပင် ကွေ့ကုန်းကုန်းလောက် မမြင့်ပေ။

ရှန်ထျန်းက သူ့ကို မိသားစုဝင်အဖြစ် မှတ်ယူထားပြီး သူတော်စင်မနှင့် အစ်ကိုကြီးပင် သူ့အား လေးစားမှု ပြကြရသည်။ ယခု ကွေ့ကုန်းကုန်းက ထုတ်ပြောလာသည့်အခါ အားလုံးက နှုတ်လုံဖို့ ကတိထပ်ပေးလိုက်ကြသည်။ သူတို့က ထိုအကြောင်းကို ဘယ်သူမှ ပြန်ပြောမည် မဟုတ်ပေ။

ကွေ့ကုန်းကုန်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက စစ်နတ်ဘုရား မျှော်နန်းဆောင်အား တစ်ခါ ကြည့်လိုက်ပြန်သည်။

သူ့မျက်ဝန်း၌ ဂုဏ်ယူမှုအပြည့် ဖြစ်နေသည်။

တစ်လတာအတွင်း အရှင့်သားက သူ့ကံကြမ္မာကို သာမန် မင်းသားတစ်ပါးမှ အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး မည်သူမှ မသိသည့်သူ မရှိသည့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် တစ်ယောက် ဖြစ်လာခဲ့သည်။ လူများက သူ့အား ကြယ်ရှစ်ပွင့် ပါရမီရှင်အဖြစ်ပင် သံသယဝင်နေကြသည်။

အံ့ဖွယ်မိုးကောင်းကင်၏ ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ဖြစ်သော အစ်ကိုကြီးဖန်ချန်းက ကြယ်ငါးပွင့် ပါရမီရှင်အဆင့်သာ အဆင့်ဝင်ခဲ့သည်။

သူတော်စင်မ ကျန်းယွင်ရှီးကတော့ ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်နေပြီး ဓာတ်နှောနတ်မိုးကြိုးကို ကောင်းကောင်း အသုံးပြုတတ်ပေသည်။ ထိုသို့ဆိုလျှင်ပင် သူမက ကြယ်ငါးပွင့် ပါရမီရှင်သာ ဖြစ်ခဲ့၏။

စစ်နတ်ဘုရား ကျောက်ပြား၏ တစ်ဦးတည်းသော ကြယ်ခြောက်ပွင့် ပါရမီရှင်က နယ်မြေငါးခုလုံး၌ ကြီးစိုးထားနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။

အရှင့်သားက အနည်းဆုံး ကြယ်ခုနှစ်ပွင့် ပါရမီရှင် … ကြယ်ရှစ်ပွင့် ပါရမီရှင်အဆင့်တောင် ဖြစ်နေနိုင်တယ် …  ဒါက ဘာကိုဆိုလိုတာလဲ …

ကွေ့ကုန်းကုန်းက ကောင်းကောင်းကြီး သိထားသည်။

ဆိုလိုသည်မှာ အရှင့်သားက တိတ်တဆိတ် ဆက်လက် ကျင့်ကြံနေသရွေ့ တစ်နေ့နေ့၌ နယ်မြေငါးခုကို ရန်သူမရှိ  ပြိုင်ဖက်ကင်း အုပ်စိုးခွင့်ရသူ ဖြစ်လာနိုင်သည်။

ထိုသို့သော ကျော်ကြားမှုမျိုးက ထူးချွန်ပြောင်မြောက်လှပေသည်။ ကွေ့ကုန်းကုန်းပင် စိတ်ကူးမကြည့်နိုင်သော အရာ ဖြစ်၏။

စက္ကန့်ပိုင်းလေးအတွင်း ကွေ့ကုန်းကုန်းက မျက်ရည်ဝဲလာမိသည်။

အရှင့်သားက အထင်ကြီးလောက်စရာ အမျိုးသားတစ်ယောက်အဖြစ် ကြီးပျင်းလာခဲ့ပြီပဲ …

ကိုယ်လုပ်တော်လန်သာ သိရင် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပျော်နေတော့မှာ …

All Chapters