ရှန်ထျန်းက လီခန်းလန်အား ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
Vol. 18 Ch. 259
အခန်း (၂၅၉) : ရှန်ထျန်းက လီခန်းလန်အား ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
စစ်နတ်ဘုရား မျှော်နန်းဆောင် ခုနှစ်ဆင့်မြောက်၌ စစ်နတ်ဘုရား ပြိုင်ပွဲစင်မြင့်ပေါ်တွင် ကြယ်ခုနှစ်ပွင့် ပါရမီရှင်နှင့် မျက်နှာချင်းဆိုင်လျက် ရှိနေသည်။
ရှန်ထျန်းက နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မိုးကြိုးများဖြင့် လွှမ်းခြုံထားသည်။ သူ့ကြည့်ရသည်မှာ ကမ္ဘာမြေသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေသည်။
သူ့ရှေ့တွင် ရပ်နေသူမှာ လက်ထဲတွင် နတ်ပုဆိန်ကိုင်ထားသည့် ထွားထွားကျိုင်းကျိုင်း အမျိုးသားတစ်ဦး ဖြစ်၏။ သူ့အရှိန်အဝါတို့က စွမ်းအားများ ပြည့်ဝနေသည်။
ဤသူမှာ နတ်ဘုရားလောက၏ ကောင်းကင်ကွပ်မျက်သူ မျိုးနွယ်မှ ကြယ်ခုနှစ်ပွင့် ပါရမီရှင် ဖြစ်သည်။ သူက ရုပ်ပိုင်းဆိုင်ရာ သန့်စင်ထားသောကြောင့် အားသုံးရသည့် တိုက်ကွက်များ၌ အတော်ဆုံး ဖြစ်ပေသည်။ သူ့တိုက်ခိုက်သည့်ပုံစံမှာ ပြင်းထန်ကြမ်းတမ်းလှသည်။
အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းက သူ့ရှေ့တွင် ရပ်နေရုံမျှဖြင့် ဖိအားကို ခံစားနေမိသည်။
သူ့နတ်ဘုရား ကိုယ်ထည်မာ ခန္ဓာက ရေနှစ်ခြင်း၊ မီးလောင်ခြင်းနှင့် ဓားများနှင့် ပတ်သတ်လာလျှင် အားနည်းနေသေး၏။ ဤလူ၏ ရွှေရောင်ခန္ဓာသည် တစ်ကြိမ်မက သန့်စင်ထားကြောင်း သိသာလှသည်။ သူ့ရုပ်ခန္ဓာမှာ ရှန်ထျန်းထက် ပိုအားကောင်းသည်။
ရှန်ထျန်းက သူ့ခရမ်းမိုးကောင်းကင်တူကို ထုတ်ယူလိုက်ပြီး စွမ်းအားအပြည့်သုံးကာ လေးလံအဆီအနှစ်ရေစင်ဖြင့် လွှမ်းခြုံလိုက်သည်။ သူက ပြိုင်ဖက်ကို အနိုင်မယူခင်အထိ အကြိမ်တစ်ရာလောက် ဝေ့ယမ်းခဲ့ရသည်။
ဤသည်မှာ ရှန်ထျန်း ရင်ဆိုင်ဖူးသည့် အဆင့်တူ ပါရမီရှင်အတွင်း အခက်ခဲဆုံး ဖြစ်ခဲ့၏။
“ ကောင်းကင်ဘုံလွင်ပြင် တူ ၃၆ ချက် - ကြယ်တာရာဖြိုခွင်း တူရိုက်ချက် ”
သူ့ခရမ်းမိုးကောင်းကင်တူ၏ အလင်းရောင်က ကြယ်တာရာတစ်လုံး ကမ္ဘာမြေ ကျဆင်းလာသကဲ့သို့ တောက်ပလာသည်။
ဝုန်း …
ဧရာမတူကြီးကြောင့် ကောင်းကင်ကွပ်မျက်သူ မျိုးနွယ်မှ လူထွားကြီးလက်ထဲရှိ ပုဆိန်မှာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ် ကျရောက်သွားတော့သည်။
တောင်များ ပြိုကျလာသလိုမျိုး အသံကျယ်ကြီး ထွက်ပေါ်လာ၏။ အံ့ဖွယ်တူရိုက်ချက်အောက်တွင် လူထွားကြီးက အလင်းမှုန့် ဖြစ်သွားလေသည်။
“ ကြယ်ခုနှစ်ပွင့် ပါရမီရှင်က ကျန်တဲ့လူတွေထက် အများကြီး အားကောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီလူရဲ့ တိုက်ခိုက်စွမ်းက အရင်က လူတွေထက် ပိုအားကောင်းတာပဲ ”
သူ့ခရမ်းမိုးကောင်းကင်တူကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ရှန်ထျန်းက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဧည့်သည်များကို ကြိုဆိုနေရသည်။ ရှန်ထျန်းလည်း အားမနေပေ။
သူက ရတနာများစွာ ရထားသော်လည်း တိုက်ပွဲအတွေ့အကြုံက တခြားပါရမီရှင်များထက် နိမ့်ကျနေသေးကြောင်း ကောင်းကောင်း သိထားပေသည်။ ထို့ကြောင့် သူက စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ဝင်ကာ အခြားပါရမီရှင်များနှင့် ယှဉ်ပြိုင်ကြည့်နေသည်။ သူ့အတွက် အလကား မဟုတ်ပါလော။ ယဲ့ချန်းခန်က သူ့အလကား ဝင်စမ်းမှုကို မကျေမနပ် မဖြစ်ပေ။ တကယ်တော့ သူက ရှန်ထျန်းအား တိုက်ပွဲအတွေ့အကြုံ မည်သို့ တိုးမြင့်ရန် စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးနေသေးသည်။ ယဲ့ချန်းခန် အမြင်၌ ရှန်ထျန်းက အားကောင်းသော ပညာရပ်များစွာကို သင်ယူပြီးသွားသော်လည်း အစီအစဉ်မကျ ဖြစ်နေသေး၏။ အားကောင်းသော ပညာရပ်အသစ်များကို ထပ်မံ သင်ယူမည့်အစား ယခင်သင်ယူထားသော ပညာရပ်များကိုသာ နားလည်အောင်လုပ်ဖို့က ပိုကောင်းပေသည်။
ယဲ့ချန်းခန်၏ လမ်းညွှန်သင်ကြားပေးမှုအောက်တွင် ရှန်ထျန်းက သူ့ပညာရပ်များ ထိန်းချုပ်ရာ၌ ပိုအားကောင်းလာခဲ့၏။
သူက အရင်ဆုံး ကြယ်ခြောက်ပွင့် ပါရမီရှင်နှင့် စတင်လိုက်သည်။ သူက သူ့ထာဝရငှက်မွေးသတ္တုနှင့် အမြန်နှုန်းချင်းတူသည့် နတ်ဘုရားလောက၏ တောင်ပံမျိုးနွယ်စုနှင့် ယှဉ်ပြိုင်လိုက်သည်။
သူက နတ်ဘုရားလောက၏ နွေဦးမျိုးနွယ်ကို ယှဉ်ပြိုင်ခြင်းမှာ အံ့ဖွယ်ဝါးမျိုနွယ်ပင်အား ထိန်းချုပ်မှု တိုးတက်လာစေရန် ဖြစ်၏။ သူက လေးလံရေစင်အတွက်မူ နတ်ဘုရားလောက၏ ပင်လယ်မျိုးနွယ်နှင့် ပြိုင်လိုက်သည်။
သူက နန်မင်လီမီးတောက်အတွက်မူ နတ်ဘုရားလောက၏ မီးဓာတ်မျိုးနွယ်နှင့် ယှဉ်ပြိုင်လိုက်သည်။ သူ့ဓာတ်နှော နတ်မိုးကြိုးအတွက်ကား မိုးကြိုးမျိုးနွယ်နှင့် လက်ရည်စမ်းလိုက်၏။
ထိုပါရမီရှင်များနှင့် တိုက်ပွဲများအတွင်း ရှန်ထျန်းက ရည်ရွယ်ချက်ရှိရှိ သူ့အခြားသော စွမ်းရည်များကို ပိတ်ဆို့ထားခဲ့သည်။ တစ်ဖက်လူနှင့် ယှဉ်ပြိုုင်သည့်အခါ သူက တစ်ဖက်လူ၏ အကောင်းဆုံး ပညာရပ်နှင့် သက်ဆိုင်သည့် အရည်အချင်းသာ ထုတ်သုံးထားသည်။
အဆုံးသတ်၌ သူလည်း ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်။
ဘယ်လောက်တောင် ဆိုးရွားတာလဲ …
ရှန်ထျန်း၏ ရွှေရောင်ခန္ဓာ အက်လာသည့်အထိ ရိုက်နှက်ခံလိုက်ရသည်။
နောက်ထပ် သုံးရက်မှ ငါးရက်အတွင်း သူက ပထမဆုံး ရွှေရောင်ခန္ဓာ သန့်စင်မှုကို ကျော်ဖြတ်လိုက်ရသည်။
ယဲ့ချန်းခန်၏ ဉာဏ်ပညာကြီးသော စကားအရ “ မင်းကို မသေစေတဲ့အရာတိုင်းက မင်းကို အားကောင်းအောင် လုပ်ပေးလိမ့်မယ်” ဟူ၍ ဖြစ်သည်။
ရှန်ထျန်းက ယဲ့ချန်းခန်သည် သူ့အား ဤသို့စုတ်ပြတ်သတ်နေသည့် အခြေအနေအထိ အရိုက်နှက်ခံရတာကို မြင်ရဖို့ အကြောင်းပြချက်သပ်သပ် ပေးခြင်းသာ ဖြစ်လိမ့်မည်ဟု အခိုင်အမာ သံသယဝင်မိသည်။
သူ အရိုက်နှက်ခံရသည့်အချိန်တိုင်း ထိုမြေခွေးအိုကြီးက စင်အောက်ကနေ ကြည့်နေလိမ့်မည်။
ပေါက်ပေါက်လေး ဝါးရင်း ပြုံးဖြီးနေပေမည်။
သို့သော် မည်သို့ပင် ဖြစ်စေကာမူ ရှန်ထျန်း၏ တိုက်ပွဲအတွေ့အကြုံက မရပ်မနား ယှဉ်ပြိုင်မှုများအပြီးတွင် သိသိသာသာ တိုးတက်လာလေသည်။ ရလဒ်အနေနှင့် သူ့တိုက်ခိုက်စွမ်းရည်က ဩချလောက်အောင်အထိ တိုးတက်လာသည်။
ယဲ့ချန်းခန်က လူငယ်လေး၏ တိုးတက်လာနှုန်းကို ကြည့်ကာ တိတ်တဆိတ် အံ့ဩနေမိသည်။ သူ့လက်ရှိအဆင့်ဖြင့် ရှန်ထျန်းသည် သူ့စွမ်းအားအားလုံးကို ဖွင့်လိုက်ပါက စစ်နတ်ဘုရား မျှော်နန်းဆောင်ရှိ ကြယ်ခုနှစ်ပွင့် ပါရမီရှင်အများစုပင် သူ့အတွက် ပြိုင်ဖက် ဖြစ်တော့မည် မဟုတ်ချေ။
သူတို့က သူ့လက်အောက်တွင် ကြီးကြီးမားမား ရိုက်နှက်ခံရလိမ့်မည်။
ရှန်ထျန်း၏ တိုက်ခိုက်သည့် ပုံစံက ကျယ်ပြန့်လွန်းပေသည်။ သူ မည်သည့် ပါရမီရှင်မျိုးနှင့် တွေ့တွေ့ ပြန်လည် ရင်ဆိုင်ကာ အနိုင်ယူမည့် နည်းလမ်း ရှိ၏။ နမူနာအားဖြင့် ကောင်းကင်ကွပ်မျက်သူ မျိုးနွယ်မှ ပါရမီရှင်ကို ရှန်ထျန်းက အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြင့် အရင် ချုပ်ထားလိုက်သည်။ ထို့နောက် သူ့တူကို မသုံးခင် လေးလံအဆီအနှစ် ရေစင်အား အသုံးပြုလိုက်ပြီး သူ့အား ထုရိုက်ပစ်လိုက်သည်။
“ ကောင်ဆိုးလေး … မင်းက ငါ့ကြယ်ခုနှစ်ပွင့် ပါရမီရှင်တစ်ယောက်ကို အပြတ်ချေမှုန်းပစ်လိုက်တာပဲ။ ကြမ်းတမ်းလိုက်တာ ”
ယဲ့ချန်းခန်က နှလုံးသား နာကျင်ဟန်ဖြင့် လက်ဟန်တချို့လုပ်ကာ ထိုအလင်းမှုန့်များအား မျှော်နန်းဆောင်ဆီ ပြန်လည်စုပ်ယူပစ်လိုက်သည်။
ရှန်ထျန်းက ပြုံးကာ “ ဒီနေရာမှာ ကန့်သတ်မဲ့ ကုသပေးတယ် မဟုတ်ဘူးလား။ မျှော်နန်းဆောင်မှာ ပိုအားကောင်းတဲ့ ကြယ်ခုနှစ်ပွင့် ပါရမီရှင် ထပ်ရှိသေးလား ”
ယဲ့ချန်းခန်က မျက်လုံးဝေ့ကြည့်ကာ “ တော်တော့ … ကြယ်ခြောက်ပွင့်ရော ကြယ်ခုနှစ်ပွင့်ရော အများကြီး အနိုင်ပိုင်းပြီးပြီ။ ဘယ်အချိန်ရပ်ရမယ်ဆိုတာ သိရမယ်လေ။
အခု ပြန်တော့ … အားလုံးကို ပြန်သုံးသပ်နေချည်။ တိုက်ပွဲအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားတာက နှစ်တစ်ရာ တံခါးပိတ် ကျင့်ကြံတာထက် ပိုကောင်းတယ်။ လောဘမကြီးလွန်းနဲ့ … ကိစ္စကောင်းတစ်ခုက များလွန်းသွားရင် အဆိုးဖြစ်သွားတတ်တယ်။ ဝိညာဉ်ကျောက်တုံးကို ဖြုန်းတီးလိုက်သလိုပဲ ”
ရှန်ထျန်းက ချွေးသုတ်လိုက်သည်။ သူက ယဲ့ချန်းခန်၏ နောက်ဆုံးစကားက အဓိကဆိုလိုရင်းဖြစ်ကြောင်း ခံစားမိလိုက်၏။
“ဟုတ်ပြီ … ကျွန်တော် ပြန်နားတော့မယ်။ ရွှေရောင်ခန္ဓာ သန့်စင်ခြင်းကို အဆုံးသတ်ရဦးမယ်”
ရှန်ထျန်းက တူကို ခါးမှာချိတ်ဆွဲလိုက်ပြီး စစ်နတ်ဘုရား မျှော်နန်းဆောင် အပြင်ဘက်သို့ စိတ်တက်ကြွစွာ ထွက်သွားလိုက်သည်။ သူ့လေ့ကျင့်ရေးက ပြီးဆုံးသွားလေပြီ။
မျှော်နန်းဆောင် အပြင်ဘက်မှ နေရောင်က ရှန်ထျန်း၏ ခန္ဓာကိုယ်ပေါ် ဖြာကျနေသည်။
ထိုစဉ် မြောက်များစွာသော လူများ၏ အမြင်၌ နေရောင်ပင် ထွန်းလင်းတောက်ပမှု လျော့ကျသွားလေသည်။ အကြောင်းမှာ ရှန်ထျန်းက သူ့လုံယွမ်နတ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နှလုံးခုန်ရပ်လောက်သည့်အထိ ခန့်ညားချောမောလွန်းနေ၍ ဖြစ်သည်။
သူ့ရွှေရောင်ချပ်ဝတ်ကြောင့် အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေသလို ဖြစ်ကာ ရှန်ထျန်း၏ မျက်နှာအစိတ်အပိုင်း တစ်လက်မစီတိုင်းက အမျိုးသားဆိုလျှင် သူ့ချို့ယွင်းချက်ကြောင့် ရှက်ရွံ့သွားပြီး အမျိုးသမီးဆိုလျှင် ရူးသွပ်သွားစေလောက်သည်။
အားလုံးက ရုတ်ချည်း တစ်ယောက်နှင့် တစ်ယောက် အသည်းအသန် တီးတိုးပြောလိုက်ကြသည်။
ဂိုဏ်းသားများစွာက သူ့ဆီ တိုးဝင်လာကြ၏။
“ ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် အစ်ကိုရှန်ထျန်းလား … နောက်ဆုံးတော့ ငါ့မျက်စိနဲ့ မြင်ခဲ့ရပြီ။ အား .. ငါတော့ ချစ်မိသွားပြီ … ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အင်မတန် ကြည့်ကောင်းတယ်လို့ ကြားထားတာ။ အခု လူကိုယ်တိုင် တွေ့လိုက်ရမှ သူတို့ပြောတာထက်တောင် ပိုချောနေတာပဲ။ သူတော်စင်ကို မြင်လိုက်ရပြီဆိုတော့ အသက်ရှုမှားလောက်အောင် ချောမောတယ်ဆိုတဲ့ စကားကို နားလည်သွားသလိုပဲ ”
“ အစ်ကိုချင်းယွင် … ကျွန်မတို့ စေ့စပ်မှုကို ဖျက်သိမ်းချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မ အချစ်စစ်နဲ့ တွေ့သွားလို့ပဲ … ကျွန်မကို တကယ်ချစ်ရင် သဘောတူပေးဖို့ မျှော်လင့်ပါတယ် ”
“ သူတော်စင်က ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ သွားပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပြန်ယူလာခဲ့တယ်ဆိုတော့ အဲဒီစွန့်စားခရီးအကြောင်း မဝေမျှချင်ဘူးလား ”
“ သူတော်စင်က စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုမှုကို ရတဲ့ ကြယ်ခုနှစ်ပွင့် ပါရမီရှင် ဖြစ်ပြီးတော့ မျှော်နန်းဆောင်ကို ယူဆောင်လာနိုင်ခဲ့တာဆို … ဒါပေမဲ့ စစ်နတ်ဘုရား ကျောက်ပြားပေါ်မှာ နာမည်လည်း မရှိနေဘူး။ အဲဒီအကြောင်း ရှင်းပြပေးနိုင်မလား ”
“ သူတော်စင်နဲ့ ရင်းနှီးတဲ့ တပည့်တွေက မျှော်နန်းဆောင်မှာ ၃၀ ရာခိုင်နှုန်း လျော့ဈေးရတယ်လို့ ကြားထားတယ်။ အဲဆိုတော့ တခြားတပည့်တွေအတွက် မတရားသလို ဖြစ်မနေဘူးလား ”
ဟမ် …
ရှန်ထျန်းက သူ့ဆီ ပတ်ပတ်လည် တိုးဝင်လာသော အမျိုးသားများနှင့် အမျိုးသမီးများကို ကြည့်ကာ မျက်လုံးပြူးသွားမိသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဘယ်တုန်းက ပါပါရာဇီတွေ ရောက်လာတာလဲ …
ထိုလူများကို သတိထားကာ ဆက်ဆံရပေမည်။ ရှန်ထျန်းက သမာသမတ်ဂိုဏ်း၏ သူတော်စင်ငယ်လေး မဟုတ်ပါလော။ ထိုလူများကို “ ဓာတ်နှောနတ်မိုးကြိး လက်သီးချက်” တစ်ချက်တည်းဖြင့် လွှင့်စင်သွားစေ၍ မဖြစ်ပေ။
စုန့်ဖူကွေ့နှင့် ကျန်လူများက အပြေးအလွှား ရောက်လာကြ၍ ကံကောင်းသွားလေသည်။
“ အားလုံး ဘေးကို ဖယ်ပေးကြပါ။ အစ်ကိုရှန်ထျန်းက လေ့ကျင့်ရေး အခုမှပြီးဆုံးလာတာဆိုတော့ အနားယူဖို့ လိုတယ် ”
“ မင်းတို့က ဘယ်ကလဲ။ ဂိုဏ်းအမှတ်အသားပြား ပြစမ်းပါဦး။ မေးခွန်း မေးစရာရှိရင် ငါတို့ကိုသာ မေး … ”
ကောင်းချီးပေးခံထားရသူများအဖွဲ့မှ တပည့်များက ပါပါရာဇီများကို တားကာ ရှန်ထျန်းအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
နောက်ဆုံးတွင် ရှန်ထျန်းက စိတ်သက်သာရာ သက်ပြင်းချလိုက်မိ၏။
သို့သော်လည်း ရှန်ထျန်းက တစ်ခုခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဓားအသိစိတ်သည် စိတ်လှုပ်ရှားလာကြောင်း ခံစားမိလိုက်၏။ ကြည့်ရသည်မှာ နတ်ဓားက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပျံသန်းထွက်တော့မည့်ဟန် ပေါ်လာသည်။
သူက ခေါင်းကို အသာမော့လိုက်သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင် အရှေ့ဘက်ရှိ တိမ်တိုက်များက စုစည်းနေလေ၏။
ထိုထူထပ်သိပ်သည်းနေသော တိမ်တိုက်များက ဓားပုံသဏ္ဌာန်ပေါ်လာကာ အင်မတန် စူးရှသော အငွေ့အသက်များ ထုတ်လွှင့်နေသည်။ အကယ်၍ တစ်ယောက်ယောက်၏ ဓားတာအိုသာ လုံလုံလောက်လောက် အဆင့်မြင့်နေပါက ကောင်းကင်ရှိ ဓားအငွေ့အသက်များကို ခံစားမိပေမည်။ မြစ်တစ်စင်း ထွက်ပေါ်လာသလိုမျိုး ရေတံခွန်တစ်ခု စီးကျလာသလိုမျိုး ဖြစ်၏။
အားကောင်းသည့် ဓားအငွေ့အသက်များက သာမန်ဓား ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သည့်အရာမျိုး မဟုတ်ချေ။
ဓားထာဝရအရှင်တချို့ ဆင်းသက်လာကြောင်း ထင်ရှားနေလေ၏။
ရှန်ထျန်း တစ်ယောက်တည်း တစ်ခုခု လွဲမှားနေကြောင်း ခံစားမိနေခြင်း မဟုတ်ပေ။
အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်ထဲရှိ ကနဦးဝိညာဉ်အဆင့်နှင့်အထက် ကျင့်ကြံသူအားလုံးက ဘေးပတ်လည်မှ ဖိအားကို ခံစားမိလိုက်ကြသည်။
ဤသည်မှာ ပစ်မှတ်ထားခံရသည့် ဖိအားမျိုး မဟုတ်ပေ။ အင်မတန် အားကောင်းသော ကျင့်ကြံသူတစ်ဦးဆီမှ အားနည်းသော ကျင့်ကြံသူများကို ဖိနှိပ်ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မျိုးသာ ဖြစ်၏။
စွမ်းအားကြီး ခြင်္သေ့ရှေ့တွင် ရှိနေသော သိုးငယ်လေးကဲ့သို့ ဖြစ်နေသည်။ ခြင်္သေ့က သတ်စားဖို့ ရည်ရွယ်ချက်မရှိလျှင်ပင် သိုးငယ်လေးက ကြောက်ရွံ့မှုကို ခံစားနေရဦးမည်သာ ဖြစ်သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင် ဝန်းကျင်၌ ပုံရိပ်များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။ သူတို့က ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ အကြီးအကဲများ၊ ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့က အယောင်ပြထွက်လာခြင်း မဟုတ်ဘဲ ထိုဓားအတွက် လေးစားမှုကို ပြသသည့်အနေဖြင့် ပေါ်ထွက်လာကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ထိုစွမ်းအားကြီး ဓားအငွေ့အသက်က စတင် ပျံ့နှံ့လာသည်။
မြောက်များစွာသော တပည့်များ လက်ထဲရှိ ဓားများက ညင်ညင်သာသာ တုန်ခါလာကြသည်။ တချို့ဓားများက ဓားအိမ်မှ ထွက်လာကာ အရှေ့ဘက်သို့ မျက်နှာမူရင်း တုန်ခါနေကြသည်။
သူတို့၏ သခင်ကြီးကို နှုတ်ဆက်နေသည့်အလား ဖြစ်၏။
ထိုစဉ် အားလုံးက သူမှန်း သေချာသိလိုက်ကြသည်။
သေချာပေါက် သူပဲ …
လွန်ခဲ့သည့် နှစ်သုံးထောင်ကျော်အတွင်း အရှေ့ပိုင်းလွင်ပြင်၌ နံပါတ်တစ် ဓားတာအို ပါရမီရှင် ချန်းဟယ်ဓားအသျှင် လီခန်းလန်သာ ဖြစ်၏။ သူက ထိုက်ပိုင်ချိုင့်ဝှမ်းမှ ဖြစ်ပြီး အရှေ့ပိုင်းလွင်ပြင်၏ ဝိညာဉ်အသွင်ပြောင်းအဆင့်စာရင်း၌ အဆင့်သုံး ချိတ်ပေသည်။
ပြောကြသည်ကား သူက သူတော်စင်အဆင့် တက်လှမ်းနိုင်စွမ်း ရှိသော်လည်း သူ့ဓားတာအိုကို မွမ်းမံသေးဖို့ လိုအပ်နေသေးကြောင်း ခံစားနေရ၍သာ အဆင့်တက်လှမ်းခြင်းအား အချိန်ဆွဲထားခြင်း ဖြစ်၏။
နောက်ဆုံး သူ အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်ကာ သူတော်စင်အရှင် ဖြစ်လာသည့်နေ့ရက်ကျ နံပါတ်တစ် ဓားသူတော်စင်အရှင် ဖြစ်လာပေမည်။
ထိုက်ပိုင်ချိုင့်ဝှမ်းမှ ကောင်းကင်အသျှင်တစ်ယောက် ဖြစ်သော်လည်း အထွတ်အမြတ်မြေမှ ဂိုဏ်းချုပ်များပင် ထိုဓားသမားအား လေးလေးစားစား ဆက်ဆံကြရသည်။
အထည်ကြမ်း ဝတ်ဆင်ထားသည့် ပုံရိပ်က မိုးကုတ်စက်ဝန်းတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
သူ ပေါ်ထွက်လာသည့်အခါ စစ်နတ်ဘုရား မျှော်နန်းဆောင်နှင့် မိုင်တစ်ရာမျှ ကွာဝေးနေသေး၏။ သို့သော် သူ့ပုံရိပ်အား ခပ်ရေးရေး မြင်နေရလေပြီ။
သို့သော် ခြေတစ်လှမ်းတည်းဖြင့် ဓားအရိပ်သောင်းချီ ဝန်းရံကာ မျှော်နန်းဆောင်ရှေ့ ပေါ်လာသည်။ ထိုစဉ် အထည်ကြမ်းနှင့် ဓားသမားက လောကတစ်ခုလုံး၏ ဗဟိုချက်သဖွယ် ဖြစ်နေသည်။ သူ့အငွေ့အသက်က အားလုံးကို ဖိနှိပ်ထားပြီး ရှန်ထျန်းပင် ဖိနှိပ်ခံလိုက်ရသည်။
ထိုစဉ် ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေတို့မှ အထွတ်အထိပ်ရှင်နှင့် ကောင်းကင်အသျှင်အားလုံးက ထိုဓားသမားကို ကြိုဆိုဖို့ ရှေ့ထွက်လာကြသည်။
“ ချန်းဟယ်ဓားအသျှင် ကျုပ်တို့တွေ့တာ ဆယ်စုနှစ်တစ်ခုစာ ရှိသွားပြီပဲ။ ခင်ဗျားရဲ့ ဓားအငွေ့အသက်က အရင်ကထက် ပိုအားကောင်းလာတယ်ဗျာ ”
“ ဒီဓားအငွေ့အသက်က ရေပိုက်ကနေ စီးကျလာသလိုမျိုး၊ မြစ်ဝါကနေ ပန်းထွက်လာသလိုမျိုး ရပ်တန့်လို့တောင် မရလောက်ဘူး ”
“ ဓားအသျှင် … ကျုပ်သားက ဓားတာအိုကို မြတ်နိုးပါတယ်။ ခင်ဗျားဆီမှာများ သင်ယူခွင့်ရမယ်ဆိုရင် သူ့အတွက် ဂုဏ်ယူမှုတစ်ခု ဖြစ်နေမှာပါ။ ကျုပ်ဘက်ကလည်း ရက်ရက်ရောရော ထောက်ပံ့ပါ့မယ် ”
အားလုံးက လေးလေးစားစား နှုတ်ဆက်ကာ ချီးကျူးနေကြသော်လည်း လီခန်းလန်၏ အကြည့်တို့က မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်၏။
သူ့အကြည့်တို့က မျှော်နန်းဆောင်ဆီသာ တည်ရှိနေသည်။
သူက သူ့ဘာသာ ရေရွတ်လိုက်၏ “ ဒီမျှော်နန်းဆောင်အပျက်ကြီးက ဒဏ္ဍာရီလာ စစ်နတ်ဘုရား မျှော်နန်းဆောင်လား။ ငါ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်တဲ့နှစ်တုန်းက ဒီမျှော်နန်းဆောင်နဲ့ မဆုံခဲ့ရဘူး။ အဲဒါက ငါ့အတွက် နောင်တအကြီးကြီး ဖြစ်နေခဲ့တာပဲ … ဒီနေ့လိုမျိုး အိပ်မက်ကို အကောင်ထည်ဖော်ခွင့်ရလိမ့်မယ်လို့ မထင်ထားမိဘူး ”
လီခန်းလန်က ရုတ်ချည်း တစ်စုံတစ်ခုကို ခံစားမိသွားသည်။
သူက ရှန်ထျန်းကို ကြည့်လိုက်ကာ သူ့အကြည့်တို့က ခက်ထန်လာရသည်။